ဗီလော့ဂါ ဒီးဒီးရဲ့ ဖေ့စ်ဘုတ်မက်ဆင်ဂျာအပိတ်ခံရ၊ ငွေလည်းအလိမ်ခံရဟုဆို

လတ်တလော ကယားပြည်နယ်က စစ်ဘေးရှောင် ကလေး၊ အမျိုးသမီး နှင့် သက်ကြီးရွယ်အိုတွေကို ကူညီပေးနေတဲ့ ဗွီလော့ဂါ ဒီးဒီးရဲ့ ဖေ့စ်ဘုတ်ချက်ဘောက်စ်တွေကို ၇ ရက်ပိတ်ခံထားရသလို၊ အလှူရှင်အစစ်မဟုတ်ပါဘဲ အလှူထဲက ငွေပြန်တောင်းတဲ့လူလိမ်နဲ့ကြုံခဲ့ရတယ်လို့ ဇွန်လ ၁ ရက်နေ့ညနေပိုင်းမှာ သူကိုယ်တိုင် ဗွီဒီယိုတစ်ခုနဲ့ ဖော်ပြပြောဆိုထားပါတယ်။

မက်ဆင်ဂျာ အပိတ်ခံထားရတဲ့အတွက်၊ ဆက်သွယ်လိုတဲ့ camp ခေါင်းဆောင်တွေအနေနဲ့ Lar Phar Dee personal account မှာ လာရောက်ဆက်သွယ်ပေးဖို့ ပြောပါတယ်။

“copy, paste တွေများလို့ရယ်၊ ဒီးဒီးရဲ့ ဖေ့ချ်ကို report ထုတဲ့သူလည်း ရှိတယ်ထင်တယ်။ ဒါပေမယ့် ဒီးဒီးတို့ကတော့ လုပ်စရာရှိတာလုပ်မယ်။ ကူညီစရာရှိတာကူညီမယ်။ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုတွေကိုပဲ ကူညီပါမယ်။” လို့ပြောပါတယ်။

ငွေလိမ်တဲ့သူက သူတပါးလှူထားတဲ့ ဘတ် ၈၀၀၀ ကို သူကိုယ်တိုင် လှူထားသယောင်ဆက်သွယ်ပြောဆိုပြီး၊ ဘတ် ၂၀၀၀ ပြန်တောင်းယူ လိမ်လည်သွားတယ်လို့ ဆိုပါတယ်။
“ဒီးဒီး အလိမ်ခံလိုက်ရတယ်။ ထိုင်းရောက်နေတဲ့ မြန်မာတစ်ယောက်က ဘတ် ၈၀၀၀ လှူပြီး စကရင်လျှော့နဲ့ ကောမက်မှာ တင်ထားတယ်။ လူလိမ်က အဲ့ဒါကိုယူပြီး ဒီးဒီးရေ … ကျွန်တော်ဒီမှာလှူလိုက်ပါပြီ။ တကယ်လှူချင်တာက ဘတ် ၆၀၀၀ ပဲ။ ဘတ် ၈၀၀၀ လှူမိတယ်ဆိုလို့၊ တကယ်အလှူရှင်အစစ်ထင်ပြီး ဘတ် ၂၀၀၀ ပြန်လွှဲပေးလိုက်တယ်။ ဒါဒီးဒီးမှားမိတာပါ။ တကယ်တော့ ကယားပြည်နယ်မှာ တကယ်ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့မို့လို့ ဒီလိုမလုပ်သင့်ဘူး။ ဒီလို မလိမ်စားသင့်ဘူး။ ဒါပေမယ့် ဒီ ဘတ် ၂၀၀၀ ကိုဒီးဒီးစိုက်ပေးပါမယ်။” လို့ပြောဆိုထားပြီး၊ ကူညီကယ်ဆယ်ရေးကိစ္စမှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်လို့လည်း ဒီးဒီးက ထပ်လောင်း ပြောဆိုသွားပါတယ်။

ဗွီလော့ဂါဒီးဒီးက ကယားပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကနေစတင်ပြီး ကူညီကယ်ဆယ်ရေးမှာ အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုတွေအတွက် အလှူခံပြီးကူညီပေးနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *