မီဒီယာမိုးချုပ်သွားတဲ့ တိုင်းပြည် … (OPINION)

မေလ ၃ ရက်နေ့က World Press Freedom Day (ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့) ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မီဒီယာ လွတ်လပ်ခွင့် မိုးချုပ်သွားခဲ့ပြီဖြစ်ပါတယ်။

မီဒီယာက လူထုရဲ့ နားနဲ့မျက်စိပဲဖြစ်ပါတယ်။ မီဒီယာရှိမှ လူထုဟာ သတင်းအချက်အလက်ကို သိခွင့်ရပြီး လိုအပ်သလို တုံ့ပြန်ဆုံးဖြတ်ခွင့် ရကြတာဖြစ်ပါတယ်။ အခုလိုအချိန်မှာ လူထုဟာ နားလေး၊ မျက်ကန်းဘဝသို့ သက်ရောက်ခဲ့ကြရပြီဖြစ်ပါတယ်။ သတင်းမီဒီယာများကို ဖိနှိပ်သလို၊ အင်တာနက်ကိုလည်း ပိတ်ပင်တားဆီးခဲ့သည်မှာ စက်ကောင်စီ၏ စေတနာ မဟုတ်သော ရက်စက်မှုများပင်ဖြစ်ပါတယ်။ ပြည်သူလူထုအား သတင်းအမှောင်ချပြီး စစ်ဖိနပ်အောက်တွင် ဖိနှိပ်ထားရန်ဟူသော လျှို့ဝှက်ဗျူဟာ အခင်းအကျင်းပင်ဖြစ်နေပါပြီ။

စင်စစ် မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီ ကျင့်သုံးသော လူမှုအသိုက်အဝန်းများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အကြွင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးသင့်သော အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ စာနယ်ဇင်းရှိနေလျှင် ပြောရေးဆိုခွင့်ရှိနေမည်ဖြစ်ပါတယ်။

ယခုအခါ ပြည်တွင်း မီဒီယာအဖွဲ့အစည်းများအနေဖြင့် သတင်းအချက်အလက်များ ရယူခွင့်၊ ထုတ်လွှင့်ခွင့် ကန့်သတ်ချုပ်ခြယ်ခံရသလောက် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းမီဒီယာပလက်ဖောင်းများသည် အရင်ကထက် တိုးချဲ့လုပ်ဆောင်လျက်ရှိနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင် မည်သည့် လွတ်လပ်သော အဓိက ပုံနှိပ်မီဒီယာမျှ လုပ်ငန်းလည်ပတ်နေခြင်းမရှိဘဲ သတင်းလွှမ်းခြုံမှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှုတို့ကို ထိန်းချုပ်ရန် အင်တာနက်များကို ဆက်လက်ပိတ်ထားဆဲရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခြင်းမှအစပြု၍ စာနယ်ဇင်းသမားပေါင်း ၈၀ ကျော် ဖမ်းဆီးခံရပြီး ထက်ဝက်ကျော်ခန့်မှာ ယခုထက်တိုင် ထိန်းသိမ်းခံထားရပါတယ်။

ဤလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းတွင် ပြဋ္ဌာန်းထားသော လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့ကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။

အမှန်စင်စစ် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ စာနယ်ဇင်းသမားတို့အတွက်သာမဟုတ်ဘဲ၊ ပြည်သူ့လွတ်လပ်ခွင့်၊ ပြည်သူ့ထုတ်ဖော်ခွင့်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့် မိုးချုပ်သွားခြင်းသည် ပြည်သူ့အခွင့်အရေးများ နေဝင်သွားခြင်းပင်ဖြစ်ပါတယ်။ တတ်နိုင်စွမ်းနိုင်သူများက လက်ပိုက်ကြည့်နေလို့ မကောင်းတော့သော အနေအထားသို့ သက်ဆင်းနေပြီလို့ အချက်ပေးသတင်းထိုးလိုက်ပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့် လင်းလက်လာတဲ့တစ်နေ့၊ ဒီမိုကရေစီရှင်သန် နေမည့်တစ်နေ့သို့ မျှော်လင့်လျှက် …

Leave a Reply

Your email address will not be published. Required fields are marked *