တခေတ်တခါက နာမည်ကြီး ဘားမားလက်ရွေးစင် ဘောလုံးသမားဟောင်း ဦးဆာယော်ဒွေ့ ပြောပြလာတဲ့ သူ့ဘဝ၊ သူ့ဖြတ်သန်းမှု အကြောင်း … အင်တာဗျူး အပိုင်း (၄)

=======
ဘားမားလက်ရွေးစင်တစ်ယောက်ဖြစ်လာဖို့ ဖြတ်သန်းခဲ့ရတဲ့ ထရိန်နင်အကြောင်း၊ သတင်းစာထဲကြော်ငြာပြီး ရန်ကုန်အောင်ဆန်းကွင်းထဲမှာ ဘားမားလက်ရွေးစင် ပဏာမ အရွေးခံရတဲ့သူတွေ ပြိုင်ကစားခဲ့ရတဲ့ ပွဲတွေအကြောင်း၊ ဂျာမဏီနိုင်ငံရဲ့ အကောင်းဆုံးဘောလုံးကလပ်အသင်းနဲ့ ချစ်ကြည်ရေးပွဲမှာ နောက်ဆုံး မိနစ် ၂၀ အလိုကျမှ ဝင်ကန်ပြီး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့သူ့ကို ပရိသတ်တွေ ခုန်ပေါက်ပြီး အားပေးတာကြောင့် ဘောလုံးပွဲကြည့်စင် ကျိုးကျသွားခဲ့ရတဲ့ သူ့ရဲ့ အမှတ်အရဆုံး ခြေစွမ်းပြ ရွှေရောင်နေ့ရက်များအကြောင်း၊ နိုင်ငံခြားတိုင်းပြည်များသို့ ဘောလုံးပွဲကစားခဲ့ရတဲ့ အကြောင်း၊ ဘောလုံးလောကကနေ အနားယူပြီးနောက်ပိုင်းယနေ့အထိ ဘ၀ ဖြတ်သန်းမှု တွေကို စုံစုံလင်လင်ပြောပြထားပါတယ်။

ဘားမားလက်ရွေးစင် ဘောလုံးသမားဟောင်း ကျောနံပါတ် ၆ ပိုင်ရှင် ဆာယော်ဒွေ့၊ သူသက်ရှိထင်ရှား ရှိနေဆဲမှာပဲ တစ်ခေတ်တစ်ခါက သူ့ရဲ့ကြိုးစားမှုတွေကို ပြန်ပြောင်းအောက်မေ့ ဂုဏ်ပြုစကားလေးပြောချင်တယ်ဆိုရင် …. ၀၉၅၁၂၈၄၃၄ ကိုဆက်သွယ်နိုင်ပါတယ်။

ထရိန်နင်မှာ နောက်တစ်မျိုးပြောင်းလာတာကတော့ ဘောလုံးကို ခြေဖျားလေးနဲ့ တော့တဲ့လေ့ကျင့်ခန်းပါပဲ။ ဘယ်နဲ့ အချက် ၅၀၊ ညာနဲ့ အချက် ၅၀ တော့ပြရတယ်။ အဲ့ဒီအဆင့်ပြီးရင် ဘယ်နဲ့ ၁၀၀၊ ညာနဲ့ ၁၀၀ တော့ပြရတယ်။ နောက်ပြီးခေါင်းနဲ့ အမြင့်တိုက် အချက် ၁၀၀ တိုက်ပြရတယ်။ အဲ့ဒီမှာတင် တစ်ချို့က မရဘူး။ ဒါနဲ့ အယောက် ၅၀ လောက်ပြန်ခိုင်းလိုက်တယ်။ အဲ့ဒီနောက်မှာတော့ ခြေခွင်နဲ့ တော့တာ၊ ဒူးတိုက်တာ ဘယ်ညာ လုပ်ခိုင်းတယ်။ ခြေဖျားနဲ့ ၅ ချက်တော့ပြီး ဒူးပေါ်တင်ပြီး ဒူးချက်တိုက်၊ ဒူးက ၅ ချက်တိုက်ပြီးရင် ဒူးကနေတစ်ဆင့် ခေါင်းပေါ်ကို တင်ပေးရတယ်။ ခေါင်းက ၅ ချက်တိုက်ပြီးတာနဲ့ ဘယ်ဖက်ဒူးကနေတစ်ခါ ခြေဖျားအထိ မနားတမ်း ရ ပတ်ပြည့်အောင် လှည့်ကန်ပြရတယ်။ နောက်တော့ ခြေဖျားနဲ့ ၁၀ ပေမြင့်အောင် ၁၀ ချက် မြေမကျအောင် ကန်ပြရတယ်။ နောက်ဘယ်ဘက်ကို ပြောင်းပြီး ခြေဖျားနဲ့ ၁၀ ပေမြင့်အောင် ၁၀ ချက်မြေမကျအောင် ကန်ပြရတယ်။ ဘားမားလက်ရွေးစင်ဆိုတာ ခြေတစ်ဘက်တည်း သန်လို့မရဘူး။ ဘောလုံး စကေး (ကျွမ်းကျင်မှု) ကို ၁ လခွဲလောက်လုပ်ပြီးတာနဲ့ ဘောလုံးသမား အယောက် ၅၀ ပဲကျန်တော့တယ်။ အဲ့ဒီ အယောက် ၅၀ ကတော့ ဘောလုံးစကေးမှာ အကုန်လုံး အရည်အချင်းတူသွားပြီ။

ဒါနဲ့ ဘောလုံးကစားကွက်ကို စပြီးပြတော့တယ်။ ဘောလုံးပညာရပ်မှာ အဲ့ဒီ ကစားကွက်တွေကတော့ အခက်ဆုံးပဲ။ ကျွန်တော်တို့ကို ကစားကွက် ၃ ကွက်သင်ပေးပါတယ်။ ပထမ ကစားကွက်က ၄၃၃။ အဲ့ဒါက နောက်တန်း ၄ ယောက်၊ အလယ်တန်း ၃ ယောက်၊ ရှေ့တန်း ၃ ယောက် ကစားကွက်ဖြစ်ပါတယ်။ အဲ့ဒီကစားကွက်ကို ၆ လလောက်သင်ပြီးမှ ကစားကွက်ဝင်အောင် ကစားတတ်လာတယ်။ ၆ လသင်ပြီးတဲ့အခါမှာ ကျွန်တော်ကတော့ ဒီကစားကွက်ဝင်အောင် ကစားနိုင်လာတယ်။ တစ်ချို့မဝင်ဘူး။ နိုင်ငံခြားနည်းပြက အမြဲတမ်းလိုလို ကချင်၊ ကချင် လို့ခေါ်ပြီး အင်္ဂလိပ်စကားပြောတယ်။ ကစားကွက်ဝင်တာ ဆာယော်ဒွေ့ပဲဝင်တယ်လို့ ပြောနေတယ်လို့ မြန်မာနည်းပြတွေက ပြန်ပြောပြပါတယ်။


ကျွန်တော်တို့ ထရိန်နင် ၆ လပြည့်ပြီးတဲ့နောက်မှာတော့ ဘားမားလက်ရွေးစင် အနီအသင်းနဲ့ အပြာအသင်း ပြိုင်ပွဲရှိတယ်၊ မည်သူမဆို အခမဲ့ ကြည့်လို့ရတယ်လို့ သတင်းစာမှာ ကြေညာလိုက်တော့ ဘောလုံးပွဲကည့်တဲ့လူတွေ အများကြီးလာကြတယ်။ အဲ့ဒီပြိုင်ပွဲနေ့မှာ ကျွန်တော်တို့ ဘောလုံးသမား အယောက် ၅၀ ကို အနီအသင်း၊ အပြာအသင်းဆိုပြီး နှစ်သင်းခွဲလိုက်တယ်။ ကျွန်တော်က အပြာအသင်းမှာ ပါတယ်။ အဲ့ဒီနေ့ကစားပွဲမှာ ကျွန်တော်တို့ အပြာအသင်းအနိုင်ရတယ်။ နောက်တစ်နေ့ ဘောလုံးလေ့ကျင့်တဲ့နေရာမှာ မနေ့က အနီနဲ့ အပြာအသင်း ကစားတဲ့ပွဲမှာတော့ အပြာအသင်းက ဆာယော်ဒွေ့ကစားတာ အကောင်းဆုံးပဲဆိုပြီး နည်းပြတွေက ပြောလာတယ်။ အဲ့ဒီလိုနဲ့ နောက်ထပ် တစ်ပတ်လောက် လေ့ကျင့်ပြီးရင် သတင်းစာမှာ တစ်ခေါက်ကြေညာပြီး နောက်တစ်ပွဲကစားရတယ်။ အဲ့ဒီပွဲအပြီးမှာတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဆရာတစ်ယောက် ရောက်လာပြီး စာတစ်စောင်ယူလာတယ်။ မင်းတို့ ကစားပွဲ ၂ ပွဲကိုကြည့်ပြီး လူရွေးထားလိုက်ပြီ။ အဲ့ဒီစာရင်းထဲမှာ မပါတဲ့ကစားသမား ၂၀ ကိုနောက်တစ်နေ့ ပြန်ခိုင်းလိုက်ပါတယ်။


သူတို့ပြန်သွားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ကစားသမား အယောက် ၃၀ ပဲကျန်ပါတော့တယ်။ အဲ့ဒီအယောက် ၃၀ နဲ့ပဲကွင်းဆင်းလေ့ကျင့်ပြီးနောက်တော့ ဆရာတွေက ပြောတယ်။ မင်းတို့ နိုင်ငံခြားနည်းပြဆရာရဲ့ နိုင်ငံ ဂျာမဏီနိုင်ငံက အကောင်းဆုံး ကလပ်အသင်းဖြစ်တဲ့ လွိုင်လီ အသင်းက ကျွန်တော်တို့နဲ့ ချစ်ကြည်ရေးပွဲ ကစားဖို့ လာတော့မယ်ဆိုပြီး သတင်းပေးလာပါတယ်။ ၂ ပွဲကစားမယ်၊ အဲ့ဒီပွဲတွေ ကစားပြီးတာနဲ့ မင်းတို့ကို အပြီးသတ် ဘားမားလက်ရွေးစင် ၂၅ ယောက်ရွေးမယ်ဆိုပြီး ပြောပြပါတယ်။ အဲ့ဒီနေ့ကစပြီး ၂ သင်းခွဲပြီး ကစားခိုင်းတော့ ကျွန်တော်က ဘောလုံးသမား တစ်ယောက်နဲ့ ခြေထောက်ခတ်မိလို့ ကျွန်တော့်ခြေဖဝါး ရောင်သွားတယ်။ နောက်တစ်ပတ်အကြာမှာပဲ ဂျာမဏီနိုင်ငံက ဘောလုံးအသင်း ရန်ကုန်ကိုရောက်လာတယ်။ သူတို့ ၂ ရက်နားပြီးတဲ့အခါ ဘောလုံးပွဲ ပထမပွဲ ကစားတယ်။ ကျွန်တော်တို့ဆရာ မောင်မောင်တင်က မင်းကစားနိုင်မှာလားဆိုပြီး လာမေးတဲ့အခါ ပထမပွဲမှာတော့ ကျွန်တော် မကစားဖြစ်လိုက်ဘူး။ အဲ့ဒီ ပထမပွဲမှာ ကျွန်တော်တို့ အသင်းက ၂ ဂိုးနဲ့ရှုံးပါတယ်။ ဒုတိယပွဲ ကစားတော့၊ ပထမပိုင်းအပြီးအထိ သရေကျနေတယ်။ နည်းပြဆရာက ကျွန်တော့်ဆီလာပြီး ဆာယော်ဒွေ့ ကစားနိုင်မယ်ဆိုရင် မိနစ် ၂၀ လောက်ကစားပါလို့ လာပြောတဲ့အခါမှာ ကျွန်တော် ကစားမယ်လို့ ပြောလိုက်တယ်။ ဒုတိယပိုင်းပြီးဖို့ မိနစ် ၂၀ အလိုမှာ နိုင်ငံခြားနည်းပြက ကျွန်တော့်ကို ဝင်ကစားခိုင်းတယ်။ ကျွန်တော်ကွင်းထဲ ဝင်ဝင်ချင်း ကျွန်တော့်ဆီကို ဘောလုံးရောက်လာတော့ ကျွန်တော်ပြိုင်ဘက်အသင်းက ၂ ယေက်ကို ခေါက်ပြီး ဂိုးဆီကို ကန်သွင်းလိုက်တော့ ဂိုးတိုင်ထိပြီး ပြန်ကန်ထွက်လာပါတယ်။ ပရိသတ်တွေက ဂိုးပြီ … လို့အော်ပြီး ထခုန်ကြ၊ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ပါတယ်။

ကျွန်တော်ဝင်လိုက်တဲ့အချိန်ကစပြီး ကျွန်တော်တို့အသင်းက အသာဆီးနဲ့ ဖိကစားနိုင်လာတယ်။ နောက်ဆုံး ပွဲပြီးခါနီးမှာ ကျွန်တော် ရလိုက်တဲ့ ဘောလုံးကို ပြိုင်ဘက် ၃ ယောက်လောက်ကို ဆွဲထွက်ပြီး ဂိုးသွင်းလိုက်တော့ ပထမဂိုးအတိုင်းပဲ တိုင်ထိပြီး ပြန်ထွက်လာတယ်။ ဂိုးပြီ၊ ဂိုးပြီ လို့ အော်ဟစ် ထခုန်လိုက်တဲ့အခါမှာ အရှေ့ဖက် ပွဲကြည့်စင် ကျိုးကျသွားခဲ့ပါတယ်။ နောက်တစ်နေ့ သတင်းစာမှာ မနေ့က ကစားတဲ့ ဘားမားလက်ရွေးစင် အသင်းနဲ့ ဂျာမဏီအသင်း ပွဲမှာ နောက်ဆုံးပြီးခါနီး မိနစ် ၂၀ အလိုမှာ နံပါတ် ၆ ဆာယော်ဒွေ့ ဝင်လာမှ ဘောလုံးပွဲက အရမ်းကြည့်လို့ကောင်းသွားတယ်။ ဘောလုံးပြိုင်ပွဲက ချက်ချင်းဆိုသလို ပြောင်းပြန် အသာစီးကစားနိုင်ခဲ့တယ်။ ကျောနံပါတ် ၆ ဆာယော်ဒွေ့က မနေ့က ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့တယ်ဆိုပြီး သတင်းစာထဲမှာ ရေးသားချီးမွမ်းခံရပါတယ်။ ဆာယော်ဒွေ့ကို ပထမပိုင်းကတည်းက ဘာလို့ ဝင်မကစားခိုင်းတာလဲ ဆိုပြီး နည်းပြတွေကို မကျေမနပ်ကြဘူး။

ပြိုင်ပွဲပြီးလို့ နောက်တစ်ရက်မှာတော့ နားကြရတယ်။ အဲ့ဒီနောက်ပိုင်း ၁ လလောက် လေ့ကျင့်ပြီးတဲ့အခါမှာတော့ ကမ္ဘာ့ဖလား အာရှခြေစစ်ပွဲ သွား ပြိုင်ဖို့ နီးလာပါပြီ။ သွားဖို့ တစ်ပတ်အလိုမှာ အင်္ကျီချုပ်တဲ့ လူတွေ လာတိုင်းသွားတယ်။ ဒါပေမယ့် တကယ်သွားရမှာက ၂၅ ယောက်ပဲ သွားရမှာဆိုတော့၊ အဲ့ဒီအထိက ဘောလုံးသမား ၃၀ ယောက်ရှိနေသေးတယ်။ အဲ့ဒီထဲက ၅ ယောက်ပြုတ်ပြီး အိမ်ပြန်ကြရမယ်ဆိုတော့ အားလုံးက စိတ်လှုပ်ရှားနေကြတယ်။ ကျွန်တော်လည်း ဘုရားကို ဆုတောင်းနေရတယ်။ နိုင်ငံခြားသွားဖို့ ၂ ရက်အလိုမှာ ချုပ်ထားတဲ့ အင်္ကျီတွေလည်း ရောက်လာပြီ။ အင်္ကျီရောက်လာတဲ့ညမှာပဲ အဖွဲ့ရုံးက ဆရာတစ်ယေက်လာပြီး ယူလာတဲ့ စာရွက်ကို ထုတ်ပြီး အဲ့ဒီစာရွက်မှာနာမည်ပါတဲ့သူတွေကို အဖွဲ့ချုပ်ရုံးခန်းကို လာခဲ့ပါလို့ခေါ်ပြီး ပြန်သွားတယ်။ ခေါ်ခံရတဲ့လူ ၅ ယောက် ရေမိုးချိုးပြီး ရုံးခန်းသွားလိုက်ကြတယ်။ သူတို့ပြန်လာတော့ တစ်ချို့က မျက်နှာ မကောင်းဘူး။ တစ်ချို့က ငိုကြတယ်။ သူတို့ ၅ ယောက်က ဘားမားလက်ရွေးစင်မှာ မပါတော့ဘူး။ နိုင်ငံခြားထွက်ကစားရမယ့် သူတွေထဲမှာ မပါနိုင်တော့ဘူး။ သူတို့ကိုကြည့်ပြီး အားလုံးလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ အဲ့ဒီနေ့မှာတော့ ကျွန်တော်လည်း ဘုရားကိုလည်း ကျေးဇူးတင်ရတယ်။ ကချင်ပြည်နယ် တောင်ပေါ်သား လီဆူတစ်ယောက် ဘားမားလက်ရွေးစင် ဘောလုံးသမား ဖြစ်သွားပြီလို့ အရမ်းပျော်ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိတယ်။


အာရှခြေစမ်းပွဲမရောက်ခင် ချစ်ကြည်ရေးကစားဖို့ ရုရှားနိုင်ငံ မော်စကိုမြို့ကို သွားခဲ့တယ်။ လီနင်နန်းတော်ကို လေ့လာခွင့်ရလို့ အထဲအထိ ဝင်ရောက်လေ့လာခဲ့ရတယ်။ အဲ့မှာတော့ အရမ်းအေးတယ်။ အဲ့မှာ ၁ ပတ်ပဲ နေခွင့်ရတော့ ၂ ပွဲကစားခဲ့ရတယ်။ ရုရှားကနေတစ်ဆင့် ကားနဲ့ ဂျော်ဂျီယာနိုင်ငံကို သွားခဲ့တယ်။ အဲ့ဒီ ဂျော်ဂျီယာမှာလည်း ၂ ပတ်နေပြီး ၄ ပွဲကစားခဲ့တယ်။ ဂျော်ဂျီယာနိုင်ငံမှာတော့ တည်းခိုခန်းက လမ်းနှစ်ခွကြးမှာ ဆောက်ထားတဲ့ အထပ် ၆၀ ရှိတဲ့ တည်းခိုခန်းမှာ အိပ်ရတယ်။ အဲ့ဒီတည်းခိုခန်း ရောက်တဲ့နေ့မှာပဲ မြန်မာပြည်ကို ဘယ်ရက်ဘယ်နေ့ ပြန်ရောက်မယ်ဆိုတဲ့ ခရီးစဉ်ကို ပြောပြလာတဲ့အတွက် ကျွန်တော်က အဲ့ဒီတည်းခိုခန်းကနေ ရန်ကုန်မှာရှိတဲ့ အစ်ကိုကြီး ယောရှုလယ်မယ် ( ဒေါက်တာယောရှုလယ်မယ်) ဆီ စာတစ်စောင်ရေးပို့လိုက်တယ်။ ဘယ်ရက်ဘယ်နေ့ ရန်ကုန်ပြန်ရောက်မယ်ပေါ့။ အဲ့ဒီစာကလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်။ ဂျော်ဂျီယာကနေ ကားနဲ့ ရုရှားကိုပြန်တယ်။ လေယာဉ်နဲ့ အနောက်ဂျာမဏီကို သွားခဲ့တယ်။ ဂျာမဏီနိုင်ငံမှာတော့ ကျွန်တော်တို့ နည်းပြဆရာရဲ့ နိုင်ငံဖြစ်တဲ့အတွက် အဲ့မှာ ၂ လနေခဲ့ရတယ်။ လေ့ကျင့်ရေးစခန်းတစ်ခုမှာ ကွင်းဆင်းလေ့ကျင့်ရင်း နေကြရတယ်။ အဲ့ဒီဂျာမဏီကပဲ ကျွန်တော်တို့ကို ဘောလုံးနည်းပြဆရာ လက်မှတ်တွေထုတ်ပေးလိုက်တယ်။ အခုထိလည်း သိမ်းထားပါသေးတယ်။ အဲ့ဒီလက်မှတ်က မြန်မာပြည်မှာ ဘယ်မှာမဆို နည်းပြလို့ရတယ်။

အဲ့ဒီဂျာမဏီကနေပြန်လာတော့ စင်္ကပူနိုင်ငံမှာ ၁ ပတ်နားပြီး စင်္ကပူနိုင်ငံ လက်ရွေးစင်အသင်းနဲ့ ချစ်ကြည်ရေးပွဲကစားတယ်။ အဲ့ဒီချစ်ကြည်ရေးပွဲမှာ ကျွန်တော့်ကို ကြိုက်လို့ စင်္ကပူကလပ်အသင်းက ကျွန်တော့်ကို ငှားဖို့ လာပြောတကို ဆရာတွေက လက်မခံခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာအသင်းက ကမ္ဘာ့ဖလား၊ အာရှခြေစစ်ပွဲ ဝင်ပြိုင်စရာ ရှိနေလို့ပဲ။ စင်္ကပူမှာ တစ်ပတ်နေပြီး ဈေးဝယ်ကြပြီး မြန်မာနိုင်ငံကို ပြန်လာတော့၊ ကျွန်တော်ပြန်ရောက်မယ့်ရက်ကို ကြိုတင်သတင်း ရထားပြီဖြစ်တဲ့ အစ်ကိုကြီး ယောရှုလယ်မယ်က လေဆိပ်မှာ အသင့်လာစောင့်ပေး နေပါတယ်။ အဲ့ဒီခေတ် ကျွန်တော်တို့ ဘောလံးသမားတစ်ယောက်က နိုင်ငံခြားသွားရင် ၆၅ ဒေါ်လာပဲ ယူသွားခွင့်ရ တယ်။ အဲ့ဒီတော့ စင်္ကပူမှာ ဈေးဝယ်ကြတဲ့အခါ ကျွန်တော်က တီဗွီကြိုက်တာနဲ့ တီဗွီတစ်လုံးဝယ်လိုက် တော့ ပိုက်ဆံမကျန်တော့ဘူး။ ကျန်တဲ့ စင်္ကပူဒေါ်လာ အကြွေစေ့လေးတွေနဲ့ နှုတ်ခမ်းနီဗူးလေးတွေ ဝယ်လာပြီး အသိတွေကို လက်ဆောင်ပေးလိုက်တယ်။ အစ်ကိုကြီးယောရှုအတွက်တောင် ဘာလက်ဆောင်မှ မပါလာနိုင်ခဲ့ဘူး။ အဲ့ဒီတုန်းက ရန်ကုန်မှာ လီဆူအများကြီး မရှိကြပါဘူး။ ဆရာဦးငွါးရဲ့ယော် နဲ့ အစ်ကိုကြီး ယောရှုလယ်မယ်၊ မိုးကုတ်သူဌေး ဦးအောင်သိန်းတို့ ၃ အိမ်ပဲရှိတယ်။ ဒါပေမယ့် ပူတာအိုကနေ ရန်ကုန်လာပြီး ကျောင်းတက်ကြတဲ့ ကျောင်းသားတွေတော့ရှိတယ်။ အဲ့ဒီတုန်းက အားရီလီရဲဆာ၊ ဆိုင်မွန်သောင်းဆီး၊ ဂျေမာဇီ၊ ဂျေအားတီ၊ လာဖီးဖူ၊ မာနာဆီ တို့ရှိတယ်။ သူတို့အားလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းတက်နေကြတဲ့ အချိန်ပေါ့။


ကျွန်တော် ရန်ကုန်ရောက်လာတဲ့အချိန်ကစပြီး အစ်ကိုကြီး လယ်မယ်ယောရှုအိမ်မှာပဲ ကိုယ့်အိမ်လို စားလိုက်၊ သောက်လိုက်၊ အိပ်လိုက် နေခဲ့တယ်။ အဲ့လို ကိုယ့်အိမ်လိုပဲ နေခဲ့ပေမယ့် ကျွန်တော် ဘားမားလက်ရွေးစင် ဘောလုံးသမားတစ်ယောက်အနေနဲ့ နိုင်ငံခြားကနေ ပြန်လာတဲ့အခါ ဘာလက်ဆောင်တစ်ခုတစ်လေတောင် မဝယ်ပေးနိုင်ခဲ့တာကို အခုမှ ပြန်စဉ်းစားပြီး စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ တကယ်လည်း တီဗွီဝယ်လိုက်တာနဲ့ ငွေကကုန်သွားခဲ့တာပါ။ အခုမှ ဟိုးတစ်ခေတ်က ဘဝတွေကို ပြန်တွေးကြည့်တော့ ကျွန်တော်က သိပ်ပြီးမတွေးတတ်၊ ကျေးဇူးမသိတတ်တာပဲလို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိလာပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ကျွန်တော့် အစ်ကိုကြီးနဲ့ မာလာ ဒေါ်ခင်ထိုက်တို့က စိတ်သဘောထား အလွန်ပြည့်ဝပြီး၊ ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့ပါတယ်။ သတိရတိုင်း ကျေးဇူးတင်လျှက် ပါ။


ကျွန်တော်က အစ်ကိုကြီး ယောရှုအိမ်မှာ ၂ ရက်နားပြီးတော့ အောင်ဆန်းကွင်းမှာ ပြန်သွားရတယ်။ အဲ့ဒီနောက်တော့ အောင်ဆန်းကွင်းမှာ စခန်းသွင်း ၁ လ လေ့ကျင့်ပြီး၊ ကမ္ဘာဖလား၊ အာရှခြေစစ်ပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့ကို သွားရောက် ကစားခဲ့ရပါတယ်။

ကာတာနိုင်ငံက အာရပ်နိုင်ငံ၊ ရေနံအရမ်းထွက်လို့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံက သဲကန္တာရ၊ အပင်တောင် မရှိတဲ့နိုင်ငံဖြစ်နေပါတယ်။ နေလည်း အရမ်းပူပါတယ်။ အဲ့ဒီ ကာတာနိုင်ငံမှာတော့ အသင်း ၈ သင်းကစားရတယ်။ အုပ်စု ၂ စုခွဲလိုက်တယ်။ ကျွန်တော်တို့မြန်မာအသင်းက (က) အုပ်စုမှာ ကျတယ်။ ကျွန်တော်တို့ (က) အုပ်စုမှာတော့၊ မြန်မာ၊ တောင်ကိုးရီးယား၊ ဘာရိန်း၊ မြောက်ကိုးရီးယား ၄ နိုင်ငံ။ ကျွန်တော်တို့က ပထမပွဲမှာ ဘာရိန်းအသင်းနဲ့ ကစားတော့ သရေပွဲဖြစ်တယ်။ ဒုတိယပွဲ မြောက်ကိုးရီးယားနဲ့ ကစားတော့လည်း သရေပွဲပဲ။ နောက်ဆုံး တောင်ကိုးရီးယားအသင်းနဲ့ ပွဲမှာတော့ ကျွန်တော်တို့ အသင်းက ၅ ဂိုးနဲ့ အပြတ်ရှုံးသွားခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့အသင်းက ၂ ပွဲသရေ၊ တစ်ပွဲရှုံးလို့ အာရှခြေစစ်ပွဲ မအောင်လို့ ပြန်လာခဲ့ရတယ်။


ကျွန်တော် သွားရောက်ကစားခဲ့ရတဲ့ နိုင်ငံတွေကတော့ (၁) ရုရှား၊ (၂) ဂျော်ဂျီယာ၊ (၃) အနောက်ဂျာမဏီ၊ (၄) စင်္ဂပူ၊ (၅) အန္ဒိယ (၆) ထိုင်း (၇) ကာတာ နိုင်ငံတို့ဖြစ်ပါတယ်။ ကာတာမှာတော့ တစ်လတိတိ နေထိုင် ကစားပြီးတော့ မြန်မာပြည်ပြန်လာခဲ့ရတယ်။ မြန်မာပြည် ပြန်ရောက်တော့ အောင်ဆန်းကွင်းမှာ ၆ လလောက်နေပြီးနောက်တော့ နိုင်ငံခြားနည်းပြဆရာက သူ့ကို နိုင်ငံတော်က ငှားထားတဲ့ စာချုပ်လည်းကုန်းသွားလို့ သူ့နိုင်ငံ ပြန်သွားတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ၁၉၈၈ အရေးအခင်းဖြစ်လာလို့ ဘောလုံးပွဲတွေကို ၂ နှစ်အထိ ရပ်နားလိုက်ရတဲ့အခါ ကျွန်တော်က မိခင်ဌာနဖြစ်တဲ့ ဆောက်လုပ်ရေးအသင်းဆီ ပြန်သွားခဲ့ရပါတယ်။


ဆောက်လုပ်ရေးအသင်းမှာ ၂ နှစ်နားပြီးနောက်၊ ၁၉၉၁ ကစပြီး ဝန်ကြီးဌာနပွဲတွေ စတင်ကစားပါတယ်။ ၁၉၉၁ မှာတော့ ကျွန်တော် မိန်းမ ရခဲ့တယ်။ ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ သားအားဖူ ကို မွေးခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော် ဘောလုံးလောကကနေ အနားယူခဲ့ပါတယ်။


အဲ့ဒီနောက်တော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျွန်တော့်ကို ဆောက်လုပ်ရေး အငယ်တန်း အင်ဂျင်နီယာ သင်တန်းကို ၆ လ တက်ခိုင်းပြီး အလုပ်ခွင်ထဲပို့လိုက်ပါတယ်။ ပို့လိုက်တဲ့ ဆိုဒ်က တိုင်းဆောက်ရေး အထူးအဖွဲ့ ၁၄ ကို ပို့ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ ရန်ကုန် လှိုင်နယ်မြေ ဝန်ထမ်းအိမ်ယာ စီမံကိန်းမှာ တက္ကသိုလ်ဆရာ/မတွေနေဖို့ ၆ ထပ်တိုက် ၁၂ လုံးဆောက်ခဲ့ရတယ်။ ရန်ကုန်မြို့နယ်တွေမှာ ကျရာနေရာမှာ အလုပ်လုပ်ခဲ့ရတယ်။ ၁၉၉၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ သမီးကြီးကို မွေးပါတယ်။ နာမည်က လယ်မယ်အားနား ခေါ် ခိုင်သဇင်ထက် ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဆောက်လုပ်ရေးအထူးအဖွဲ့ ၁၄ ကနေ၊ တစ်ခါ တနင်္သာရီတိုင်း လမ်းနှင့်တံတားစီမံကိန်းကို ပို့လိုက်တယ်။ အဲ့ဒီမှာ ၆ လ သွားလုပ်ခဲ့ပြီး၊ တောထဲမှာပဲ နေရတဲ့အတွက် ကျန်းမာရေးကြောင့် အလုပ်ထွက်စာတင်ပြီး ပြန်လာခဲ့ရတယ်။ ရန်ကုန်မှာပဲ မိန်းမနဲ့အတူ ဈေးရောင်း ပြီး ဘဝကို ရုးန်ကန် ရပ်တည်နေရင်း၊ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ သမီးအငယ် လယ်မယ် အားညီ ( ခေါ်) စံပယ်ဒွေးကို မွေးခဲ့တယ်။


နောက်ပိုင်းမှာ ကချင်ပြည်နယ်က ကျောက်ကုန်သည် ညီငယ်ရဲဖာနဲ့ ချိတ်ဆက်မိပြီး ရန်ကုန်မှာ ကျောက်အရောင်းအဝယ် ပွဲစားလုပ်ရင်း ငွေကြေးအနည်းငယ် အဆင်ပြေလာခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်က သာကေတမြို့ ၁၀ တောင် ၁၂ ရပ်ကွက်၊ ဇေယျဝတီ အနောက်ခြမ်း အမှတ် ၂၂၄၃/က ကို ဝယ်ယူပြီး အိမ်ဆောက်ကာ နေပါတယ်။ နောက်ပိုင်း ပူတာအိုသို့ ခဏပြန်ပြီး ကျွန်တော့်မွေးရပ်ရွာ ပူတာအို လယ်မယ်ဝါဂျီရွာက ဘောလုံးသမား တွေကို ဘောလုံးပညာ သင်ပေးပြီး အုပ်စုဘောလုံးပွဲဝင်ကစားတဲ့အခါမှာ ဒိုင်းဆု ရရှိခဲ့ပါတယ်။ နောက်ပိုင်း ရန်ကုန်ကိုပြန်ရောက်လာတော့၊ ဝန်ကြီးဌာနဘောလုံးအသင်းတွေကို ဖျက်သိမ်းပြီး ကလပ်အသင်းတွေ စတင်ထူထောင်ကြတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဧရာဝတီကလင်အသင်းမှာ နည်းပြလုပ်ခဲ့တယ်။ တစ်နှစ်လုပ်ပြီး တဲ့အခါ ကျန်းမာရေးမကောင်းလို့ အနားယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၂၀၁၅ ခုနှစ်မှာ ကျွန်တော် လေဖြတ်ခြင်း ဝေဒနာကို ခံစားလာရပါတော့တယ်။


ဒါပေမယ့် ၂၀၁၆ နိုဝင်ဘာလထဲမှာ၊ လေဖြတ်ထားတဲ့ကြားထဲကနေ တရုတ်ပြည် ယူနန်နယ်ထဲ ချစ်ကြည်ရေး ဘောလုံးပွဲတွေကို ကိုယ်တိုင်ဦးစီးခဲ့ပါသေးတယ်။ အမျိုးသား လွှတ်တော်အမတ်ဟောင်းဦးဂျေယောဝူရဲ့ အစီအစဉ်နဲ့ လီဆူမူလ လက်ဟောင်း မြို့နယ်၊ ပြည်နယ်အဆင့် အားကစားသမားတွေကို စုစည်းပြီး လေ့လာရေးခရီး တစ်ခေါက် သွားခဲ့ရတာဖြစ်ပါတယ်။ ဒီအင်တာဗျူးဖြေဆိုနေတဲ့အချိန်မှာ ကျွန်တော့်အသက် ၅၉ နှစ်ရှိသွားပါပြီ။ ဒီအချိန်မှာ ကျွန်တော်က လေဖြတ်ဝေဒနာကို အံတုရင်း မိသားစုနဲ့အတူ သာကေတ အိမ်မှာ နေထိုင်လျှက် ရှိပါတယ်။

တကယ်တော့ ဘားမားလက်ရွေးစင်ဘောလုံးသမား တစ်ယောက်ဖြစ်ဖို့ကိစ္စက လွယ်ကူတာတော့ မဟုတ်ပါ။ ရပ်ကွက်ပွဲတွေကနေ၊ မြို့နယ်၊ ပြည်နယ် နှင့် တိုင်းအဆင့် အသီးသီးမှာ ပွဲပေါင်းများစွာမှာ ခြေစွမ်းပြဖို့ လိုပါတယ်။ ဘားမားလက်ရွေးစင် ပဏာမ ၃၅၀ ထဲကနေ နောက်ဆုံး ၂၅ ယောက်ထဲပါဝင်ဖို့က တော်ရုံဇွဲသတ္တိ၊ အလေ့အကျင့်နဲ့တော့ မဖြစ်နိုင်ပါဘူး။ ကိုယ်ကြိုးစားဖို့လိုသလို ကံကောင်းဖို့၊ တစ်နည်းအားဖြင့် ဘုရားသခင်က ချီးမြှောက်ဖို့လိုပါတယ်။ လူတွေလည်း အားပေးဖို့လိုပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေက အကဲဖြတ်ပြီး မြေတောင်မြှောက်ပေးတတ်ဖို့လိုတယ်လို့ ခံစားမိပါတယ်။

ကျွန်တော့ ဘဝမှာ ဘားမားလက်ရွေးစင် ဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့ အထင်ကရ မှတ်ချက်ပေးခဲ့သူကတော့ ပူတာအိုမြို့နယ် လုပ်ငန်းစစ်ဆေးရေးဥက္ကဌ ဦးကျာမဲဒွေ့ပဲဖြစ်ပါတယ်။ သူက ကျွန်တော်ကစားတာကိုကြည့်ပြီး ဘားမားလက်ရွေးစင်အဆင့်ရှိတယ်လို့ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ ကစားတဲ့ပွဲကနေ သုံးသပ်ချီးကျူးခဲ့ပါတယ်။ ကျွန်တော့်ကို ဘားမားလက်ရွေးစင် အဆင့်ရှိတယို့ ပထမဦးဆုံး မြင်နိုင်ခဲ့တဲ့သူ၊ အကဲဖြတ်နိုင်ခဲ့သူက သူပါပဲ။ သူ့ရဲ့ အသိအမြင်က မြင့်မားတယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ သူကပဲ သက်ဆိုင်ရာလူတွေကို ဖုန်းဆက်ပြီး ကျွန်တော့်ကို ဘောလုံးလောကထဲ အရောက်ပို့ပေးခဲ့တယ်။ သူ့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။

ပြီးတော့ ရန်ကုန်ကိုရောက်လာပြီး ကျွန်တော့်အိမ်လို နေခဲ့ရတဲ့ အစ်ကိုယောရှုလယ်မယ် နဲ့ မာလာ ဒေါ်ခင်ထိုက်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ရဲ စိတ်ရှည်သည်းခံပေးမှုတွေ၊ အားပေးမှုတွေကြောင့်ပဲ ကျွန်တော်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကျွန်တော်ကစားခဲ့တဲ့ ပွဲတွေမှာ လာရောက်အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော့်ပွဲတွေကို ကြည့်ခဲ့ဖူးသူတစ်ယောက်တစ်လေက အခုဒီစာကို ဖတ်မိကောင်း ဖတ်မိနိုင်ပါတယ်။ ကျွန်တော် ရပ်ကွက်ပွဲတွေကနေ နိုင်ငံအဆင့် ကစားခဲ့တဲ့ ပွဲတစ်လျှေက် ပရိသတ် အားလုံးရဲ့ အားပေးမှု တွေကို အမြဲတမ်း အမှတ်ရနေပါတယ်၊ ကျေးဇူးတင်ပါတယ်လို့ ဒီကနေပဲပြောလိုက်ပါရစေ။ တစ်ခေတ်တစ်ခါက တောင်ပေါ်သား လီဆူလူမျိုး ဆာယော်ဒွေ့ဟာ ဘားမားလက်ရွေးစင် ၂၅ ယောက်ထဲပါဝင်ပြီး၊ တိုင်းတပါးမှာ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဘုရားကျေးဇူး၊ နိုင်ငံတော်ကျေးဇူး၊ အမျိုးတွေကျေးဇူး၊ ပရိသတ်ကျေးဇူးတွေကို အောက်မေ့ရင်း … ကျွန်တော့်ဘဝ၊ ကျွန်တော့်အကြောင်း ပြောပြတာ ဒီမှာပဲ ရပ်နားပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *