“ပူတာအိုမှာ မိုးရာသီနဲ့ ဆောင်းရာသီ နှစ်မျိုးပဲရှိတယ်၊ မိုးဇလပညာဟာ ပြည်သူအတွက်ပါ”လို့ ပြောပြလာတဲ့ ပူတာအို မိုးဇလ မြို့နယ်ဦးစီးမှူး ဦးအားဆီဆဲ နှင့် စကားစမြည် ….

ဆရာ ကိုယ်တိုင်ပဲ မိတ်ဆက်ပေးပါဦး။
ကျွန်တော့်နာမည် ဦးအားဆီဆဲ ဖြစ်ပါတယ်။ ဇာတိကတော့ ပူတာအိုမြို့နယ်၊ ရီကျော်ဒီကျေးရွာဖြစ်ပါတယ်။ မူလာရှီးဒီကြိုးတံတား ဟိုတစ်ဘက်ကမ်းကရွာပေါ့။ အဘဦးဒီးအာဘော်၊ အမိဒေါ်လောရီတို့ကနေ ၁၉၈၂ ခုနှစ်မှာ ကျွန်တော့်ကို မွေးခဲ့ပါတယ်။ လက်ရှိမှာတော့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (ပူတာအို) မှာ မြို့နယ်ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။

ဘယ်အချိန်က အလုပ်လျှောက်ပြီး စတင်တာဝန်ထမ်းဆောင်ခဲ့ပါသလဲ။
ဒီဌာနအလုပ်ကို ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်တာဝန်ထမ်းပါတယ်။ ဘိုးဘွားစဉ်ဆက် အစိုးရအလုပ်၊ ဌာနဆိုင်ရာအလုပ်တွေကို လုပ်ခဲ့ဖူးခြင်းမရှိဘဲ၊ ကျွန်တော်က အမျိုးထဲမှာ အစိုးရဝန်ထမ်းလောကထဲ ပထမဦးဆုံး ထိုးဖောက်ဝင်ရောက်လာတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အတွက် အရာရာဟာ အစိမ်းသက်သက်၊ အခက်အခဲ အများကြီးကြုံခဲ့ရပါတယ်။



ဆရာတို့ရဲ့ တစ်နေ့တာ လုပ်ရတဲ့ အလုပ်တွေကို သိခွင့်ရမလား။
ဟုတ်ကဲ့၊ ရပါတယ်။ နေ့စဉ် မနက် (၆) နာရီကနေ ည (၆) နာရီအထိ (၃) နာရီခြားတစ်ကြိမ် မိုးလေဝသအခြေအနေတွေကို တိုင်းထွာမှတ်တမ်းတင်ပြီး ရုံးချုပ်သို့ တစ်နေ့ (၅) ကြိမ် တိုက်ရိုက်ပေးပို့ရပါတယ်။

ဘယ်အချက်တွေကို တိုင်းတာကြရတယ်ဆိုတာ ဗဟုသုတအနေနဲ့ ပြောပြပေးနိုင်မလား။
ဟုတ်ကဲ့ပါ။ တိုင်းတာတွက်ချက်ရတာတွေကတော့ အဝေးမြင်နိုင်စွမ်း၊ အောက်ခြေတိမ်အမြင့်၊ တိမ်ဖြစ်ထွန်းမှု ပမာဏ၊ လေတိုက်နှုန်း၊ လေတိုက်ရာအရပ်၊ အပူချိန်တိုင်းခြင်း၊ နှင်းဖြစ်မှတ်တိုင်းခြင်း၊ စိုထိုင်းဆ၊ လေဖိအား၊ လက်ရှိမိုးလေဝသအနေအထား၊ လွန်ခဲ့သော နာရီပိုင်းက မိုးလေဝသ၊ အောက်ခြေတိမ်ပမာဏ၊ တိမ်လတ်ပမာဏ၊ အနိမ့်ဆုံး အပူချိန်၊ အမြင့်ဆုံးအပူချိန်၊ တိမ်ရွေ့လျားရာအရပ်၊ (၂၄) နာရီအတွင်း လေဖိအားပြောင်းလဲမှု၊ (၁၂) နာရီအတွင်း မိုးရေချိန်တိုင်းတာခြင်း၊ တစ်ရက်တာ (၂၄) နာရီအတွင်း မိုးရေချိန် တိုင်းတာခြင်း စတာတွေ ပါဝင်ပါတယ်။ ဒါတွေအပြင် မြေငလျင်လှုပ်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးသည်းထန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း အစရှိသည့် ထူးခြားဆိုးရွားသည့် မိုးလေဝသဖြစ်စဉ်များ ရှိလာပါက စတင်ချိန်၊ ပြီးဆုံးချိန်၊ ကြာချိန်၊ ပြင်းအား၊ နေရာနှင့် ပျက်စီးမှုအခြေအနေများကို အချိန်နှင့် တစ်ပြေးညီ မိုးလေဝသမှတ်ချက် (weather remark) ပြုလုပ်ပြီး သက်ဆိုင်ရာသို့ သတင်းပေးပို့ ရပါတယ်။



ပူတာအိုဒေသရဲ့ ထူးခြားရာသီဥတုအခြေအနေတွေ ရှိပါသလား။
ပူတာအိုဒေသကတော့ မိုးရာသီနှင့် ဆောင်းရာသီ (၂) မျိုးကိုသာ အဓိကခံစားရတဲ့ ဒေသဖြစ်ပါတယ်။ နွေရာသီဆိုတာ မရှိသလောက်ပါပဲ။ ဒါကတော့ ဒီဒေသအတွက် ထူးခြားချက်လို့ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝတောတောင် ထူထပ်စွာရှိနေတာရယ်၊ ကုန်းမြင့်ဒေသဖြစ်လို့ ပူလွယ်၊ အေးလွယ်တဲ့ အနေအထားဖြစ်နေတာရယ်၊ ပင်လယ်သမုဒ္ဒရာကနေ ဝေးကွာနေတာရယ်၊ မိုးရွာသွန်းမှုကို အားပေးတဲ့ အနောက်ဘက်လေစီးကြောင်းမှ လေပွေလှိုင်းဟာ ဟိမဝန္တာနဲ့ ရေခဲတောင်တွေကို ဖြတ်ကျော်လာတာရယ် စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အမြဲတမ်းဒီလိုပဲဖြစ်နေလိမ့်မယ်လို့ ပြောရခက်ပါတယ်။ တဖြည်းဖြည်းနဲ့ သစ်တောပြုန်းတီးလာတာနဲ့အမျှ CO2 ထုတ်လွှင့်မှုတိုးလာတာကြောင့် အပူချိန်မြင့်တက်လာခြင်း၊ ရေခဲတောင်များ အရည်ပျော်ကျလာခြင်း၊ ရုတ်တရက်ရေကြီးလာခြင်း၊ ရေအရင်းအမြစ်ရှားပါးခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှု လွန်ကဲခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေကို ကြုံတွေ့လာနေရပါတယ်။ ထူးခြားချက်အနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ယခင်ပူတာအိုဒေသရဲ့ အပူချိန် စံချိန်ဟောင်း ၃၈ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ပြီးတော့ ၃၉ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပါတယ်။



မိုးလေဝသပညာနဲ့ အများပြည်သူကို ဘယ်လိုအကျိုးပြုပေးနိုင်တယ်ဆိုတာာ ပြောပြပေးလို့ရမလား ဆရာ။
ဒီမိုးလေဝသ ပညာကတော့ ပြည်သူအတွက်ပါပဲ။ ဌာနရဲ့ ရည်ရွယ်ချက် (၆) ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့ – (၁) သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ (၂) ကုန်း၊ ရေ၊ လေကြောင်းခရီး လုံခြုံသက်သာ ချောမွေ့ရေး၊ (၃) စားနပ်ရိက္ခာနှင့် စိုက်ပျိုးမှု ပိုမိုတိုးတက်ရေး၊ (၄) နိုင်ငံတော်စီမံကိန်းနှင့် လုပ်ငန်းများကို အထိရောက်ဆုံး အကျိုးပြုရေး၊ (၅) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတပစ္စည်းများ ကာလရှည်ကြာစွာ ထုတ်ယူအသုံးပြုရေးနှင့် (၆) မိုးလေဝသနှင့်ဇလဗေဒ ပညာရပ်များ တိုးတက်အောင်မြင်ရေးအတွက် သုတေသန၊ ပညာပေးနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး တို့ဖြစ်ပါတယ်။ အားလုံးကတော့ ပြည်သူအတွက် တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီး အကျိုးပြုနေတာချည်းပါပဲ။ ပြောရရင် အများကြီးပါ။ နည်းနည်းလေးချုပ်ပြရရင် ပြည်သူတွေ လုံခြုံစွာ ခရီးသွားလာရေး၊ စိုက်ပျိုးဖြစ်ထွန်းရေး၊ သဘာဝဘေးတွေကနေ လွတ်မြောက်ရေး စတာတွေမှာ ဒီပညာရပ်က ပြည်သူကို အလုပ်အကျွေးပေးနေပါတယ်လို့ ဆိုချင်ပါတယ်။

အန္တရာယ်ရှိတဲ့မိုးလေဝသ အခြေအနေကို ဘယ်လိုသိနိုင်မလဲ။
တစ်ခု ပြောပြရမယ်ဆိုရင် တိမ်အမျိုးအစားကို ကြည့်ပြီး မကြာခင် ဖြစ်လာမယ့် မိုးလေဝသ အနေအထားကို ခန့်မှန်းလို့ရတယ်။ တိမ်အမျိုးအစား (၁၀) မျိုးခွဲထားတယ်။ အေက်လွှာမှာ (၅) မျိုး၊ အလယ်မှာ (၂) မျိုး၊ အထက်မှာ (၃) မျိုးရှိတယ်။ အောက်လွှာမှာရှိတဲ့ တိမ် – Cumulonimbus (Cb) အမျိုးအစားက လျှပ်စစ်ဓါတ်အား အပြည့်အ၀ ပါရှိပြီး လူအပါအဝင် သက်ရှိသက်မဲ့အားလုံးအတွက် အန္တရာယ်အပေးနိုင်ဆုံး တိမ်အမျိုးအစား ဖြစ်ပါတယ်။ အဲ့ဒီတိမ်ကနေ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း အစရှိတဲ့ ဆိုးရွားတဲ့ မိုးလေဝသ ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီတိမ်တွေကို သေချာကြည့်တတ်ရင် အန္တရာယ်ကို ကြိုမြင်နိုင်တာပေါ့။


မိုးလေဝသပညာသည် တစ်ယောက်ဖြစ်လာဖို့ ဘာတွေလိုအပ်တယ်လို့ ထင်မြင်ပါသလဲ။
ကျွန်တော့်အတွေ့အကြုံအရ မိုးလေဝသဆိုင်ရာ ပညာသည်တစ်ဦးဖြစ်လာဖို့ကတော့ ဒီပညာရပ်နဲ့သက်ဆိုင်တဲ့ စာအုပ်စာပေတွေကို ဖတ်ရမယ်။ ဝန်ထမ်းဖြစ်မယ်ဆိုရင် ဌာနကပေးတဲ့ သင်တန်းတွေကို အားလုံးတက်ရမယ်။ အခြေခံပညာကျောင်းကတည်းက ပထဝီဝင်၊ ရူဗဗေဒ နှင့် ဓာတုဗေဒ ဘာသာရပ်တွေကို ထဲထဲဝင်ဝင် စိတ်ဝင်တစားလေ့လာရမယ်။ တက္ကသိုလ်မှာ မေဂျာအဖြစ်ယူရမယ်။ နည်းပညာအသစ်တွေကို စူးစမ်းလေ့လာ နေကြရမယ်။ ဒီလိုဆိုရင် ပြည်တွင်းသာမက နိုင်ငံတကာအထိပါ ထိုးဖောက်နိုင်ပါလိမ့်မယ်။ ဌာနကလည်း နှစ်စဉ်လိုလို မိုးလေဝသပညာရပ်တွေကို ကြိုးစားလေ့လာပြီး ပြည်သူကိုအလုပ်အကျွေးပြုချင်တဲ့ လူငယ်လူရွယ်တွေကို နိုင်ငံခြားသို့ ပညာတော်သင်လွတ်ပေးတာတွေ ရှိပါတယ်။ လူငယ်လေးတွေ အချိန်မဖြုန်းပဲ ကြိုးစားကြစေချင်ပါတယ်။ လူငယ်တွေအတွက် ဒေသအတွင်းမှာ ဘိန်းဖြတ်စခန်းတွေ ရှိသလို၊ ဂိမ်းဖြတ်စခန်းတွေတော့ မတွေ့ရသေးဘူး။ ဂိမ်းအစား အကျိုးပြုပညာရပ်တွေကို သင်ကြပါလို့ အားပေးချင်ပါတယ်။



ဆရာ့အနေနဲ့ ရှေ့မှာ ဘာတွေဆက်လုပ်ဖို့ ပြင်ဆင်ထားပါသလဲ။
ကျွန်တော်ကတော့ ဌာနတွင်းမှာတော့ အမြင့်ဆုံးသင်တန်းတွေအထိ တက်ရောက်ပြီးပါပြီ။ နိုင်ငံရပ်ခြားအထိသွားရောက်လေ့လာဖို့က မိသားစုအခြေအနေအရ မဖြစ်နိုင်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် သင်ယူသင့်တာတွေကို ဆက်လက်သင်ယူလေ့လာရင်း ပြည်သူကို အလုပ်အကျွေးပြုနေဦးမှာဖြစ်ပါတယ်။ ပြည်သူကတော့ ဒီပညာရပ်ကို စိမ်းနေကြတာ၊ တစ်ချို့ စိတ်မဝင်စားတာလည်းရှိပါတယ်။ ဒါပေမယ့် အထက်မှာပြောခဲ့သလိုပါပဲ ဒီပညာရပ်ဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို စောင့်ရှောက်လမ်းပြပေးတဲ့ ပညာရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကြီးကျယ်အောင် ပြောရရင် ကမ္ဘာကြီးရဲ့ သဘာဝဖြစ်စဉ်တွေကို လေ့လာမှတ်သားပြီး၊ ကမ္ဘာကြီးကျန်းမာနေစေဖို့ ထိန်းသိမ်းစောင့်ရှောက်တဲ့ ပညာရပ်လည်းဖြစ်တယ်။ မိုးလေဝသဆိုင်ရာပညာရပ်မှာသုံးတဲ့ စနစ် Code တွေက တစ်ကမ္ဘာလုံးမှာ အတူတူပဲ။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ပူးပေါင်းလို့ရတယ်လို့ ပြောပြချင်တာပါ။

ဆရာက အခြားဘယ်အလုပ်တွေမှာ ပါဝင်လုပ်ကိုင်နေရပါသေးသလဲ။
ကျွန်တော့်ရဲ့ အဓိကတာဝန်ကတော့ မြို့နယ်ဦးစီးမှူး၊ ပူတာအိုမြို့နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနပေါ့။ ဒါကမေဂျာအလုပ်။ မိုင်နာတွေအဖြစ် သာရေး၊ နာရေး၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့တွေမှာလည်း ကိုယ်တတ်အားသရွေ့ လုပ်အားပေး ပါဝင်ကြရတာပါပဲ။ လူတစ်ကိုယ် နယ်ပယ်အစုံပါဝင်ရတာပါပဲ။ မြို့နယ်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်မှု ဆပ်ကော်မတီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။ ပူတာအိုမြို့နယ် လူမျိုးပေါင်းစုံ လူမှုကူညီရေးအသင်းမှာလည်း နာယကတစ်ဦးအဖြစ် ပါဝင်နေပါတယ်။ အ.ထ.က မြို့မကျောင်းကော်မတီ ဒု-ဥက္ကဌဖြစ်ပါတယ်။ ယုံကြည်ရာဘာသာတရားအရ ပူတာအိုမြို့မ ခရစ်တော်၏အသင်းတော်မှာ သင်းအုပ်လူကြီးအဖြစ်လည်း တာဝန်ထမ်းပါတယ်။



စာဖတ်ပရိသတ်ကို ဆရာ ဘာများထပ်ပြောပြချင်ပါသေးသလဲ။
ကျွန်တော် ဖြေတာတွေ အရမ်းရှည်သွားတဲ့အတွက် အားနာပါတယ်။ ဒါပေမယ့် စာဖတ်သူတွေအတွက် တစ်စုံတစ်ရာ အသိတိုးမယ်လို့တော့ ယူဆပါတယ်။ အင်တာဗျူးပေးတဲ့ လီဆူတိုင်မ်းကိုလည်း ကျေးဇူးတင်ပါတယ်။ လူတိုင်း ကိုယ်လုပ်နေတဲ့အလုပ်ကို တန်ဖိုးထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရအောင်လို့ ဖိတ်ခေါ် တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *