Tah Tsi Theology: Developing A Lisu Theology for times of trouble and building peace

သားဇီသီသြလော်ဂျီ – ခက်ခဲသောကာလကိုရင်ဆိုင်ခြင်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း အတွက် လီဆူတို့၏ သားဇီ သီသြ လော်ဂျီကိုဖော်ထုတ်ခြင်း
Tah Tsi Theology: Developing A Lisu Theology for times of trouble and building peace



စာတမ်းအနှစ်ချုပ်
ဤစာတမ်းသည် သားဇီ လီဆူရိုးရာ ဘဝဓလေ့အတွေးအမြင်မှ သည် ခရစ်ယာန်ယုံကြည်မှုဆိုင်ရာ ဘုရားဗေဒ သားဇီ သီသြလော်ဂျီတစ်ခု ဖန်တီး ရန် အားထုတ်ချက် တစ်ခု ဖြစ်ပါသည်။ လီဆူတို့ကို လွှမ်းမိုး ပြီးသား ဘဝ ဓလေ့ အတွေး အမြင်တစ်ခုကို စွန့်လွှတ် စရာ မလို ပါဘဲ၊ ခရစ် ယာန် ယုံကြည် သက်ဝင်မှုနှင့် တွဲဆက် ပေးရန် ကြိုးစား ခြင်းဖြစ် သည်။ လီဆူတို့၏ ဘဝဓလေ့အမြင်ကို အခြေခံ သော ကြောင့်၊ လီဆူတို့၏ နားတွင် သားဇီ သီသြ လော်ဂျီကို လွယ်လင့် တကူ နားလည် စေမည်ဖြစ် ပါသည်။ လူမှုနိုင်ငံရေး ဆိုင်ရာ နယ်ပယ် တွင် လက်တွေ့ လည်း ကျင့်သုံး နိုင်စေမည် ဖြစ်ပါသည်။
စာတမ်းကို အောက်ပါခေါင်းစဉ်ငယ်များဖြင့် ဖွဲစည်းတင်ဆက်ထားပါသည်။ စာတမ်းအနှစ်ချုပ်၊ လီဆူလူမျိုးမိတ်ဆက်၊ လီဆူ ဘဝဓလေ့ သားဇီအတွေးအမြင်၊ သမ္မာ ကျမ်းထဲမှာ သားဇီတရားသဘောကို ဖွေရှာခြင်း၊ သားဇီ သီသြလော်ဂျီ ဖော်ထုတ်ခြင်း၊ သားဇီ လီဆူ သီသြလော်ဂျီကို ယနေ့ မြန်မာ့အခင်းအကျင်းမှာ အသုံးချခြင်း တို့ဖြစ်ကြပါသည်။

လီဆူလူမျိုး မိတ်ဆက်
လီဆူတို့သည် တိဗက် – မြန်မာမျိုးနွယ်ဝင်ဖြစ် လူမျိုး တစ်မျိုး ဖြစ် သည်။ အဓိကအားဖြင့် တရုတ်၊ မြန်မာ၊ အန္ဒိယ နှင့် ထိုင်း နိုင်ငံတို့တွင် နေထိုင်လျှက်ရှိပြီး၊ လူဦးရေ ၁.၅ သန်းခန့် ရှိမည်ဟု ခန့်မှန်း ကြသည်။ မြန်မာ နိုင်ငံအတွင်းတွင် တိုင်းရင်းသားမျိုးနွယ် ၈ စုကို အခြေခံသော မြန်မာ့ နိုင်ငံရေးအခင်းအကျင်းအရ လီဆူတို့ သည် ကချင်လူမျိုးများ ထဲတွင် ပါဝင်သည်။

လီဆူလူမျိုးနှင့်ပတ်သက်၍ သမိုင်းမှတ်တမ်း အခိုင်အမာ တွေ့ရ သမျှ တို့တွင် အစောဆုံးနှစ်သည် အေဒီ (၆၈၅) ခုနှစ် ဖြစ်သည်။ တရုတ် သမိုင်း မှတ်တမ်းထဲတွင် ယူနန်နှင့်စီချွမ် ဒေသနေ လူမျိုး များ စာရင်း ထဲတွင် လီဆူ လူမျိုးအမည်ကို လည်း ထည့်သွင်း မှတ်သား တင် ထားခြင်းဖြစ်သည်။ လီဆူ တို့ကိုယ်တိုင် လီဆူဟုသာ သမိုင်း မတင်မီ အချိန်က တည်းက ခေါ်လာကြ သော်လည်း၊ နီးစပ်ရာ လူမျိုး များက သူတို့က လီဆော၊ ယောရင်၊ ခေလီ ဆော၊ လိစူး၊ လီစူး၊ လီဆူး စသည် ဖြင့် ခေါ်ဝေါ်ကြသည်။ သက်ဆိုင်ရာ လူမျိုးတို့၏ အခေါ်အဝေါ်၊ စကားအသံ အပြောင်းအလွဲ မျှသာ ဖြစ်သည်။

လီဆူတို့၏ ရိုးရာဘာသာသက်ဝင်ယုံကြည်မှုသည် နတ်စားဘာသာ ဖြစ် သည်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွင် တရုတ်နှင့်မြန်မာ ပြည်ရှိ လီဆူတို့သည် အနောက်တိုင်း သာသနာပြုများကြောင့် ခရစ်ယာန်ဘာ သာကို သက်ဝင်ယုံကြည်လာကြသည်။ လီဆူ တို့၏ ကနဦး နတ်ဘာ သာသည် ခရစ်ယာန် ဘာသာ ယုံကြည်မှု အတွက် များစွာ အထောက် အမ ဖြစ်ခဲ့ဟန် ရှိသည်။ အဘယ် ကြောင့် ဆိုသော် နတ်ဘာသာ ယုံကြည်ကြသော လီဆူ တို့တွင် အမြင့်ဆုံး သောနတ် ဝူးကွာဖာ ( ခေါ် ) ဝူဆာ ကို ရိုးရာ စဉ်လာ သိကြ သောကြောင့်၊ ကျမ်းစာထဲက ဘုရားကို ယုံကြည် ရန် အထောက် အကူဖြစ်စေ ခဲ့ဟန်ရှိသည်။

လီဆူတို့သည် အခြားသော လူမျိုးများနည်းတူ၊ မိမိတို့၏ ကိုယ်ပိုင် ဝိသေသ၊ ဘဝဓလေ့၊ ယဉ်ကျေးမှု နှင့် ဘဝအတွေး အမြင်ရှိ ပါသည်။ ထို့ပြင် သူတို့နှင့် အတူနေထိုင်ကြသော လူမျိုး များနှင့် ဘုံသဘော တူညီသော ဘဝခံယူချက်လည်း ရှိကြ ပါသည်။ အဓိကအားဖြင့် နိုင်ငံလေးနိုင်ငံ နှင့် ယခုအခါ ကမ္ဘာ့ နိုင်ငံ အသီးသီးသို့ သွားရောက် နေထိုင်ကြ သောအခါ သူတို့ ရောက်သည့် နေရာဒေသမှာ လိုက်လျော ညီထွေ နေထိုင် ရန် ကြိုးစားကြ ပါသည်။ အန္ဒိယ အရူနာချယ် ပရာ ဒေ့ရှ်တွင် နေထိုင်သော လီဆူတို့၏ ဘဝဓလေ့ကို လေ့လာခဲ့သော အန္ဒိယမနုဿဗေဒ ပညာရှင် အာဆင်းမာထီယာ ၏ လွတ်လပ် သော သုံးသပ်ဝေဖန်ချက် တစ်ခုမှာ- လီဆူတို့၏ ဘဝဓလေ့ ပုံပြင် များက လီဆူတို့၏ ယဉ်ကျေးမှုနှင့် အကျင့် စရိုက်ကို ဖော်ပြနေ ပါသည်။ လီဆူတို့သည် ဝမ်းနဲဖွယ်နှင့် မရိုးသားမှု တို့ ထက် ပျော်ရွှင်ခြင်းနှင့် ရိုးသားခြင်းကို ပိုမိုဖော်ညွှန်း သော လူမှုရေး ကိုယ်ရည်ကိုယ်သွေး ရှိကြောင်း ဖော်ညွှန်းနေပါသည်။ (folklore materials of the Lisu reflect different aspects of their culture and character. it indicates the social personality of the Lisu which is more expressive of happiness and honesty than unhappiness, melancholy and dishonesty.) လီဆူတို့သည် ဘဝအခင်း အကျင်း အပြောင်း အလဲများ၊ စိန်ခေါ်မှုများသော နိုင်ငံရေး စနစ်များနှင့် ယဉ်ကျေးမှု စသည့် မည်သည့်အခင်းအကျင်း မှာမဆို ဘဝကို ရောင့်ရဲပျော်ရွှင် တတ်သော သူများ ဖြစ်ပါ သည်။ လီဆူတို့ ကျင်လည်ရာ ဘ၀ အခင်း အကျင်း ထဲက သီသြလော်ဂျီ ဖော်ထုတ်ရန် အရင်းအမြစ် ကြွယ်၀ စွာရှိ ပါသည်။

လီဆူဘဝဓလေ့ သားဇီအတွေးအမြင်
လူမျိုးတိုင်းတွင် သူတို့၏ နေ့စဉ်ဘ၀ စိတ်နေစိတ်ထားကို လွှမ်းမိုး ပုံသွင်းသော ဘဝဓလေ့အတွေးအခေါ်များ ရှိတတ်ကြ ပါသည်။ လီဆူတို့၏ ဘဝဓလေ့ ထဲက လာသော၊ လီဆူတို့ အပေါ်လွှမ်းမိုး အားကြီးသော ဘ၀အတွေး အမြင်တစ်ခုမှာ “သားဇီ” ဖြစ်ပြီး၊ စာပါ အဓိပ္ပါယ်မှာ “ဖြစ်သည့် အတိုင်း ဖြစ်ပါ စေတော့” ဟူ၍ဖြစ်သည်။

လီဆူတို့၏ ဘဝဓလေ့အရ ဈေးထဲမှာ ဈေးဝယ်ဈေးရောင်းနှစ်ဦး ဈေးစစ်နေကြလျှင် သားဇီ စကားလုံး သို့ မရောက် လာမချင်း အရောင်း အဝယ် မမြောက်နိုင်ပါ။ အမှု အခင်း ရင်ဆိုင်ဖြေရှင်း ရာ တွင်လည်း သားဇီ စကားလုံးအထိ မရောက်လျှင် အမှုမပြီး ပြတ်နိုင် ပါ။ ငြိမ်းချမ်းရေး ဖော်ရာတွင် လည်း သားဇီဟု မပြော နိုင်လျှင် ရန်မပြေ နိုင်ပါ။ ထို့ကြောင့် အတွေးအမြင်သည် အခြေ အနေ တစ်ခုကိုလက်ခံခြင်း၊ သည်းခံခြင်း နှင့် မာန်ပြေရန်ပြေ အရှုံးခံခြင်း သဘောများ ပါဝင်နေပါသည်။ (Tah Tsi as accepting the situation, toleration and sacrificing to build peace)

ရှေးလီဆူစကားပုံတို့ထဲတွင်၊ “ꓔꓸ ꓝꓲ ꓡꓯ꓾ ꓔꓸ ꓝꓲ ꓡꓯ= ꓮ ꓡꓲ ꓡꓳꓼ ꓟ ꓡꓳꓼ ꓝꓲ ꓡꓯ= (ꓮ ꓡꓲ ꓔꓸ ꓟ ꓔꓸ ꓝꓲ ꓡꓯ= ꓮ ꓡꓲ ꓡꓳꓼ ꓟ ꓡꓳꓼ ꓝꓲ ꓡꓯ) သားဇီ လေ၊ သားဇီလေ အာလီ သားလိ သားဇီလေ ( ဖြစ်သည့် အတိုင်းဖြစ် ပါစေ တော့ – let it be as it is) ကိုတွေ့ရသည်။ ယင်းစကားလုံး အားဖြင့် လီဆူတို့အား မည်သည့် ခက်ခဲကြမ်းတမ်းမှု ဘဝပေး အခင်း အကျင်းမျိုးမှာမဆို ပျော်ရွှင်ကြည်နူး နိုင်စေဖို့ လမ်းညွှန် ပေးသည်။

ထိုဘဝဓလေ့အမြင်ကို ဓလေ့ရိုးရာ ရောရီသီချင်းဗားရှင်း (၅) မျိုး စပ်ဆိုသီဆိုလေ့ရှိကြသည်။ နောက်ပိုင်းတွင် ထိုရိုးရာ အတွေးအမြင် စကားသည် သီချင်း စာသားများ အဖြစ် လီဆူ လူထုကြားမှာ အသက်ဝင် ပြန်ပေါ်လာပါသည်။ “ꓮ ꓡꓲ ꓔꓸ ꓡꓲꓸ ꓔꓸ ꓝꓲ ꓡꓯ= ꓮ ꓡꓲ ꓡꓳꓼ ꓡꓲꓸ ꓡꓳꓼ ꓝꓲ ꓡꓯ= ရှိစေတော့၊ ဖြစ်စေ တော့၊ ရှိသည့်အတိုင်း ရှိပါ စေတော့” ဟုတစ်ဖန်ပြန်ပေါ် လာ သည့် အချိန် တစ်ကမ္ဘာ လုံးရှိ လီဆူတို့က မြတ်နိုးစွာ သီဆိုကြ၊ ရေပန်း စားလာခဲ့ ကြသည်။

ထိုသားဇီဘဝဓလေ့အမြင်၊ သီချင်းတွေအားဖြင့် လီဆူတို့သည် ဘဝရဲ့ မွန်းကြပ်မှုတွေ၊ စိန်ခေါ်မှုတွေကို အသင့်အတင့် နှလုံးသွင်း လက်ခံ နိုင်ခွင့်၊ အမြင်သစ်ဖြင့် ရှုမြင်ခွင့် နှင့် ရှိသည့်အနေ အထားမှာ ပျော်ရွှင် ခွင့်ရကြပါသည်။ မိမိတို့ မစွမ်း ဆောင်နိုင် သော၊ မကျော် လွှားနိုင် သော ကန့်သတ်ချက်များ၊ အကြပ် အတည်း ဘဝအဖြစ်သ နစ်များ ထဲမှာ ပင်လျှင် ထိုဆိုရိုး စကား၊ ထိုသီချင်းအားဖြင့် စိတ်ဖိ စီးမှုများ နှင့် ဘဝအမောတို့ကို ကို ပေါ့ပါး သက်သာ စေ ပါသည်။

ထို့ကြောင့်ပင် လီဆူတို့တွင် ခါးသီးသည့်စိတ်၊ ယူကျုံးမရသည့်စိတ်၊ အာဃာတထား ရန်လို မုန်းတီးစိတ်၊ နာကျင်ဝမ်း နည်းစိတ် လျှော့ပါး ကြပါ သည်။ စိတ်ဒဏ်ရာမရအောင် သားဇီ ဘဝဓလေ့ အတွေး အမြင် ဖြင့် ကုသကြပါသည်ဟုမှတ်ယူနိုင်ပါသည်။ လီဆူတို့၏ ဘဝ ဓလေ့ သားဇီ အတွေး အမြင် ကြောင့် လီဆူတို့သည် မျှော်လင့်ချက် အမဲ့ဆုံး၊ အခက်ခဲ ဆုံး နှင့် အကြမ်း တမ်းဆုံး အနေအထားမှာ ပင်လျှင် ပြုံးရယ် နိုင်ကြ ပါသည်။ မည်သည့်ဘဝပေး အနေ အထား မှာမဆို လီဆူရိုးရာဓလေ့ “သားဇီ” တေးသီချင်း တွေ ကြားရရင် နယ်ပယ်အစုံမှ လီဆူ တို့ သီချင်းသီဆို စီးမျောကခုန် နိုင်ကြပါသည်။ ဘဝအမောတွေကို ဖယ်ထားနိုင်ကြပါသည်။

လီဆူတို့ ဘဝဓလေ့ထဲမှာ သားဇီသဘောကို အဓိကအားဖြင့် နှစ် နေရာ တွင် အသုံးချပါသည်။ ပထမဦးဆုံးတစ်နေရာသည် မိမိ၏ အစွမ်းအစ ကန့်သတ်မှုအလွန်က ကိစ္စမျိုးမှာသုံးပါသည်။ တစ်နည်း အားဖြင့် မိမိ မစွမ်းသာတော့သော အရာမျိုးကို သူ့ သဘော အတိုင်းဖြစ်သည်ကို လက်သင့်ခံခြင်းဖြစ်သည်။ ဒုတိယ နေရာက မိမိကစွမ်းဆောင် နိုင်လျှက်သားနှင့် ငြိမ်းချမ်း ရေး အကျိုးအတွက် လိုက်လျော သဘောတူ လိုက်ခြင်း ပင် ဖြစ် သည်။ တစ်နည်းအားဖြင့် သားဇီသည် ဖြစ်နေသည်ကို လက်သင့် ခံခြင်းနှင့် ငြိမ်းချမ်းရေး အလို့ငှါ အဆုံးရှုံးခံရဲခြင်း ကို ပုံဆောင် သည့် စကားလုံး ဖြစ် လာပြန်ပါသည်။

သားဇီဘဝအတွေးအမြင်ကို အကြောင်းရင်း အတော် များများ ဖြင့် အဆိုးမြင်ခြင်းလည်း ခံရပါသည်။ မဖြစ်ဖြစ်အောင် လုပ် မည်ဟု သဘောထားသော သူများက လီဆူတို့၏ သားဇီ ဘဝ အတွေး အမြင်ကို လူပျင်းအတွေးဟု ဆိုကြ ပါသည်။ နောက်တစ်ချို့ကလည်း စိတ်ပျက် အရှုံးပေးခြင်းအမြင်ဟု ဖွင့်ဆို ကြသည်။ လီဆူ ပညာတတ် တစ်ချို့က ထိုသို့ပင် ပြောင်ပြောင် တင်းတင်း ဝေဖန် ကြပါသည်။

သို့သော် သားဇီအမြင်နှင့်ခံယူချက်သည် ထိုသို့မဟုတ်ပါ။ လီဆူ တို့၏ သားဇီ ဘဝဓလေ့အတွေးအမြင်သည် မိမိတို့ တွေးနိုင်စွမ်း၊ လုပ်နိုင် စွမ်း အကန့်အသတ်ကို နားလည်ခြင်း၊ သဘာဝ အဖြစ် အရှိကို နားလည်ခြင်း၊ အကြပ် အတည်း ဘဝအမော ထဲမှာ စိတ်ဖြေခြင်း၊ သည်းခံခြင်း နှင့် ငြိမ်ချမ်းရေးကို မြတ်နိုး ခြင်း သဘောပင် ဖြစ်သည်။

စိုင်းထီးဆိုင်သီဆိုခဲ့သော သီချင်းတစ်ပုဒ်ထဲမှာ – ” ရေနက်လဲ ကြမ်းရှိ ရမယ်၊ အပင်မြင့်လဲ အဖျားရှိရမယ်” ဟု အရာရာမှာ အကန့်အသတ် သဘောကို အသိအမှတ်ပြုထားပါသည်။ အရာရာသည် ကိုယ်စီ သူ့ အကန့်အသတ်ရှိကြပါသည်။ အကန့် အသတ်တွေကို လက်ခံ နိုင်ခြင်း သည် သားဇီအမြင်ဖြစ်ပါသည်။ အချုပ်အားဖြင့် သားဇီ သဘောထား သည် အရှုံးပေးခြင်း မဟုတ်၊ ပျင်းရိခြင်း မဟုတ်။ မျှော်လင့်ချက် ကင်းမဲ့ခြင်းမဟုတ်။ အဖြစ်အရှိ အခင်းအကျင်းကို သည်းခံခြင်း၊ နားလည်ခြင်း၊ လက်သင့် ခံခြင်းနှင့် ငြိမ်းချမ်းရေး အတွက် အဆုံး ရှုံးခံရဲခြင်းဟု နားလည် နိုင်ပါသည်။ (sammarily, Tah Tsi attitude or philsophy can be interpreted as not giving up, boring or losing hope but accepting the situation whatever it is with tolerance, understanding, and willing to sacrifice everything to build peace.)

သားဇီဘဝအတွေးအမြင်ကြောင့် လက်ငင်းအကျိုးသည် စိတ်ဖိ စီး မှုကို လုံးဝသက်သာ လျော့ပါးစေသည်။ တင်းမာမှု ဖြေလျော့ ပေး သည်။ လူအပါအဝင် အရာရာတို့ ၏ အဖြစ် သဘောမှန်ကို နား လည်သိ မြင်စေပါသည်။ မိမိကိုယ်ကို အမှန် ချစ်ခြင်းနှင့် သူတပါး ကိုလည်း ချစ်ရာရောက်ပါသည်။ အသစ် သောအမြင်၊ ပါရာဒိုင်း အသစ်ကို ရှုမြင်ခွင့်ရစေပါသည်။ အခြေ အနေကို လက်ခံပြီး၊ သင်ခန်း စာ အသစ်ကို သင်ယူခြင်း နှင့် ရှေ့ဆက်ခြင်း ဖြစ်၍ အတိတ် မှာသာ တွယ်ကပ်နေခြင်းမဟုတ်ဘဲ အသစ်သော အခင်းအကျင်းသို့ ဝင် ရောက်နိုင်စွမ်း ရှိစေသည်။ Tah Tsi attitude helps Lisus not to living in the past events, but to continue next chapter. ခါးသီးမှု လှောင်အိမ်ထဲက လွတ်မြောက်ကာ၊ အခင်း အကျင်း သစ် ထဲသို့ လိုက် ပါစေ နိုင်သည့် လီဆူတို့၏ဘဝဓလေ့ အတွေး အမြင် ဖြစ်ပါ သည်။

သမ္မာကျမ်းထဲမှာ သားဇီတရားသဘောကို ဖွေရှာခြင်း
လီဆူတို့၏ သားဇီ ဘဝဓလေ့အမြင်အတွက် သမ္မာကျမ်းစာ ထဲက စံပြပုံစံတစ်ခုသည် ယောသပ်၏ ဘဝအကြောင်းပင် ဖြစ်ပါ သည်။ ယောသပ်၏ ဘ၀ (ကမ္ဘာဦးကျမ်း ၃၇-၅၀)။ အဖြစ်အရှိကို အရှိအတိုင်း လက်သင့်ခံ ရင်ဆိုင်ခြင်း၊ သည်းခံခြင်း နှင့် သဘောထားကြီးစွာ ခွင့်လွှတ်ခြင်း (ငြိမ်းချမ်း ရေးဖော် ဆောင် ခြင်း) သဘောကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

ကမ္ဘာဦးကျမ်းထဲက ယောသပ်သည် သူကိုယ်တိုင် အပြောင်း အလဲ မလုပ်နိုင်သော ဘဝ၏ အဖြစ်သနစ်၊ အကြပ်အတည်းမျိုး ကို ကြုံခဲ့ရ ပါသည်။ သူ့အစ်ကိုများ၏ ရောင်းစားခြင်းကိုခံရခြင်း၊ အီဂျစ် ထောင်ထဲ ရောက်သွားရခြင်း စသည့် သူ့ဘဝအပြောင်း အလဲထဲ မှာ သူလုပ်နိုင်သည့် ပါဝါ အကန့်အသတ်ရှိနေခဲ့သည်။ သူကိုယ်တိုင် မပြောင်းလဲနိုင်သည့် ၊ တွန်းမရွေ့နိုင်သည့် အရာ တွေကို ယောသပ် ယောသပ်ရင်ဆိုင်ခဲ့ရပါသည်။ သူအတင်း အဓမ္မ ပြောင်းလဲအောင် မလုပ်ခဲ့ပါ။ အဖြစ်အရှိကို လက်သင့်ခံ သည်းခံခဲ့သည်။ သူကိုယ်တိုင် မပြောင်းလဲနိုင်သည့် အရာ တို့ကို လက်သင့်ခံ ရင်း၊ သူလုပ်နိုင်သည့် ကောင်းသည့် အရာများကို အားကျိုး မာန်တက်လုပ်ဆောင်ခဲ့ ကြောင်း တွေ့ရသည်။

ကြုံလာသည့်အခြေအနေမှာ ယောသပ်သည် အရှုံးမပေးပါ။ မရမက တော်လှန်ခြင်းလည်း မရှိပါ။ အဖြစ်အရှိကို လက်သင့်ခံသည်။ သည်းခံ သည်။ ကိုယ်လုပ်နိုင်သည့် ကောင်းသော အလုပ်မှာ ကြိုးစား အားထုတ်နေခဲ့သည်။ ကျွန်တစ်ယောက် အဖြစ် ဖောတိဖါအိမ်တွင် အလွန်ကြိုးစားကာ အလုပ်လုပ်ခဲ့ သည်။ ထောင်ထဲသို့ရောက်သည့် အခါတွင်လည်း စိတ်အလိုမကျ ငေးငိုင်လမ်း ပျောက် နေခြင်းမျိုး မတွေ့ရပါ။ တော်လှန် သည့် သဘော မတွေ့ရ ပါ။ ဖြစ်လာသည့် အနေ အထားမှာ (ကိုယ် မပြောင်းလဲနိုင်သည့်အရာများ ရှိသည့် တိုင်အောင်) ကိုယ်လုပ် နိုင်သည့် ကောင်းသောအရာမှန်သမျှကို အားကုပ် အားခဲ လုပ် ကိုင်ခဲ့သည်။ ဖောတိဖါအိမ်တွင် အိမ်တော် ထိန်း အဖြစ်၊ ထောင် ထဲ တွင် ခေါင်းဆောင်အဖြစ် ရောက်ခဲ့သည်ကို ထောက် သော် သူသည် အာဃာတတရား၊ မကျေနပ်မှုများဖြင့် ငေးငိုင် နေခဲ့သူ မဟုတ်ကြောင်း သက်သေ ဖြစ်နေပါသည်။ အခြေ အနေ အမှန်ကို လက်သင့်ခံပြီး တတ်နိုင် သမျှ သည်းခံပြီး အကောင်း အားဖြင့် ရှေ့ဆက်ပါသည်။ နောက်ဆုံး မှာ ကမ္ဘာဦး ၅၀း၂၀ မှာ ဘုရား၏ သီးခြား အကြံ အစည်ကို သူသိရှိ ဝန်ခံခဲ့သည်။ သူ၏ အဖြစ်အရှိကို လက်သင့်ခံနိုင်မှု၊ သည်းခံ ပြီးအလုပ် လုပ်နိုင်မှု တို့က ကြိုတင် မမျှော်မှန်းနိုင်သော၊ အတိုင်း ထက်လွန်သော ကောင်းကြီး များရှိရာဆီ ပို့ဆောင် ပေးခဲ့ ပါ သည်။ ယောသပ်နှင့် မိသားစုအတွက် ဘုရား၏ အကြံအစည်တို့သည် လတ် တလော တရား မျှတမှု ထက် လေးနက် ပိုလွန်သော ကိစ္စဖြစ် နေခဲ့ သည်။

နောက်ဆုံးမှာ သူ့အစ်ကိုများကို လက်စားချေခြင်းလည်း မရှိ ပါဘဲ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့သည်။ ခါးသီးသည့်စိတ်ထား၊ နာကျည်းမှု များဖြင့် လက်စားချေခြင်း လုံးဝမတွေ့ရပါ။ သူသည် ရင်ဘတ်ကြီး ကြောင်း တွေ့ရပါသည်။ ရန်ပြေမာန်ပြေလမ်းကို ချစ်မြတ်နိုးသူ ဖြစ်ကြောင်း ပေါ်လွင်နေသည်။

သားဇီ သီသြလော်ဂျီ ဖော်ထုတ်ခြင်း
(ကျမ်းစာပါ အကြောင်း အရာနှင့် လီဆူဘဝဓလေ့ အမြင်ကို တွဲစပ်ပေးခြင်း၊ အနက်ပိုမိုကြွယ်ဝစေခြင်း)
သားဇီ ဘဝအတွေးအမြင်သည် လီဆူတို့ သဘာဝအလျောက် သူတို့ကျင်လည်ရာ ရပ်ဝန်း၊ ဘဝအတွေ့ အကြုံများမှ ပေါ်ထွက် လာ သည့် ဘဝနေနည်းဖြစ်ပါသည်။ ယင်းလီဆူအတွေးအမြင်၊ ဘဝ နေနည်းအား ခရစ်ယာန်ကျမ်းအကိုးများ အားဖြင့် အားဖြည့် ခိုင်မာ စေရန် ကြိုးစားမည်ဖြစ်ပါသည်။

လီဆူဘဝအတွေးအမြင် နှင့် ကျမ်းစာသွန်သင်ချက် တို့ကို ချိတ် ဆက်ထားသော သားဇီသီသြလော်ဂျီသည် ကနေ့ ရှုပ်ထွေး လှသော၊ ဖိအားနှင့်စိန်ခေါ်ချက် များလှသော ၂၁ ရာစု အခင်း အကျင်းမှာ နေထိုင်ကြရမည့် လီဆူတို့ အတွက် ခံစားနားလည် လွယ်သော၊ လက်တွေ့အသုံးကျသော သီသြလော်ဂျီ တခု ဖြစ်လာ နိုင်ပါသည်။ ရိုးရာ ဓလေ့အမြင်ကိုစွန့်စရာမလိုပါဘဲ၊ သမ္မာ ကျမ်း သွန်သင်ချက် ကို လီဆူတို့ နားမှာ အဓိပ္ပါယ် ပိုမို လေးနက် ကြွယ်ဝ လာစေ နိုင်ပါသည်။

ယခင်က လီဆူတို့ လူမှု ဓလေ့မှာ သဘာဝနှင့်နတ်များကိုသာ ဘဝ အဆုံးသတ် တိုင် တည်ရာအဖြစ် သားဇီအမြင် ကို ခံယူနိုင် ခဲ့ကြ သော်လည်း၊ ယခု ခရစ် ယာန်တို့၏ ကျမ်းသက်သေ အထောက် အထားများ ထဲက သားဇီ အမြင်နှင့်တွဲစပ်ကာ အဖြစ်တို့၏ နောက်ကွယ်က ပဲ့ကိုင်ရှင်ကို ရှုမြင်ခွင့်၊ ကိုးစားခွင့်၊ အားယူနိုင်ခွင့် ရှိလာ ပါသည်။


(၁) ဘဝ အခင်းအကျင်း အပြောင်းအလဲထဲမှာ …
လီဆူရိုးရာ ဓလေ့အရ ကိုယ့်အတိုင်းအထွာဖြင့် ပြောင်းလွဲ၍ မရသော အခင်းအကျင်းသို့ ရောက်ခဲ့လျှင် သားဇီ ဟု လက်သင့် ခံကြသည်။ သို့သော် ကျမ်းသဘောအလိုနှင့် ချိတ်ဆက်လိုက် သောအခါ ပိုမိုကျယ်ပြန့်သော မြင်ကွင်း နှင့် ရလဒ်ကို မျှော်မှန်း နိုင်လာသည်။ လက်ရှိကြုံနေရသော အကြပ်အတည်းတို့သည် တစ်စုံ တစ်ခု သော အကျိုးကို ဖော်ဆောင်နေသည်ကို ယောသပ် ၏ဘဝနှင့် ချိန်ထိုးလျှက် နားလည်စေပါသည်။

ယောသပ်၏ အနေအထားတွင် မမြင်ရသော ဘုရား၏ လက် တော်က နောက်ကွယ်က ပုံဖော် ဆက်လက် အလုပ်လုပ် လျှက် ရှိသည်ကို သိမြင်ရသောအခါ သားဇီ၏ မူရင်းကို အနက် ပိုမိုပြည့်စုံ လာစေ ပါသည်။ စိန်ခေါ်မှုနှင့် အကြပ်အတည်း မှာ မျှော်လင့်ချက် အပြည့်နှင့် ရင်ဆိုင်တတ်လာ စေပါသည်။ လက်ရှိ အနေ အထား သည် မည်သို့ပင် ဆိုစေကာမူ … ဘုရားသခင်သည် အလုပ်လုပ်လျှက် ရှိသည်ဟု စိတ်ချမှု ရသော အခါ လမ်း ပျောက် စိတ်ပျက်မှု တို့ကို အဆုံးသတ် စေပါ သည်။ ရှေ့မှာ အံ့အား သင့်စရာ များကို မျှော်လင့် စောင့်စား စေသည်။

ယောသပ်သည် ဘုရားသခင် စီရင် ထားသည့် စိန်ခေါ်မှု များ သော အခင်းအကျင်း မှာ လျှောက်ခဲ့ရ သည်။ ယောသပ်၏ ဘဝ အဖြစ် ထဲမှာ ယောသပ် မကျော်လွှား နိုင်ခဲ့သော ဘ၀ အပြောင်း အလဲကို ရင်ဆိုင်ခဲ့ရ သည်ကို တွေ့ရ ပါသည်။ တစ်ချိန် တည်း မှာပင် ထိုအဖြစ် အပျက်နောက်ကွယ် မှာ ဘုရား သခင် အုပ်စိုး သည်ကို တွေ့ရ ပါသည်။

တစ်ဦး ချင်း၏ လူသားအရေးမှသည် ကမ္ဘာ့အရေး အခင်း များ အထိ အုပ်စိုးသော ဘုရားသခင်လက်တော်သို့ သူတို့ကိုယ်တိုင် မစွမ်း သာသော ကိစ္စရပ်များကို အပ်ခွင့်ရသဖြင့် ပိုမိုလုံခြုံသော၊ ပိုမို ကောင်းမွန်သော မျှော်လင့် စရာဖြစ်လာ သည်။ ထို့ကြောင့် ယောသပ် ဘဝတွင် ဘုရား သခင်၏ ပုံသဏ္ဍန်သည် အကောင်း ဆုံး ဒါရိုက်တာ တစ်ဦး အသွင်ဖြစ်နေပါသည်။

လီဆူတို့သည် စိန်ခေါ်မှုများသော၊ ကြောက်မက်ဖွယ် အခင်း အကျင်း တွေမှာ ရှိနေကြရပါသည်။ ယင်းအတွက် ခံနိုင်ရည် စွမ်းအား (သို့မဟုတ်) စိတ်ဖြေနည်း လိုအပ်နေခဲ့ပါသည်။ ယဉ် ကျေးမှုဘဝ ဓလေ့နည်းလမ်းဖြစ်သော သားဇီ သဘောဖြင့် ကုစား နေခဲ့ကြ ပါသည်။ ယခုတော့၊ နောက်ကွယ်က အလုပ်လုပ် လျှက် ရှိသော ဘုရား သခင်ကို သိမြင်ရသောအခါ … ပို၍ပင် ကျေနပ် စရာဖြစ်လာ ပါတော့သည်။

ဘုရား သခင်သည် ယောသပ်၏ အကြပ်အတည်းမှာ ပါရှိ သကဲ့ သို့၊ လီဆူတို့နှင့်အတူ ပါရှိသည်၊ သူတို့ အတွက် အကွက် အကွင်း ကို ဖန်တီးနေ သည် ကို သိရလျှင် သူတို့ဘဝဓလေ့ သားဇီ အတွေး အမြင်ကို ရွှေကွပ် လိုက်သလို တောက်ပြောင် လာစေပါ သည်။ ပိုမို လေးနက်စေ သောကြောင့်၊ အကြပ် အတည်းထဲမှာ ပိုမို သည်းခံ နိုင်စွမ်း၊ မျှော်လင့်နိုင်စွမ်း မြင့်မား လာပါလိမ့်မည်။

“သင်တို့သည် ညှည်းဆဲ မည်ကြံ ကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည် အတိုင်း၊ လူများအသက် ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော် မူ၏” (ကမ္ဘာဦး ၅၀း၂၀)။ မိမိ မတတ် နိုင်သည့်ကိစ္စတွေမှာ ဖြစ်တာတွေကို ဖြစ် စေတော့လို့ လက်သင့် ခံခြင်းက ဘုရား သခင်၏ အကြံ အစည် တော်မှာ အကောင်းဆုံး ပူးပေါင်းခြင်း နည်းလမ်း ဖြစ်ကြောင်း နားလည်နိုင်ပါသည်။

ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသော အရာ တို့သည် တညီတညွှတ်တည်း ပြုစုကြသည်ကို ငါတို့သိ ကြ၏ (ရောမ ၈း၂၈)။ ထို့ကြောင့် မိမိတို့မပြောင်းလွဲနိုင်သော အခြေ အနေ များမှာပင်လျှင် ဘုရားသခင်အုပ်စိုးကြောင်း၊ သူ့ကို ချစ်သော သူတို့၏ အကျိုးအတွက် လုပ်ဆောင်နေကြောင်း စိတ်ချကိုးစား နိုင်ပါသည်။

++
(၂) တရားမျှတမှုကိစ္စမှာ …
ယောသပ်၏ဘဝခရီးမှာ မတရားခံရတာတွေ အလွန်များ ပါ သည်။ သို့သော် ထူးဆန်းသည်က၊ ထိုမတရားမှုများအားဖြင့် ယောသပ် မယိုင်လဲခဲ့ပါ။ ထိုမတရားမှုများကြုံရသောကြောင့် ယောသပ်၏ ဘဝသည် ကျဆုံးမသွားပါပဲ၊ တစ်ဆင့်ချင်း မြင့်တက် လာစေခဲ့ ပါသည်။ ယောသပ်၏ ဘဝတက်လမ်းမှာ မတရားမှုတို့သည် သူ့ဘဝ ကို အမြင့်သို့တက်နိုင်စေမည့် လှေကား ထစ်များသဖွယ် ဖြစ်ခဲ့ သည်။

လူသားတို့ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန် တွင် တရားမျှတမှု မရှိသည့်ကိစ္စများကို ကြုံတွေ့ ရနိုင်ပါသည်။ ထိုမမျှတမှုကို မိမိတို့ အသံမထွက်နိုင်သည့်ကာလ၊ မျှတအောင် ဆောင်ရွက် နိုင်စွမ်း မရှိ သည့်ကာလလည်း ကြုံရနိုင်ပါသည်။ လူသားတို့ မဖော်နိုင်သည့် တရားမျှတမှု မျိုးကို ဘုရားသခင်က ဖော်ဆောင် ပေးသူ ဖြစ် ကြောင်း၊ လက်စားချေခြင်းကို သူတာဝန်ယူကြောင်း ရောမ ၁၂း၁၉ က ဖော်ပြပါသည်။ “ချစ်သူတို့၊ သူတပါးသည် သင်တို့ကို ပြစ်မှား လျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော် ကို အခွင့်ပေး ကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ် တရား ကို စီရင် ပိုင်၏။ အပြစ်နှင့် အလျောက် ငါဆပ်ပေး မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။”

ယေဘုယျ အားဖြင့် လူသားတို့သည် ပြည့်ဝစုံလင်သော တရား မျှတမှု ကို မဖော်ဆောင်နိုင်ကြပါ။ မတရားမှု ထဲက ပိုကောင်း သော အဖြေ ထွက်လာစေရန် မစွမ်းသာကြပါ။ မတရားမှုကို ဆန့်ကျင် ကြရင်း ကိုယ်တိုင် သည်ပင်လျှင် မတရား သောသူများ ဖြစ်လာ တတ်ကြ ပါသည်။ စနစ်ဆိုးကို ဆန့်ကျင်ရင်း (တည့်မတ် မည်ဟု ကြွေး ကြော်ရင်း) စနစ်ဆိုးကျင့် သုံးသူများ ဖြစ်လာ လေ့ရှိပါသည်။ သို့သော် ယောသပ်၏ ဘဝပုံစံထဲမှာ မတရားမှု ကိုရင်ဆိုင်ပုံသည် တစ်မျိုး တစ်မည်ဖြစ်နေပါသည်။ အမြဲတမ်း အဆိုး ဟုထင်သည့် အရာ သည်ပင်လျှင် အကောင်းဘက်မှာ ဘုရားသခင်က အသုံးချ နိုင်ခဲ့ သည်က အလွန်ထူးဆန်း နေပါ သည်။

မတရားမှုကိုခံကြရသည့် လူသားများထဲတွင် လီဆူတို့သည် ချွင်းချက် မရှိပါ။ မတရားမှုကို ခံစားရလျှင် အများအားဖြင့် လီဆူတို့က “သားဇီ” သဘော ပိုက်နိုင်ကြသည်။ ထိုအနေ အထား အမှာ အတိုင်းထက် အလွန် ကောင်းမွန်ပြည့်စုံသော တရားမျှတ မှုကို ဖော် ဆောင် ပေး သော ဘုရား အကြောင်းကို သိရလျှင် လီဆူ တို့၏ “သားဇီ” ဘဝ အတွေး အမြင်ကို ပိုမို ပြည့်၀ စုံလင်စေ ပါသည်။ တရားမျှတ မှုအတွက် ကိုးစားမှု ဖြစ် စေပါ သည်။

မတရားတာ လုပ်ခံရလေလေ ကိုယ်တိုင် လက်တုံ့ပြန် မည့် အစား၊ တရားမျှတမှုနှင့် ထိုထက်ပိုလွန်သော ကောင်းကြီး ပေးမည့် ဘုရား သခင်ကို ပို၍ မျှော်ကိုးလေလေ ဖြစ်စေပါမည်။ တရား မျှတမှုထက် ပိုလွန်အောင် ကောင်းကြီးပေးမည့် ဘုရား သခင် သည် အနေ အထား အားလုံးကို စောင့်ကြည့် နေသူဖြစ်၍ တစ်နေရာတွင် ဖိနှိပ်ထား လေလေ၊ အခြား မမျှော်လင့် သော နေရာမှ ပန်းဝင်နိုင်ခွင့် ရစေမည် ဖြစ်ပါသည်။ လူမှုဘဝ နယ်ပယ်တို့မှာ ဖိနှိပ်လေလေ လွတ်မြောက် လေလေ ဖြစ်နိုင် ပါသည်။ ယောသပ်ကို ထိခိုက်ပါစေဟု စိတ်ထား လျှက် ရောင်း စားသောအစ်ကိုများ၊ တိုင်ကြားသော ဖောတိဖာ အမျိုး သမီး တို့၏ လုပ်ဆောင် မှုများသည် … ယောသပ်အား သူတို့ မျှော်လင့် မထားသော အပြောင်းအလဲသို့ ရောက် စေခဲ့သည်။ ထိုသခင် အသက်ရှင် သောကြောင့် ဖိနှိပ်သမျှ၊ မတရားမှု မှန်သမျှ သည် ကောင်းကြီးအဖြစ် ပြောင်းလဲစေ နိုင်ပါ သည်။

မတရားမှု ရင်ဆိုင်ရချိန်မှာ ခါးသီးခြင်းစိတ်ထား၊ လက်တုံ့ ပြန်ခြင်း စိတ်ထားအစား၊ ဘုရားသခင်မြင်တော် မူသည်၊ ဖြစ် သည့် အတိုင်း ဖြစ်ပါစေတော့၊ ဘုရားအကောင်းဆုံး စီရင် ပေးနိုင်သည် ဟုစိတ်ထား နိုင်လာပါသည်။ မည်သို့ ပင်ဆို စေကာမူ၊ ဘုရားသခင်သည် တရား မျှတမှုကို ဖော်ဆောင် ပေးမည်ကို ယုံကြည်စိတ်ချ၊ မျှော်လင့်ချက် ပြည့်ဝ စေ ပါသည်။ ဤနေရာ တွင် ဘုရားသခင်သည် မတရားသော အဖြစ် တို့ကို မြင်သောသူ၊ အချိုမြိန် ဆုံးသော တရားမျှတမှုကို ပေးသောသူ အဖြစ် ပေါ်လွင်နေ ပါသည်။

+++
(၃) ငြိမ်းချမ်းရေးဖန်တီးရာမှာ …
ယောသပ်သည် ငြိမ်းချမ်းရေးလုပ်ဆောင်သောသူအဖြစ် တွေ့ရ ပါသည်။ လက်စားချေမှုအစား၊ ငြိမ်းချမ်းရေးကို ရွေးပါသည်။ သဘောထားကြီးသူများသာ ခွင့်လွှတ်နိုင်ကြသည်ဟု ဆိုသည့် အတိုင်း ယောသပ်သည် ရင်ဘတ် ကြီးကြီးဖြင့် ငြိမ်းချမ်း ရေးဖန် တီးခဲ့ ပါသည်။ ဖြစ်ခဲ့တာတွေ ရှိပါစေတော့၊ ဖြစ်သည့် အတိုင်း ဖြစ်ပါ စေတော့ဟု သဘောထားနိုင်ခဲ့သည်။ သင်တို့သည် ငါ့အား ထိခိုက် စေဖို့လုပ်သော်လည်း၊ ဘုရားသခင်သည် ငါတို့ကို ကယ်တင်ရန် အကြံရှိသည်ဟု ဝန်ခံ သဘောထားလေသည်။ ယောသပ်သည် လီဆူ မဟုတ်သဖြင့် သားဇီဟု မ‌ပြောသော်လည်း သူလုပ်ဆောင် သည့် သဘောသည် သားဇီနှင့် သဘော ညီမျှသည်။

ယောသပ်သည် သခင်ယေရှုကိုယ်တော်တိုင်ကို ပုံဆောင် သည် ဟု ဆိုသော်၊ သခင်ယေရှုသည် ငြိမ်းချမ်းရေး အရှင်သခင် ဖြစ် သည်။ သူ့နောက်လိုက်များကိုလည်း ငြိမ်းချမ်း ရေး လုပ်ဆောင် သော သူများ ဖြစ်စေလိုပါသည်။ ဤနေရာတွင် ဘုရားသခင် သည်လည်း ကောင်း၊ သခင်ယေရှု သည်လည်း ကောင်း ငြိမ်းချမ်း ရေးအရှင် နှင့် ငြိမ်းချမ်း ရေးကို အားပေးသောသူ အဖြစ် တွေ့ရ ပါသည်။

လီဆူတို့ကလည်း ငြိမ်းချမ်းရေးကို မြတ်နိုးကြပါသည်။ ငြိမ်း ချမ်း ရေးအတွက် အရာရာကို အဆုံးခံရဲကြပါသည်။ အိုးအိမ်ပစ်ပြေး သည်လည်း ရှိပါသည်။ သားဇီ သဘော ပိုက်နိုင်ကြပါသည်။ ငြိမ်းချမ်း ရေးလုပ်ဆောင်သူ တို့ သည် ဘုရား မျက်နှာ ဖူးရသူ၊ ဘုရား သားတော် အဖြစ်ခေါ် ခံရသူ အဖြစ် သခင် ယေရှု ကိုယ်တော်တိုင် မိန့်တော်မူထား သည်ဖြစ်၍ လီဆူ ရိုးရာ သားဇီအမြင်ကို ပိုမို အားဖြည့်၊ အနက် ပိုမိုပြည့်ဝ စေပါသည်။ ငြိမ်းချမ်းရေးအတွက် ရှေ့မှာ ဖြစ်ခဲ့ တာ တွေ ဖြစ်ပါ စေတော့ဟု စွန့်လွှတ် သင်ပုန်းချေမှု စိတ်ထားကို အားကောင်း စေပါသည်။

သားဇီသီသြလော်ဂျီတွင် ဘုရား သခင်သည် အစိုးရသော အကောင်း ဆုံး ဒါရိုက်တာ၊ ချိုမြိန်သော အဆုံးအဖြတ် ပေးသော တရားမျှတမှု အရှင် နှင့် ငြိမ်းချမ်းရေးအရှင် နှင့် ငြိမ်းချမ်းရေးကို အားပေးသောသူ အဖြစ် ဖူးမြင်နိုင်ပါသည်။ သားဇီ သီသြ လော်ဂျီအရ ထိုသို့သော သဘောထားနှင့် ဘုရားကို ဖူးမြင် နိုင်ရ သောအခါ … ခက်ခဲ သော ကာလကို ရင်ဆိုင်ခြင်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တို့အတွက် အင်အားဖြစ်လာ ပါသည်။


သားဇီ လီဆူ သီသြလော်ဂျီကို ယနေ့ မြန်မာ့အခင်းအကျင်းမှာ အသုံးချခြင်း
လီဆူတို့ပါဝင်နေသည့် မြန်မာ့ အခင်းအကျင်းထဲမှာ ကောင်း သည့် အရာများ ရှိသကဲ့သို့၊ တစ်ဘက်မှာ ရှောင်လွဲ မရသော ဘဝ အပြောင်းအလဲများ၊ မတည်ငြိမ်မှုများ၊ မတရားမှုများ၊ ကြီးနိုင် ငယ်ညှည်း ဖိနှိပ်မှုများ၊ တရားမျှတမှုဖော်ဆောင်ရန်များ နှင့် ငြိမ်းချမ်းရေး ဖန်တီးစရာများ ရှိပါသည်။ ထိုကိစ္စတို့တွင် တစ်ချို့ တို့သည် ယောသပ်ကိစ္စမှာလိုပင်၊ မိမိတို့စိတ်ကြိုက် ကိုင်တွယ် အုပ်စိုး နိုင်ခြင်း၊ ပြုပြင် ပြောင်းလဲနိုင်ခြင်းမရှိပါ။ တစ်ချို့နယ်ပယ် တို့တွင် ကိုယ်တိုင် ပါဝင်နိုင်ကြပါသည်။ မည်သို့ ပင်ဆိုစေကာမူ၊ သားဇီ သီသြလော်ဂျီ ကို အောက်ဖော်ပြပါ လက်တွေ့နယ်ပယ်တို့မှာ အသုံးချနိုင်ပါသည်။

(၁) ကိုယ်မပြောင်းလဲနိုင်သည့် ဘဝအခင်းအကျင်းမှာ အသုံးချ နိုင်ပါသည်။ ယနေ့ခေတ်အနီးဆုံးဥပမာတစ်ခုမှာ ကိုဗစ်-၁၉ ကပ် ရောဂါ ဖြစ်ပါသည်။ လူသားတို့မည်မျှပင် ပြင်ဆင်ထား ပါစေ၊ စီးပွားရေးလုပ်ငန်း စီမံကိန်းတွေ ဘယ်လိုရေးဆွဲထား ပါစေ၊ ကိုဗစ်-၁၉ ကပ်ရောဂါက လှောင်ပြောင်ပစ်လိုက် ပါသည်။ အစီအစဉ် အားလုံး ကစဉ့်ကလျားဖြစ်ကုန်ပါသည်။ အစဉ်အလာ အားလုံး ချိုးဖောက်ပြောင်းလဲသွားသောအခါ အိမ်ထောင်ဦးစီးများ၊ စီးပွား ရေး လုပ်ငန်းရှင်များ၊ တိုင်းနိုင်ငံ အစိုးရအသီးသီး၏ ခေါင်းဆောင် များ ကလဲ ခေါင်းခဲကြ ရပါ သည်။ ပြည်တွင်း သာမက ပြည်ပသို့ ရောက် နေသည့် မြန်မာ လုပ်သားများ လည်း စိတ်ဖိစီးမှု ဒဏ်ကို အလူးအလဲ ခံစားကြ ရသည်။

မလေးရှားတစ်နိုင်ငံတည်းမှာပင်လျှင် မြန်မာလုပ်သားများ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုက စက်တင်ဘာ ၁၇ နေ့ရက်အထိ (၁၇) ဦးရှိကြောင်း သတင်း တက် လာပါသည်။ ကိုဗစ်-၁၉ ကာလမှာ ကိုဗစ်-၁၉ ရောဂါ ကြောင့်မဟုတ်ဘဲ၊ အခြေ အနေကို လက်မခံ နိုင်သည့် စိတ်ထားကြောင့် မိမိကိုယ်ကို အဆုံး စီရင်ကြသည်များ ရှိလာပါသည်။ သူတို့သည် အခြေ အနေကို ကိုယ့်စိတ် အတိုင်း မဟုတ်ဘဲ၊ သူ့သဘော သူ့အဖြစ် အတိုင်း လက်ခံ နိုင်စွမ်း လိုနေပါ သည်။ လူတို့သည် လူသားဖြစ် သည့်အတိုင်း မည်သူမဆို ကိုယ့်အတိုင်း အထွာနှင့် limit အကန့် အသတ်များ ရှိကြ ပါသည်။ ထိုကန့်သတ် မှုများကို လက်သင့် ခံကြရန် လိုပါသည်။ အမေရိကန် သီသြ လော်ဂျီဂုရု Reinhold Niebuhr ကလည်း “God grant me the serenity to accept the things I cannot change, the courage to change the things I can, and the wisdom to know the difference.” ဟူသည့် ဆုတောင်း အတိုင်း၊ လုပ်နိုင်တာကို လုပ်ရဲ သည့်သတ္တိ နှင့် မလုပ် နိုင်တာကို အရှိကိုအရှိအတိုင်း လက်သင့်ခံ နိုင်ကြဖို့ လိုလာပါ သည်။

တစ်ခါတရံ မိမိတို့သည် အကန့်အသတ်ဖြင့်ရှိနေသော မိမိတို့၏ ဉာဏ်ကိုသာ ဗဟိုထား၍ ကိုယ်နားမလည်နိုင်သည့် အရာတို့ကိုပါ မိမိတို့အလိုအတိုင်း မဖြစ်မနေ လုပ်ဆောင်မိ တတ်ပါသည်။ ဥပမာ- သဘာဝ တောတောင်ရေမြေ၊ သက်ရှိ သတ္တဝါအားလုံးကို ကြည့်ရှု ပါ။ ကိုယ်ဖြစ်ချင်သလို ဖြစ်နေတာ မဟုတ်ပါ။ သူ့အဖြစ်၊ သူ့ဘာဝ အတိုင်း ဖြစ်နေကြပါသည်။ ကန့်သတ်အသိနဲ့ အရာရာကို ကိုယ့် အလိုအတိုင်း အတင်းဆွဲယူ၊ မရမက ပုံဖော်တာထက် သူ့အဖြစ် အရှိ ကို အသိအမှတ်ပြုလက်ခံတာသည်ပင်လျှင် သားဇီအမြင် ဖြစ် ပါသည်။

ကျွန်တော် တို့ မပြောင်းလဲနိုင်သေးသည့် အနေ အထား အတွက် သားဇီ သီသြလော်ဂျီ သည် လက်တွေ့ အသုံး တည့် မည့် သီသြ လော်ဂျီ တစ်ခု ဖြစ်လာသည်။

(၂) တရားမမျှတမှုကိုစ္စမျိုးမှာ အသုံးချနိုင်ပါသည်။ လီဆူတို့နေ ထိုင်ရာ မြန်မာ့ရေမြေမှာ မတရားမှုတွေ ရှိပါသည်။ မြန်မာနိုင်ငံသည် ပြည်တွင်းလက်နက်ကိုင် ပဠိပက္ခရှိသော နိုင်ငံ ဖြစ်သည်။ ဒေသတွင်း အများပြည်သူတို့သည် စစ်မက်ဒဏ်ကို ခါးစည်းခံနေကြရပါသည်။ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့သော ကိုယ့်မြေကိုယ့်ရေကို စွန့်ကာ အခြေအနေမဲ့အဖြစ် ရွှေ့ပြောင်း သွားလာနေကြရသည်။ တစ်ချို့ မတရားမှုတွေက တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်ရန် မဆိုထားနှင့်၊ လူသိရှင်ကြား ဖွင့်ပြော ဖို့ပင် မတတ်နိုင်ကြပါ။ နည်းမျိုးစုံဖြင့် လုပ်ပိုင် ခွင့်ရကြသော သူများက အသံမထွက်နိုင်သောသူများကို ဖိနှိပ်မှုများ၊ တစ်ဦး ချင်း အလိုက် သော်လည်းကောင်း၊ အုပ်စု လိုက်သော်လည်း ကောင်း ရှိပါသည်။ နှစ်ပေါင်း ၇၀ ကြာဖြစ် နေသော လက်နက် ကိုင်ပဠိပက္ခမျိုးမှာ တရားမျှတမှုမရှိတာတွေ ဖြစ်နေသည်ကို သံသယ ဖြစ်စရာ မလို အပ်ပါ။ လက်နက် ကိုင်ထားသူက လက် နက်မဲ့တို့ကို မတရား စွာ ဆက်ဆံမှုရှိပါသည်။ အာဏာရှိ သူတို့ က အာဏာမဲ့တို့ကို မတရားဆက်ဆံကြပါသည်။ ချမ်းသာ ကြွယ်ဝသူတို့က တရားမျှတမှုကို မထီမဲ့မြင်ပြုနိုင်ပါသည်။ မတရားမှု တို့သည် တစ်ဦးချင်းမှသည် လူမျိုး နွယ်၊ အုပ်စု အဖွဲ့အသင်း နှင့် တိုင်းနိုင်ငံအထိ ရှိပါသည်။ ထိုအနေ အထားမျိုးမှာ သားဇီသီသြ လော်ဂျီအမြင်ဖြင့် စိတ်၏ ငြိမ်းချမ်း ခြင်း၊ ကိုယ်၏ကျန်းမာခြင်း ရစေနိုင်ပါသည်။ ကျွန်တော်တို့သိ ထားသော၊ လူတို့တီထွင် ထား သော တရား ဥပဒေ တစ်ခုတည်း သာ တရားစီရင်မှုကို အဆုံးစွန် ဆောင်ရွက် ပေးသည် မဟုတ် ပါပဲ၊ စကြဝဠာအရှင် ဘုရားသခင် သည် ဖြစ်ပျက် နေသည် ကို စောင့်ကြည့်လျှက်၊ မှန်ကန်စွာ တရားစီရင်ပေးသည်ကို သိထား ရလျှင် အခက် အခဲကြားမှာ ပင်လျှင် ပြုံးနိုင်ခွင့်ရှိပါသည်။ ဖြောင့် မတ်စွာ စီရင်တော်မူချက် များကြောင့် ကိုယ်တော် ကို တစ်ရက်လျှင် ခုနှစ်ကြိမ် ချီးမွမ်း တတ်ပါ၏။ ( ဆာလံကျမ်း ၁၁၉ : ၁၆၄ )။ သားဇီ သီသြ လော်ဂျီ သည် တရား မျှတမှု မရှိ သည့် ကိစ္စမျိုးမှာ စိတ်မပျက် စေပဲ ပိုမို ခိုင်မာ သော မျှော်လင့် ချက်ရစေသဖြင့် လက်တွေ့ အသုံးချ နိုင်သော သီသြ လော်ဂျီ တစ်ခု ဖြစ်လာပါသည်။


(၃) ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အသုံးချနိုင်ပါသည်။
ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးကိစ္စသည် မြန်မာ့ အရေးမှာ အကောင်အထည်မဖော်လာသေးသည့် နိုင်ငံတော် အဆင့် အလုပ် တစ်ခုဖြစ်သည်။ လီဆူတို့ပါဝင်သော အသင်း တော် အရေး၊ လူမျိုးစု အရေး၊ တိုင်းပြည် အရေးတို့တွင် လည်း ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးအလုပ် ရှိနေပါသည်။ ပတ်ဝန်းကျင် တွင်လည်း အဖွဲ့အစည်းနှင့် တစ်ဦးချင်း အဆင့် အထိ လီဆူတို့ အချင်းချင်း နှင့် လီဆူတို့နှင့် ဆက်နွယ် သော လူမျိုးများအားလုံး နှင့်လည်း ပြန်လည်သင့်မြတ်ရေး လိုအပ်နေ ပါသည်။ နိုင်ငံတော် အဆင့် ငြိမ်းချမ်းရေး ဖော်ရာ မှာလည်း ရှေ့ကအဖြစ်သနစ်တို့ကို “ဖြစ်ခဲ့ တာတွေ ရှိပါစေတော့” လို့ ထားရစ်နိုင်ဖို့၊ သဘောတူနိုင်ဖို့ သားဇီ သီသြလော်ဂျီ လိုနေ ပါသည်။ ဘုရားသားများအဖြစ် ပိုမို ရင်ဘတ်ကြီး လာနိုင်ရန် သားဇီသီသြလော်ဂျီက လက်တွေ့ အသုံး တည့် ပါသည်။

“ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါး သို့ ချဉ်းလာကြ၏။ … ညီဗင်္ယာမိန်လည်ပင်းကို ဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ ငိုလေ၏။ တဖန် အစ်ကိုရှိသမျှတို့ကို နမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။” (ကမ္ဘာဦး ၄၅း၄၊ ၁၄-၁၅)

မိသားစုတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်း ပြဿနာရှိကြပါသည်။ လူသားတို့သည် အပြစ်ထဲကျရောက်ပြီးနောက် လူမှုဆက်ဆံရေး၊ ခံယူချက်အမြင်အားလုံး အပြစ်အနာအဆာများဖြစ်လာကြပါသည်။ ကာဣနက အာဗေလကို သတ်သည်။ အာဗြဟံနဲ့ လောတ ခွဲခွါကြရသည်။ ဣရှမေလက ဣဇက်ကို ညှင်းဆဲသည်။ ဧသောနဲ့ ယာကုပ် လမ်းခွဲရသည်။ ယောသပ်ရဲ့ အစ်ကိုတွေက ယောသပ်ကို မုန်းတီးပြီး တိရိစ္ဆာန် တစ်ကောင်ကဲ့သို့ ရက်စက်စွာ ရောင်းစား ခဲ့သည်။

ဤပုံစံထဲတွင် ဖြေရှင်းချက်သည် ခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းဖြစ်ပါသည်။ စစ်ပွဲတို့သည် မနာလိုခြင်း၊ မကျေနပ် ခြင်း၏ အမြင့်မားဆုံးပုံစံဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းကြရာမှာ ယောသပ်၏ပုံစံက အလွန်ချိုမြိန်လှပါသည်။ ခွင့်လွှတ်ခြင်းသည် တစ်နည်းပြောရလျှင် ကောင်းကင်သားတို့၏ စိတ်ဓါတ်နှင့် နည်းလမ်းဖြစ်ပါသည်။ ရန်ပြေရန်ငြိမ်းခြင်းသည် နိုင်ငံတော် အဆင့် မှာသာ ရှိနေသော လုပ်ငန်းမဟုတ်သေးဘဲ၊ တစ်ဦးချင်းရဲ နှလုံးသား မှာ ဘုရားနှင့်လူအကြား၊ လူ့ပတ်ဝန်းကျင် အသိုက်အဝန်းတိုင်းမှာ လိုအပ် နေသော အလုပ်ဖြစ်ပါသည်။ ယောသပ်လို ပုဂ္ဂိုလ်များ လိုအပ် ပါသည်။

ဘုရားသခင်သည် ပြန်လည်သင့်မြတ်ခြင်း၏ဘုရား၊ ပြန်လည် သင့်မြတ်ခြင်းကို အားပေးသော ဘုရား ဖြစ်သည်။ ပျက်စီး သွား သော ဆက်ဆံရေးအဖုအထစ်တို့ကို ပြန်လည် သင့်မြတ် စေနိုင်သော ဘုရားဖြစ်သည်။ ဘုရားသခင်ဘက်က စတင်ပြီး သူ့သားတော် ယေရှုအား အကုန်အကျခံပြီး လူသားတို့နှင့် ရန်ငြိမ်း စေခဲ့ပါသည်။ “ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော် အသေခံ တော်မူ ခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင်၊ …” (ရော၊ ၅း၁၀)။

ပြန်လည် သင့်မြတ်ခြင်း နှင့် ရန်ငြိမ်းခြင်းအတွက်၊ ယောသပ် ကဲ့သို့ သော သူများလိုအပ်ပါသည်။ “ဖြစ်ခဲ့တာတွေကို ဖြစ်ခဲ့ပါစေ တော့၊ ရှိတာတွေကို ရှိပါစေတော့” ပြောနိုင်သူများ လိုပါသည်။ ထိုသို့ ရန်ငြိမ်းခြင်း သဘောထားနိုင်သူများ လိုအပ်ပါသည်။ ပတ်ဝန်း ကျင်မှာ မတရားလုပ်သူများပြားသည်ထက်၊ ရန်ငြိမ်းစေသူ နည်းပါး ၍ ရန်ပွဲများဆက်လက်ရှိနေပါသည်။ ရန်ငြိမ်း ခြင်းမရှိသည်မှာ ရန်ငြိမ်း စေမည့် သဘောထား ရှိသူ နည်းပါး ၍သာဖြစ်ပါသည်။ အဆိုးကို အဆိုးအာဖြင့် အတိအကျ လက်စားချေကြ သည် ထက်၊ ရန်ငြိမ်းခြင်းသည် ပိုကောင်း မြတ်သည်ကို ယောသပ်၏ အဖြစ်က သင်ခန်းစာ ပေးနေ ပါသည်။ ယနေ့ ကိုယ့်မိသားစု၊ ရပ်ရွာဒေသမှာ ရန်ငြိမ်း စေနိုင် သောသူသည် ဘယ်သူဖြစ် နိုင်မလဲ။ ကိုယ်တိုင်ပင် ဖြစ်နိုင်ပါသလား။ သားဇီသဘော ထားဖြင့် ရန်ငြိမ်းစေသောသူများ ဖြစ်နိုင်ကြပါ သည်။

မလိုမုန်းတီး အာဃာတတို့ကို ရင်ထဲမှာ သိမ်းမထားကြဖို့ သခင် ယေရှု မိန့်မှာ ထားပါသည်။ (မဿဲ ၅း၃၈-၄၅)။ အာဃာတ ထားသူ၏ ရင်ကို ပူလောင်စေသည်သာမက ရန်လိုမှုကို ကြီးမား စေပါ လိမ့်မည်။ ကျွန်တော်တို့ကို ပြစ်မှားသောသူများ ကို ခွင့်လွှတ်ရန်၊ လက်စား မချေရန် သခင်ယေရှုသွန်သင်သည်။ ကျွန်တော်တို့ကို ပြစ်မှား သောသူတို့ကို ကျွန်တော်တို့ ခွင့်လွှတ် သည့်နည်းတူ ဘုရား ကလည်း ကျွန်တော်တို့ အပြစ်ကို ခွင့်လွှတ် မည့် အကြောင်း သခင် သင်ပေး သည့် ဆုတောင်းက သတိပေး နေသည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင် ရာမှာ သားဇီ သီသြ လော်ဂျီကို အသုံးချနိုင်ပါသည်။ ဘုရားသခင် ကိုယုံ ကြည်သော ကြောင့် ခက်ခဲသောကာလ နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ သားဇီဟု သဘောထား လာနိုင် ပါသည်။ ဘုရား သခင် ကို ကိုးစားမှုများလေလေ သားဇီ အမြင်ပို ရှိလေ၊ ငြိမ်း ချမ်းရေး ဖော်ဆောင်သောသူများဖြစ်လာကြ လေလေ ရှိမည်။

နိဂုံး
လီဆူတို့၏ လူမှုဘဝဓလေ့ထဲမှာ သားဇီ ဘဝဓလေ့ အတွေး အမြင် နှင့်ရင်းနှီးေၾကာင္း ဖော်ပြခဲ့ပြီးဖြစ်သညျ။ အနေအထားကို အရှိအတိုင်း လက် သင့်ခံခြင်း ၊ သည်းခံခြင်း နှင့် ငြိမ်းချမ်းရေး အတွက် လိုက်လျော အဆုံး အရှုံးခံ ခြင်းအဖြစ် ဖွင့်ဆိုနားလည်နိုင်ပါသည်။

လီဆူတို့အတွက် သားဇီသီသြလော်ဂျီကို ဖော်ထုတ်သောအခါ လီဆူ တို့၏ ရိုးရာဘဝဓလေ့မှာ လွှမ်းမိုးထားသည့် သားဇီ အတွေး အမြင်ကို ပိုမို တောက်ပစေပါသည်။ ခရစ်ယာန်ယုံ ကြည်မှုဆိုင်ရာ သမ္မာ ကျမ်းစာ သွန်သင်ချက်တို့ကို နားလည် လွယ်စေပြီး လက်တွေ့ အသုံးချနိုင်စေသည်။ မိမိတို့ အမြင်အရ အဆိုးရွားဆုံး နေ့ရက် များမှာပင်လျှင်၊ နောက်ကွယ်က အုပ်စိုး သော အရှင် တစ်ပါး ရှိသည် ကို ယောသပ်၏ဘဝကနေ သင်ယူ မိစေသည်။ ထို့ပြင် တရား မျှတမှု ကို ကိုယ်တိုင် မဖော်နိုင် သည့် တိုင်အောင်၊ လက်စားချေ ပေးသော ဘုရား၊ တရားမျှတစွာ စီရင် သော ဘုရားရှိ သည်ကို သိရသောအခါ တရား မျှတမှု ကိစ္စမှာ သားဇီအမြင်သည် အလွန် လေးနက် ပြည့်ဝ လာပါသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရာ မှာလည်းသားဇီသဘော ထား ကြောင့် ဘုရားသခင်၏ သားဟု ခေါ်ဝေါ်ခံရမည်ဟု သိရသဖြင့် အလွန် ကြည်နူး ဖွယ်ဖြစ်စေ ပါသည်။ သူတပါးကြား ရန်ငြိမ်း စေသော သူများ ဖြစ်လာရန် တွန်းအားပေးပါသည်။

သားဇီ လီဆူသီသြလော်ဂျီအားဖြင့် ကိုယ်ဖြစ်ချင်တာကိုချည်း ပင်ပန်း စွာ မရမက ဖော်ဆောင်နေမည့်အစား၊ ကိုယ့်အစွမ်းအစ အပြင်ဘက်က အဖြစ်တို့ကို အရှိအတိုင်း လက်သင့်ခံနိုင်သော ဘဝ နေနည်း ဉာဏ်ပညာ၊ ခါးသီးမှု အာဃာတ နှင့် မကျေ မချမ်း စိတ်ဒဏ် ရာများကို လျှော့ချနိုင်ကြပါမည်။ အကြပ်အတည်း ကြားမှာပင် “အာလီသားလိ သားဇီလေ …မည်သို့ပင်ဆိုပါစေ၊ ဖြစ်သည့်အတိုင်း ဖြစ်ပါစေ …” ဟုသီချင်းသီဆိုလျှက်၊ ခရစ်ယာန်အယူနှင့် တွဲစပ်လျှက် ဘ၀ကို ကြည်နူးနိုင်ကြပါမည်။ ဘဝကို ကျေနပ်နေပျော် စေမည် ဖြစ်သည်။

သားဇီသီသြလော်ဂျီတွင် ဘုရားသခင်သည် အစိုးရသော ဒါရိုက်တာ၊ အဆုံးအဖြတ်ပေးသော တရားမျှတမှုအရှင် နှင့် ငြိမ်းချမ်းရေးကို အားပေးသောအရှင်အဖြစ် တွေ့ရပါသည်။ ဘုရား သည် ဂရုစိုက် တော်မူသည်။

လီဆူဘဝ ဓလေ့အတွေးအမြင် သားဇီအဆိုအမိန့်၊ သားဇီ တေး သီချင်း တွေသီဆိုရင်း … ခရစ်ယာန်ယုံကြည်မှုနှင့် တွဲစပ်လျှက် သားဇီ သီသြလော်ဂျီ သဘောထားကို ရင်ဝယ်ပိုက်ရင်း၊ အကြပ် အတည်း ထဲမှာ သည်းခံ စိတ်ဖြေနိုင်စွမ်းရှိသော သူများ နှင့် ငြိမ်းချမ်း ရေး ဖော်ဆောင် နိုင်သောသူများ ဖြစ်ကြ ပါစေ။


မိမိကိုယ်တိုင် ကောင်းသောအကျင့်ကိုကျင့်လျှက်၊ အဆိုးထဲမှာပင်လျှင် ငြိမ်ဝပ်လျှက် စိတ်ဖြေနိုင်ကြပါစေ။ ဘုရားသခင် ကြည့်မြင် ကြီးစိုးလျှက်ရှိပါသည်။
… ꓔꓸ ꓝꓲ (Tah Tsi, သားဇီ) …

ကိုးကား စာအုပ်စာတမ်းများ
၁။ တင်တင်ရီ၊ လီဆူတိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို လေ့လာ တင်ပြ ခြင်း၊ ဥပဒေပညာဌါန၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၈၅။

၂။ တိုင်းရင်းသားလီဆူလူမျိုး လေ့လာရေးဆိုင်ရာ အခြေစိုက် မေးခွန်းလွှာမှ ဖြေကြားချက်ပေးပို့ခြင်း၊ ၁၉၈၅ ခုနှစ်။

၃။ အားဂူဇ၊ ပူတာအို ဂျိုးငယ် ပြောပြသော လီဆူလူမျိုး အကြောင်း။ ၂၀၁၀ ခုနှစ်။

၄။ Maitra, Asim. Profile of a Little-Known Tribe. New Delhi: Mittal Publications, 2015.

၅ Zack, Michelle. the Lisu: Far from the Ruler, Boulder: University of Colorado, 2017.

၆။ https://www.brainyquote.com/quotes/reinhold_niebuhr_100884

၇။ သမ္မာကျမ်းစာ (ယုဒဿန်ဘာသာပြန်)

၈။ News: 7 Days news (17 Sept 2020), DVB news (23 October 2020).

(ဤစာတမ်းကို then Myanmar Ethnic Theology Group/ now Myanmar Theology Seminar တွင် 31 Oct 2020 မှာတင်ပြဆွေးနွေးခဲ့ပါတယ်။)


Leave a Reply

Your email address will not be published. Required fields are marked *