Z မျိုးဆက်တို့ တွန်းဖွင့်နေသော ပြူတင်းပေါက်များ … (OPINION)

The windows that Z-Generation is pushing open …


အိမ်နံရံမှာ တပ်ဆင်ထားကြတဲ့ ပြူတင်းပေါက်ဆိုတာ လေဝင်ပေါက်၊ မြင်ကွင်းပေါက်ရယ်လို့ လူတွေသိထားကြတာ ကြာပါပြီ။ ကွန်ပျူတာတွေထွင်လာကြတဲ့အခါ၊ မိုက်ကရိုဆော့ ကွန်ပျူတာပရိုဂရမ်တွေရေးထွင်တုန်းက မြင်းကွင်းအသစ်ကိုပြဖို့၊ ရွေးချယ်လုပ်ဆောင်စရာနယ်ပယ်အသစ်ကိုတွေ့ဖို့ ပြူတင်းပေါက်ကလေးတွေနဲ့တူတဲ့ လေးထောင့်အကွက် တွေကိုဖန်တီးခဲ့ကြတယ်။ ပြူတင်းပေါက်တွေကို ကလစ်နှိပ် တွန်းဖွင့်လိုက်ရင် ထပ်ပြီးတော့ မြင်ကွင်းအသစ်တွေ မြင်ကြရပါတယ်။ လုပ်ဆောင်မှုအသစ် တွေကိုလုပ်ခွင့်ရကြပါတယ်။ ကနေ့ဒီလိုပုံစံပါပဲ အရင်ကပိတ်ထားတဲ့ ပြူတင်းပေါက်များစွာကို Z မျိုးဆက်တွေက တွန်းဖွင့်နေပါပြီ။ လေပဲဝင်ဝင်၊ မြင်ကွင်းပဲကျယ်ကျယ်၊ နယ်ပယ်အသစ်တွေ၊ လုပ်ဆောင်မှုအသစ်တွေဆီကို သွားနေပြီဆိုတာ သိသာလှပါတယ်။




နိုင်ငံရေးနယ်ပယ်
နိုင်ငံရေးလို့ပြောရင် အထဲမှာဆိုရင် ဆံပင်ဖြူဖြူ၊ အသက် ၅၀ ကျော်အရွယ်တွေပဲ သီအိုရီတွေ၊ အတွေ့အကြုံတွေနဲ့ ပြောကြဆိုကြတဲ့အရာလို့ သိထားကြတဲ့အနေ အထားတစ်ခုမှာ၊ တော်လှန် ရေးနယ်တွေမှာဆိုရင် လက်နက်ကိုင်ထားတဲ့သူတွေပဲ ပြောဆိုရတဲ့စကားလို့မှတ်ထားကြရတဲ့ ပတ်ဝန်းကျင်မှာ … ထင်မှတ်မထားပါပဲ Z မျိုးဆက်တွေက နိုင်ငံရေးနယ်ပယ် ပြူတင်းပေါက်တွေကို တွန်းဖွင့်လိုက်ပါတယ်။ သူတို့တွန်းဖွင့်လိုက်တော့ နယ်ပယ်အသစ်၊ လုပ်ဆောင်မှုအသစ်၊ မြင်ကွင်းအသစ်တွေ မြင်လိုက်ကြရပါတယ်။ ဒီလူငယ်တွေက နိုင်ငံရေး လှုပ်ရှားမှုထဲ ပါဝင်လာလိမ့်မယ်လို့ ထင်မှတ်မထားပါပဲ … ပုံစံအသွင်မျိုးစုံနဲ့ ဝင်လာခဲ့ပါတယ်။ ထူးခြားတာကတော့ ကိုမင်းကိုနိုင်ပြောသလိုပါပဲ ရထားတွဲတိုင်းမှာ ခေါင်းပါနေတာပါပဲ။ လူတိုင်းက ခေါင်းဆောင်ဖြစ်နေတာပါပဲ။



စီဒီအမ်လှုပ်ရှားမှု၊ ကားပျက်တာတို့၊ ကားအနှေးမောင်းတာတို့၊ ဥပဒေအရ မီးပွိုင့်ဖြတ်တာတို့၊ ဥပဒေအရ ဖိနပ်ကြိုးချည်ကြတာတို့၊ သံရုံးရှေ့တွေမှာဆန္ဒပြတာတို့၊ စိတ်ဝင်စားစရာ ဖျော်ဖြေပွဲမျိုးပုံစံတွေ၊ ဝတ်စုံတွေမျိုးစုံနဲ့ ဆန္ဒပြတာ၊ လမ်းလျှောက်ရင်း သတိလစ်လဲပြ၊ တက်ပြတာ …တို့အားလုံးက Z မျိုးဆက်ရဲ့ အမြင်နဲ့ အစွမ်းသတ္တိပြကွက်တွေပါပဲ။ ဒီလိုလည်း လုပ်လို့ရပါ့လားပေါ့။ ဂိမ်းတွေကစားထားတဲ့ ဦးနှောက်တွေက နိုင်ငံရေးကစားကွက်တွေကို ထိုင်ရာမထ ကစားပြတယ်၊ လျှပ်ကနဲ အကွက်ရွေ့ပြတယ်ဆိုတော့ ပွဲမထပ်သလို၊ သက်ဆိုင်သူတွေ ပျာယာ ခတ်ကုန်ပါတယ်။ ဒီလို လူငယ်တွေတွန်းဖွင့်နေတဲ့ ပြူတင်းပေါက်တွေမှာ ရှေးရိးစွဲ လူကြီးတွေကလည်း သူတို့ရဲ့အိုင်ဒီရောလော်ဂျီတွေကို ထည့်သွင်းကိုင်တွယ်ဖို့ ကြိုးစားလာကြတာကို မြင်မိပါတယ်။ ဒါပေမယ့်တွဲစပ်ကြည့်ရင် တစ်ဖြည်းဖြည်းနဲ့ လူမျိုးစွဲတွေ၊ အာဃာတတွေဘက်ကို ဆွဲခေါ်နေတာကို သိလာတော့ Z မျိုးဆက် တွေနဲ့ သိပ်ပြီး မဟပ်စပ်လာတာ တွေ့ရပါတယ်။ Z မျိုးဆက်တွေက အထူ းသဖြင့် နိုင်ငံရေး၊ ဘာသာရေး၊ နည်းပညာနယ်ပယ်တွေမှာ ပုံစံအသစ်နဲ့သွားနေတာကို လူကြီးတွေက သူတို့ပုံစံဟောင်းထဲ ပြန်ဆွဲခေါ်တာက လက်ရှိပြဿနာဖြစ်လာပါတယ်။
နိုင်ငံရေးမှာ လူကြီးတွေငြိမ်နေတဲ့အချိန် လူငယ်တွေက ဦးဆောင်ပြီး အာဏာသိမ်းမှုကို ဆန္ဒပြနိုင်ခဲ့တယ်။ မတရားတာကို အာရှသိ၊ ကမ္ဘာသိဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ မတရားတာကို မတရားဘူးလို့ ပြောဆိုနိုင်ခဲ့တယ်။ သူတို့ကိုယ်သူတို့ လူမျိုးနွယ်စုအမြင်ဘောင်ကနေကျော်လွန်ပြီး လူသားအနေဖြင့်ပဲမြင်ချင်နေကြပြီ။ လူလူချင်းတန်ဖိုးထားတာကို လေးစားခံယူတတ်နေပြီဖြစ်ပါတယ်။ လွတ်လပ်သောဘဝကို သူတို့လိုချင်နေကြပြီဖြစ်ပါတယ်။ လူကြီးတွေရဲ့ နိုင်ငံရေးခံယူချက် ပုံစံခွက်ထဲ သူတို့ပြန်သွားမှာ မဟုတ်တာ သေချာပါတယ်။



ဘာသာရေးနယ်ပယ်
ဘာသာရေးမှာလည်း အထူးသဖြင့် မတရားတာကို ငြိမ်ခံနေတဲ့ သင်းအုပ်ဆရာတွေ၊ ဘုန်းကြီးတွေရဲ့ ရပ်တည်ချက်တွေကို မေးခွန်းထုတ်လာကြပြီဖြစ်ပါတယ်။ သာမာန်လူငယ်လေးတွေတောင် သိတဲ့ ရိုင်းစိုင်းမှု၊ မရိုးသားမှုတွေကို ဘာသာတရား အဆုံးအမပေးရမယ့် သူတွေဆီက ကြားရ၊ မြင်ရလာတဲ့အခါ လူငယ်တွေရဲ့ရင်ထဲမှာ လူမှုအစဉ်အလာ အလွန်အကျွံရိုသေမှုတွေ၊ မမှားနိုင်တဲ့ ဘုရားသားတော် ဆိုတဲ့ကိစ္စတွေကို သဘောမကျကြောင်း ပြလာနေပြီဖြစ်ပါတယ်။ သိက္ခာတော်ရတပ်ထားတိုင်း သိက္ခာရှိတာမဟုတ်ဘူး၊ သင်္ကန်းရုံထားတိုင်း ဘုရားဖြစ်မလာဘူးလို့ မြင်လာကြပါပြီ။ဒါက သူတို့ရဲ့ ဘာသာရေးနယ်ပယ် ပြူတင်းတွေကို တွန်းဖွင့်နေတာ ဖြစ်ပါတယ်။

လူမျိုးအခြေခံလှုပ်ရှားမှုတွေက နောက်ဆုံးမှာ တရားမျှတမှု၊ လွတ်လပ်မှုအားလုံးကို လူမျိုး ခေါင်းစဥ် အောက်မှာပဲ ထည့်သွင်းလိုက်ကြပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်မိသားစုကို မထိသရွေ့ တရားမမျှတမှုကိစ္စတွေကို မျက်စိမှိတ်ထား နိုင်ကြတဲ့အထိ ရက်စက်လာကြပါတယ်။ Generation-Z တွေကတော့ ဘယ်လူမျိုးရယ်လို့ သူတို့မဆိုကြပါဘူး။ ဘယ်ဘာသာရယ်လု့ိမမေးကြပါဘူး။ ဘယ်ဒေသရယ်လို့ မခွဲကြပါဘူး။ တရားမမျှတမှု က တစ်နေရာမှာဖြစ်တယ်၊ ရှိတယ်ဆိုရင် အခြားသောနေရာတွေအတွက်လည်း ခြိမ်းခြောက်မှုဖြစ်တယ်လို့ ခံယူကြတာမို့၊ ဒီလိုတန်ဖိုးထားမှု တူညီတဲ့သူတွေနဲ့ တစ်ကမ္ဘာလုံး ကွန်ယက်ဖွဲ့ လှုပ်ရှားကြပါတယ်။

နည်းပညာနယ်ပယ်
ဒီနယ်ပယ်ကိုလည်း Z မျိုးဆက်တွေက တွန်းဖွင့်နေတာ ကြာပါပြီ။ report ထုတာကစလို့ လူကြီးတွေ နားမလည်တဲ့ နည်းပညာရပ်တွေအထိ လူငယ်တွေက တွန်းဖွင့်ပြီး ရောက်နေကြပါပြီ။ လူငယ်လေးတွေ ၁၄-၁၅ အရွယ်တွေတောင် စီးပွားရေးပိတ်ဆို့မှုဆန်ရှင် ( ရှေ့ကမျိုးဆက်တွေလုပ်ထားတဲ့အကျိုး) အကန့်အသတ်များစွာကို ကျော်လွန်ပြီး ဂိုးဂယ်ကပေးတဲ့ ငွေတွေကို လှမ်းယူနေကြပေပြီ။ နည်းပညာအသစ်တွေနဲ့ ကမ္ဘာကြီးက မျိုးဆက်သစ်တွေနဲ့ ချိတ်ဆက်နေကြပြီဖြစ်ပါတယ်။ Z မျိုးဆက် နည်းပညာတတ်တွေ၊ ဟက်ကာတွေက အာရှအဆင့်၊ နိုင့်ငံတကာအဆင့်အထိ ထိုးဖောက်ပြီး လမ်းသစ်တွေ၊ ပြူတင်းပေါက် အသစ်တွေကို တွန်းဖွင့်နေကြပြီဖြစ်ပါတယ်။




Z မျိုးဆက်တွေက ပြူတင်းပေါက်တွေကို ရှာဖွေတွန်းဖွင့်နေဦးမှာပါ။ ပြူတင်းပေါက်အသစ်တွေကို တွန်းဖွင့်တိုင်း မြင်ရတဲ့ မြင်ကွင်းအသစ်တွေကို ရေဆာသလို ဆာလောင်နေဦးမှာပါ။ လူငယ်တွေက လူကြီးတွေထားရစ်ခဲ့ရမယ့် အနာဂတ်ကို ပိုင်ဆိုင်သွားကြမှာပါ။ အခု ပိုပြီးသေချာတာကတော့ လူငယ်တွေ တွန်းဖွင့်နေတဲ့ ပြူတင်းပေါက်တွေကနေ မြင်ကြည့်ဖို့၊ အဲ့ဒီနယ်ပယ်မှာ အလုပ်လုပ်ဖို့ ပျက်ကွက်တဲ့ ဘယ်သူမဆို … လူငယ်တွေနဲ့ လမ်းခွဲနေရစ်ခဲ့ကြရမှာပါပဲ။ လူငယ်တွေ မပါတဲ့ အိမ်ဟာ မျှော်လင့်ချက် မရှိသလို … လူငယ်မပါတဲ့ ပါတီတွေ၊ အသင်းတော်တွေ၊ တိုင်းပြည် တွေက တော့ တစ်ဖြည်းဖြည်း ခြောက်သွေ့ရေးသို့သာ ဦးတည်နေပါကြောင်း၊ ဘာအပြောင်းအလဲကိုမှ လုပ်နိုင်မှာ မဟုတ်ပါကြောင်း … သတိပေးရင်း၊ “Z မျိုးဆက်က တွန်းဖွင့်နေသော ပြူတင်းပေါက်များ” ခေါင်းစဉ်နဲ့ အတွေးအမြင် ဝေမျှလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *