ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်တပ်များသည် ယနေ့ နေရာတော်တော်များများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်စခန်းတစ်ခုမီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။
မိုးမောက်မြို့နယ်ရှိ စလောင်းကုန်းကျေးရွာတွင် မေ ၁၁ရက်နေ့ ၂နာရီခန့်တွင် ကေအိုင်အေနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နောင်ဖာ (Nawng Hpa)တွင် မနက်ပိုင်း စစ်ကောင်စီ လက်နက်ကိုင်ယာဥ်တန်းကို ကေအိုင်အေမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။၎င်းယာဥ်တန်းကို ပစ်ခတ်စဥ် စစ်ကောင်စီ လက်နက်ကိုင်အချို့ဒဏ်ရာရရှိပြီး ဒဏ်ရာရသူများကို Pajero တစ်စီး၊ Jeep ကား တစ်စီးနှင့် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်ဘက်ကို သယ်ယူသွားကြောင်း ကေအိုင်အေ အရာရှိတစ်ဦးက ဆိုသည်။
အလောဘွမ်တွင် ယနေ့ ၁၀နာရီခွဲခန့်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်များသည် နေ့လည်ပိုင်းတွင် လေယာဥ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ကေအိုင်အေ တပ်မဟာ (၃) အောက် တပ်ရင်း(၂၇)ကလည်း မံစီမြို့နယ် မဒိမ်ယန်ရှိ စစ်ကောင်စီ လက်နက်ကိုင် တပ်စခန်းများကို သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီမှ ဂျက်လေယာဥ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မဒန်ယန် ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းအား ကေအိုင်အေမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအိုင်အေ အရာရှိတစ်ဦးက ဆိုသည်။ရွှေကူမြို့မှ ဗန်းမော်ဘက် ဆန်တက်လာသည့် စစ်သားများလိုက်ပါစီးနှင်းကာ ရိက္ခာသယ်ဆောင်လာသည့် သင်္ဘောကိုလည်း ကေအိုင်အေက တိုက်ခိုက်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေ တပ်မဟာ (၄)၊တပ်မဟာ (၆)နှင့် တပ်မဟာ (၁၀)နယ်မြေတို့တွင်လည်း တိုက်ပွဲများဖြစ်ပလားခဲ့ကြောင်း သိရသည်။
Sources: Kachinwaves