အလှမယ် တစ်ဖြစ်လဲ လက်နက်ကိုင်တော်လှန်ရေးသမား ထားထက်ထက်

အသက် ၃၂ နှစ်အရွယ်၊ ကျွမ်းဘားအားကစားနည်းပြ နှင့် အလှမယ်တစ်ဦးဖြစ်တဲ့ ထားထက်ထက်က လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိပြီး လက်နက်ကိုင် တော်လှန်ရေးသမားတစ်ဦးဖြစ်လာပါတယ်။

တပ်မတော်ဟာ သူ့အလုပ်သူ့လမ်းကြောင်း မဟုတ်ဘဲနဲ့ မဲစာရင်းစစ်တာတို့၊ နိုင်ငံရေးမှာပါဝင်တာတို့၊ အာဏာသိမ်းတာတို့ လုပ်လာတဲ့အခါ … ပြည်သူလူထုက ကိုယ့်နေရာမှာ နေလို့မရတော့ပြီမို့ မိမိဘ၀လမ်းကြောင်းတွေကို ပြောင်းလဲပြီး အာဏာရှင်တော်လှန်ရေးလမ်းကြောင်းထဲ ပြောင်းရွေ့ရောက်သွားကြသူတွေထဲမှာ သူမက တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။ သူမက အာဏာသိမ်း စစ်ကောင်စီလက်ထက်က ပုံမှန်ဘဝမှာ မိမိတို့ရှိနေရမယ့် ကျောင်းတွေ၊ လုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့ကြရတဲ့ လူငယ်ဂျန်ဇီတွေရဲ့ ဘဝကောက်ကြောင်းကို တစ်စွန်းတစ်စ ဖော်ညွှန်းနေပါတယ်။

တပ်မတော် အာဏာသိမ်းမှု ၁၀၀ ပြည့်နေ့ရက်မှာ အလှမယ် ထားထက်ထက်ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူ့ခံယူချက်တွေ၊ ယုံကြည်ရာတွေ ကို အောက်ပါအတိုင်း ရေးပြခဲ့ပါတယ်။

“ကျွန်မတို့အားလုံးရဲ့ လွတ်လပ်မှုတွေ အခွင့်အရေးနဲ့
အရာရာ ဆုံးရှုံးကြရတာ ဒီနေ့ဆို ရက် ၁၀၀ ပြည့်ခဲ့ပြီ။
ကျွန်မ တော်လှန်ရေး နယ်မြေတခု ကို ရောက်ခဲ့တာလဲ
၁ လနဲ့ ၁၁ ရက်ရှိခဲ့ပြီ။

ကျွန်မတို့တွေနိုင်မှ ပြန်လာလို့ရမယ်…
ကျွန်မတို့တွေနိုင်မှ အဖမ်းခံထားရသူတွေလွတ်မယ်…
ကျွန်မတို့တွေနိုင်မှအသက်ပေးခဲ့ရသူတွေကျေနပ်မယ်…
ကျွန်မတို့တွေနိုင်မှ မိသားစုတွေပြန်ဆုံဆည်းနိုင်မယ်…

ကျွန်မနိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။
စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ရေးလုပ်တာ
ကျွန်မတော်လှန်ရေးလုပ်တာ
ဘာရပိုင်ခွင့် ဘာအခွင့်အရေး
ဘာအရောင်အစွဲမှမပါဝင်ဘူး။
ကျွန်မတို့ ဒီအာဏာရှင်စနစ်ဆိုးကို ဖြိုဖျက် နိုင်ဖို့ပဲ။

မတရားအနိုင်ကျင့်တာကို လက်မခံနိုင်တာ
အခုချိန်မှ မဟုတ်ပါဘူး။
ကျွန်မသည် အရပ်သားအစိုးရတုန်းကလဲ
မတရားအနိုင်ကျင့်တာ အာဏာပါဝါနဲ့
လုပ်ချင်တိုင်းလုပ် ချယ်လှယ်တာကို လက်မခံနိုင်လို့
ဝန်ကြီးအဆင့်ရောက်သည် အထိ တစ်ယောက်ထဲ ရင်ဆိုင်ခဲ့တာပါ။

အခုအချိန်မှာလဲ ဘယ်လိုမှ မနေနိုင်ဘူး။
ဒီအတွက်ကျွန်မ ဆန္ဒပြခဲ့တယ် …
ရသမျှနည်းနဲ့ ပြန်တိုက်မယ်။
ကျွန်မ လုပ်နိုင်တာ ကူနိုင်တာ စွန့်လွှတ်နိုင်တာ
အသက်အထိပေးဆပ်ဖို့ အသင့်ပဲ။

အခု ကျွန်မတို့ရဲ့ အဓိက ရည်ရွည်ချက်က တခုထဲပဲ
အဲ့ဒါက နှစ် ၆၀ နီးပါးလောက် အမြစ်တွယ်ခဲ့တဲ့
စစ်အာဏာရှင်စနစ်ဆိုး ကျွန်မတို့ရဲ့ မျိုးဆက်မှာ
အဆုံးထိ ပျက်သုဉ်းဖို့ အတွက် တိုက်ပွဲဝင်ဖို့။

February 2021 မှစပြီး
၁။ ကျွန်မတို့တွေ အားလုံး ငြိမ်းချမ်းစွာနဲ့
ဆန္ဒပြခဲ့ကြတယ်။
၂။ ရက်စက်စွာ ပစ်သတ်ခံခဲ့ကြရတယ်။
၃။ မတရားအနိုင်ကျင့် လုယက်ပြီး လက်နက်မရှိတဲ့
ပြည်သူလူထုကို စစ်မြေပြင်အလား ရက်စက်မှုတွေကို
ခံရတယ်။

လိုချင်ရင် တိုက်ယူ ဆိုတဲ့စကားအတိုင်း
ပြန်တိုက်ယူရမယ့်အချိန် ရောက်လာခဲ့ပြီဖြစ်တယ်။

ပွဲကြီး ပွဲကောင်းတခုအတွက် အချိန်ယူ
လေ့လာမှု လေ့ကျင့်မှု ၊
ပြင်ဆင်မှုတွေ ၊ စိတ်ရှည်သည်းခံမှုတွေတော့
အများကြီးလိုအပ်တယ်။

လက်နက်ပဲ ကိုင်ကိုင်
ကလောင်ပဲ ကိုင်ကိုင်
ကီးဘုတ်ပဲ ကိုင်ကိုင်
ပိုက်ဆံပဲ ကိုင်ကိုင်
သူ့နေရာနဲ့သူ တတ်နိုင်တဲ့နေရာမှာဝင်ဖြည့်မှ
ပြီးပြည့်စုံမှာပါ။

တော်လှန်ရေးအတွက်
ဘယ်နေရာကပဲ ပါဝင် သည်ဖြစ်စေ အဓိက က
ရင်ထဲကနေ စစ်မှန်တဲ့ နှလုံးသားနဲ့
ပါဝင်နေဖို့ပဲလိုတယ်။

ပိုင်ဆိုင်မှုတွေအကုန် စွန့်လွှတ်ခဲ့ပြီးတဲ့အချိန်မှာ
ဆုံးရှုံးစရာဆိုတာ ဘာမှမရှိတော့ပါဘူး။

NUG ကနေ PDF Ready ဆိုပြီး Call ခေါ်တဲ့အချိန်မှာ
ကျွန်မတို့တွေဘက်က အဆင်သင့်ဖြစ်နေဖို့ပါပဲ……

ကျွန်မတို့အားလုံးရဲ့ အရေးတော်ပုံကြီး အောင်ရမည်။

ဒီအရာကြီးပြီးဆုံးသွားတဲ့အခါ
ကျွန်မက ကျွန်မနှစ်သက်ရူးသွပ်တဲ့
ကျွန်မရဲ့အနုပညာအလုပ်ကို
ကျွန်မ လုပ်နိုင်သလောက်ဆက်လုပ်ချင်တယ်။
ပြီးရင် ကျွန်မရဲ့ နောက်ထပ် Profession ဖြစ်တဲ့
ကျွန်မချစ်ရတဲ့ ကလေးလေးတွေကို
ကျွမ်းဘားပညာဆက်သင်ပေးပြီး အေးအေးဆေးဆေး
ပျော်ရွှင်သာယာအေးချမ်းတဲ့ ဘဝလေးတခု
အမြန်ဆုံး တည်ဆောက်ပြီး နေချင်တယ်။”
11.5.2021

Leave a Reply

Your email address will not be published. Required fields are marked *