စာမေးပွဲတွေက တကယ်စစ်မှန်မှုကို ဖော်ထုတ်ပေးတတ်ပါတယ်။ ငယ်စဉ်က ကျွန်တော်တက်နေတဲ့ တောကျောင်းကလေးကနေ အ.ထ.က ပူတာအိုကျောင်းသို့ ၇ တန်းကစပြီး ကျောင်းပြောင်းရောက်ခဲ့ပါတယ်။ မျက်စိသူငယ်၊ နားသူငယ်ပေါ့။
အတန်းထဲမှာ စာသင်ကြရင် အာကျယ်တဲ့သူတွေ၊ အစွမ်းပြတဲ့သူတွေ အများကြီး ကြုံဖူးပါတယ်။ တစ်ခါတလေ သူတို့ကိုကြည့်ပြီး ကိုယ့်မှာ စိတ်မလုံမလဲဖြစ်ကြရပါတယ်။ သူတို့ဘာဝကတော့ တကယ်မပိုင်တာကို ပိုင်သယောင်၊ ရမ်းရွှီးတာတို့ လုပ်ကြတာကိုး။ ဒါပေမယ့် ဖြေကြရတဲ့ စာမေးပွဲကတော့ တကယ်ပိုင်နိုင်မှုကို စစ်ချလိုက်တာပါပဲ။
တစ်နေ့၊ မြန်မာစာ စာစီစာကုံးရေးပြိုင်ကြ တဲ့အခါ အတန်းရှေ့မှာ ကျွန်တော့်ကို ခေါ်ထုတ်ပြပြီး၊ “ခင်ဗျားတို့ ဒီကလေးလေးကိုကြည့်။ သူရေးတဲ့ စာစီစာကုံးကို ဆရာဖတ်ရင်း မျက်ရည်တောင် လည်မိတယ်။ သူ့ကို အမှတ်အများဆုံးပေးထားတယ်။ ထူးခြားတာက သူကအတန်းထဲမှာ အငြိမ်ဆုံး၊ ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တဲ့ (တကယ်လည်း နှုတ်မသွက်ပါဘူး) တောက လာတဲ့ကျောင်းသား ဖြစ်နေတာပါပဲ။ တကယ်ဂုဏ်ယူပါတယ်” လို့ ဆရာဦးအောင်စိုးက ချီးကျူးခန်းဖွင့်ပေးခဲ့ပါတယ်။
ကျွန်တော် ရှက်လဲရှက်၊ ဂုဏ်လဲယူရပါတယ်။ အဲ့ဒီအခိုက်အတန့်ကို ကျွန်တော်မမေ့ပါဘူး။ ကျွန်တော့်ကိုချစ်တဲ့ ဆရာဦးအောင်စိုးကိုလည်း ရောက်တဲ့နေရာကနေ နှလုံးသားထဲက ဦးညွှတ်လိုက်ပါတယ်။ အဲ့ဒီနေ့ကစပြီး အပြင်မှာ ဟန်ရေးပြတာထက် တကယ်တော်ဖို့လိုတယ် ဆိုတာကို ကျွန်တော်လည်း မှတ်မှတ်သားသားဖြစ်ခဲ့ရပါတယ်။ စာမေးပွဲတွေက ဟန်ရေးပြသူတွေကို ဖယ်ပြီး၊ တကယ်စစ်မှန်စွာ တတ်ကျွမ်းသူတွေကို ဖော်ထုတ်ပေးတာ နားလည်လာပါတယ်။
လူတစ်ဦးချင်းရဲ့ဘဝမှာ စာမေးပွဲတွေ မကြာခဏဖြေကြရသလို၊ စစ်မှန်မှုတွေကို မကြာခဏ ထုတ်ဖော်ခွင့် ရကြသလို၊ အဖွဲ့အစည်းတွေမှာလည်း စာမေးပွဲတွေ ရှိပါတယ်။ အဲ့ဒီဘ၀ စာမေးပွဲတွေက စစ်မှန်မှုတွေကို ဖော်ထုတ်တာတင်မကပဲ၊ ဟန်ဆောင်မှု မျက်နှာဖုံးတွေကိုလည်း ခွာထိကြရပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတဲ့ အစည်းအဝေးဟာ နိုင်ငံရေးပါတီတွေအတွက် စာမေးပွဲဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ ပါတီဦးတည်ချက်တွေ ရွှန်းဝေအောင် ဘယ်လိုဘဲ ရေးထားပါစေ၊ မဲဆွယ်စဉ်က အပြောတွေ ဘယ်လောက်ပဲ ချိုပါစေ၊ လက်တွေ့မြေပြင်ပေါ်မှာ သူတို့ရပ်တည်မှုကို စစ်ဆေးခံလိုက်ရတာပါပဲ။ ပါတီတွေ မျက်နှာဖုံး ကွာကျကုန်ပြီး၊ ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေခံခဲ့ကြရပါတယ်။ ပါတီတွင်းက အရေးပါတဲ့သူတွေ နှုတ်ထွက်ကုန်ပါတယ်။
စီဒီအမ်ကိစ္စကလည်း ဝန်ထမ်းတွေကို စာမေးပွဲစစ်လိုက်တာပါပဲ။ ဘယ်သူက ကိုယ့်အတွက်ကလွဲလို့ တိုင်းပြည်အကျိုးကို မျက်ကွယ်ပြုနိုင်သလဲဆိုတာ ပေါ်လွင်လာစေပါတယ်။ မတရားတဲ့ ခေါင်းကြီးပိုင်းက လူတွေရဲ့ အကြံအစည် အထမြောက်အောင် ရုံးတက်ပေးနေတဲ့ဘဝကို သူတို့ရွေးလိုက် တာပါပဲ။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သွေးစွန်းမှုတွေမှာ ကိုယ့်ရဲ့ ထည့်ဝင်မှုတစ်နည်းတစ်ဖုံ ပါဝင်စေတာ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာ နှင့် ကိုယ်ကျင့်သိက္ခာ စာမေးပွဲတွေ ကျဆုံးတာပဲဖြစ်ပါတယ်။
အလားတူပဲ၊ နက်ဖြန်ကျင်းပတော့မယ့် တပ်မတော်နေ့ ဖိတ်ကြားချက်က လည်း တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် ရပ်တည်မှု စစ်ဆေးတဲ့ စာမေးပွဲဖြစ်လာပါတယ်။ စာရွက်တွေပေါ်မှာ၊ အင်တာဗျူးစကားလုံးတွေ ဘယ်လောက်ပဲကောင်းပါစေ၊ လက်တွေ့ စာမေးပွဲတွေကတော့ စစ်မှန်မှုကို ဖော်ထုတ်ပေးသလို၊ ဟန်ဆောင်မှု မျက်နှာဖုံးတွေကိုလည်း ချွတ်ခွာပေးပါလိမ့်တယ်။
ပြည်သူအများရဲ့ ဆန္ဒသဘောထားကိုလျစ်လျူရှုပြီး မျက်ကွယ်ပြုတဲ့အလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကတော့ ဂုဏ်သိက္ခါနဲ့ ရပ်တည်မှုဆိုင်ရာ ပြဿနာရင်ဆိုင်ကြုံတွေ့ကြရမှာကတော့ မလွဲမသွေပါပဲ။
လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ဘဝစာမေးပွဲတွေ အောင်မြင်ကြပါစေ။