မြစ်ကြီးနား ခေါက်ဆွဲကို ကမ္ဘာတစ်ဘက်ခြမ်းက သတိရပါတယ် လို့ဖြေလာတဲ့ ယူအက်စ်အေ ရောက်ပညာတော်သင် နော်ဆန်းဦး နဲ့ စကားစမြည် …

“real people, real stories for real impacts – တကယ့်သက်ရောက်မှုတွေအတွက် တကယ့်လူ၊ တကယ့်ဘဝဇာတ်ကြောင်းတွေ” အစီအစဉ်မှာ ပူတာအိုဇာတိ၊ မြစ်ကြီးနားမှာကြီးပြင်ခဲ့တဲ့၊ မြစ်ကြီးနားခေါက်ဆွဲတွေကို ကမ္ဘာတစ်ဘက်ခြမ်းက သတိရပါတယ်လို့ဆိုလာတဲ့၊ ယူအက်စ်အေရောက် ပညာတော်သင် နော်ဆန်းဦး အကြောင်း တင်ဆက်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး။

ရှေးဦးစွာ “real people, real stories for real impacts” အစီအစဉ်ကို ပါဝင်ဖို့ ဖိတ်ခေါ်လို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည်က နော်ဆန်းဦးပါ။ ဦးယော်ဆာရဲ့နှင့်‌‌ဒေါ်ယောလီနာတို့ရဲ့သားကြီးပါ။ အဖေအမကတော့ တနိုင်းမှာ ကုန်ဈေးရောင်းပါတယ်။ မောင်နှမကတော့ အစ်မတ‌ယောက်နဲ့ ညီတစ်ယောက်ရှိပါတယ်။ မွေးရပ်ကတော့ ပူတာအိုပါ။ ဒါပေမယ့် မြစ်ကြီးနားမှာပဲ ကြီးပြင်းခဲ့ပါတယ်။ ၂၀၁၆ ကျွန်တော့်အသက် ၂၂ မှာ အမေရိကန်ရောက်ပြီး Bachelor of Business Administration ကို စတင်လေ့လာခဲ့ပါတယ်။ အခက်အခဲ အမျိုးမျိုးကြောင့် ၄ နှစ်နဲ့ မပြီးပဲ ၅ နှစ်ကြာခဲ့တယ်။ ကျောင်းပြီးချိန်မှာ Magna Cum Laude (Second Honor) ရတော့ ပင်ပန်းရကျိုးနှပ်တယ်လို့ မြင်မိတယ်။

ပညာတော်သင်တစ်ယောက်ဖြစ်အောင် ဘယ်လိုပြင်ဆင်ခဲ့ရပါသလဲ။

ပထမ ကိုယ်တိုင်က လေ့လာချင်တဲ့စိတ်ရှိနေတယ်။ နိုင်ငံခြားမှာ ပညာဆက်တတ်ချင်တယ်။ ကိုယ်က စိတ်ပဲရှိတယ်။ တကယ်က အခုလိုဖြစ်မြောက်ဖို့ကျတော့ မိသားစုကော၊ မိတ်ဆွေတွေ အများကြီး ကူညီအားပေးတာကြောင့်ပဲ။
မြစ်ကြီးနား အ‌ဝေးသင်မှာ English နဲ့ပြီး Myitkyina Christian Seminary မှာ Theology နဲ့ပြီးတော့၊ နိုင်ငံခြားမှာ ကျောင်းဆက်တတ်ဖို့လိုအပ်တဲ့ English Exam ဖြေဖို့ ရန်ကုန်မှာ ပြင်ဆင်ခဲ့တယ်။ ကျွန်တော်ကတော့ IELTS Test ဖြေခဲ့တယ်။ ကျောင်းတတ်ဖို့ စပြင်ဆင်တော့ ဘာဆိုဘာမှမသိဘူးလေ။ အရင်ကကျောင်းတတ်ခဲ့တဲ့ ဆရာတွေ၊ အဲ့တုန်းက အမေရိကန်မှာ ကျောင်းတတ်နေတဲ့ အစ်ကိုတွေကိုမေးခဲ့တယ်။ ဒီကနေ MCS ကျောင်းကဆရာတွေ၊ ဆရာဆာဆေးယော်၊ ဆရာနောယော်ရဲ့၊ အစ်ကို နိုးစတား၊ အစ်ကို Daniel Lisu တို့ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ သူတို့ရဲ့အကြံပေးလမ်းညွှန်မှုက ကျွန်တော် နိုင်ငံခြားမှာ ပညာသွားသင်ဖြစ်ဖို့ ပြင်ဆင်တဲ့အခါ အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။

ကြုံခဲ့ရတဲ့ မြန်မာ့ပညာရေးနဲ့ အနောက်တိုင်းပညာရေး ဆက်စပ်ပြီး သုံးသပ်ပြလို့ရမလား။

US ပညာရေးစနစ်ကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့တော့ ကွာတယ်။ မြန်မာပညာရေးရဲ့ အားသာချက်က ကျောင်းသားတွေကို စာလုပ်နိုင်အောင်တွန်းအားပေးတဲ့အရာပဲ။ Study Discipline အရမ်းကောင်းတာပေါ့။ အဲ့ဒါကြောင့် တချို့မြန်မာကျောင်းသားတွေ နိုင်ငံခြားမှာကျောင်းတတ်ပြီးတော့ Discipline အရင်းခံကြောင့် အရမ်းထူးချွန်သွားတာ တွေ့ရတတ်တယ်။ ဒါကလည်း ကောင်းတဲ့အချက်ပါ။ ကျွန်တော့်အမြင်အရ US ကျောင်းစနစ်ရဲ့အားသာချက်က ကျောင်းသားတွေကို ကိုယ်တိုင် ‌‌ဝေဖန်ဆန်းစစ် နိုင်အောင်သင်ကြားပေးနိုင်တယ်လို့ ထင်တယ်။ ဥပမာ Technologyတွေ၊ Artificial Intelligent (AI)တွေ ဘယ်လောက်တိုးတက်တိုးတက် သူတို့က နောက်ဆုံး human judgement ကို တန်ဖိုးထားတယ် (ကိုယ့်ရဲ့အမြင်သုံးသပ်ချက်အရပေါ့) နောက်တခုက သူတို့ရဲ့စနစ်မှာ လူတိုင်းရဲ့အမြင်က တန်ဖိုးရှိတယ်။ ဒါကြောင့် အတန်းထဲမှာ ကိုယ့်ရဲ့အမြင်ကို မေးလာရင် မြင်တဲ့အတိုင်း ဖြေရင် သူတို့နားလည်လက်ခံကြတယ်၊ အမြဲဘာမှမသိဘူးပြောရင်တော့ မသင့်တော်ဘူး။ ကျွန်တော်တော် ဒုက္ခရောက်တာက ကိုယ့်အမြင်ကို ထုတ်ဖော်ပြောရတာပဲ။ မြန်မာနိုင်ငံမှာက တခုခုမေးရင် အဖြေက ဆရာမဆီမှာပဲရှိပြီး ကျောင်းသားတွေရဲ့အဖြေက အမှားအမှန် ဆုံးဖြတ်ခံရတာကိုး။ ဒီမှာက ဆရာက ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် မှတ်မိသလောက် အတန်းထဲမှာ ဘယ်တော့မှ မှတ်ချက်မပေးခဲ့ဖူးဘူး။ တယောက်ချင်းမှတ်ချက်ပေးတဲ့အခါမှာကျတော့လည်း မညှာဘူး။ အရှိကိုအရှိအတိုင်း၊ မြင်တာကို မြင်တဲ့အတိုင်းပဲ ဝေဖန်ကြပါတယ်။ ( အားမနားတမ်း ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးတာကိုပြောတာပါ)။

ကိုယ့်ယူခဲ့တဲ့ မေဂျာနဲ့ ပတ်သက်ပြီး နဲနဲပြောပြလို့ရမလား။ မြန်မာပြည်ပြန်ရောက်ရင် ဘယ်လို အသုံးချမယ်လို့ စိတ်ကူးထားပါသလဲ။

အစက Non-Profit Management မေဂျာယူပြီး ဒုတိယနှစ်မှာ Business မေဂျာပြောင်းလိုက်တယ်။ အခုလက်ရှိ US မှာပဲ အလုပ်အတွေ့အကြုံယူဖို့ ပြင်ဆင်နေတယ်။ နောက်နောင် မြန်မာပြည်မှာ ကိုယ်သင်ထားတဲ့ပညာတွေကို ပြန်အသုံးချခွင့်ရချင်တယ်။ အခုတော့ မြန်မာပြည်အခြေအနေတော့ သိပ်မကောင်းဘူး။

မြန်မာပြည်အလွမ်းက ဘယ်လိုမျိုးလဲ။ ဘယ်လိုအလွမ်းဖြေပါသလဲ။

မြစ်ကြီးနား ဆန်ခေါက်ဆွဲကို သတိယတယ်။ တခါတလေ ဆန်ခေါက်ဆွဲနဲ့တူတာ စားရရင် စိတ်ချမ်းသာတယ်။

ဒီအချိန်မှာ လူငယ်တွေကို ဘယ်လိုပြောချင်ပါသလဲ။

အခုချိန် မှာတော့ လူငယ်အားလုံးလည်း မြန်မာ့နိုင်ငံရေးကို အာရုံစိုက်နေမယ်လို့ ယုံကြည်တယ်။ ဆယ်စုနှစ်များစွာကြာ ရှုပ်ထွေးလှတဲ့ မြန်မာ့နိုင်ငံ‌ရေးကို အချိန်တိုအတွင်း နားလည်အောင်ကြိုးစားရတော့ မလွယ်ဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် စိတ်မလျော့ပဲ ကိုယ့်နိုင်ငံအရေးကိုတော့ လေ့လာပါ။ သမိုင်းပေးတာဝန်တစ်ခုလို့ မှတ်ယူပြီး တတ်နိုင်တဲ့ဖက်ကနေ တော်လှန်ရေးမှာ ပါဝင်ဖို့ တိုက်တွန်းချင်တယ်။

စာဖတ်သူတွေကို ဘာများ ထပ်ပြောပြချင်ပါသေးသလဲ။

လူမှုအသိုင်းအဝန်း (Mass society) ထဲ ကိုယ့်ဘဝကို လမ်းညွှန် (navigate) ရာမှာ အမြဲကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင် (story) ကို အမြဲသုံးသပ်ပြီး အသက်ရှင်ပါ။ အဲ့လို မလုပ်ဘူးဆိုရင် ဘဝက အဓိပ္ပါယ်မရှိတော့သလို ခံစားရတတ်တယ်။ ကိုယ့်ဘ၀ ဇာတ် (story) ကိုနားလည်မှ ယေရှုဘုရားရဲ့ ဇာတ် Story ထဲ၊ မြန်မာနိုင်ငံရဲ့ storyထဲ၊ ကိုယ်ဘယ်လိုနေရာကနေပါဝင်နိုင်မလဲ စဉ်းစားလုပ်ဆောင်နိုင်မယ်။ ကိုယ့်ရဲ့ story ကို တန်ဖိုးထားတတ်မှ ကြုံတွေ့လာတဲ့လူတွေရဲ့ stories ကိုလည်း တန်ဖိုးထားတတ်လာမယ်။ “ ကောင်းတာတွေကိုရှာပြီး ချီးမွမ်းပါ၊ Find the good and praise it.” စကားကို သဘောကျတယ်။ အမြဲလေ့လာရင်း လေ့လာသမျှကို အသုံးချရင်း ကိုယ့်သမိုင်း၊ ကိုယ့်ဇာတ်လမ်း Story ကောင်းကောင်းလေးတွေ ‌ရေးနိုင်ပါစေ လို့ဆုတောင်းပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *