မူးယစ်ဆေးစွဲဘဝမှ ပြန်လည်ထူထောင်ရေး နည်းဗျူဟာ (၁၂) ဆင့်

Relief: 12 Steps to a Better Life Against Drug Addiction.

မူးယစ်ဆေးစွဲဘဝမှ ပြန်လည်ထူထောင်ရေး နည်းဗျူဟာ (၁၂) ဆင့်ကို ၁၉၃၀ ပြည့်လွန်နှစ်များမှာ Alcoholics Anonymous (AA) ခေါ် အမည်မသိ အရက်ဂျိုးများ အဖွဲ့အစည်းက စတင်မိတ်ဆက်ပါတယ်။ အရက်ဂျိုးအဖွဲ့အစည်းကို စတင်ထူထောင်သူတွေကတော့ ဘီလ်ဝီလဆင် နှင့် ဒေါက်တာ ရောဘတ် ဟောဘရုခ် စမစ်ဖြစ်ပါတယ်။

အမည်မသိအရက်ဂျိုးများ အဖွဲ့အစည်းက စတင်ခဲ့တဲ့ နည်းဗျူဟာမို့လို့ပဲ၊ အရက်ဂျိုးတွေရဲ့ အရက်စွဲလမ်းမှုကနေ ဖြတ်နိုင်အောင်၊ ဘ၀ ပြန်လည်ထူထောင်နိုင်အောင် အချင်းချင်းကူညီလမ်းပြဖို့ ဦးတည်ပါတယ်။ နောက်ပိုင်းမှာ ပိုမိုကျယ်ပြန့် သော အခြားသော မည်သည့် ဆေးစွဲမှုများ၊ အမူအကျင့်စွဲလမ်းမှုများကိုမဆို ပြုပြင်ပြောင်းလဲ ပေးဖို့ အသုံးကျသော လက်စွဲတော် နည်းဗျူဟာ (၁၂) ဆင့် ဖြစ်လာပါတယ်။ အခြားသော မူးယစ်ဆေး နှင့် အမူအကျင့်စွဲလမ်းမှုဆိုရာမှာ ဥပမာအားဖြင့် မူးယစ်စေတတ်သော ဆေးဝါးမျိုးစုံ နှင့် အပြာကားစွဲလမ်မှု၊ လောင်းကစားစွဲလမ်းမှု၊ ကျိန်ဆဲတတ်တဲ့ အမူအကျင့်စွဲလမ်းမှုများ စသည်တို့ အကျုံးဝင်ပါတယ်။

ကနဦး နည်းဗျူဟာ (၁၂) ဆင့်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ နောက်ပိုင်းတွင် ကာလဒေသနှင့်လျော်ညီစေရန် စာသားအနည်းအကျဉ်းပြုပြင်ပြောင်းလဲကာ အသုံးချကြပါတယ်။ သို့သော် အနှစ်သာရမှာ အတူတူပင် ဖြစ်ပါတယ်။

(၁) ငါတို့က အရက်ကျေးကျွန်ဖြစ်ပြီ။ ငါတို့ဘဝကို ငါတို့ ကိုင်တွယ်စီမံ နိုင်စွမ်း မရှိတော့ဘူးဆိုတာကို ဝန်ခံပါတယ်။
(၂) ငါတို့ထက် ကြီးမားသည့် စွမ်းအားတစ်ခုခုက ငါတို့ကို ပုံမှန်ဘဝသို့ ပြန်ရောက်စေနိုင်တယ်လို့ ယုံကြည်ပါတယ်။
(၃) ကျွန်တော်တို့ဘ၀ နဲ့ စိတ်အလိုတွေကို တန်ခိုးရှင်က ကိုင်တွယ်စီမံပေးဖို့ အပ်နှံရန် ဆုံးဖြတ်ပါတယ်။
(၄) အကြောက်အလန့်မဲ့ ကိုယ့်ကိုယ်ကိုယ် လေ့လာသုံးသပ်မှုများ နှင့် မေးမြန်းစူးစမ်းမှုများ ပြုပါတယ်။
(၅) တန်ခိုးရှင်အားသော်လည်းကောင်း၊ အခြားသောလူသားချင်းအားသော် လည်းကောင်းနှင့် ငါတို့၏ဖြစ်လေ့ရှိသောအမှားများ သဘောသဘာဝကို သိရှိဝန်ခံပါတယ်။
(၆) တန်ခိုးရှင်က ဤအနာအဆာများကို ဖယ်ရှားပေးပါရန် ငါတို့ အသင့်အနေ အထားရှိနေပါတယ်။
(၇) ငါတို့မပြည့်စုံမှုများ ကို ပယ်ရှင်းပေးရန် ကျိုးနွံစွာ တောင်းပန်ပါတယ်။
(၈) ငါတို့ကြောင့် ထိခိုက်သွားသူများကို စာရင်းပြုစုထားပြီး၊ အမှားပြန်လည်ပြင်ဆင်ရန် ဆန္ဒရှိပါတယ်။
(၉) အခြားသူများအား ထပ်မံထိခိုက်စေနိုင်သည့်ကိစ္စမျိုးမှလွဲ၍၊ ကိုယ်မှားခဲ့သည်များကို တိုက်ရိုက်ဆိုသလို တတ်နိုင်သမျှ ပြန်လည်ပြင်ဆင်ပါတယ်။
(၁၀) ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်မှုကို ဆက်လက်လုပ်ဆောင်ပြီး၊ အမှားတွေ့လျှင် ချက်ချင်း ဝန်ခံပါတယ်။
(၁၁) ဆုတောင်းခြင်း၊ အာရုံပြုခြင်းအားဖြင့် တန်ခိုးရှင်နှင့် ဆက်သွယ်ကာ၊ ကိုယ့်ဘဝမှာ သူ့လိုအင်အတိုင်းအကောင်အထည်ပေါ်လာရန် လိုအပ်သော စွမ်းအားကိုသာ တောင်းခံပါတယ်။
(၁၂) ဤဗျူဟာအဆင့်များကြောင့် စိတ်ပိုင်းဆိုင်ရာ နိုးကြားမှုဖြစ်ပေါ်လာပြီး၊ အခြားသော အရက်ဂျိုးများအား ဤသတင်းစကားကို ဖြန့်ဝေပေးရန် နှင့် ငါတို့ဘဝမှာ လက်တွေ့ကျင့်ဆောင်ရန် ကြိုးစားပါတယ်။

အမှန်စင်စစ် နည်းဗျူဟာ အဆင့် (၁၂) ဆင့် သင်ခန်းစာကိုလေ့လာဖို့ အနည်းဆုံး နာရီ (၃၀) လိုအပ်ပါတယ်။ ဒီနေရာမှာတော့ အကြမ်းအားဖြင့် မိတ်ဆက်ဖော်ပြခြင်းသာ ဖြစ်ပါတယ်။

မူးယစ်ဆေးစွဲဘဝမှ ပြန်လည်ထူထောင်ရေး နည်းဗျူဟာ (၁၂) ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် မေးခွန်းမေးမြန်းလေ့လာမှု၊ လက်တွေ့ကျင့်သုံးမှုအားဖြင့် …. မူးယစ်ကျေးကျွန်ဘဝရောက်နေတဲ့သူတိုင်း တန်ခိုးရှင်နှင့် ထိတွေ့ကာ၊ အသိစိတ်နိုးကြားလျှက် လူကောင်းပြန်ဖြစ်နိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *