မြန်မာစစ်တပ်ရဲ့ခြုံလွှာ

အတွင်းသဏ္ဍာန်အစစ်အမှန်ကိုဖုံးဖိထားဖို့ ခြုံလွှာတွေကို သုံးကြရပါတယ်။ မြန်မာစစ်တပ်ကလည်း အတွင်းသဏ္ဍာန်ကိုဖုံးဖိဖို့ရည်ရွယ်ချက်နဲ့ ခြုံလွှာတွေသုံးပါတယ်။ မြန်မာစစ်ရဲ့အတွင်းသဘောမှန်ကိုသိဖို့ မျက်နှာဖုံးလှလှ၊ မိတ်ကပ်လှလှ၊ အပေါ်ယံခြုံလွှာတွေကို ခွာကြည့်ဖို့လိုလာပါတယ်။

နောင်မှာ မြန်မာ့တပ်မတော်ဖြစ်လာမယ့် သန္ဓေကို ၁၉၄၀ ခုနှစ်များဆီက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်က ဂျပန်မှာ စစ်ပညာသင်ယူပြီး စတင်ခဲ့ပါတယ်။ တပ်မတော်ဟာ နဂိုကတည်းက သန္ဓေမမှန်ခဲ့ပါ။ သတင်းစာသမား ဟံသာဝတီ ဦးဝင်းတင်လည်း အဲ့လိုပဲမှတ်ချက်ပေးခဲ့ဖူးပါတယ်။ မြန်မာစစ်တပ်ဟာ ဖက်ဆစ်တွေရဲ့ ထိန်းကျောင်း လေ့ကျင့်ပေးမှုအောက်မှာ ရက်စက်တတ်လာခဲ့တယ်။ ဆရာတပည့်စွဲ သစ္စာခံမှု၊ အုပ်စုဖွဲ့မှုစနစ် အမြစ်စွဲ လာခဲ့ပါတယ်။ စစ်တပ်ထဲမှာ အမှန်တရားထက် ကြီးနိုင်ငယ်ညှည်း စနစ်ထွန်းကားလာခဲ့ပါတယ်။ ဒါက မြင်ရတဲ့ အမူအကျင့်ပိုင်း။ စစ်ပညာတတ်လျှင် တိုင်းပြည်ကို ဦးဆောင်နိုင်ပြီဆိုတဲ့ တစ်လွဲအမြင်တွေလည်း ခိုင်မာလာခဲ့ပါတယ်။ သေရေးရှင်ရေး စစ်မြေပြင်မှာ စစ်တပ်ဟာအရေးပါခဲ့တာတစ်ခုတည်းနဲ့ အရာရာမှာ စစ်တပ်ကအရေးပါတယ်လို့ အမြင်မှားမှုဖြစ်လာခဲ့တယ်။ ဒါက ဖီလော်ဆိုဖီအပိုင်း။ ဒါပေမယ့် သူတို့ဖီလိုဆိုဖီက လူထုကြား၊ နိုင်ငံတကာအသိုင်းအဝန်းကြားမှာ မတိုးမှန်း ခေါင်းဆောင်ပိုင်းတွေက ဒက်နေလေတော့၊ မျက်နှာ ဖုံးတွေ၊ မိတ်ကပ်တွေ၊ ခြုံလွှာတွေလိုလာပါတယ်။ ဒီဆောင်းပါးထဲမှာ မြန်မာစစ်တပ်ရဲ့ ခြုံလွှာတွေကို ဖော်ထုတ် ပြသသွားမှာဖြစ်ပါတယ်။ ခြုံလွှာတွေကို လေ့လာတဲ့အခါ နိုင်ငံရေးစနစ်ခြုံလွှာ ၂ ထည်၊ အမျိုး ဘာသာသာသနာ ခြုံလွှာ ၃ ထည်၊ အားလုံးပေါင်း (၅) ထည်ဖြစ်နေတာကို တွေ့မြင်ရပါတယ်။ တပ်မတော ်အင်စတီကျူးရှင်းက ဒီခြုံလွှာ (၅) ထည်ကို ထည်လဲသုံးပြီး သူ့ရဲ့နဂိုသဏ္ဍန်ကို ဖုံးကွယ်နေဆဲ ရှိပါတယ်။

(၁) ဆိုရှယ်လစ်ခြုံလွှာ
မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရယ်လို့ ထူထောင်ဖို့ ပင်လုံမှာ ကတိကဝတ်ရှိထားပါလျက်နှင့် တပ်မတော် ခေါင်းဆောင်တွေက “ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ်သွား” စသည်ဖြင့် ပညာရေး အတန်းစာမှာ ခေတ်စကားနဲ့ပြောရရင် ဂျင်းထည့်ခဲ့ပါတယ်။ ပင်လုံစာချပ်မှာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံး မယ်ဆိုတဲ့ သဘောတူညီချက် တစ်လုံးတစ်ပါဒမျှ မပါဝင်ပါ။ တပ်မတော်ခေါင်းဆောင်တွေက ပါတီအသွင် ပြောင်းထောင်ပြီး အရှက်မဲ့စွာ ဗြောင်လိမ်ဗြောင်စား လုပ်ခဲ့ပါတယ်။ ပညာရေးကို ဝါဒဖြန့်ရာ နယ်ပယ်အဖြစ် လုပ်ခဲ့ပါတယ်။ တကယ်တမ်း ဆိုရှယ်လစ်စနစ်ကို ယုံကြည်သက်ဝင်တာလဲ မဟုတ်ခဲ့ပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရယ်လို့ ထူထောင်ခဲ့ပေမယ့်၊ ဒါကခြုံလွှာပါပဲ။ တပ်မတော်ဟာ တိုင်းပြည်အာ ဏာကို လုယူခဲ့တာ ပါပဲ။ တပ်မတော်ဟာ သန္ဓေမမှန်တာမို့ ရက်စက်ခဲ့တာပါပဲ။ ခြုံလွှာကို လစ်ဖွင့်ကြည့်ရင် အတွင်းထဲမှာ တော့ကိုယ်ကျိုးရှာ ဗိုလ်နေဝင်းတို့အုပ်စုရဲ့ အကျင့်ပျက်မှုတွေက အထင်းသားပါပဲ။

(၂) ဖက်ဒရယ် ဒီမိုကရေစီခြုံလွှာ
တစ်ချိန်က ဆိုရှယ်လစ်ခြုံလွှာဆောင်းခဲ့တဲ့ တပ်မတော်ဟာ၊ ကနေ့ ၂၀၂၁ ခုနှစ်အချိန်အခါမှာ ဖက်ဒရယ်ဒီ မိုကရေစီခြုံလွှာကို ဆွဲခြုံလာပါတယ်။ သူကပဲ ဖက်ဒရယ်ကိုဖော်ဆောင်ပေးမလိုလို၊ သူကပဲဒီမိုကရေစီစနစ်ကို မြတ်နိုး သယောင် ယောင် လုပ်လာပါတယ်။ ဒါဟာ သူ့ရက်စက်ယုတ်မာမှု၊ သူ့သန္ဓေမမှန်မှု၊ သူ့လောဘတွေကို ဖုံးကွယ်ဖို့ ခြုံလွှာ ပါပဲ။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ အိပ်မက်ဆိုတာ ၂၀၂၁ နွေဦးကျမှ ပေါ်လာတာမဟုတ်ပါဘူး။ ပင်လုံစာချုပ်အပိုဒ်- ၅ နဲ့ အပိုဒ် -၇ အရ ပင်လုံကတိကဝတ်၊ ပင်လုံအိပ်မက်ကို ဖော်ဆောင်တာပဲဖြစ်ပါတယ်။ ပင်လုံကတိကဝတ် အပိုဒ်-၅ မှာ ဖက်ဒရယ်စနစ်ကိုဖော်ဆောင်ဖို့၊ အပိုဒ်-၇ မှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ နိုင်ငံထူထောင်သူများ သဘောတူထားပြီးဖြစ်ပါတယ်။
ပင်လုံကတိကဝတ်ကို မဖော်နိုင်အောင် ဟန့်တားနေခဲ့တဲ့ အင်စတီကျူးရှင်းတစ်ခုကတော့ မြန်မာ စစ်တပ်ပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ မျှော်မှန်းခဲ့တဲ့နိုင်ငံတော်မျိုးကို မလုပ်နိုင်အောင် အမျိုးမျိုးလိမ်လည်လှည့်ဖျားနေခဲ့တာကတော့ မြန်မာ့တပ်မတော် အင်စတီကျူးရှင်းတွေပဲဖြစ်ပါတယ်။


အမျိုး၊ ဘာသာ၊ သာသနာခြုံလွှာ (၃) ထည်အုပ်စုမှာတော့ မျိုးချစ်ကြီးခြုံလွှာ၊ ဘာသာစာပေမြတ်နိုးမှုခြုံလွှာ၊ သာသနာဦး ထိပ်ထားမှုခြုံလွှာ တွေကိုဆင်မြန်းပါတယ်။ သူတို့ထက် နိုင်ငံကိုချစ်သူ၊ လူမျိုးကိုချစ်သူ မရှိတော့ ဘူးလို့ ဆိုရလောက်အောင်ချစ်ပြပါတယ်။ သူတို့ကပဲ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက် မြှင့်တင် ပေးသလို လုပ်ပြပါတယ်။ ကယ်တင်ရှင်နေရာ (တိုင်းပြည်ကိုကယ်တင်တယ်)၊ မိဘနေရာ (တပ်မတော်သာအမိ၊ တပ်မတော်သာအဖ) လုပ်ယူပါတယ်။ ဒါတွေက တပ်မတော်က သူ့အတွင်းသဘောကို ဖုံးဖိဖို့ အမျိုး၊ဘာသာ၊ သာသနာဆိုင်ရာ ခြုံလွှာတွေပဲဖြစ်ပါတယ်။
တကယ်တမ်း မကွယ်မဝှက် သမိုင်းမှန်ကို ပြောကြရရင် … မြန်မာ့နိုင်ငံရေးမှာ၊ နိုင်ငံသစ်တစ်ခုကို တည် ဆောက်ရာမှာ သန္ဓေမှန်အောင် လုပ်ယူရမယ့် အင်စတီကျူးရှင်းက တပ်မတော်ပါပဲ။ ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုးကလွဲလို့ … အမျိုး၊ ဘာသာ၊ သာသနာ၊ နိုင်ငံရေးယုံကြည်မှု စနစ် ဘယ်တစ်ခုကိုမှ ဂရုစိုက်တာမဟုတ်ပါဘူး။

ဖက်ဆစ်ဂျပန်လက်အောက်မှာ လေ့ကျင့်မွေးဖွားလိုက်တဲ့ မြန်မာ့တပ်မတော်ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာအဖောက်ဆုံး၊ ကိုယ်ကျိုးအရှာဆုံး၊ ရွံရှာစရာ အကောင်း ဆုံးဖြစ်နေတာပါပဲ။ မြန်မာတိုင်းပြည်ရဲ့ အကြပ်အတည်းအားလုံးရဲ့ မြစ်ဖျားခံရာ ( တော်ရုံပြုပြင်၍မရတော့သော ပြဿနာအားလုံးရဲ့ ရင်းမြစ်) ကတော့ တပ်မတော် အင်စတီကျူးရှင်းပါပဲ။ သူ့ရဲ့တစ်ခုတည်းသော အားသာချက်က တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ လက်နက်ကိုင်ထားတဲ့လူတစ်စုကို အသုံးချပြီး အာဏာရှင်စနစ်ကို ကျင့်သုံး နေနိုင်တာပါပဲ။ အာဏာရှင်စနစ်နဲ့ ကိုယ်ကျိုးစီးပွားကို မြိုးမြိုးမြိုက်မြိုက်ရှာစားတတ်တာပါပဲ။ ဒါကလည်း အာဏာရှင်စနစ်ခေတ်ကောင်းချိန်ခဏပဲဖြစ်မှာပါ။

အဆင့်မြင့်ပြီး ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တစ်ရပ်မဟုတ်တော့ဘဲ၊ တပ်မတော်နဲ့မဆိုင်တဲ့ မဲစာရင်းစစ်တာတွေ၊ အာဏာသိမ်းတာတွေလုပ်လာပါတယ်။ ပါးစပ်က ဖက်ဒရယ်ဒီမိုကရေစီတစ်ဖွဖွဆိုနေပြီး ပြည်သူကိုကာကွယ်ရမယ့်အစား ပြည်သူကို ပြန် သတ်နေတဲ့တပ်မတော်၊ သတင်းသမားတွေကိုဖမ်း၊ သတင်းစီးဆင်းမှုတွေကိုပိတ်ဆို့၊ ပညာတတ်တက္ကသိုလ်ဆရာ/မတွေကိုဖမ်းဆီး၊ တွေးခေါ်တတ်တဲ့ ခေတ်ပညာတတ် ဆရာဝန်တွေကိုဖမ်းဆီးနေတဲ့ တပ်မတော်ထက် ပိုမိုအကျင့်ပျက်တဲ့တပ်မတော် ရှိပါ့မလားလို့မေးရလောက်အောင် ဖြစ်နေပါတယ်။ တပ်မတော်ဟာ သူ့နယ်ပယ်အလုပ်ကလွဲရင် ကျန်တာအားလုံးဝင်လုပ်ချင်နေတဲ့ အင်စတီကျူးရှင်း၊ သူ့အလုပ်လည်းမနိုင်မနင်း၊ အခြားနယ်ပယ်မှာလည်း အလွဲအချော်များစွာနဲ့ တိုင်းပြည်ကို ပျက်စီးဆုံးရှုံးသွားတဲ့ တိုင်းပြည် failed state အဖြစ်သို့ တွန်းပို့နေတဲ့ အင်စတီကျူးရှင်း (အဖွဲ့အစည်း) ဖြစ်လာနေပါတယ်။

တပ်မတော်ဟာ ခြုံလွှာတွေကို နာမည်ဘယ်လိုပဲတပ်ပါစေ၊ ခြုံလွှာတွေဘယ်လိုပဲပြောင်းလဲပါစေ၊ မြန်မာ စစ်တပ်ရဲ့ တစ်ခုတည်းသော အတွင်းသဏ္ဍာန်ကတော့ လူတစ်စုကိုယ်ကျိုးရှာတဲ့၊ ရက်စက်တဲ့အာဏာရှင် ဖြစ်နေခြင်းပါပဲ။ ဒီအတွင်းသဏ္ဍာန်က မပြောင်းလဲပါဘူး။

ဒီတော့ တပ်မတော်ရဲ့ ခြုံလွှာဒီဇိုင်းတွေ၊ အမည်အ ပြောင်း အလဲတွေမှာ အငိုက်မမိဘဲ အာဏာရှင်အတွင်းသဏ္ဍာန်ကို မြင်အောင်ကြည့်ဖို့ပဲလိုပါတယ်။ နိုင်ငံတော်ကို ချစ်လွန်း တာ၊ ပြည်သူ့ဒုက္ခကို သာမာန်ထက်ပိုပိုသာသာ စာနာလွန်းတာ၊ နိုင်ငံ့အရေးကိုမြင်တတ်လွန်းတာစတဲ့ ခြုံလွှာတွေ အားလုံး ကိုဆွဲခွာကြည့်လိုက်ရင်ပဲ … တပ်မတော်ဟာ အာဏာရှင်ဖြစ်သလို၊ မတရားကိုယ်ကျိုးရှာနေတဲ့အဖွဲ့အစည်း၊ ပြည်သူအပေါ် သစ္စာမဲ့၊ တကယ့်ကျေးဇူးကန်းတဲ့ အဖွဲ့အစည်း အဖြစ်ကွင်းကွင်းကွက်ကွက် မြင်ရပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *