မိုးတစ်ခါ ချုပ်ပြန်ပြီ … ချစ်သော မြန်မာပြည် …(Down Evening Myanmar)

ရောင်နီကို မျှော်တလင့်လင့်၊ ရင်တထိန့်ထိန့် ….

အမျိုးသမီးက ဖုန်းကြည့်နေရင်းနဲ့ “ဖုန်းလိုင်းတွေပျောက်သွားပြီ အစ်ကို။ DVB သတင်းမှာ ပါတယ်။ စစ်တပ်က အာဏာ သိမ်းလိုက်ပြီတဲ့” ဆိုတဲ့အသံကြောင့် ကျွန်တော် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာနိုးလာပါတယ်။ ကျွန်တော် သိပ်တော့ မအံ့သြမိပါဘူး။ ဘာမဆိုလုပ်ရဲတယ် ဆိုတဲ့ တပ်ချုပ်ကလုပ်တာပဲကိုး လို့တွေးလိုက်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြန်စဉ်းစားကြည့်မိတော့ ရင်ထဲမှာ အလိုလိုခံစား နာကျင်လာပါတယ်။ “အရူး တွေပဲကွာ” လို့ကျွန်တော် ညည်းလိုက်ပါတယ်။

နိုင်ငံက နိုးထခါစကလေး … ကိုရိုနာကို ရှိသမျှအားအင်နဲ့ မနည်းရင်ဆိုင်ကာကွယ်နေရတဲ့ နိုင်ငံ … ခုတော့ ပြည်သူကို ကာကွယ်ဖို့ ပြည်သူ့အခွန်တွေနဲ့ လစာပေးထားတဲ့သူတွေ၊ ပြည်သူ့အခွန်နဲ့ ဝယ်ထားတဲ့ လက်နက်ကိုင်သူတွေက ပြည်သူရွေးကောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းပြီတဲ့။ မဲစာရင်းတွေကို သဲကြီးမဲကြီးစစ်နေကတည်းက သူတို့ ဘယ်တုန်းကများ ပြည်သူ့အကျိုးစီးပွားကို ဒီလောက်အလေးထားခဲ့ပါသလဲလို့ သံသယဖြစ်မိသားပါပဲ။ နာဂစ်တုန်းကတောင် တကယ်မဟုတ်တဲ့ မဲပေးသူ ရာခိုင်နှုန်းတွေကို သူတို့ရေးခဲ့သူတွေပဲလေ။ ဒီတော့ အခုက ဘယ်သူ့ရဲ့ အကျိုးစီးပွားမှ မဟုတ်ပါဘူး။ သူတို့နဲ့ အပေါင်းပါတို့ရဲ့ အကျိုးစီးပွားအတွက်ပဲ။ နိုင်ငံအနှံ့က အရင်းအမြစ်များစွာ၊ တွင်းထွက်အပါအဝင်၊ ထုတ်ကုန်အဆုံး၊ ဂွင်အားလုံးကလာတဲ့ ဝင်ငွေတွေ၊ သူတို့အကောင့်ထဲ မတရားစီးဝင်နေတဲ့ ဝင်ငွေတွေကို တပ်မက်မှုကြောင့်ပဲ။ ငွေကိုတပ်မက်ခြင်းကြောင့် မဲကို ရမယ်ရှာတာပါပဲ။ ဒါပေမယ့် သူတို့နှုတ်ကနေတော့ ဥပဒေကို မချဘူး။ အမျိုးသားရေးကို မချဘူး။ ဘာသာရေးကို မချဘူး။ သာသနာကို မြတ်နိုးပြတယ်။

Photo: Google



အခုဖုန်းလိုင်းတွေအကုန် မရှိတော့ဘူး။ ရင်ထဲမှာ ယုံကြည်မှုအကုန် ပျောက်ကုန်ပြီ။ အာဏာက ပြောင်း၀ ကနေထွက်တဲ့တိုင်းပြည်မှာ ဒီလိုအကြိမ်ကြိမ်မှားတာ မဆန်းပါဘူး။ ပြည်သူကိုချစ်တယ်လို့ ခေါင်းစဉ်တင်ထားပြီး ကိုယ်ကျိုးရှာကြတာ တစ်ကြိမ် တည်းမဟုတ်ပါဘူး။
… ပြည်သူက ဆက်သွယ်ရေးပြင်ပကိုရောက်ခဲ့ကြပြီလေ… အရင်ခေတ်လို မျက်စိပိတ် နားပိတ်ဘ၀ နလဗိန်းတုံးတွေဖြစ်မှ အမျိုးသားရေး တာဝန်ကျေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတတ်တဲ့ ဗိုလ်ချုပ်ကြီးတွေ ဂုဏ်ယူနေပါပြီ။

Photo: Google

မနက်ခင်းမှာတော့ အိမ်ရှေ့မှာ အစိုးရက ကိုဗစ်ကာလ ထောက်ပံ့ကြေး ပေးတယ်ဆိုတဲ့ဟာ ရပါတယ်။ ၂ သောင်းတည်း။ အစိုးရက စီစဉ်ပြီး ပေးတဲ့ ထောက်ပံ့ငွေ ၂ သောင်းရတဲ့နေ့က ထောက်ပံ့ကြေးစီစဉ်ပေးတဲ့ အစိုးရ အာဏာ သိမ်းခံ ရတဲ့နေ့ ဖြစ်နေတော့ (တိုက်ဆိုင်တော့) ဝမ်းသာဝမ်းနည်းပါပဲ။ ပြည်သူကို သားသမီးလို ချစ်ခင်စောင့်ရှောက်တဲ့ အစိုးရရဲ့ စေတနာကို ထိတွေ့ခံစားမိသလို၊ လက်နက်ကိုင်ထားပြီး လုပ်ချင်တာလုပ်သွားတဲ့ သူတွေကြောင့် ဝမ်းနည်းမိတယ်။ ပြည်သူချစ်တဲ့အစိုးရကို နာမည်ဖျက်ဖို့ နည်းမျိုးစုံနဲ့ ၅ နှစ်လုံး ကြိုးပမ်းခဲ့ပြီးတဲ့နောက်မှာတော့ … မရတဲ့အဆုံးမှာ လက်နက်ပြ အနိုင်ကျင့်တော့တာပါပဲ။


တောတွင်းက လက်နက်ကိုင်တွေကလည်း ဒီအချိန်မှ ဝင်မပြော၊ ဝင်မတိုက်ရင် ပေါင်းစားလုပ်စား တွေပါ ပဲလို့ ဆိုချင်တယ်။ လက်သင့်မခံဘူးဆိုတာကို သူတို့နားလည်တဲ့နည်းလမ်းနဲ့ တုံ့ပြန်စေချင်ပါတယ်။ ယဉ်ကျေးစွာ ပြောဆိုလို့ နားဝင်မှာ မဟုတ်ပါဘူး။ အဆုံးစွန်အထိ သူတို့မိုက်ရိုင်းခဲ့ပြီမို့၊ လုပ်ခွင့်ရသူတွေ၊ လုပ်နိုင်သူတွေ သူတို့နားလည်တဲ့ ဘာသာစကားနဲ့ တုံ့ပြန်ပေးကြပါလို့ တောင်းဆိုလိုပါတယ်။ လူမိုက်က လူမိုက်စကားနဲ့မှ နားလည်မှာပါ။ ပါတီတွေလည်း ဒီလိုပါပဲ။ နိုင်ငံတကာက စောင့်ကြည့်ရုံနဲ့ ကျေနပ်မနေသင့်ပါဘူး။

Photo: Google


သူတို့စီစဉ်ထားတဲ့ နေပြည်တော်က ပြည်သူ့အစိုးရအတွက် သတ်ကွင်းဖြစ်ပြီး၊ အဲ့ဒီ သတ်ကွင်းထဲမှာပဲ အစိုးရအရာရှိတွေက သိုးသူငယ် လေးတွေလို ဖြစ်ခဲ့ရပါ တယ်။ ပြည်သူက လက်သန်းမှင်စွန်းခံပြီး အာဏာ ပေးခဲ့ပေမယ့်၊ အခုတော့ ပြောင်းဝမှာ အာဏာတည်ကုန်ပြီပေါ့။

ဒါက မျိုးဆက်သစ်တွေအတွက်လည်း ကောင်းတဲ့ လက္ခဏာ မဟုတ်တော့ပါဘူး။ ကျွန်တော့်သား နှစ်ယောက်ထဲက သားကြီးကတော့ စစ်အစိုးရခေတ်မှာ မွေးဖွားလာခဲ့သူပါ။ သူမွေးပြီးနောက် ၂ နှစ်မှာ ၂၀၀၈ ခြေဥကို အတည် ပြုတယ်။ နောက်ထပ် ၂ နှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး၊ တပ်ကဖွဲ့စည်းထားတဲ့ အသင်းကို ပါတီပြောင်းလို့ အုပ်ချုပ်မှု ပုံစံ အကူးအပြောင်းလုပ်ခဲ့ပါတယ်။ သားငယ်ကတော့ ဒီမိုကရေစီ တစ်ပိုင်းခေတ်မှာမွေးပါတယ်။ ၂၀၁၄ ခုနှစ် ပေါ့။ ဒါပေမယ့် အခုတော့ အာဏာသိမ်းတာကို ကြုံခဲ့ရပါပြီ။ ကျွန် တော့် ဘဝမှာတော့ ညစ်ပတ်တဲ့ တပ်မတော်က ခုထက်ထိ အာဏာသိမ်းတာကို ၂ ကြိမ် ကြုံခဲ့ရတာ ပါပဲ။

Photo: Google

အခုတော့ အဲန်လဲလ်ဒီအစိုးရကို ထစ်ကနဲရှိ ဖောင်းထုနေတဲံ လူငယ်တွေလည်း သိပြီပေါ့။ မျက်စိပိတ်၊ နားပိတ်ဘဝရောက်ရပြီပေါ့။ အရိုးကိုက်များလည်း သိသင့်တာပေါ့။ တစ်နေ့စာနဲ့ ကိုယ့်သာသမီး တွေဘဝကို ကျွန်သပေါက်ဘ၀ လဲလှယ်လိုက်ရတာပါလားလို့။ စစ်တပ်အာဏာသိမ်းပြီးနောက် အားရပျော်ရွှင်နေကြတဲ့သူတွေ ရှိပါတယ်။ ဂွင်ချောင်းနေသူတွေလည်း များပါတယ်။ ဘာမှတော့ မပြောချင်တော့ပါဘူး။ စကားလုံးမရှိပါဘူး။

ကျွန်တော်တို့ အလုပ်မျိုးစုံလုပ်ပြီးမှ စားရသောက်ရမယ့်ဘဝမျိုး ရောက်ခဲ့ ရတာ မပြောလိုပါဘူး။ အနာဂတ်တွေပျောက်ခဲ့ရတာ စာမဖွဲ့ပါဘူး။ ပြည်ပနိုင်ငံမှာ ထွက်ကြတဲ့အခါ မျက်နှာငယ်ခဲ့ရတာတွေကို မပြောချင်တော့ ပါဘူး။ အခုတော့၊ ကျွန်တော့်သား နှစ်ယောက်ကလည်း အာဏာသိမ်း ဝဲဂယက်မှာ ဆင်းသက်ကြရပြီမို့ … ဝမ်းနည်းလို့မဆုံး …

စစ်တပ်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို မောင်ပိုင်စီးထားတဲ့ ခေတ်ကြီးဆီ ပြန်ရောက်ခဲ့ပြီပေါ့။ အာဏာကို ဘယ်လောက်ကြာကြာ ဆုပ်ကိုင်ထားနိုင်မလဲဆိုတာကတော့ … အချိန်က ဆုံးဖြတ်ပါလိမ့်မယ်။

ညနေပိုင်းမှာ ဖုန်းလိုင်းလေးရတုန်း ရေးလိုက်ပါတယ် … ကာဖျူးလဲ ထုတ်လိုက်ကြပြီ။ မကြာခင်မှာပဲ မြန်မာပြည်သားတွေကို မျက်စိပိတ်၊ နားပိတ်ပါတော့မယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ်ခင်လေးမှာပဲ ရေးလိုက်ရပါတယ်…

စစ်တပ်အာဏာသိမ်းတာကို ဘယ်လိုမှ လက်မခံတဲ့ ….

မြန်မာပြည်သားတစ်ဦး ခံစားရေးပါတယ်။

ရောင်နီကို မျှော်တလင့်လင့်၊ ရင်တထိန့်ထိန့် ….

Leave a Reply

Your email address will not be published. Required fields are marked *