လီဆူစကား၊ လီဆူစာပေနှင့်ပတ်သက်၍ ပြောချင်သမျှ …

လီဆူစကား၊ လီဆူစာပေနှင့်ပတ်သက်၍ ပြောချင်သမျှ …

(ဒီစာစုမှာ လီဆူစာ၊ လီဆူစာပေ လို့ပြောတဲ့အခါ ဖရေစာ အရေးအသား (Fraser Script) ကိုရည်ညွှန်းပါတယ်။ ဒီစာက Opinion Article ဖြစ်ပါတယ်။ ဒီစာစုကတော့၊ ၂၀၂၁ ခုနှစ် လီဆူစာအွန်လိုင်းသင်တန်းမှာ စာသင်သားတို့အတွက် သိမှတ်စရာတွေ ဟောပြောပေးပါလို့ ရန်ကုန်လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး (၂) ရဲ့တောင်းဆိုချက်ကို တုံ့ပြန်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဗမာလိုတတ်တဲ့ လီဆူ လူကြီးလူငယ်အားလုံး နားလည်ဖို့ ဗမာစကားနဲ့ ရေးထားပါတယ်။ လီဆူစာနဲ့ မရေးရကောင်းလားလို့တော့ အပြစ်မမြင်ကြပါနဲ့။ အမြင်သဘောထားကို အဆင်သင့်တဲ့နည်းလမ်းနဲ့ စာဖတ်သူဆီ အရောက်ပို့လိုက်တာပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။)

(၁) လီဆူစာပေရဲ့ အနေအထားကို ပြောင်းလဲပစ်ဖို့ လိုနေတယ်။
လီဆူစာပေအက္ခရာဟာ နှစ်ပေါင်း (၁၀၀) ကျော်ကြာမြင့်ပြီခဲ့ပြီဖြစ်ပေမယ့် သုတ၊ ရသစာပေ အလွန်ရှားပါးနေတဲ့ စာပေအရေးအသားတစ်မျိုးဖြစ်နေပါတယ်။ ဘာလုပ်မလဲလို့ မပြောခင် ဒီလိုအဖြစ်အရှိတရားကို သိဖို့အရေးကြီးတယ်။

တွေ့ရသမျှ လီဆူ လိုရေးသားထားတဲ့ စာအုပ်စာပေတွေဟာ ဘာသာ တရား စာပေတွေများပါတယ်။ သုတေသန၊ သိပ္ပံ၊ စီးပွားရေး၊ ဆေးဝါး၊ အားကစား၊ လူမှုရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်း ဆိုင်ရာ စာပေတွေ၊ ကဗျာစာပေ၊ စိတ်ကူးယဉ် ဝတ္ထုတွေ၊ အထုပတ္တိစာပေတွေ၊ ရသစာတွေက ရှားပါး အဆင့်မှာ ရှိနေပါတယ်။

လီဆူစကားနဲ့ ရေးသားထားတဲ့ စာပေမှာဆိုရင် (ဒီမှာ မြန်မာလိုနဲ့ သင့်လျော်သလို ဘာသာပြန်ဖော်ပြရရင်)… ပူတာအိုဘက်က လီဆူစာရေးဆရာ အားဂူဇ ရေးတဲ့ လီဆူစကားပဲုံ ၂၀၀၀၊ အားဂူဇ ပြောပြတဲ့ လီဆူသမိုင်းကြောင်း၊ ဒါဆော်ချဲရေးတဲ့ ဒူးလေးမောင်၊ ဆရာလိုကီယိုရေးတဲ့ ရှေးခေတ်လီဆူဘိုးဘေးသမိုင်း၊ သင်းထောက်ကြီး လီရှီရဲ့ရေးတဲ့ လီဆူလူမျိုးအကြောင်းသိကောင်းစရာ၊ သြစတေးလျနိုင်ငံသား ဘာသာဗေဒသုတေသီ ဒေးဗစ်ဘရက်လီ ရေးသားတဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်း လီဆူ-အင်္ဂလိပ် အဘိဓာန်စာအုပ်နှစ်အုပ်၊ သတို့သမီးတင်တေင်းကြေးပေး လီဆူရိုးရာသီချင်းစာအုပ်၊ တရုတ်ပြည်က ဆီဟူးရှာရေးတဲ့ လီဆူလူမျိုးသမိုင်း၊ ရီးရှီေ၀ ရေးတဲ့ လီဆူကဗျာစာအုပ် (လီဆူစာပေ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ထုတ်)၊ အန္ဒိယဘက်က ရေးလာတဲ့ အင်္ဂလိပ် – လီဆူ အဘိဓာန်၊ တရုတ်ပြည်က တက္ကသိုလ်တစ်ခုက ထုတ်တဲ့ လီဆူ-တရုတ် နှစ်ဘာသာ လီဆူထိမ်းမြားပွဲအကြောင်း ရောရီသီချင်း (ထူထူထဲထဲပဲ) … စတာတွေက ဘာသာရေးစာပေတွေရဲ့ အခြားတစ်ဘက်မှာ ထင်ထင်ရှားရှားတွေ့လာရတဲ့ လီဆူစာပေ တွေဖြစ်ပါတယ်။

ကဗျာသီချင်းပိုင်းမှာတော့ ၁၉၇၀ နှစ်များမှာ၊ မစ်ရှင်နရီ မော့စ်မိသားစုရဲ့ တတိယမျိုးဆက်တွေက မြောက်ပိုင်းလီဆူတွေနဲ့နေပြီး လီဆူစကားကို လီဆူတွေထက်စေ့စပ်စွာ အသုံးပြုပြီး အနောက်တိုင်းတေးသွားတွေနဲ့ ကော်ပီသီချင်းတွေ ဖန်တီးသီဆိုခဲ့ကြပါတယ်။ လီဆူအမျိုးသားချင်းတွေတောင်မှ သူတို့လို ပြေပြစ် လှပအောင်၊ သဘာဝကျကျ မစပ်ဆိုနိုင်ဘူးဆိုတာ သေချာပါတယ်။ လီဆူရောရီသီချင်းတွေပြီးရင်တော့၊ အခုထက်ထိ အကောင်းဆုံး လီဆူ ကျေးလက်ဂန္တဝင်တေးသီချင်းတွေ ဖြစ်နေဆဲရှိပါတယ်။ သီချင်းတွကို နားဆင်မိရင်ပဲ တေးရေး ဂျားနီမော့စ်ကို ကျေးဇူးတင်သလို၊ ဂုဏ်လည်းယူမိပါတယ်။
နောက်ပြီး လီဆူတွေကိုယ်တိုင်ရေးတဲ့ ကျေးလက်တေးသီချင်းတွေ၊ စတီရီယိုခေတ်သီချင်းတွေ လီဆူတွေရဲ့ ဘဝဓလေ့ဖော်ပြတဲ့သီချင်း၊ အားပေးတဲ့သီချင်းတွေ ရှိကြပါတယ်။ တေးရေး/ဆိုတွေအများကြီးပါပဲ။ ဥပမာ- “ꓡꓲ-ꓢꓴ ꓠꓬ ꓦ ꓡꓱ ꓐꓳˍ ꓟ ꓟ꓾ ꓟꓲ ꓠꓯ ꓗꓪ ꓤ ꓘꓹ ꓒꓽ ꓥꓳ” အားပေးတဲ့သီချင်းတွေကြောင့် ရဲရင့်ရမယ့် နေရာတွေမှာ အတွင်းစိတ်ခွန်အားရခဲ့ကြတာ နည်းမယ်မထင်ပါဘူး။ လီဆူတွေအတွက် စာအုပ်စာပေထက် သီချင်းပုဒ်ရေကများမယ်လို့ ယူဆပါတယ်။ အနုပညာသည် အားလုံးကို ခြုံငုံပြီး လေစား ဦးညွှတ်လိုက်ပါတယ်။

ပြန်ချုပ်ရရင် J. O Fraser၊ ဆရာဦးဘသော် နဲ့ ကနဦး လီဆူခေါင်းဆောင်တွေက လီဆူစာအရေးအသားပုံစံ ထွင်ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော နှစ် ၁၀၀ အတွင်းမှာ ဒီစာပေအရေးအသားနဲ့ သုတ၊ ရသ စာပေတွေ ထွက်နိုင်တာ အလွန်းနည်းပါးလွန်းတယ် ဆိုတာက ငြင်းမရပါ။ ဒီတော့ဘာလုပ်ရမလဲ။ နှစ် ၁၀၀ ကရှိနေခဲ့တဲ့၊ အခြေပြုခဲ့တဲ့ ဘာသာရေးနယ်ပယ်တစ်ခုမှာပဲ ရှင်သန်နေတဲ့ စာပေမဟုတ်ပါပဲ၊ အခြားသောနယ်ပယ်သစ်တွေဆီကို ကူးရွေ့ဖို့ လူငယ်လေးတွေ စိတ်ကူးကြရတော့မယ်။ ဒါကို အသုံးချပြီး ဘာရေးမလဲဆိုတာကတော့ ယနေ့ခေတ်လူငယ်တွေရဲ့ တာဝန်ဖြစ်လာပါတယ်။ လီဆူစာပေကို ဘာသာရေးစာပေလို့ ပြောကြသူတွေကို “ဒါတော့မမှန်ဘူး၊ ဒီလိုလည်း သုံးလို့ရတယ်”ဆိုတာ လူငယ်တွေရဲ့ လုပ်ရပ်နဲ့ သက်သေပြဖို့လိုနေပါပြီ။

(၂) စကားအသုံးအနှုန်းနဲ့ပတ်သက်ပြီး သဘောထားကြီးဖို့လိုနေတယ်။
လီဆူတွေက နယ်အလိုက် စကားလုံး၊ အသုံးအနှုန်း၊ ဘန်းစကား မတူကြပါဘူး။ လေယူလေသိမ်းလည်းကွဲပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားမပေါက်တဲ့ အဆင့်အထိတောင်ရှိနေတာကို သုတေသီတွေက ဖော်ထုတ်ထားကြပါတယ်။ ဒါကို ရန်ဖြစ်ဖို့၊ ကွဲပြားဖို့အတွက် မဟုတ်ပါပဲ၊ လီဆူစာပေ ပိုမိုကျယ်ဝန်းလာဖို့ ကောင်းကျိုးအဖြစ် ဘက်ပြောင်းစဉ်းစားနိုင်ပါတယ်။

ဘာသာစကား စာပေတစ်ခု မြင့်မားလာဖို့က ဝေါဟာရကြွယ်ဝဖို့လိုပါတယ်။ ဒီအတွက် လီဆူအားလုံး သဘောထားတွေ ပြင်ဖို့လိုပါတယ်။ “ငါတို့ စကားမှ၊ ငါတို့စကားလုံးမှ မသုံးရင် လီဆူစကားမဟုတ်ဘူး” ဆိုတဲ့အမြင်၊ ကျမ်းစကားမှာ မပါလို့ လီဆူစကားလုံးမဟုတ်ဘူးဆိုတဲ့ အမြင်တွေကို ပြင်ဖို့လိုလာပါတယ်။

အခုအနေအထားအရ ကျမ်းစာ ဘာသာပြန်တွေက နယ်အလိုက်ပြောစကားတွေကို တရားလွန် လွှမ်းမိုးလွန်းအားကြီးနေတယ်။ ကောင်းကျိုးက နယ်ပယ်အစုံက လီဆူတွေ ရိုးရိုးလေးနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်ဆိုပေမယ့်၊ ဆိုးကျိုးအနေနဲ့ ကိုယ့်အရပ်ဒေသက စကားလုံးတွေ ပျောက်ဆုံးကုန်တာပါပဲ။ လှလှပပ၊ ကွက်ကွက်ကွင်းကွင်း၊ ထိထိမိမိပြောလို့ရတဲ့ စကားလုံးတွေ တစ်နေ့ပြီးတစ်နေ့ ပျောက်ဆုံးကုန်တော့တာပဲ။

ကျွန်တော့်အဖေက သင်းအုပ်ဆရာ။ သူလည်း မြောက်ပိုင်းသား ပူတာအို လီဆူ။ သူ့အသင်းသားတွေကလည်း မြောက်ပိုင်းသားလီဆူတွေချည်း။ နေ့စဉ်ဘဝနဲ့ တရားဟောစင်အောက်မှာ ပြောကြဆိုကြရင် နေ့စဉ်သုံး မြောက်ပိုင်း ပူတာအိုလီဆူစကား သုံးနေပေမယ့်၊ စင်ပေါ်ရောက်သွားရင် အသံတွေကအစ၊ အသုံးအနှုန်းတွေပါ ပြောင်းသွားရော။ ဒီတော့ဘာဖြစ်သလဲဆိုရင် ဟောပြောမှုတွေက ရင်ထဲမရောက်ဘူးပေါ့။ သဘာဝမကျဘူးပေါ့။ ကျွန်တော် ခံစားလို့မရဘူး။ ဒါကြောင့် သူ့ကို မေးခွန်းထုတ်တယ်။ အခုအဖေ အသက် ၈၀ ကျော်၊ အငြိမ်းစားယူပြီးမှ ကျွန်တော်ပြောနေတဲ့ ဆိုလိုရင်းကို သူနားလည်လာတယ်။ “ဟုတ်တာပဲ၊ သဘာဝမကျတာတွေကို လုပ်နေမိတာပဲ” တဲ့။

ရှမ်းပြည်နယ်၊ မိုးမိတ်ဘက်က ကျွန်တော့်သူငယ်ချင်းဆရာတစ်ယောက်ရှိတယ်။ ဆရာဦးရန်လေး။ သူပြောပြလာတဲ့၊ ကျမ်းစာထဲမှာ မပါတဲ့ ရှမ်းပြည်လီဆူစကားလုံးတွေထဲက သုံးလုံးကို ဖော်ပြချင်တယ်။ ဒါတွေကို အပြောရော၊ အရေးမှာပါ သုံးလို့ရတယ်။
ꓬꓲꓻ ꓙꓬ ꓗ: ꓠꓬꓹ = ꓖꓳ ꓓꓱ: ꓞꓲ:/ ꓮ ꓙꓬ ꓢꓸ ရေချိုးတာ
ꓠ. ꓧꓶ. ꓔꓰꓠ: = ꓦꓲ ꓕꓴ: ꓗꓪ ꓔꓲ/ ꓡꓯ ꓒꓯꓹ ꓝ. လက်ထပ်တာ
ꓤꓶꓺ ꓬ ꓘꓪꓺ = ꓠꓱ. ꓐꓯꓼ ꓢꓴ ꓙ ꓖꓴ ꓮ ꓔꓳ ꓔꓳ ꓐꓯ ꓚꓳˍ ꓟ (gossip) အတင်းပြောတာ

တေးရေးဆရာဦးအားဆီ၊ ဆရာကျာယော်ဆီး၊ ဂူအားလီဆာ တို့ ကူရှာပေးထားတဲ့ ပူတာအိုလီဆူ စကားလုံး (ကျမ်းစာအုပ်ထဲ ရှာရခက်တဲ့ဟာတွေ) ကိုလည်း တစ်ချက်ကြည့်ပါဦး။ လက်တွေ့ နယ်ပယ်မှာ သုံးလို့ရတာတွေချည်းပါပဲ။ စာပေဟာ စကားကို မှတ်တမ်းတင်တာပါပဲ။ ဒေသသုံးစကားဟာ စာပေရဲ့ အရင်းအမြစ်တွေပဲ။ တကယ်သုံးနေတာက အဲ့ဒီစကားလုံး၊ အသုံးအနှုန်း၊ လေယူလေသိမ်းတွေ ဖြစ်နေလို့ပါပဲ။
ꓠꓸ ꓑꓳ ꓢꓲꓸ ꓗꓸ = နားကပ်
ꓟꓸ ꓓꓳꓽ ꓘꓰꓹ = မှင်စာ
ꓞꓳ ꓐꓳꓼ ꓡꓳ = လူပု
ꓳꓸ ꓠꓶꓸ ꓗꓸ = ဦးနှောက်စားတယ်
ꓡꓯꓹ ꓖꓼ ꓠꓸꓹ = ကာလသားရောဂါ
ꓧꓶꓽ ꓟꓶꓽ ꓙꓲ ꓡꓲ = မီးသွေးခဲ
ꓬꓲꓸ ꓓꓵ ꓠꓬꓲꓽ ꓐꓶꓽ = အသကုန် ( ခေါင်းနှစ်ခြမ်းကွဲတဲ့ အထိလို့ အီဒီယမ်)
ꓠꓲꓹ ꓟ ꓒ ꓡꓶꓸ = အပိုးသေ
ꓑꓸ ꓝꓲꓸ ꓑꓸ ꓧꓳꓹ = အရွယ်အစားမညီ
ꓟꓽ ꓛꓲ ꓟꓽ ꓕꓽ = တကယ်ဖြစ်မလာမီ၊ ကြိုတင်
ꓔꓲꓸ ꓖꓴꓽ ꓔꓲꓸ ꓡꓲ = အသွားအပြန်၊ အပြန်အလှန်
ꓠꓲꓹ ꓢꓲꓽ ꓠꓲꓹ ꓠ = စိတ်ဆိုးမာန်ဆိုး
ꓮ ꓙꓵꓸ (ꓙꓰꓸ) ꓫꓵꓽ ꓬꓰꓳ = ကံမကောင်း
ꓞꓳ ꓐꓼ ꓓꓴ = အလွန်အေးဆေးတဲ့လူ
ꓰꓸ ꓠꓸ ꓜꓰꓸ ꓡꓰꓸ = အလွန်သေးငယ်လွန်းတာ
ꓚꓵꓸ ꓚꓵꓸ ꓑꓶꓸ ꓑꓶꓸ = အရေးပေါ်

ꓮ ꓠꓯ/ ꓳ ꓢꓰꓳ = wow သြော် …
ꓮ ꓝꓲꓸ ꓮ ꓗꓪꓯꓼ = ဖြစ်ကတတ်ဆန်း
ꓥꓸ ꓥꓸ ꓟꓶꓼ ꓥꓸ = မျှော်လင့်မထားပါပဲ …

ဒါတွေကို ကျမ်းစာထဲ ရှာဖို့ခက်တယ်။ အပြင်မှာ လက်တွေ့ ဆက်သွယ် ပြောဆိုနေကြတာ။ ဒါတော်ကို စာပေပေါ်တင်ဖို့၊ အနုပညာဖန်တီးမှုတွေဆီ အရောက်ပို့ဖို့ဆိုရင် စကားလုံးတွေအပေါ် လီလူတွေရဲ့ သဘောထား ပြုပြင်ရမယ်။ ငါတို့သုံးနေကျစကားလုံးမဟုတ်ဘူးဆိုပြီး ခါးခါးသီးသီးဖြစ်နေ စရာမလိုပဲ၊ သင်ယူမယ်၊ အသုံးချမယ်ဆိုတဲ့ အမြင်မျိုးရှိရတော့မယ်။

ဘယ်စာလုံး၊ အသုံးအနှုန်းမဆို သူ့ဒေသမှာ နားလည်မှု အမှားအယွင်း မဖြစ်စေဘဲ သုံးလို့ရနေရင် ရေးလို့လည်း ရသင့်တာပေါ့။ ဒေသအဆင့်မှာ သူတို့ အဲ့ဒီစကားလုံးတွေကို သုံးပြီး ဘာအမှားအယွင်းမှ မဖြစ်ပါပဲ အားလုံး ဆက်သွယ်နိုင်ကြတာကို သတိပြုပါ။ …. ဒေသအလိုက် လီဆူစကားလုံး အားလုံးကို ပြန်လည်တူးဖော်အသက်သွင်းပြီး ပိုပြီးကြွယ်ဝတဲ့ ဘာသာ စကားတစ်ခု၊ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်း ဖြစ်စေမလား …၊ တစ်ချို့ကိုပဲ အသေစွဲကိုင်ထားပြီး ကျန်တာအားလုံးကို အပျောက်အဆုံး ခံမလား ယနေ့လူငယ်တွေ ရွေးသင့်ပါပြီ။ ကိုယ့်နှလုံးသားအထိ စကားပြောနိုင်တဲ့ အသုံး အနှုန်းတွေကို ချစ်ပါ။ ကျွန်တော် ဒါကို ကိုယ့်အတိုင်းအတာနဲ့ ၊ ကိုယ့်နယ်ဂွင်အလိုက် ပရိုမိုးရှင်း ဆင်းနေပါတယ်။ မကြာခင် ပျောက်လုလုဖြစ်နေတဲ့ လီဆူစကားစုတွေ၊ အီဒီယံတွေကို စုစည်းပြီး စာအုပ်ထုတ်ဖို့လည်း ပြင်နေပါပြီ။ အားပေးစေချင်ပါတယ်။ လီဆူစကားလုံးတွေကို မြတ်နိုးတဲ့သူ အားလုံးအတွက်ပါပဲ။ အခုမလုပ်ဖြစ်ဘူးဆိုရင် ပျောက်သွားမှာ သေချာပါပဲ။ ပြောနေဆဲ လူတွေက စာပေအထိ မှတ်တမ်းမတင်ဖြစ်ခဲ့ဘူးဆိုရင် နောင်မှာ ကလေးတွေ ဘယ်သိပါတော့မလဲ။

နားလည်အောင် ထပ်ပြီးပြောရရင်၊ ကမ္ဘာသုံး အင်္ဂလိပ်စကားကလည်း သူ့ဒေသအလျောက်ရှိတယ်။ ဒေသတစ်ခုကစကားနဲ့ ပြောလို့မရတာကို အခြားဒေသကစကားနဲ့ လွယ်လွယ်လေး ပြောလို့ရတယ်။ တစ်ခုတည်းကို ဝေါဟာရ ၅ လုံး ၁၀ လုံးရှိကြတာပါပဲ။ ဆင်တူတူလေးတွေ အများကြီးရှိနေရင်၊ ပိုမိုတိကျအောင် ပြောလို့လွယ်ကူလာသလို၊ အသိပညာလည်း တိုးလာကြမှာပါ။ အသိပညာမြင့်မားတဲ့ လူမျိုးတွေရဲ့ ဘာသာစကားဆိုတာ အသေးစိတ်အထိ ဝေါဟာရတွေ ကြွယ်ဝကြပါတယ်။ အခုဟာက ကျမ်းစာမှာမပါလို့ မှားတယ်ဆိုပြီး ဒေသမှာ အလွယ်တကူအားလုံးနားလည်နေတဲ့ စကားလုံးကို ငြင်းပယ်တဲ့ သဘောထားဟာ မူမမှန်ဘူးလို့မြင်ပါတယ်။ “လီဆူစကားလုံးရှိသမျှကို ငါသိတယ်။ ငါသိတာမဟုတ်ရင် လီဆူစကားလုံးမဟုတ်ဘူး။ အဲ့ဒီထက်ပိုလို့မရဘူး” လို့ တစ်လွဲမြင်နေတဲ့ လူကြီးတွေနဲ့ ကြုံဖူး၊ စကားပြောဖူးတယ်။ အတော်စိတ်ပျက်မိဖူးပါတယ်။

ဒီတော့ ဘာလုပ်ရမလဲ။ ကျမ်းစကားမှာ မပါတဲ့ စကားတွေကို ရှာဖွေသုံးစွဲပါ၊ ရေးသားဖြန့်ဝေပါ။ လိုအပ်ရင် အင်္ဂလိပ်လို၊ မြန်မာလို အနက်ပြန်ပေးပါ။ ဒီလိုနဲ့ လူမျိုးတစ်မျိုးရဲ့ စာပေဟာ အခြေအနေအမျိုးမျိုးမှာ သုံးနိုင်ဖို့ ဝေါဟာရကြွယ်ဝစေပါလိမ့်မယ်။ စကားလုံးတစ်ခုခုကို ကျမ်းစာမှာ မပါလို့ မှားတယ်လို့ ပြောနေတဲ့သူတွေ အမြင်ပြောင်းဖို့လိုတယ်။ ကျမ်းစာရဲ့ ဂရမ်မာအတိုင်း မဟုတ်လို့ မှားတယ်လို့ ပြောမယ့်သူတွေ နည်းနည်းလေး အမြင်ကျယ် ပေးဖို့လိုလာပါပြီ။

(၃) ꓐꓑꓒ ထက်ကျော်လွန်ပြီး လေ့လာကြ၊ ဖန်တီး အသုံးချဖို့လိုနေတယ်။
လတ်တလော လီဆူတွေရဲ့ အတွေးအမြင်အရ ꓐꓑꓒ ကြေရင် လီဆူစာ ရပြီ။ ကျမ်းစာဖတ်တတ်ရင်ရပြီ။ “ငါလီဆူစာ ရပြီ၊ ငါထပ်ပြီး ဘာမှ သင်ယူစရာမရှိတော့ဘူး။ လီဆူစာပေဟာ ဒီမှာအဆုံးသတ်ပြီ”လို့ မြင်ကြပါတယ်။ ဒါကြောင့်လည်းပဲ ခေတ်ပေါ် လီဆူကဗျာရေးသူတွေ၊ သီချင်းရေးစပ်သူတွေ၊ စာပေရေးသားသူတွေရဲ့ စကားလုံးကို သေချာ စစ်ဆေးကြည့်လိုက်ရင် ဖန်တရာတေ သုံးနေကျစကားကလွဲလို့ အထူးအဆန်း တစ်လုံးတစ်ပါဒကိုမှ မပါလာဘူး။ တကယ်လည်း လေ့လာစရာစကားလုံး မတွေ့ရဘူး၊ မရှိဘူး။ ဒီအခြေအနေကို “စကားလုံးကုန်ဆုံးခြင်း၊ ဖန်တီးမှုသေဆုံးခြင်း” လို့ ဆိုချင်ပါတယ်။

တစ်ချို့အနုပညာ ဖန်တီးမှုတွေ ကောင်းတယ်။ အားလည်းအားပေးပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရ၊ ဖန်တီးထွက်ပေါ်လာတဲ့ လီဆူသီချင်းတွေတော်တော်များများက သံစဉ်တွေသာ ပြောင်းမယ် သီချင်းစာသားတွေက တကယ်စိတ်ထဲရှိတဲ့အတိုင်း ပြောရရင် မမိုက်ဘူး။ အပ်ကြောင်းထပ်နေတယ်။ တကယ်တော့ စာပေကို လေ့လာသုတေသနပြုနေမယ်ဆိုရင် အိုင်ဒီယာအသစ်တွေကို နိုးဆော်ပေးမယ့် စာသားအသစ်၊ စကားလုံးအသစ်တွေ ရမှာပါ။ ဒါမျိုးကိုလည်း တွေ့ချင်လို့ ကျွန်တော်နဲ့နီးစပ်တဲ့ သူတွေ၊ အားမနာရမယ့် သူတွေကိုတော့ ကျွန်တော် အားမနာတမ်းပြောတယ်၊ အားပေးပါတယ်။

တစ်လောကပဲ ဘာသာဗေဒပညာရှင် ဆရာဦးလာမာထီးက ဓားကိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး လီဆူစကားလုံး ၁၉ လုံးဖော်ထုတ်တင်ပြပါတယ်။ ကျွန်တော်မသိတာ ၃-၄ လုံးကို သင်ယူရပါတယ်။ ဒီလိုဖော်ထုတ်မှုတွေ၊ သင်ယူမှုတွေ၊ ဆန်းသစ်တီထွင်မှုတွေ ဆက်လုပ်သင့်တယ်လို့ မြင်တာပါ။

တိုးတက်တဲ့တိုင်းပြည်ကလူတွေဟာ သူတို့ရဲ့ စကားလုံးတွေကို ငယ်ရွယ်စဉ်ကစပြီး၊ သေတဲ့အထိ ကျက်မှတ်ကြရ၊ ပြန်သုံးကြည့်ကြရတာပါပဲ။ ပညာရပ်နယ်ပယ်ကျယ်ဝန်းလာတာနဲ့အမျှ စကားလုံး အားလုံးပိုင်နိုင်တဲ့သူဆိုတာ မရှိပါ။ ဆိုတော့ လီဆူစာနဲ့ပတ်သက်ပြီးလည်း အမြင်တွေပြောင်းကြရအောင်။ ꓐꓑꓒ မှာပဲ မရပ်ပဲ၊ အဆင့်မြင့်လီဆူစကားလုံးတွေ ရှာဖွေဖော်ထုတ်ပါ။ အသုံးချကြရပါမယ်။ ထပ်ပြီးလည်း ကာလဒေသအလျောက် ထွင်ကြပါ။ ဘိုးဘေးတွေ မတွေ့ဖူးတဲ့ပစ္စည်း၊ မစဉ်းစားဖူးတဲ့ အိုင်ဒီယာတွေအတွက် ကြံဆတီထွင်ရမယ်၊ မွေးစားကြရပါမယ်။ ဒီလိုနဲ့ အရာရာကို ပုံဖော်ပြောနိုင်လောက်အောင် ဝေါဟာရကြွယ်တဲ့ ဘာသာစကား၊ အသက်ရှင်တဲ့ဘာသာစကား ဖြစ်လာစေဖို့ ကြိုးစားကြရပါမယ်။ ဥပမာ- သတင်းမီဒီယာ၊ ကုန်သွယ်စီးပွားရေးဝေါဟာရ၊ နိုင်ငံရေးဝေါဟာရ၊ အုပ်ချုပ်ရေးဝေါဟာရ၊ စစ်တပ်ဆိုင်ရာဝေါဟာရ၊ ကွန်ပျူတာနဲ့ သိပ္ပံပညာဆိုင်ရာ ဝေါဟာရတွေကတော့ ဘိုးဘေးတွေ မသိခဲ့တဲ့ နယ်ပယ်တွေမို့လို့ တစ်ချို့ကိုနီးစပ်ရာထွင်ဖို့၊ တစ်ချို့ကိုတိုက်ရိုက် မွေးစားဖို့လိုပါမယ်။

ဘာပဲပြောပြော လီဆူစကားနဲ့ ပတ်သက်လို့ တိုးတက်လာစေချင်တယ်ဆိုရင် … လီဆူစာနဲ့ သုတ၊ ရသတွေကို ရေးကြဖို့ အချိန်ရောက်ပါပြီ။ ကနေ့ခေတ်ကတော့ အရင်လိုပုံနှိပ်ထုတ်ဝေမှ လူထုကြားရောက်တာမဟုတ်ပါပဲ နည်းပညာအကူအညီနဲ့ လွယ်လွယ်ကူကူ လူထုကြား တင်ဆက်ခွင့်ရနေပါတယ်။ လူငယ်လေးတွေ တစ်ဦးချင်း ကြိုးစားကြစေချင်ပါတယ်။

တစ်ဦးချင်းလည်းကြိုးစာသလို၊ တစ်ဘက်မှာ အဖွဲ့အစည်းလေးတွေ ထောင်ပြီး အားပေးသင့်ပါတယ်။ လီဆူစာပေချစ်မြတ်နိုးသူများအသင်း … လိုမျိုးပေါ့။ နယ်အစုံမှာ ရှိနေပြီးသား လီဆူစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းတွေဟာ စာပေဆိုင်ရာ ဝါသနာပါသူတွေကို အားပေးကြရပါမယ်။ အခွင့်အလမ်းတွေဖန်တီးပေးတာ၊ ပြိုင်ပွဲကျင်းပပေးတာ၊ ဆုတွေ ချီးမြှင့်ပေးတာတွေ စီစဉ်သင့်ပါတယ်။ အဲ့ဒီပြိုင်ပွဲတွေက ဆုရစာပေတွေကို စာအုပ်ထုတ်တာ၊ တစ်ချိန်မှာ ဖတ်စာအုပ်တွေမှာ ထည့်သွင်းပြီး နောင်မျိုးဆက်တွေကို သင်ယူစေတာမျိုး လုပ်ကြရမယ်။

စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းတိုင်းမှာ လီဆူစာပေတွေကို စုဆောင်းပြီး စာကြည့်တိုက်အသွင်ပြောင်းလဲဖို့၊ ပြတိုက်အသေးစား အသွင်ပြောင်းလဲဖို့ ပညာအား၊ လူအား၊ ငွေအားတွေနဲ့ တွန်းတင်မယ်ဆိုရင် လီဆူလိုရေးသားထားတဲ့ သုတ၊ ရသစာပေတွေ ရှိလာနိုင်ပါတယ်။ အနုပညာဖန်တီးမှုတွေကလည်း ယခုထက် ပိုမိုအဆင့်မြင့်လာနိုင်ပါတယ်။

အဓိကအချက် (၃) ချက်ကို ပြန်ပြီးချုပ်ရရင် …
(၁) လီဆူစာအရေးအသား (Frazer script) က နှစ် ၁၀၀ ကျော်သက်တမ်းရှိနေပြီဖြစ်တယ်။ ဒါပေမယ့် သုတ၊ ရသ စာပေရေးသားမှု ရှားပါးလွန်းနေဆဲပဲ။ ဒါက အဖြစ်အရှိတရား။ ဒီအနေအထားကို ကနေ့ လူငယ်တွေ ပြောင်းလဲပစ်ဖို့သင့်ပါတယ်။
(၂) လီဆူစကားလုံး၊ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အရပ်သုံးတွေအားလုံးကို လက်သင့်ခံနိုင်တဲ့ သဘောထားပြင်ဖို့လိုတယ်။ အသိ ကျယ်ဝန်းလာဖို့၊ ဝေါဟာရများလာဖို့ နယ်အလိုက် လူငယ်တွေကို သင်တန်းပေးသင့်ပါတယ်။ ပထမဦးဆုံးကတော့ သဘောထားကြီးဖို့၊ အားလုံးကို လက်သင့်ခံဖို့သင့်ပါတယ်။
(၃) အခြေခံအဆင့် ꓐꓑꓒ မှာရပ်မနေပါပဲ၊ ကျမ်းစာဖတ်ဖို့တစ်ခုတည်း ရည်ရွယ်ချက်မဟုတ်ပါပဲ … အသစ်ဖန်တီးရေးနိုင်ကြဖို့၊ အခြေခံတွေရဲ့ အလွန်ကို သွားကြရပါမယ်။ ဒသသုံးအရင်းအမြစ်စကားလုံးတွေကို ရှာဖွေလေ့လာကြမယ်၊ အသုံးချကြရမယ်။ ကိုယ်မသိတာကို လေ့လာကြရမယ်။ မရှိတာကိုတော့ ထွင်ကြရ၊ မွေးစားကြဖို့ သင့်ပါတယ်။

ကျွန်တော်ပြောချင်သမျှ ဒီမှာပြီးပါပြီ။ လီဆူ စာပေကို မြတ်နိုးတဲ့စိတ်အရင်းခံနဲ့၊ လီဆူစကား၊ စာပေကို တစ်ဆင့် တိုးတက်စေချင်လို့ ပြောတယ်လို့ အောက်မေ့ပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ကိုဂျေ
၁၂၊ အောက်တိုဘာ၊ ၂၀၂၁

(မှတ်ချက် = စာရေးသူ သဘောတူညီချက်အရ လီဆူတိုင်းမ်စ်က ကူးယူဖော်ပြပါတယ်)


Leave a Reply

Your email address will not be published. Required fields are marked *