Situation in Yangon during the coup.
ရန်ကုန်က တော်လှန်ရေးသွေး ရဲရဲနီတဲ့ သမိုင်းနဲ့ဗျ။ ရန်ကုန်မှာ လူမျိုးစုံတယ်၊ အလွှာစုံတယ်။ ဒါပေမယ့် နိုင်ငံ့အရေးနဲ့ ပတ်သက်လာရင် … အများရဲ့ရှေ့မှာ။ ကိုဗစ်-၁၉ လား ရန်ကုန်ကကုန်းရုံးခံ ကာကွယ်ပေးခဲ့တယ်။ အခု အာဏာရှင်လေလား … ရန်ကုန်က သွေးရဲရဲနီပါပဲ။
ကနေ့ မွန်လွဲ ၂ နာရီအထိ အင်တာနက်လုံးဝပိတ်ထားပါတယ်။ အမ်အာရ်တီဗွီမှာ စစ်တိုင်းမှူးတွေ ဘုန်းတော်ကြီးကျောင်းအသီးသီးသွားပြီး ဆွမ်းဆန်၊ ဆီလှူနေတာပြပါတယ်။ အရင်ကဓါတ်ပြားဟောင်းပါပဲ။
၁၂ နာရီမှာတော့ မုန့်ဒယ်လီရင်း အင်းစိန်ဘက် ထွက်လာလိုက်တယ်။ ခရေပင်လမ်းခွဲကျော်တာနဲ့ တက္ကစီတွေ တစ်စီးစ နှစ်စီးစက ဟွန်းတီးပါတယ်။ လက်သုံးချောင်းထောင်ပါတယ်။ အာဏာရှင်ကို ဆန့်ကျင်တဲ့ အမှတ်အသားဖြစ်ပါတယ်။ မုန့်ပို့စရာပို့ပြီးတဲ့နောက်မှာ အင်တာနက်လည်း လုံးဝဖြတ်တောက်ထားတာမို့ သတင်းလေးနားထောင်ဖို့ ရေဒီယိုတစ်လုံး ဝယ်မယ်ဆိုပြီး အိုးရှင်းသို့ ဆက်သွားပါတယ်။ မင်းဓမ္မလမ်းပေါ်မှာ အာဏာရှင်ဆန့်ကျင်တဲ့အထိမ်းအမှတ် လက်သုံးချောင်းထောင်သူတွေ၊ ဟွန်းတီးသူတွေ အရေအတွက်များများ တွေ့လာရပါတယ်။ အိုးရှင်းထဲဝင်တယ်။ ရေဒီယိုမရောင်းပါဘူး။ အင်တာနက်ရယ်၊ ဖုန်းရယ်ပေါ်လာတဲ့နောက်မှာတော့ ရေဒီယိုခေတ်ကုန်သွားပြီကိုး။
ဒါနဲ့ မြို့ထဲအခြေအနေ သိရဖို့ ရှစ်မိုင်ဘက် ဆက်ချီတက်ပါတယ်။ ဂျန်းရှင်းအိတ်ဘက်လမ်းကနေပြန်လာတော့ အကွေ့လေးမှာ တွေ့ပါပြီ။ လူအုပ်ကြီးက အာဏာရှင်အလိုမရှိ … လုပ်နေကြပါတယ်။ ကျွန်တော်တို့လည်း လှိုင်တက္ကသိုလ်ဘက် တစ်ချက်လှည့်ကြည့်ဦးမှ ဆိုပြီး ခရီးဆက်ပါတယ်။ လှည်းတန်းရောက်ခါနီးမှာ ကားတွေ ပိတ်နေပါပြီ။ ဟွန်းသံလည်းညံနေပါပြီ။ ကားတိုင်းလိုလိုကနေ လက်သုံးချောင်းထောင် လှုပ်ရှားမှု ရှိနေပြီ။ ယူထန်း လုပ်လို့ရတဲ့နေရာကနေ ပြန်လှည့်လာခဲ့ပါတယ်။ လမ်းတစ်ကြောမှာလည်း အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အရိပ်အယောင်တွေ စီရရီပါပဲ။ ပြည်သူတွေကို လက်နက်တပ်ပေးလိုက်ရင် အာဏာရှင်ဆိုတာ အရိုးတောင်ရှာလို့ရမှာ မဟုတ်ဘူးလို့ တွေးလိုက်မိပါတယ်။ ပြည်သူတွေက ရရာနည်းလမ်းနဲ့ သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်လိုက်တာပါပဲ။
ပြည်လမ်းအတိုင်း အပြန်လမ်းမှာတော့ အင်တာနက် ဖွင့်တယ်လို့ သတင်းရလာပါတယ်။ ယူအင်က ကိုယ်စားလှယ်ရောက်လာလို့ ခဏဖွင့်တာလို့ ဆိုကြပါတယ်။ ဟုတ်ရင်လည်း ဟုတ်မှာပါပဲ။ အင်တာနက် အော်ပရေတာတွေထဲမှာ တယ်လီနောက အင်တာနက်ပိတ်ရတာကို မတတ်တာလို့ လုပ်ရတဲ့ လေသံမျိုး (တကယ်မလုပ်ချင်ပါပဲ) စာတိုပေးပို့ပါတယ်။ တယ်လီနော အချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ စာတို အခမဲ့ပေးပို့ခွင့်ကို ၂ ရက်တာ ပေးမယ်လို့လည်း ပြောလာပါတယ်။ နော်ဝေးနိုင်ငံက ဒီမိုကရေစီကို ယုံကြည် လေးစားကျင့်သုံးတဲ့ နိုင်ငံမို့လို့ အဲ့ဒီကလာတဲ့ စီးပွားရေးလုပ်ငန်းက ရှက်ရွှံ့စိတ် ဖြစ်တာထင်ပါရဲ့။ တကယ်လည်း အင်တာနက်၊ ဖုန်း ပိတ်လိုက်တဲ့ အာဏာသိမ်း အစိုးရက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပါပဲ။ နောက်ထပ် ပိုမိုဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သေနတ်တေ့ထားပြီး ဆက်လက်ကျူးလွန်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ တပ်မတော်သာ အမိ၊ အဖ ဆိုတဲ့ ဓါတ်ပြားဟောင်းတွေကို ပြန်ဖွင့်ဦးမှာပါပဲ။
ကာ/ချုပ်က ရွေးကောက်ခံ ပြည်သူ့အစိုးရဆီက အာရုံတက် အာဏာသိမ်းမှုကို ဖေဖော်ဝါရီရဲ့ ပထမဦးဆုံးနေ့မှာပဲ လုပ်ချလိုက်ပါတယ်။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့အတိုင်း လုပ်လိုက်တာပါပဲ။ အစိုးရအဖွဲ့များ၊ ပါတီအထင်ကရလူကြီးများကို တိုင်းပြည်အနှံ့အဖမ်းအဆီးလုပ်ခဲ့ပါတယ်။ ဖုန်းလိုင်းပိတ်ခဲ့ပါတယ်။ လူထုပေးထားတဲ့ မဲရလဒ်ကို ပြောင်ငြင်းဆိုလိုက်တာဖြစ်ပါတယ်။ လူထုရဲ့ လွတ်လပ်ခွင့်၊ သတင်းသိပိုင်ခွင့ိကို ပြောင်ချိုးဖောက်ခဲ့တယ်။ ဒါက မြန်မာ့နွေဦး အာဏာရှင်တော်လှန်ရေးကို တစ်ကျော့ပြန်နွှဲဖို့ ရန်စတိုက်ပွဲခေါ်လိုက်တာပါပဲ။
ကနေ့ ကျွန်တော် ကားမောင်းပြီး သွားခဲ့တဲ့ ရန်ကန်- ပြည်လမ်၊ မင်းဓမ္မလမ်း တစ်လျှောက် ရန်ကုန်ရဲ့ မြင်ကွင်းကတော့ … အာဏာသိမ်း စစ်အစိုးရကို ပြည်သူများ လက်သုံးချောင်းပြ၊ ဟွန်းတီး တော်လှန်နေတဲ့ မြင်ကွင်း စီရရီ ရှိနေပါကြောင်း … “စစ်အာဏာရှင် အလိုမရှိ” ကြွေးကြော်သံများ ဟိန်းနေပါကြောင်း
အင်တာနက်ရတုန်းခဏ ရန်ကုန်က သတင်းပေးပို့လိုက်ပါတယ်