လူ့အသိုင်းအဝန်းရဲ့ လက်တွေ့ဘဝမှာ တစ်ဦးချင်း ကျူးလွန်တဲ့ ပြစ်မှုတွေက ထင်သာ မြင်သာရှိပေမယ့်၊ အုပ်စုလိုက်ကျူးလွန်ကြတဲ့ ပြစ်မှုတွေက ထင်သာမြင်သာ သိပ်မရှိလှပါဘူး။
လူတစ်ယောက်ကို မတရားသဖြင့်၊ လူမဆန်စွာ သတ်ဖြတ်လိုက်တယ် ဆိုပါစို့။ လက်တွေ့သတ်ဖြတ်တဲ့သူက အပြစ်ရှိတယ်လို့ ချက်ချင်း ယူဆလို့ရပါတယ်။ ဒါက ဥပဒေအရ အရေးယူလို့ရတဲ့ ထင်ရှားတဲ့ ကိစ္စ။ ဒါပေမယ့် အဲ့ဒီသတ်ခြင်းကြောင့် အကျိုး ဖြစ်ထွန်းသွားကြတဲ့ နောက်ကွယ်ကလူတွေကိုတော့ ဥပဒေကြောင်းအရ ဖော်ယူဖို့ ခက်ပါတယ်။
ပြစ်မှုကျူးလွန်တာ မထင်သာပေမယ့်၊ အပြစ်မရှိတာတော့ မဟုတ်ပါဘူး။ ဒါက လူလုပ်ဥပဒေ တွေရဲ့ အားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားသော သတ္တဝါတွေထက် ဉာဏ်ရည်မြင့်မားတဲ့ လူ့အသိစိတ်၊ လူ့ကျင့် ဝတ်အရ လူသတ်မှုကြောင့် အကျိုးဖြစ်ထွန်းသွားကြတဲ့ နောက်ကွယ်က အုပ်စုကလည်းပဲ လက်တွေ့လူသတ်သူနဲ့ တန်းတူ အပြစ်ရှိပါတယ်။ အသိစိတ်မြင့်မားတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒါမျိုးတွေကို လုံးဝရှောင်ကျဉ်ကြပါတယ်။
၂၀၁၄ မှာရေးသားခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ အနောက်တိုင်းမှာ လှတပတ ဝတ်ဆင်ကြတဲ့ သိုးမွှေးအင်္ကျီတွေကြောင့်၊ တရုတ် နိုင်ငံရဲ့ အနောက် မြောက်ပိုင်းနယ်မှာ လွင်တီးခေါင်ပြင် ကန္တာရဖြစ်လာ စေတယ်လို့ ထောက်ပြ ရေးသားပါတယ်။ သိုးအရေအတွက်များများမွေးလေလေ၊ သူတို့စားသောက်တဲ့ မြက်ခင်းတွေ ပိုလိုအပ်လေလေ ဖြစ်ပြီး၊ ထိုဒေသရဲ့ စိမ်းလန်းတဲ့ မြက်ခင်းတွေ တိမ်ကော၊ မိုးခေါင်ရေရှားပြီး ကန္တာရာဆန်လာကြောင်း ရေးပါတယ်။ ဒီသတင်းတွေဖတ်ကြရတဲ့ သြစတေးလျ နဲ့ ဥရောပ သမ္မဂမှာ ရှိတဲ့သူတွေက တရုတ်က တင်သွင်းတဲ့ သိုးမွှေးထည်တွေကို သူတို့အသိစိတ်နဲ့ မဝယ်ကြ တော့ဘူးလို့ဆိုပါတယ်။
ကုန်တိုက်တွေထဲက ကိုယ်ရွေးချယ် ဝယ်ယူတဲ့ သိုးမွှေးတစ်ထည်ရဲ့ သက်ရောက်မှု တွေကို အလွန်ဂရုစိုက်ကြတဲ့ အသိုင်းအဝန်း၊ ပတ်ဝန်းကျင် အရေးကို သတိထားတဲ့ အသိုက်အဝန်းလို့ဆိုရမှာပါ။ တစ်ကြိမ်မှာတော့ တရုတ်ရဲ့ထုတ်ကုန်တွေကို အနောက် နိုင်ငံတွေက ဝယ်ယူမှု ရပ်ဆိုင်းတာမျိုး ကြုံကြရပါတယ်။ အကြောင်းကတော့ ထောင်သားတွေကို ဖိနှိပ်ပြီး အလုပ်ခိုင်းထားတဲ့ လက်မှု ပစ္စည်းတွေ ဖြစ်နေလို့ပါပဲ။ ဒါက ကိုယ်ကိုင်တဲ့ ပစ္စည်းဟာ လူသားတစ်ယောက်ရ သင့်တဲ့ အခွင့်အရေးကို ချိုးဖောက်ပြီး ကိုယ့်လက်ထဲ ရောက်လာတာမျိုးကို သူတို့စိတ်မသန့်ပါဘူး။ လူ့အခွင့် အရေးကို တကယ် လေးစားကြတာပါ။
အလားတူပဲ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ ကျွန်တွေလို ခိုင်းစေခံရတဲ့ ငါးဖမ်းလုပ်သားတွေအကြောင်း လူ့အခွင့်အရေးသမားတွေက တင်ပြကြတဲ့အခါ ထိုင်းနိုင်ငံထုတ် ပင်လယ် အစားအစာထုတ်ကုန်တွေကို လူ့အခွင့် အရေးလေးစား လိုက်နာတဲ့ တိုင်းပြည်တွေက မဝယ်ကြတော့ပါဘူး။ အစိုးရက လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ အညွှန်းကိန်းတွေကိုကြည့်ပြီး ထုတ်ကုန်ဝယ်ယူမှုတွေကို ရပ်ဆိုင်းပစ်တာ၊ လျှော့ချပစ်တာတွေ လုပ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်အစိုးရက ထိုင်းနဲ့ကုန်သွယ်မှုဆိုင်ရာမှာ ၁.၃ ဘီလီယံဒေါ်လာ ရပ်ဆိုင်းလိုက်တာတွေ့ရပါတယ်။
ခေါင်းပုံဖြတ် လုပ်ငန်းရှင်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လုပ်ငန်းရှင်တွေကို သူတို့တန်ဖိုးထားတဲ့ ငွေကြေးကြွယ်ဝမှုနဲ့ပဲ ပြန်ဆုံးမတဲ့ နည်းလမ်းပါ။ ဒီတော့ လုပ်ချင်ချင်၊ မလုပ်ချင်ချင် ကိုယ့်စီးပွားရေးကို အရေးစိုက်ကြတဲ့ လုပ်ငန်းရှင်တွေ၊ အစိုးရတွေက လူ့အခွင့်အရေးကို လေးစားအသိအမှတ်ပြုလာကြရပါတယ်။ ဒါမှလည်း သူတို့ထုတ်ကုန်တွေ လူ့အခွင့် အရေးသိတတ်တဲ့၊ လေးစားကြတဲ့ သူတွေက ဝယ်မှာကိုး။ ဒီလို ဆက်နွယ်မှုလေး ရှိနေပါတယ်။ လူသား ချင်းစာနာမှုတွေ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေက လူသားတိုင်းနဲ့ ပတ်သက်ပါတယ်။ ခံစားတတ်တဲ့ လူသားတွေကို ကိုယ်နဲ့ထပ်တူ ခံစားနားလည်ပေးတာပါပဲ။
ဒါပေမဲ့ လူ့စိတ်၊ လူ့အသိ၊ လူကျင့်ဝတ်မဖွံ့ဖြိုးသေးတဲ့ နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကြီးကြီးမားမား ရှိနေဆဲဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့မြင်ကြရပါတယ်။ လောဘကြီးတဲ့ အာဏာရှင်တွေ၊ ငါတစ်ဖို့တည်းတွေးတတ်တဲ့သူတွေ၊ ငါနှင့်မတူ ငါ့ရန်သူရယ်လို့ ဖိနှိပ်တတ်တဲ့ လူ့အသိုင်းအဝန်းမှာ လူတွေက ကာယဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ဖိနှိပ်ခံနေကြရ၊ သတ်ဖြတ်ခံနေကြရပါတယ်။ ကိုယ့်အလှည့်ကျရင် ကိုယ်လည်း ခံနိုင်မှာ မဟုတ်တဲ့ မတရားမှုတွေ၊ အနိုင်အထက်ပြုမှုတွေကို အာဏာရူးပြီး ပျော်ပျော်ကြီး လုပ်နေနိုင်ကြပါတယ်။
ညမှာဖမ်းပြီး မနက်ကျ အလောင်းလာထုတ်ခိုင်းတာမျိုးက အလွန်ရက်စက်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အကောင်းအတိုင်းအနေအထားကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီး အာဏာပိုင်လက်ထဲမှာ သတ်ဖြတ်ခံရသူ (၃) ဦးအထိရှိလာပြီဖြစ်ပါတယ်။ သူတို့ကတေ့ ပန်းပဲတန်း(ရပ်ကျေး)-NLD (ဥက္ကဌ) ကိုခင်မောင်လတ်၊ မူဆယ်မြို့က ဦးသိန်းလွင် နှင့် စုအသက်မွေဝမ်းကျောင်းသိပ္ပံ-ရွှေပြည် သာ၊တာဝန်ခံ ကိုဇော်မြတ်လင်း တို့ဖြစ်ပါတယ်။ ရက်စက်တဲ့နည်းလမ်းတွေနဲ့ စစ်မေး သတ်ဖြတ်ကြတာ သေချာ ပါတယ်။
လမ်းပေါ်မှာထွက်ကြတဲ့သူတွေကို ပစ်သတ်တာကလည်း ယနေ့အထိ ရာချီမက ရှိပြီလို့ သိရပါတယ်။ ဖမ်းဆီး ချုပ်နှောင်ခံရသူ ထောင်ချီရှိပြီး၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရကြသူတွေကတော့ အာဏာ ရှင်နဲ့ အပေါင်းပါ တွေကလွဲရင် မြန်မာတစ်တိုင်းပြည်လုံးနဲ့ မြန်မာနိုင်ငံကိုချစ်တဲ့သူတွေ အားလုံးပါပဲ။ နှုတ်ဖျားကတော့ ဥပဒေနဲ့ကို မချပါဘူး။ လုပ်နေတာအားလုံးက မတရား ခြိမ်းခြောက်မှု အကြမ်းဖက်မှုတွေချည်းပါပဲ။ ပြည်သူရွေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းပြလိုက်ပြီး၊ ပြည်သူ အော့နှလုံးနာနေတဲ့ စစ်အုပ်ချုပ်ရေးကို အသက်သွင်းလိုက်တာ၊ ရွေးကောက်ပွဲမှာ မဲရှုံးတဲ့သူတွေကို ဝန်ကြီးနေရာတွေပေးလိုက်တာ ကတော့ ဒီမိုကရေစီတိုင်းပြည်မှာ အာဏာအရင်းအမြစ်ဖြစ်တဲ့ ပြည်သူကို လုံးဝမထီမဲ့မြင်ပြုလိုက်တာပါပဲ။ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကို အခုလိုနှိမ်နင်းတာက လူထုဆန္ဒကို မျက်စိ စုံမှိတ်ငြင်းပယ်ရုံသာမက၊ လူ့အခွင့် အရေးကို အဆုံးတိုင် ချိုးဖောက်မှုတွေပဲဖြစ်ပါတယ်။
အာဏာရှင်နဲ့ အပေါင်းပါတွေ အားလုံးက လူ့အခွင့်အရေးချိုးဖောက်မှုများပဲ ဖြစ်ပါတယ်။ ကိုယ့်အလှည့် ကျရင်လည်း ခံစားလို့ ရမှာမဟုတ်တဲ့ ပြစ်မှုတွေကို ကျူးလွန်နေကြတာပါပဲ။ ဒီကျူးလွန်မှုတွေကို အာဏာရှင် တွေက ဘာလို့လုပ်ခိုင်းပါသလဲ။ လူတွေကို အကြောက်တရားနဲ့ ငြိမ်အောင်ထိန်းပြီး၊ နိုင်ငံတော်ရဲ့အာဏာကို ကိုင်ထားဖို့ပါပဲ။ အာဏာကို သူတို့က ရောင်းကုန်တစ်ခုလို ရောင်းဝယ်ဖောက်ကား ကြပြီး စီးပွားရှာကြမှာပါ။ ဒီအာဏာကို အခြေပြုပြီး စီးပွားဖြစ်ထွန်းခဲ့ကြတဲ့ ရှေးက အာဏာသိမ်းမျိုးဆက် တွေကလည်း အထင်အရှားပဲ ရှိနေပါသေးတယ်။ ဦးနေဝင်းရဲ့မျိုးဆက်တွေ၊ ဦးသန်းရွှေရဲ့မျိုးဆက်တွေ၊ အခုတော့ ဦးမင်းအောင်လှိုင်ရဲ့ မျိုးဆက်တွေပေါ့။ ပြီးတော့ ဒီအာဏာသိမ်းမှုကို မှီခိုပြီး ကြီးပွားလာကြမယ့် သူတွေလည်း အများကြီးရှိမှာပါပဲ။
သူတို့က လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ အကျိုးအမြတ်ရကြသူတွေ၊ ခံစားစံစားခွင့်ရကြတဲ့သူတွေ ဖြစ်လာပါတယ်။ သူတို့သာ မခံစားတတ်တာ၊ သူတို့သာ မရှက်တတ်ကြပေမယ့်၊ ဒါကအလွန် ရွံရှာစရာ အလုပ်ဖြစ်နေတာပါပဲ။ မတရားသဖြင့် အသက်တွေဆုံးရှုံးတာ၊ ဘဝတွေပျက်ရတာ၊ ဥစ္စာပစ္စည်းတွေ ဆုံးပါး သွားတာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရသွားကြသူတွေကို စတေးပြီး၊ ကိုယ်က စံစား၊ ခံစား၊ ကျိကျိတက် ချမ်းသာသွားတာက လူ့အခွင့်အရေး၊ လူ့ကျင့်ဝတ်အရ ဘယ်လိုမှ လက်သင့်ခံလို့မရပါဘူး။
မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်တို့ကို U.S. Department Of The Treasury – Office of Foreign Assets Control (OFAC) ရဲ့ Specially Designated Nationals And Blocked Persons List (SDN) ထဲမှာ မတ်လ ၁၀ ရက်နေ့စွဲနဲ့ ဖော်ပြခံလိုက်ရပါပြီ။ လူပေါင်း ၁၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် ISIS-Mozambique ခေါင်းဆောင် Abu Yasir Hassan နဲ့အတူ တစ်တန်းတည်းထားပြီး ဒီList မှာ ဖော်ပြခံလိုက်ရတာ ဖြစ်ပါတယ်။
လူသတ်မှုတွေ၊ ဖိနှိပ်မှုတွေက ငါနဲ့မဆိုင်ဘူး၊ ငါ့လက်နဲ့ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုကောင်း ငြင်းဆိုကြပါလိမ့်မယ်။ ဒါပေမယ့် ဒီဖိနှိပ်မှု တွေကြောင့် ကိုယ်က တစ်စုံတစ်ရာ အကျိုးခံစားခွင့်ရနေတယ်ဆိုရင် … လူသားပီသစွာ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်သူတွေထဲ ကိုယ်က ပါနေသလားလို့ ဆန်းစစ်ဖို့ လိုပါတယ်။
မိမိရဲ့ လူ့ဘဝနေထိုင်မှုပုံစံက လူ့အခွင့်အရေးချိုးဖောက်မှု၊ လူ့အသက်သတ်ဖြတ်မှုတွေကို ပူးပေါင်း အားပေး နေသလား၊ ဆန့်ကျင် ဟန့်တားနေပါသလား ကိုယ်တိုင်ပဲ ဆန်းစစ်ကြဖို့ အချိန်တန်ပါပြီ။ ငါနဲ့ မဆိုင်ဘူး၊ ငါနဲ့ အဝေးကြီးလို့ ထင်ပေမယ့် ကိုယ့်ရဲ့လုပ်ရပ်တစ်ခုချင်းစီတိုင်းက လူသတ်အုပ်စုနဲ့ ပေါင်းမိနေသလား၊ လူသတ် အုပ်စုကို ဆန့်ကျင်နေသလား မေးစမ်းသင့်ပါတယ်။ လူ့အခွင့်အရေးကို လေးစားကြတဲ့သူတွေ၊ ကိုယ်ကျင့်တရား မြင့်မားသူတွေကတော့ ကိုယ်သုံးတဲ့ ထုတ်ကုန်တစ်ခုချင်းရဲ့ ဇာစ်မြစ်ကိုလိုက်ရှာပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန်းစစ်တတ်ကြပါတယ်။
ဘဝမှာ ဆန်းစစ်မှုသာမရှိရင် အသက်ရှင်ရ ကျိုးမနပ်ဘူးလို့ တွေးခေါ်ရှင် ဆိုကရေတီးက ဆိုခဲ့ဖူးပါတယ်။ ကိုယ့်လက်နဲ့ လူမသတ်ပေမယ့်၊ လူသတ်တဲ့ လက်တွေကြောင့်၊ သွေးစွန်းတဲ့ လက်တွေကြောင့် ဖြစ်လာတဲ့ ကြွယ်ဝမှုတွေ၊ ထုတ်ကုန်တွေကို အထင်ကြီး အားပေးတာကတော့ လူသတ်အုပ်စုကို အားပေးတာပါပဲ။ ဒါကို ခံစား၊ စံစားနေတဲ့ အသိုင်းအဝန်းဟာ အုပ်စု ဖွဲ့ပြစ်မှုကျူးလွန်သူ တွေပဲဖြစ်ပါတယ်။
အနောက်ကမ္ဘာက လူကုန်ထံတစ်ဦးချင်းရဲ့ မိုးမျှော်ကုန်တိုက်ထဲမှာ လှတပတ ခင်းကျင်းထားတဲ့ သိုးမွှေးထည်တွေကို မဝယ်ဖို့ ဆုံးဖြတ်ချက်ဟာ … (အသိတရားနဲ့ အကျင့်ဟာ) ကမ္ဘာတစ်ဖက်ခြမ်းက သဘာဝပတ်ဝန်းကျင် လွင်တီးခေါင်ပြင်ဖြစ်ပွားနေမှုကို ဟန့်တားနိုင်ခဲ့ပါတယ်။ ထိုင်းကလာတဲ့ ရေထွက်ပစ္စည်းတွေကို မဝယ်တဲ့ အစိုးရက ထိုင်းပင်လယ်ပင်က ငါးဖမ်းလုပ်သားတွေကို တစ်နည်းတစ်ဖုံ အကာအကွယ်ပေးတာပါပဲ။
အလားတူပဲ မြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝမှာ တစ်ဦးချင်းအနေနဲ့ ထုတ်ကုန်တွေကို စီစစ်ရွေးချယ် ဝယ်ယူခြင်း၊ အပေါင်း အသင်းတွေကို ရွေးချယ်ခြင်းကတော့ လူမဆန်တဲ့ သတ်ဖြတ်မှု၊ ဖိနှိပ်မှုတွေကို ဆက်လက်ဖြစ်ပေါ်နေစေဖို့ (သို့) လျော့နည်းပပျောက်သွားဖို့ အဆုံးအဖြတ် ပေးပါလိမ့်မယ်။ နိုင်ငံရေးက သစ်သီးတစ်လုံးစားတိုင်း၊ ကြက်ကြော်တစ်ထုပ်၊ ဒိုးနပ်တစ်လုံး၊ ကားဆီဖြည့်တာ၊ ဆိုရှယ်မီဒီယာမှာ like and follow လုပ်တာတွေ အားလုံး အကျုံးဝင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့အုပ်စုတွေ၊ သွေးစွန်းနေတဲ့ အုပ်စုတွေကို အားမပေးခြင်းဖြင့် နိုင်ငံရေး အရွေ့ကို တွန်းနိုင်ပါတယ်။ လူသားတစ်ယောက်ရ သင့်တဲ့ အခွင့်အရေးကို ချိုးဖောက်ပြီးမှ ကိုယ့်လက်ထဲ ရောက်လာတဲ့ ကြွယ်ဝမှုမျိုး၊ အခွင့်အရေးမျိုးကို လူသားဆန်စိတ်တွေနဲ့ ဆန့်ကျင်ဖို့လိုပါတယ်။
မြန်မာ့မြေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမဆန်တဲ့ ညှည်းပမ်း နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေကို လူထုရဲ့ မြင့်မားသော နိုင်ငံရေးအသိနဲ့ အကျင့်အားဖြင့် အဆုံးသတ်နိုင်ကြပါစေ။ ပြည်သူသာလျှင် အဓိကပါ။