မြန်မာ့ နွေဦးတော်လှန်ရေး လားရာ … (OPINION)

(၁) နွေဦးမှာ လေရူးတကယ်တိုက်ခဲ့ပါတယ်။
အဲ့ဒီနေ့ကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ပါပဲ။ အာဏာသိမ်းစစ်ကောင်စီကို ပြည်သူလူထုအများပိုင်းက အာဏာဖီဆန် ဆန့်ကျင်နေတာကတော့ စစ်တပ်က အာဏာစသိမ်းတဲ့နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့အထိပါပဲ။
အာဏာရှင် စစ်တပ်၊ ရဲ၊ ဒလံများပူးပေါင်းပြီး နိုင်ငံရေးနိုးကြားသူတွေကိုဖမ်းဆီးနေတာ အခုဆိုရင် ဖမ်းဆီးခံရသူ ၁၇၀၀ ကျော်၊ ပစ္စည်းဥစ္စာဆုံးပါးသူတွေ၊ အသက် သေဆုံးသူ ရာဂဏန်းရှိလာပြီဖြစ်ပါတယ်။ သပိတ်တွေကို အင်အားသုံးဖြိုခွင်းရုံသာမက၊ ခေါင်းကိုတည့်ပစ်တာကြောင့် လမ်းမထက်မှာ အသက်တွေများစွာ ပေးဆပ်နေကြရပါတယ်။ အိမ်ကနေ အကောင်းအတိုင်းဖမ်းခေါ်သွားပြီး နောက်တစ်ရက်မှာ အလောင်းလာထုတ်ခိုင်းတဲ့ ကိစ္စကလည်း (၃) ယောက်ရှိနေပြီဖြစ်ပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ ဘဏ်များကလည်းပိတ်ထားရပြီး၊ ပြည်သူ့ဝန်ထမ်းများစွာကလည်း အကြမ်းမဖက် အာဏာဖီဆန်နေကြပါတယ်။ နာကူ၊ အနုပညာသည်၊ ဆရာဝန်၊ သူနာပြု၊ ဆရာ/မ၊ သာမာန်ပြည်သူ အားလုံးနဲ့ ရန်ဖြစ်နေသလို၊ အားလုံးကိုလည်း တရားစွဲနေပါတယ်။ရဲ၊ စစ်သား နှင့် အာဏာသိမ်းဒလံတို့ကလည်း နေ့ညမပြတ် သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် လူဖမ်းပွဲတွေ၊ သေနတ်ပစ်ဖောက်ခြိမ်းခြော်ကမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာတော့ မြို့ထဲမှာ ရဲတွေသေနတ်ပျောက်လို့ လိုက်ရှာမယ်ဆိုပြီ အိမ်တွေကိုဝင်စစ်ဖို့ လုပ်တာလည်း ရှိပါသေးတယ်။ နိုင်ငံတကာအသိုင်းအဝန်းကတော့ သံတမန်ရေးရာအရ ဖိအားပေးကြပါတယ်။ ဒါပေမယ့် တရုတ်ကတော့ မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင်းထဲက တက်ကြွသူများကလည်း မြန်မာနိုင်ငံကို ဖြတ်သန်းသွယ်ထားသော ဂက်စ်ပိုက်လိုင်းဟာ မြန်မာပြည်တွင်းမှာရှိတာမို့ မြန်မာပြည်သူလူထုအလိုအတိုင်းလုပ်တဲ့အချိန်လည်း ပြည်တွင်းအရေးပဲလို့ ပြောနိုင်ပါစေလို့ မှတ်ချက်ပေးကြပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကိုလည်းဖွဲ့စည်းပြီး လှုပ်ရှားနေပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးကတော့ ကမ္ဘာ့သတင်းစာမျက်နှာပေါ်မှာ တစ်လကျော်သည်အထိ ဆက်တက်နေဆဲ၊ သံတမန်အဆင့်မှသည် အောက်ခြေရပ်ကွက်အထိ လှုပ်ရွနေဆဲ ရှိပါတယ်။ ဒါကတော့ မြန်မာ့နွေဦးရှုခင်း၊ မြန်မာ့နွေဦးတော်လှန်ရေး မြင်ကွင်းကို ပုံဖော်ပြတာပဲဖြစ်ပါတယ်။

(၂) နွေဦးမှာ ပြည်သူတွေနိုးကြားပြတ်သားတယ်
ပြည်သူ့ဆန္ဒမဲကို မထီမဲ့မြင်ပြုလိုက်တာကို ပြည်သူတွေက နိုးကြားပြတ်သားစွာ ဆန့်ကျင်ပါတယ်။ စစ်အုပ်စုရဲ့ ရက်စက်တဲ့ ဖြိုခွင်းမှုတွေကြားမှာ ထူးခြားတာကတော့ ပြည်သူလူထုဟာ လက်နက်မဲ့လူထု၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေဆဲ၊ စည်းကမ်းကောင်းနေဆဲ၊ ပြည်သူအချင်းချင်း ဖေးမနေကြဆဲ ရှိပါတယ်။ တော်လှန်ရေး ထမင်းဟင်း၊ သောက်ရေ စတဲ့ အလှူရှင်တွေလည်းပေါ်လာသလို၊ လမ်းမှာ အမှိုက်တစ်စမကျန်၊ ဆိုင်တစ်ခုတစ်လေမှ ဖောက်ထွင်းလုယူတာ မရှိတာကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုက ဒီမိုကရေစီစနစ်နဲ့ အထိုက်တန်ဆုံးလို့လည်း မှတ်ချက်ပြုနိုင်ပါတယ်။

(၃) နွေဦးမှာ အာဏာရူးတွေ မြူးတယ်၊ ရူးလည်းရူးနေတယ်
အာဏာရူးတွေက သေနတ်ပါရင် အရာရာပြီးတယ်လို့ ယူဆထားသူတွေဖြစ်ပါတယ်။ သူတို့ကအမှန်တရားထက် သေနတ်ကို ရွေးထားပြီးဖြစ်ပါတယ်။ သေနတ်ဟာ အရာရာကိုဖန်တီးတယ်လို့ သင်ယူမိထားတဲ့ စစ်အုပ်စု၊ သေနတ်နဲ့ စီးပွားလုပ်စားတဲ့အုပ်စုပါပဲ။ အာဏာသိမ်း စစ်အုပ်စုဟာ လူထုထောက်ခံမှု မရှိ၊ တရားဥပဒေလမ်း ကြောင်းအရမှန်ကန်မှု မရှိတဲ့အုပ်စုဖြစ်ပါတယ်။ သူတို့ကို လူထုအများစုက ထောက်ခံမှု မရှိပါဘူး။ တရားဥပဒေလမ်းကြောင်းအရလည်း သူတု့ိ ခြေမခိုင်ပါဘူး။ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ကို မထိခိုက်သရွေ့ ပြည်သူကို လုံး၀ သနားမှုကင်းတဲ့ တစ်ကိုယ်ကောင်းဆန်သူတွေဖြစ်တယ်။ သူတို့က ဆန်ရှင်နဲ့လည်း ကျင့်သားရနေပြီလို့ ပြောပါတယ်။ ကျောမွဲပြည်သူတွေကို တစ်ချက်ကလေးမှ မငဲ့ကွက်ပါဘူး။ သူတို့က တိုင်းပြည်ရဲ့ အဆီအနှစ်ကို မြိုထားရတော့ ဆန်ရှင်တွေကို ဘယ်ကြောက်ပါ့မလဲ။ အာဏာသိမ်း စစ်အုပ်စုဟာ သူတပါးအသက်၊ စည်းစိမ်၊ ဥစ္စာကို ဥပဒေမဲ့ ဖျက်ဆီးတတ်သော အကြမ်းဖက်အုပ်စု ဖြစ်တယ်။ သူတို့ဖျက်ဆီးလိုက်တဲ့ အသက်တွေ၊ အန်ဂျီအို၊ ဖောင်ဒေးရှင်းနဲ့ အိမ်တွေ၊ ဘဏ်တွေ၊ သတင်းဌာနတွေဆီက လုယူသွားတဲ့ အရာတွေက မနည်းပါဘူး။ လူတွေကို ညဆိုဝင်ဖမ်း၊ နောက်နေ့ အလောင်းပြန်ပို့တဲ့အထိ ရက်စက်နေပါတယ်။ သူတို့ဟာ အကြမ်းဖက်အုပ်စုပဲဖြစ်ပါတယ်။ အာဏာသိမ်း စစ်အုပ်စုရဲ့ အဆိုးဆုံးအချက်ကတော့ အရှက်တရားမရှိတာပါပဲ။ လိမ်ညာမှုကလည်း သရဖူဆောင်းပါတယ်။ မြေပြင်ဖြစ်စဉ်ကို လုံးဝပြောင်းပြန် ကြေညာတတ်ပါတယ်။ တကယ်လို့သာ ရှက်ကြောရှိတဲ့ အစိုးရဆိုရင် လူထုက ဒီလောက်အထိ လူပင်လယ်ကြီးတွေနဲ့ ဆန့်ကျင်နေရင် အရှက်ကွဲပြီး သေသင့်ပါပြီ။

(၄) နွေဦးမှာ စစ်ရေးက အဖြေပဲထင်တယ်
ပြည်သူဟာ အပ်တိုတစ်ချောင်းမပါဘဲ ရက်စက်တဲ့ စစ်ဘီလူး လူသတ်ကောင်တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နေပါတယ်။ ဉာဏ်ပညာအရ၊ ဥပဒေအရ၊ စိတ်ဓာတ်အရ၊ ပူးပေါင်းစည်းလုံးတဲ့နေရာ စတဲ့နယ်ပယ် အားလုံးအသာစီးမှာ ရှိနေပေမယ့်၊ သူတို့ရဲ့ သေနတ်ကတော့ အသက်အိုးအိမ်ကို ခြိမ်းခြောက်နေဆဲ ရှိပါတယ်။ ပြည်သူဟာ ဒီထက်လည်း နိုင်စရာမရှိတော့ဘူး။ ဒီထက်လည်း ညီစရာမဖြစ်နိုင်တော့ဘူး။ ပြည်သူ့ဆန္ဒကိုလည်း ဒီထက်ပြသလို့မရတော့ဘူး။ လိုအပ်တာကတော့ လက်နက်ကိုင်ကို လက်နက်နဲ့ပဲ အဆုံးသတ်ပေးဖို့လိုပါတယ်။ စစ်ရေးနည်းနဲ့ပဲ အဆုံးသတ်ပေးရမှာဖြစ်ပါတယ်။ CRPH ဦးဆောင်တဲ့ အဖွဲ့အစည်းဟာ အခြားသော နယ်ပယ်များမှာ လူထုအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များ ရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် သူ့လက်အောက်မှာ လက်နက်ကိုင်မရှိပါဘူး။ ပြည်သူလူထုက အခြားသော နယ်ပယ်အားလုံးက နိုင်နေပါပြီ။ စစ်ရေးနယ်ပယ် တစ်ခုပဲ လိုနေတာပါ။ ဒါကြောင့် ဒီအချက်ကို အမြန်ဆုံးဖြည့်ဆည်းရင်း အကြမ်းဖက်အုပ်စုကို ရှင်းပစ်ရမည့် အချိန်ရောက်နေပြီဖြစ်ပါတယ်။

(၅) နွေဦးဟာ မျှော်လင့်ချက်ရှိတဲ့ အချိန်လည်းဖြစ်ပါတယ်။
ယူအင်န်က မိုးမပါတဲ့ မိုးတိမ်ဆိုရင် တစ်လွဲယုံကြည်မှုတွေ ဆက်မထားသင့်တော့ပါဘူး။ စမ်းချောင်းတွေကို လိုက်ရှာပြီး ရေရအောင်လုပ်ကြရပါမယ်။ စစ်စရိတ်ကို ပြည်သူက ကျခံဖို့ အသင့်ရှိနေကြပါတယ်။ အစိုးရက သေနတ်တွေသာဝယ်ပေးရင် ပြည်သူဟာ မြေပြင်မှာ ကြီးစိုးဖို့ အသင့် တာစူနေပါပြီ။ ဝေဟင်အတွက်တော့ အမေရိကန်လို နည်းပညာမြင့်တဲ့သူတွေကို ငှားရပါမယ်။ ဒီအတွက်က သူတို့အားကျလောက်တဲ့ အပေးအယူလိုပါတယ်။ ကိုကိုကျွန်းလိုနေရာမျိုးကို နှစ် ၁၀၀ စာချုပ်နဲ့ ငှားရမ်းပြီး အမေရိကန်ရဲ့ အခြေစိုက်စစ်စခန်း တည် ဆောက်ခွင့် ပေးလိုက်မယ်ဆိုရင် အကြမ်းဖက်စစ်အုပ်ကိုကို ချေမှုန်းဖို့ကိစ္စမှာ အမေရိကန် အားတက်သရော ပါလာပါမယ်လို့ မျှော်လင့်နိုင်ပါတယ်။ အမေရိကန်ရဲ့ စစ်စခန်းကို အဲ့ဒီမှာထိုင်ထားခြင်းအားဖြင့် တရုတ်ကိုလည်း ခြိမ်းခြောက်နိုင်သလို၊ မြန်မာ့မြေပေါ်မှာ လက်နက်နဲ့ အာဏာလုတဲ့ ဇာတ်လမ်းလည်း အဆုံးသတ်သွားမှာ သေချာပါတယ်။ အမေရိကန်နဲ့ ပူးပေါင်းပြီး တိုးတက်သွားတဲ့ တိုင်းပြည်တွေက တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်းတွေကို ကြည့်လိုက်ပါတယ်။ အကွက်သာရွေ့တတ်မယ်ဆိုရင် မြန်မာ့နွေဦးဟာ၊ လေရူးတွေတိုက်တဲ့နွေဦး၊ အာဏာရှင်တွေမြူးကြွားတဲ့ နွေဦးကနေ၊ လက်နက်နဲ့ အနိုင်ကျင့်တတ်တဲ့ အာဏာရှင်တွေရဲ့နိဂုံး၊ ပြည်သူတွေ မျှော်လင့်ချက်ပြည့်ဝတဲ့ နွေဦးလည်း ဖြစ်လာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *