အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆီဟူးဒွေ့နှင့် စကားစမြည် … (Interview with senator U See Hu Dwe)

(၁) မိတ်ဆက်ပေးပါ။

နာမည်က ဦးဆီဟူးဒွေ့၊ မိဘတွေကတော့ အဖဦးချော်ဖာတီ (ကွယ်လွန်) နဲ့ အမိဒေါ် ခူမာမဲ ဖြစ်ပါတယ်။ ၁၉၆၈ နှစ်ဖွားဆိုတော့ အသက်က (၅၂) နှစ်ရှိပါပြီ။ ဇနီးသည်က ဒေါ်ချန်ရမ်ဖြစ်ပြီး၊ သမီးနှစ်ယောက်၊ သားတစ်ယောက် ရှိပါတယ်။ လက်ရှိအလုပ် အကိုင်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်ပါတယ်။

(၂) နိုင်ငံရေးထဲ ဘယ်ခုနှစ်မှာ  စတင်ဝင်ရောက်ခဲ့ပါသလဲ။ ဘာကြောင့်ပါလဲ။ အမှတ်တရတွေ  ပြန်ပြောင်းအောက်မေ့ ပြောပြပေးပါလား။

နိုင်ငံရေးထဲ ထဲထဲဝင်ဝင်ပါဝင်ဖြစ်ခဲ့တာကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ စတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အစိုးရဝန်ထမ်းအနေနဲ့ နှစ် ၂၀ ကျော်နေလာခဲ့ပါတယ်။ ပြီးတော့ ကျမ်းစာကျောင်းတက်ပြီး ဘာသာရေးလောကထဲ ဆက်ကပ်ခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်။ နိုင်ငံရေးလောကထဲ ဝင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ စတင်ဖို့နီးကပ်လာချိန်မှာ မိတ်ဆွေအပေါင်း အသင်းအချို့က ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းကြပါတယ်။ အဲ့ဒီကနေ နိုင်ငံရေး လောကထဲ စတင်ဝင်ရောက်ဖြစ်ခဲ့တာပါပဲ။ နိုင်ငံရေးက လွယ်မယောင်နဲ့ ခက်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ပါတီနိုင်ငံရေးမဟုတ်တဲ့ နိုင်ငံရေးတော့ လုပ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ် စား၊ ဝတ်၊ နေရေးအားလုံးက နိုင်ငံရေးနဲ့ ဆက်စပ် နေလို့ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ဖြစ်ခဲ့တာကတော့ ကျွန်တော့် ဘဝအတွက် အမှတ်ရစရာတွေဖြစ်စေပါတယ်။ နိုင်ငံရေးကို မြည်းစမ်းကြည့်မိတာပေါ့။ အင်မတန် ခါးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပါတီဝင်မဟုတ်ခဲ့ပါဘူး။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့တာပါ။ ကြိုတင်အစီအစဉ်မရှိ၊ အချိန်ပေးထားတာ မရှိဆိုတော့ တော်တော်လေး အခက်အခဲ ကြုံခဲ့ရပါတယ်။ ဝင်ပြိုင်ရမယ့်နေရာကလဲ လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး (ကချင်) နေရာဆိုတော့ ကချင်ပြည်နယ် တစ်ခုလုံး သွားရပါတယ်။ မဲဆန္ဒနယ်ကျယ်ပြန့်တော့ အခက်အခဲမျိုးစုံ ကြုံရပါတယ်။ ရွေးကောက်ပွဲ ဥပဒေတွေနဲ့အညီ အကောင်းဆုံးတော့ ယှဉ်ပြိုင်မှု ပြုခဲ့ပါတယ်။ သို့သော် အနိုင်မရခဲ့ပါဘူး။ ဒါပေမယ့် စိတ်မကောင်းမဖြစ်ပါဘူး။ အတွေ့အကြုံ အများကြီးရခဲ့ ပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ မိမိတို့ပါတီ နဲ့ မိမိတို့ လူမျိုးတွေရဲ့ ထောက်ခံအားပေးမှု အပြည့်ရရှိပြီးတော့ အနိုင်ရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက် ခွင့်ကို ပြည်သူလူထုက တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်လို့ ပြောချင်ပါတယ်။ 

(၃) ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ယေက် အနေနဲ့ လူထုမြင်ရတဲ့ အပိုင်းရော၊ မမြင်နိုင်တဲ့ အပိုင်းရော ဆောင်ရွက်ခဲ့တာတွေ အများကြီး ရှိမှာပါ။ အရေးအပါဆုံးလို့ ထင်ရတဲ့ ဆောင်ရွက်ချက်တစ်ချို့ကို ဖော်ပြပေးနိုင်မလား။

ကျွန်တော်က ကြားဖြတ်ရွေးကောက်ပွဲကနေ ပါဝင်ခွင့်ရတော့ လွှတ်တော်ကိုယ်စား လှယ်တာဝန် ၂ နှစ်လောက်ပဲ ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ ကိုယ်ရှေ့က ၃ နှစ်လောက် တာဝန်ထမ်းဆောင်လာခဲ့တဲ့ ကိုယ်စားလှယ်တော် တွေနဲ့ အကောင်းဆုံး ပေါင်းသင်း ဆက်ဆံပြီးတော့ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ လွှတ်တော်မှာ (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ၊ (၂) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီများမှာ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ အောင်မြင်ခဲ့တာ ရှိသလို၊ ဆက်လက်လုပ်ဆောင်စရာတွေ၊ လိုအပ်မှုတွေလည်း အများကြီး ရှိပါတယ်။

နောက်ပြီးတော့ မြစ်ကြီးနား ခရိုင်အတွက်ဆိုရင် (၁) မြစ်ကြီးနား – ဟိုပင် – ဆင်ဘိုလမ်း (၂) မြစ်ကြီးနား – ရွှေအိုက် – ရွှေပြည်သာ – အားဆာ – နန်းကွေ့လမ်း၊ (၃) နမ္မလီး တံတား ( ခေါင်ဖူး)၊ (၄) မြို့သစ်- အေးမြသာယာ – ကဘူဒမ်းလမ်း၊ (၅) မြစ်ကြီးနား ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကမ်းထိန်းနံရံ တည်ဆောက်ရန် စသည့်အရေးကြီး လိုအပ်ချက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး အကောင်အထည် ဖော်ပေးနိုင်ခဲ့ ပါတယ်။

ထို့ပြင် ဥပဒေမဲ့လုပ်ရပ်တွေကို လွတ်တော်လမ်းကြောင်းအပြင်၊ ဥပဒေပိုင်း ဆိုင်ရာ တွေနဲ့ ထောက်ပြပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ (ဥပမာ- တရားမဝင် ရွှေတူးဖော်ခြင်း ကြောင့် ဧရာဝတီမြစ်ကြောင်း ပျက်စီးမှုအား ကာကွယ်ရန်၊ ဝန်ထမ်းများ လိုအပ်သလို ခန့်ထားနိုင်ရန်၊ တိုင်းရင်း သား စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာများကို ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

(၄) လွှတ်တော်ကိုယ်စားလှယ်ကာလတစ်လျှောက် ကိုယ်မလုပ်နိုင်ခဲ့လို့ နောင်တရတာ၊ လုပ်ဖြစ်လို့ ဂုဏ်ယူရတာ ရှိပါသလား။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ တာဝန်နဲ့ လုပ်ဆောင်စရာတွေက အင်မတန်များ ပါတယ်။ ကျွန်တော့်အနေနဲ့ အချိန် ၂ နှစ်ခန့်သာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့တဲ့အတွက် လုပ်ဆောင်စရာတွေ အများကြီးတော့ ကျန်သွားတယ်။ သို့သော် ပြည်သူ့ဆန္ဒကိုတော့ ဘယ်လွန်ဆန်နိုင်မလဲ။ လွှတ်တော်ရေးရာ ကော်မတီမှာရော၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှာရော အစည်းအဝေးတိုင်း မပျက်မကွက် တက်ရောက်ခဲ့ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြည်သူ့အတွက် လိုအပ်ချက်တွေ လွှတ်တော်မှာ တင်ပြနိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးက ဂုဏ်ယူ ကျေနပ်စရာတွေပါပဲ။

(၅) ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာ အရွေးမခံခဲ့ရတော့ ဘယ်လိုပုံစံနဲ့ နိုင်ငံ့အရေးကို ဆက်လက်လုပ်ဆောင်ဖို့ စဉ်းစားထားပါသလဲ။

အမြဲတမ်းအနိုင်ရရှိဖို့ဆိုတာ မဖြစ်နိုင်မှန်းသိပါတယ်။ ခေတ်စနစ်အရ ပြည်သူလူထုရဲ့ ရွေးချယ်မှုကလဲ ပြောင်းလဲသွားရတာပါ။ သို့သော် လွှတ်တော် အတွေ့အကြုံတွေ ရရှိပြီး ဖြစ်လို့ နည်းလမ်းအရ လုပ်ရမယ့်အလုပ်တွေ မလုပ်တာတွေ့ရရင် ပြည်သူ အတွက် ထောက်ပြခွင့်တော့ ရှိပါတယ်။ အကောင်းဆုံးဖြစ်စေဖို့ အကောင်းဖက်က အပြုသဘော ဆောင်တဲ့ အပြုအမူတွေ လုပ်သွားမှာပါ။

(၆) နိုင်ငံရေးသမားကောင်းတွေက ရှေ့မှာဖြစ်လာမယ့်အရာတွေကို ကြိုမြင်တတ်ကြ တယ်လို့ သိထားပါတယ်။ ကချင်ဒေသအတွက် ဘာတွေက ခြိမ်းခြောက်မှုဖြစ်နေသလဲ၊ ဘာတွေက အခွင့် အလမ်းဖြစ်နေတယ်လို့ မြင်ပါသလဲ။ ရှေ့မှာ ဘယ်လိုပြုမူသင့်ပါသလဲ။

နိုင်ငံရေးသမားအားလုံးကတော့ သူ့ခံယူချက်နဲ့သူ ကောင်းတာပြောနေကြတာပါပဲ။ ကချင်ပြည်နယ်ရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ တန်းတူညီမျှမှုကို အခြေခံပြီး လုပ်ဆောင်တာ ရှင်သန်ဖို့ လိုပါတယ်။ ဒါမှ အင်အားကောင်းကောင်းနဲ့ ပြည်ထောင်စုမှာ တင်ပြနိုင် မှာပါ။ ပါတီစွဲ၊ လူမျိုးစွဲနဲ့ လုပ်နေသရွေ့တော့ ကချင်ပြည်နယ်ရဲ့ အခွင့်အရေး ရသင့် သလောက် မရနိုင်ဖူးလို့ မြင်ပါတယ်။ အထူးသဖြင့် environment ကိစ္စတွေပေါ့။ တညီတညွှတ်တည်း တွန်းလှန်ကာကွယ်ဖို့လိုတာပေါ့။ ဒီလိုကိစ္စတွေမှာ ကိုယ်စားလှယ် တွေ အားလုံး ညီညွှတ်ရမယ်လို့ ဆိုလိုပါတယ်။ 

(၇) နိုင်ငံရေးလောကထဲ ထဲထဲဝင်ဝင်လုပ်ချင်သူတွေကို ဘာအကြံပေးချင်ပါသလဲ။

ကျွန်တော် ရှေ့မှာပြောခဲ့သလိုပါပဲ။ လူတိုင်း နိုင်ငံရေးနဲ့ ဆက်စပ်နေပါတယ်။ နိုင်ငံရေးကို တစ်နည်းမဟုတ်တစ်နည်း လုပ်နေကြရတယ်ပေါ့။ ဒါကြောင့် ပိုကောင်း အောင်၊ ပိုထိရောက်အောင် လုပ်ဆောင်နိုင်ဖို့က လေ့လာမှု အရေးကြီးပါတယ်။ အခု ခေတ်မှာ ကိုယ်သိချင်တာတွေကို အွန်လိုင်းမှာ ရှာ လို့ရနိုင်ပါတယ်။ လူငယ်တွေ များများလေ့လာကြပါ။ တိုင်းပြည်ကောင်းဖို့ နိုင်ငံရေး သမားကောင်းတွေ အများကြီး လိုအပ်ပါတယ်။

မိမိတို့ လီဆူလူမျိုးက မြန်မာနိုင်ငံမှာ လူနည်းစု minority ဖြစ်တယ်။ ဒါကြေင့် တစ်ခြား လူများစု majority တွေလုပ်တဲ့အတိုင်း လိုက်လုပ်လို့ မရပါဘူး။ majority ဖြစ်တဲ့ လူမျိုးတွေက ပါတီတိုင်းမှာ သူတို့ လူမျိုးကိုယ်စားလှယ်တွေ ပါနေတတ်ပါတယ်။ ဒီတော့ သူတို့က လူကိုကြည့်စရာမလိုပါပဲ ပါတီကိုပဲ ရွေးစရာလိုတယ်။ ဘယ်ပါတီ ပဲနိုင်နိုင်၊ သူတို့လူမျိုး လွှတ်တော်ထဲ ရောက်မှာပါပဲ။ ဒါပေမယ့် လူနည်းစု minority  ဖြစ်တဲ့လူမျိုးတွေမှာကျတော့ ပါတီတိုင်း ကိုယ်စားလှယ်လောင်း ရကြတာ မဟုတ် ပါဘူး။ ဒီ တော့ လူကိုလည်း ကြည့်ရတယ်။ ဒါမှ မိမိလူမျိုး လွှတ်တော်ထဲ ရောက်မှာ ပါ။ လူနည်းစု minority တွေအနေနဲ့ လွှတ်တော်ထဲမှာ မိမိလူမျိုး ကိုယ်စားလှယ်ရှိရင် လိုအပ်ချက်တွေကို တင်ပြနိုင်ပေမယ့်၊ ကိုယ်စားလှယ်မရှိခဲ့ဘူးဆိုရင် လစ်လျူရှုတာ ခံရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒါကတော့ အနာဂတ်ရွေးကောက်ပွဲတွေမှာလည်း မျှမျှ တတတွေးပြီး ဆင်ခြင်ရမယ့်အရာလို့ မြင်ပါတယ်။

(၈) ကိုယ့်ကို ယုံကြည် ထောက်ခံပေးခဲ့တဲ့ ပါတီနဲ့ ပြည်သူတွေအတွက်  ဘာ သတင်းစကားလေးပါးချင်ပါသေးသလဲ။

၂၀၁၈ ဒီဇင်ဘာလကနေပြီးတော့ ၂၀၂၀ ဒီဇင်ဘာလအထိ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူလူထုမှ ရွေးချယ် တာဝန်ပေးအပ်လာသည်နှင့်အညီ နေပြည်တော်မှာ နေပြီး ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးများ၊ ရေးရာကော်မတီ၊ ပူးပေါင်းကော်မတီ အစည်းအဝေးများကို တာဝန်ကျေပြွန်စွာ တက်ရောက်ခဲ့ပါတယ်။သည်အတွက် ပါတီတာဝန်ရှိသူများ နှင့် မိမိအား ထောက်ခံဆန္ဒမဲပေးခဲ့ကြသော မဲဆန္ဒရှင်များအား ၎င်း၊ မဲမပေး နိုင်ခဲ့သော မိမိမဲဆန္ဒနယ်မှ မိဘပြည်သူများအားလုံးအား ၎င်း၊ နောင်လည်း အခါအခွင့် ရရှိလာပါက ဆက်လက် ပူးပေါင်းပါဝင် သွားကြပါစို့လို့ ပြောကြားရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *