လီဆူ အနုပညာရှင် ကိုယော်တီဖါ နှင့် စကားစမြည် … (Interview with Lisu Artist Yaw Ti Far)

ယော်တီဖါ၊ အသက် ၃၇
အဖေ ဦး ဆီဟူးရဲ့ + အမေ ဒေါ်ရှောရဲ့ဟဲ့
အမှတ် ၃၆၊ မူလာဒီ၊ ပူတာအိုမြို့၊ ကချင်ပြည်နယ်။




ဆံပင်ဖွာဖွာရှည်ရှည်နဲ့ စင်ပေါ်မှာမြူးကြွကခုန်သီဆိုလေ့ ရှိတဲ့ လီဆူအနုပညာရှင်တစ်ယောက်လို့ပြောရင် ကိုယော်တီဖါကို မျက်စိထဲ တန်းပြီး မြင်မိကြမှာပါ။ သူ့ကို အားပေးတဲ့ ပရိသတ်အတွက် မေးခွန်းတစ်ချို့ မေးဖြစ်ပါတယ်။ အနုပညာကို ဘယ်အချိန်ကနေ လုပ်ခဲ့တာလဲလို့ ဦးစွာမေးမိတော့ သူကအခုလို ဖြေပါတယ်။

ဆန်းဒေးစကူးလ် ကလေးငယ်အရွယ်ကတည်းက အကနဲ့ သီချင်းကို အရမ်းဝါသနာပါတယ်။ အဲဒီအရွယ်တုန်းက စသင်ပေးခဲ့တဲ့ rock သီချင်းတစ်ပုဒ်ကိုခုထိရသေးတယ်။ သူငယ်တန်းတောင်မတက်သေးတဲ့အရွယ်မှာပါ။ ပန်းချီလည်းအရမ်းဆွဲခဲ့တယ်။ ဝါသနာအရမ်းပါလို့။ အသက် ၂၀ လောက်မှာသီချင်း သရုပ်ဆောင်ရိုက်ခဲ့တယ်။ Video Tape နဲ့ပေါ့။ အသင်းတော်လူငယ်လှုတ်ရှားမှုတစ်ခုကြောင့်ပါ။

အနုပညာအလုပ်မှာလဲ နယ်ပယ်တွေ၊ လိုင်းတွေအစုံရှိကြပါတယ်။ သူကတော့ နယ်စည်းမခြား အနုပညာရှင်လို့ကို တင်စားထိုက်သူအဖြစ် တွေ့နေရတော့၊ သူအနုပညာနဲ့ဆိုင်ပြီး လုပ်နေရတာတွေကို ကိုယ်တိုင်ပြောပြပါလား၊ ပြီးတော့ ဘယ်လိုင်းကို ပိုပြီးအားသန်ပါသလဲလို့ မေးစမ်းလိုက်မိပါတယ်။

ကျနာ်က သီချင်းရေး/ဆို၊ ဇာတ်လမ်/ဇာတ်ညွန်းရေး၊ သရုပ်ဆောင်၊ ဒါရိုကတာလုပ်တာ၊ Camera ရိုက်၊ Video editing စသဖြင့် စပ်မိစပ်ရာ အကုန်လုပ်ဖြစ်တယ်။ ဒီလိုလုပ်နေရတာက ဇာတ်လမ်းတစ်ပုဒ် (or) သီချင်းတစ်ပုဒ်ကို ပိုကောင်းစေချင်တဲ့စိတ်ကြောင့်ပါ။ ကျနော် ပိုအားသန်တာကသီချင်းရေး/ဆိုပါ။ ကျနော်ရေးခဲ့တဲ့ သီချင်းပေါင်း (58) ပုဒ်က audio master နဲ့ထွက်ပြီးပြီ။ ရေးထားသမျှတော့ အပုဒ်ရေ 80 ကျော်လောက်ပဲရှိမယ်။ ကိုယ်အသံသွင်းဆိုခဲ့တဲ့ သီချင်း ပေါင်းအပုဒ် ၅၀ ကျော်သွားပြီ။ သီချင်းနဲ့ပါတ်သက်ပြီး ဒါရိုက်တာ လုပ်ခဲ့တာ ၂၅ ပုဒ်ကျော်တယ်။ ဇာတ်ကားမှာဆိုရင်တော့ ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတဲ့ကားက မကြာမီ ထွက်မည့် ♥ နီးနာရှီလာ♥ ဇာတ်ကားရယ်၊ တွဲဖက်ဒါရိုက်တာအနေနဲ့ နှစ်ကား။ ဇာတ်ကား သရုပ်ဆောင်တာကတော့ ခုထက်ထိ (၆) ကားပဲ သရုပ်ဆောင်ဖူးသေးတယ်ဗျ။

အနေအထားတစ်ခုဆီ မရောက်ခင်လေးမှာ ဘယ်လိုင်းမှာမဆို ခြေယိုင်တဲ့နေ့ရက်တွေ ( ပြန်မကြုံချင်တော့တဲ့ အတွေ့အကြုံမျိုးတွေ) ရှိတတ်ပါတယ်။ အဲ့လိုနေ့ရက်တွေရှိခဲ့သလားလို့ မေးမိတဲ့အခါ သူကအခုလို ဖြေပါတယ်။

နောက်ထပ် ပြန်မကြုံချင်တာက တစ်ရက်မှာမှ မားမားခေါက်ဆွဲတစ်ထုပ် ကြက်ဥတစ်လုံးစားပြီး လနဲ့ ချီ အနုပညာလမ်းခရီးမလျှောက်ချင် တော့ဘူး။ ခွေကူးဖို့ငွေမလောက်တဲ့အခါ ကိုယ့်သွေးကို ရောင်းဖို့တောင် စိတ်ကူးမိဖူးတယ်ဗျ။ တကယ်တမ်း အလုပ်လုပ်တဲ့အခါ ကိုယ်ပိုင် Camera /Computer မရှိခြင်းက ကျနော့် အနုပညာလမ်းခရီးအတွက် ဗွက်နွံအိုင်ထက်ဆိုးတယ်။ ရှေ့ဆက် ကိုယ်ပိုင် ကွန်ပျူတာ မဝယ်နိုင်ခဲ့ရင် သီချင်းပဲရေး/ဆို လုပ်ဖြစ်လိမ့်မယ်ထင်တယ်။ ဇာတ်လမ်း/ဇာတ်ကားတွေက သူများခေါ်မှ ပါဝင်နိုင်တော့မှာပါ။

ပြိုင်ပွဲတွေကော ဝင်ပြိုင်ဖြစ်ခဲ့ဖူးသေးလား၊ ကိုယ့်ကို ပရိသတ်မှတ်မိလွယ်မယ့် စတိုင်လ်က ဘာဖြစ်မယ်ထင်သလဲ လို့မေးလိုက်တော့ …

သီချင်းဆိုပြိုင်ဖူးတယ်။ ရန်ကုန်မှာနှစ်ခါ/ မြစ်ကြီးနားမှာတစ်ခါ၊ ကိုယ်ပိုင် သံစဉ်သီချင်းရေး/ဆိုပြိုင်ပွဲမှာ အရွေးခံရဖူးတယ်။ ရန်ကုန်မှာပေါ့။ ဖျော်ဖြေတင်ဆက်မှုမှာမှာတော့ ကျတော်က စင်ပေါ်ရောက်ရင် ကတာက ထူးခြားမယ်ထင်ပါတယ်။ စတိတ်စင်ပေါ် အငြိမ်မနေတာပါ။ ဇာတ်ကားသရုပ်ဆောင်မှုကြောင့်လဲ ပရိသတ်ပိုမှတ်မိကြပါတယ်။ ဘယ်သွားသွား မှတ်မိကြတာ ဆံပင်စတိုင်ကြောင့်လည်းပါမယ်။ အဓိကအားဖြင့်သူများထက်ပိုအနုပညာရူးရူးလို့ပဲ နေမှာပါ။

အနုပညာလှုပ်ရှားမှုတွေက စုံနေတယ်ဆိုတော့ အခု ဇာတ်ကားဒါရိုက်တာလိုင်းကို ဆက်ပြောရအောင်လို့ လှည့်ခေါ်လိုက်တယ်။ ဗီဒီယိုဒါရိုက်တာတစ်ဦးအနေနဲ့ ဘယ်လိုမျိုးအရည်အသွေးက မရှိမဖြစ်လို့ ယူဆပါသလဲဆိုတဲ့ မေးခွန်းကို သူကအခုလိုဖြေပါတယ်။

ဇာတ်ဆောင်တွေကိုကိုယ် ကိုယ်တိုင်ပြောပြ လုပ်ပြနိုင်တဲ့အရည်ချင်းကဒါရိုက်တာ ဆီမှာရှိသင့်တယ်။လုံးဝ မလုပ်ပြနိုင်ရင်တောင် လုပ်ထုံးလုပ်နည်း နည်းစနစ်ကို နားလည်အောင် ရှင်းပြနိုင်ရမယ်။ လုပ်ချင်တာထက်လုပ်နိုင်ဖို့ ကို ဦးစားပေးသင့်တယ်။ ဖြတ်ထိုးဥဏ်က ဒါရိုက်တာ တစ်ဦးရဲ့ အရည်အချင်းပဲ။

ကိုယော်တီဖါ ပြောပြကြော်ငြာနေတဲ့ “နီးနာရှီလာ” ဇာတ်ကားက ဘာအကြောင်းလဲ၊ ဘာကြောင့်ဖန်တီးဖြစ်တာပါလဲလို့ ကျွန်တော်လည်း စိတ်ဝင်စားသွားပါတယ်။ ပရိသတ် စိတ်ဝင်စားနိုင်မယ့် အမြည်းအကွက်လေးတွေ ပြောပြလို့ရမလား။ ဘယ်တော့လောက်၊ ဘယ်လိုပုံစံနဲ့ ဖြန့်မှာပါလဲလို့ မေးလိုက်တော့ …

နီးနာရှီလာ ဇာတ်ကားကို ဖန်တီးဖြစ်တဲ့ အကြောင်းရင်းက အမေ့ဆုံးမ စကားကြောင့်ပြောလို့ရတယ်။ အမေ့စကားက *မီးမတောက်တဲ့ထင်းက ထင်းအများကြီးမီးရှူံ့ ထားတဲ့ မီးဖိုချောင်ထဲမှာ မီးတောက်သလိုမြင်ရပေမယ့် ထင်းတစ်ချောင်းချင်းအပြင်ထုတ်ကြည့်မှ မီးတောက်တဲ့ထင်းလား? မီးမတောက်တဲ့ထင်းလာ:? သိသာတယ်တဲ့။ ငါ့သားသာ မီးတောက်တဲ့ထင်းမှန်ရင် အဖွ့ဲလိုက်ပဲမလုပ်ပဲ တစ်ခါတလေ တစ်ယောက်တည်း အဖွဲ့ရဲ့ပြင်ပ ကနေမီးတောက်တဲ့ ထင်းဖြစ်ကြောင်းသက်သေပြပါတဲ့*။ ဒါကြောင့် ပိုက်ဆံနှစ်သောင်းနဲ့စရိုက်ခဲ့တာ။ သားရဲအခန်း၊ အက၊ ဟာသ၊ မသန်စွမ်းဆွံ့အံ့ အခန်းတွေက ပရိတ်သတ်ကြိုက်လိမ့်မယ်။ လောလောဆယ်မှာ ဖြန့်ဖို့စနစ် projector နဲ့လိုက်ပြစနစ်နဲ့ အစပြုရလိမ့်မယ်။ လိုင်းပေါ်မှာတော့တင်ဖြစ်မှာမဟုတ်သေးဘူး။

သူ့ရဲ့ ဇာတ်လမ်းဖန်တီးပုံကိုလည်း ကျွန်တော် စိတ်ဝင်စားသွားပါတယ်။ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဇာတ်လမ်းတွေရွေးတဲ့အခါ တကယ့်အဖြစ်အပျက်တွေကို နောက်ခံထားလေ့ရှိသလား။ ရှေ့မှာ အဆင်ပြေမယ်ဆိုရင် ဘယ်လိုဇာတ်လမ်းမျိုးတွေ ဖန်တီးချင်ပါသလဲလို့ မေးမိတယ်။

အဖြစ်အပျက်တွေကို အဓိက အခြေခံရတယ်။ နောက်ထပ် ဆက်ရိုက်ဖို့ ဇာတ်လမ်း (၁၀) ခုရှိတယ်။ ♥လီဆူမတစ်ဦးရဲ့အချစ်♥ ဆိုတဲ့ ဇာတ်လမ်းအရင်ရိုက်ဖြစ်ချင်တယ်။

wow … ♥လီဆူမတစ်ဦးရဲ့အချစ်♥။ ဒါနဲ့ ကိုယ်အနုပညာအလုပ်လုပ်နေတာကို ဟန့်တားတဲ့သူတွေကြုံရပါသလား။ အနုပညာအလုပ်လုပ်ရာမှာ မဖြစ်မနေရင်ဆိုင်ကျော်လွှားရမယ့် အကြီးမားဆုံး စိန်ခေါ်မှု တွေက ဘာတွေဖြစ်မလဲ။ ဘယ်လိုကျော်လွှားခဲ့ရပါသလဲ။ ကျွန်တော်သိချင်နေတာတွေကို တရစပ် မေးလိုက်တယ်။

အခက်အခဲဆိုလို့ အများကြီးပေါ့။ မိဘညီကို ဆွေမျိုးတွေ ကတားဆီးတာမလုပ်စေချင်တာ။ သူတို့က စွန့်စားထွက်လာတာကို သဘောမကျတဲ့သူတွေ၊ အားမပေးပဲ ဆွဲချချင်တာတွေ ရှိတာပေါ့။ နောက်တစ်ခုက ကိုယ်တိုင်ခံစားရတဲ့အရာက ပိုဆိုးတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကြောင့် အိပ်မရ စားမရဖြစ်တာရှိတယ်။ ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကတော့ အရှုူံးမပေးတဲ့စိတ် တစ်ခုပဲ။

အနုပညာဆိုတာကို ဘယ်လိုမြင်ပါသလဲ လို့ဆင့်ကဲ မေးမိတော့ သူက အခုလို ပုံဥပမာလေးနဲ့ ဆင်ယင်ပြီးပြောပြပါတယ်။

အနုပညာ ဆိုတာ ရေနဲ့တူတယ်။ တစ်ခါတလေ တစ်ချို့လူတွေအနုပညာကို တောင်ကျရေစက်လောက်ပဲမြင်တယ်၊ တစ်ချို့က စမ်းချောင်းအတိုင်းအတာ၊ တစ်ချို့ကျတော့ရေခဲ၊ တစ်ချို့က မိုးရေလောက်ပဲမြင်၊ ပင်လယ်ရေလောက်မြင်တဲ့သူရှားတယ်။ သေချာတာ တော့ ရေ ကသက်ရှိတိုင်းနဲ့မကင်းသလို အနုပညာကလဲ ခံစားတတ်တဲ့ သက်ရှိတိုင်းနှင့်သက်ဆိုင်ပါတယ်။ စကြာဝဠာ နှင့်အမျှ နက်နဲကျယ်ဝန်းပါတယ်။

ဆံပင်ဖွာဖွာရှည်ရှည်လေးနဲ့ အနုပညာသမားက တကယ်လို့သာ တစ်ခြားအလုပ်လုပ်ဖြစ်ရင် ဘယ်လိုပုံစံများ ဖြစ်နေပါ့မလား ကျွန်တော် စိတ်ကူးမိတယ်။ ဒါနဲ့ပဲ တကယ်လို့ ဘဝမှာ အနုပညာအလုပ်တွေတစ်ခုမှ မဖြစ်ခဲ့ရင် တစ်ခြားဘာလုပ်နေမယ်ထင်ပါသလဲလို့ မေးလိုက်မိတယ်။

ပရဟိတ လုပ်ငန်းပေါ့။ သူတပါးကို ကူညီပေးရတာကြိုက်တယ်။

တွေ့ဆုံစကားပြောခြင်း အဆုံးသတ်ခါနီးမှာ ကိုယ့်ပရိသတ်တွေကို လိုရာစကားပါးပေးဖို့သူ့ကို ကျွန်တော် အချိန်ပေးလိုက်ပါတယ်။

ကျနော်ကို အားပေးတဲ့ပရိတ်သတ်တွေကို ကျနော်ပြောချင်တဲ့စကားက နည်းနည်း လေးပဲ အသိအမှတ်ပြု အားပေးရင်တောင် ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ဖန်တီးနေတဲ့ နီးနာရှီလာ ပြသရင်လဲ အားပေးကြပါဦး။ ပြီးတော့ ဒါရိုက်သာ JZ ဒေါင်းလွဏ်း ရဲ့ နှင်းပွင့်စေရာ ရုပ်ရှင်ဇာတ်ကား မကြာမီထွက်လာ မှာမို့အားပေးပါ။ မင့်မြတ်၊ တင်ဇာဝင့်ကျော်ရယ်၊ အခြား မင်းသားမင်းသမီးအများကြီးနဲ့ ကျွန်တော်လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။



ချစ်သော <<>>

၁၅၊ ဇန်နဝါရီလ၊ ၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *