ရုပ်ရှင်သရုပ်ဆောင် ပန်းပန် ❤️ နှင့် စကားစမြည် …

 

အမည်- မြတ်နိုးချယ်ရီ
အနုပညာအမည်- ပန်းပန် (Pann Pan)
မိဘအမည်- ဦးငွါးလေးမြင့် + ဒေါ်ညီမာဆဲ
မွေးရပ်ဇာတိ- ပူတာအို၊ ကချင်ပြည်နယ်
လက်ရှိနေရပ်- ရန်ကုန်

အနုပညာနာမည် ထူးထူးခြားခြားလေးကို ဘယ်လိုရွေးဖြစ်တာလဲ။  

❤️ ပန်းပန်ထားတဲ့ မိန်းကလေး တစ်ယောက်က ကျက်သရေရှိတယ်၊ ချစ်စရာကောင်းတယ်။ မြင်ရသူတွေရင်ထဲမှာလဲ နှစ်သက်စေတယ်လို့ ခံစားရတယ်။ အဲဒါကြာင့် မြင်ရသူရင်ထဲ အေးချမ်းနှစ်သက်အောင်လို့ “ပန်းပန်” ဆိုတဲ့ နာမည်လေး ပေးဖြစ်တာပါရှင့်။ 

သရုပ်ဆောင် အနုပညာလောကထဲ ဘယ်အချိန်က စတင်ဝင်ရောက်လာခဲ့ပါသလဲ။ ဘာကြောင့်သရုပ်ဆောင်အနုပညာလိုင်းကို ရွေးဖြစ်သွားတာလဲ။ 

❤️ ၂၀၁၂လောက်ကသရုပ်ဆောင်လောကထဲ ဝင်ရောက်ခဲ့တာပါ။ သရုပ်ဆောင်ဘက်ကို ရွေးဖြစ်တာက သရုပ်ဆောင်ရတာကို ပိုအားသန်တယ်။ ဝါသနာပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်လဲဖြစ်ချင်လို့ပါ။

အခုအနေအထားရောက်အောင် တွန်းပို့လိုက်တဲ့ အဓိကတွန်းအားက ဘာဖြစ်မယ်လို့ ပြောနိုင်မလဲ။ ဘာကြောင့်လဲ။

❤️ အဓိကတွန်းအားက ကိုယ်ကိုယ်တိုင်က အောင်မြင်တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ်နဲ့ လီဆူဂုဏ်ကို တစ်ဖက်တစ်လမ်းက မြင့်တင်ပေးနိုင်တဲ့သူဖြစ်ချင်လို့ပါရှင့်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီရဖို့ ဘာတွေလိုအပ်မလဲ။

❤️ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် အနေနဲ့ အကယ်ဒမီရဖို့အတွက်ကတော့ အခြားသူတွေရဲ့ အဖက်ဖက်က အကောင်းဆုံးပံ့ပိုးပေးတာရယ်၊ ကိုယ်တိုင်က ကိုယ့်ကိုယ်ကျတဲ့ဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခြင်းလို့ မြင်မိပါတယ်ရှင့်။  

အခုအနေအထားရောက်အောင် ဖြတ်သန်းလာခဲ့ရတဲ့ ဘဝခရီးမှာ ဘာအမှားတွေ လုပ်ခဲ့မိတယ်လို့ သုံးသပ်မိသလဲ။ ဘယ်လိုပြန်လုပ်ယူပါသလဲ။

❤️ အမှားတော့ နှလုံးသားရေးဘက် စိတ်နည်းနည်းယိုင်ပြီး အလုပ်ဘက်ကို လစ်ဟင်းသွားတာမျိုး အချိန်ကာလတစ်ခုဖြစ်သွားပါတယ်.. (ရယ်လျက်)။ အခုအချိန်မှာတော့ အလုပ်ကိုသေချာအာရုံစိုက်ပြီး အရင်ကထက်ပိုပြီး ကြိုးစား လုပ်ဖြစ်နေပါတယ်ရှင့်။

အားလပ်ချိန်မှာ ဘာတွေလုပ်နေရတာကို နှစ်သက်ပါသလဲ။ 

❤️ အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်၊ စာဖတ်၊ အားကစားခန်းမ သွားတာမျိုး လုပ်ဖြစ်ပါတယ်ရှင့်။

ဘယ်လိုအားကစားမျိုးကို လိုက်စားဖြစ်ပါသလဲ။ ဘာကြောင့်လဲ။

❤️ အားကစားခန်းမ သွားရင်တော့ Boxing, Zumba, Power Step class တွေ join ဖြစ်ပါတယ်ရှင့်။ သီချင်းနဲ့ မြူးမြူးကြွကြွ လုပ်ရတာမို့ စိတ်ဖိစီးမှုလျော့ပြီး ပေါ့ပါးလန်းဆန်းစေတယ်။ ချွေးပိုထွက်ပြီး ပိုသက်လုံကောင်းစေလို့ပါရှင့်။

ကမ်းလှမ်းလာမယ်ဆိုရင် ရုပ်ရှင်ကားတွေ ရိုက်ဦးမှာလား။ (ပရိသတ်တွေ မျှော်နေလို့ပါ) ဘယ်လိုကာရိုက်တာမျိုးကို သရုပ်ဆောင်ချင်ပါသလဲ။

❤️ ဟုတ်ကဲ့ ကမ်းလှမ်းလာတဲ့ ရုပ်ရှင်ကားတွေကို အကောင်းဆုံး လက်ခံရိုက်ကူးသွားမှာပါ။ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ချင်ပါတယ်ရှင့်။ 

 ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာလူသားတွေကို တစ်နည်းနည်းနဲ့ ထိခိုက်စေခဲ့ပါတယ်။ ပန်းအတွက်ရော ဘယ်လိုပုံစံနဲ့ သက်ရောက်မှု ရှိခဲ့ပါသလဲ။ ကိုဗစ်ကာလမှာ အနုပညာလှုပ်ရှားမှု ရှိခဲ့လား။

❤️ ကိုဗစ် ကပ်ဆိုးကာလမှာ ပန်းမှ မဟုတ်ပါဘူး အားလုံးက အလုပ်တွေနားထားရတာတွေ၊ စီးပွားရေးမဆင်မပြေ ကြပ်တည်းကြတာတွေ ဖြစ်နေကြပါတယ်။ ပန်း ဒီကိုဗစ်ကာလမှာ အွန်လိုင်းကနေ ဈေးရောင်းတယ်။ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စည်းကမ်းချက်တွေကိုလိုက်နာပြီးရိုက်လို့ ရတဲ့ရှုတင် တချို့ရိုက်ဖြစ်ပါတယ်ရှင့်။

တကယ်လို့ ပန်းပန်က သရုပ်ဆောင်မလုပ်ဖြစ်ခဲ့ရင် တစ်ခြားဘာလုပ်နေမယ်ထင်ပါသလဲ။ ဘာကြောင့်လို့ ထင်ပါသလဲ။

❤️ ဖက်ရှင်ပိုင်းကို စိတ်ဝင်စားလို့ ဖက်ရှင်ဆိုင်ဖွင့်ဖြစ်ပါမယ်ရှင့်။ အခုလောလောဆယ်လဲ Pann Cherry Fashion Store ဆိုပြီး Online Page ဖွင့်ထားပါတယ်။ အဝတ်အစား၊ အိတ်၊ ဖိနပ်၊ ဦးထုပ်၊ ဖန်စီပစ္စည်းလေးတွေ online ကနေရောင်းပေးပါတယ်ရှင့်။

လီဆူတစ်ယောက်အနေနဲ့ ကိုယ့်အမျိုးသားချင်း တက်သစ်စ လူငယ်တွေကို ဘယ်လို အားပေးစကား ပြောချင်ပါသလဲ။

❤️ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် အာရုံစိုက်ပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါ။ ဘယ်လိုအခက်အခဲအစီးအတားတွေ ကြုံလာပါစေ စိတ်ဓာတ်မကျ အားမလျော့ပါနဲ့။ လဲကျရင်ပြန်ထပြီး ကိုယ့်အိပ်မက်ကို အကောင်းဆုံးအကောင်အထည်ဖော်ပါ။ ကိုယ့်မိဘ မိသားစုဂုဏ်ကိုပါမက ကိုယ့်လီဆူလူမျိုးဂုဏ်ပိုမြင့်တက်စေဖို့ တစ်ဖက်တစ်လမ်းက ကြိုးစားနိုင်တဲ့သူ၊  စံပြရပ်တည်ပေးနိုင်တဲ့သူ ဖြစ်အောင် အစွမ်းကုန်ကြိုးစားပါလို့ အားပေးစကားပြောချင်ပါတယ်ရှင့်။

အားပေးနေတဲ့ ပရိသတ်တွေကို ဘာများ စကားပါးချင်ပါသလဲ။

❤️ ပန်းကိုအားပေးကြတဲ့ ပန်းကိုချစ်တဲ့ပရိသတ်အားလုံးကို ပန်း ကျေးဇူးအများကြီးတင်ပါတယ်။ ပန်းရဲ့ပရိသတ်တွေ အားပေးရကျိုးနပ်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် အမြဲတမ်း ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်??

ချစ်သော <<< ကိုဂျေ >>>

၇၊ ၁၊ ၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *