ဓလေ့ရိုးရာ လီဆူဇာဇော် (လီဆူ စကောထမင်းပွဲ)

စကောထမင်းသည် လီဆူတို့အဖို့ ထူးခြားအခါသမယများတွင် မပါမဖြစ်တည်ခင်း သုံးဆောင်ရသော ထမင်းပွဲဖြစ်သည်။ သာမာန်နေ့စဉ် အစား အစာပွဲတို့ထက် လေးနက်အဓိပ္ပါယ် ရှိသော၊ တန်ဖိုးထား သုံးဆောင် ရသော လီဆူရိုးရာ ဓလေ့ စားသောက်ပွဲ တစ်မျိုးဖြစ်ပါသည်။

စကောမှာ ထမင်းနှင့်ဟင်းကို စီရရီထည့်ထားပါသောကြောင့် စကောထမင်းဟု အလွယ်ခေါ်ကြသည်။ ဝါးနှီးဖြင့်ရက်လုပ်ထားသော စကောပုံသဏ္ဍန် ထည့်စရာ ပေါ်တွင် ဖက်ရွက်၊ ငှက်ပျော်ရွက်တို့ဖြင့် ခင်းပြီးလျှင် ထမင်း ကိုထည့်ရသည်။ ထမင်းပေါ်တွင် အသားဟင်းများ စီရရီထည့်ရသည်။ အသားဟင်းတစ်တုံးလျှင် လက်သီးလုံးထက် ကြီးသည်။ အရည်သောက်အဖြစ် ဝါးဆစ်ဗူးဖြင့်ထည့်ထားသော အသားပြုတ် ရည် တွဲဖက်ထားရသည်။

အထူးအခါသမယ (special occassions) ဟူသည် ဥပမာအားဖြင့် တရားတဘောင် အမှုအခင်း ဖြေရှင်းပြီးပြတ်သည့် အထိမ်းအမှတ်၊ အရေးကြီးကိစ္စ သဘော တူညီချက်ရကြသည့် အထိမ်းအမှတ်၊ မိတ်ဟောင်း၊ မိတ်သစ်များနှင့် တွေ့ဆုံခြင်း အထိမ်းအမှတ်၊ လူကြီးသူမ များအား ကန်တော့ခြင်း၊ ဂုဏ်ပြုခြင်း အထိမ်းအမှတ် နှင့် လက်ထပ် ထိမ်းမြားမင်္ဂလာပွဲ အထိမ်းအမှတ် စသည်တို့ဖြစ်ကြသည်။ နာရေးကိစ္စတို့တွင် ဇာဇော် တည်ခင်းလေ့ မရှိပါ။ လီဆူဇာဇော် (လီဆူစကောထမင်းနှင့်ဟင်း) သည် မင်္ဂလာအခမ်းအနား၊ အထိမ်းအမှတ်ပွဲများနှင့်သာ တွဲဖက်ရသောကြောင့် မင်္ဂလာ အစားအစာပွဲ ဟုမှတ်ယူရမည်။

အမှုအခင်းဖြစ်ပွားလျှင် လူကြီးသူမ စုံညီလျက် ရိုးရာစဉ်လာ ဖြတ်ထုံး များဖြင့် ဖြေရှင်း ပေးရသည်။ အဆုံးအဖြတ် ရယူပြီး လျှင် နစ်နာသူအား ကျူးလွန်သူက တောင်းပန်ပွဲလုပ်ပေးရသည်။ ကြေအေးခြင်း၊ လူကြီးသူတို့တို့၏ အဆုံး အဖြတ်ကို သဘောတူ လက်ခံလျက် အမှုအခင်းပြီးဆုံး ခြင်းကို ဇာဇော်ပေး၍ သက်သေ ထူရသည်။ ကျွဲ၊ နွား၊ ဝက် စသည့် အကောင်တစ်မျိုးမျိုးသတ်ပြီး ဦးခေါင်းနှင့် အခြားသော အသားများပါလျက် ဇာဇော် ပြင်ဆင် ရသည်။ အသား ဦးခေါင်း ပါဝင်သော ဇာဇော်ကို တရားနိုင်သူအား ပေးရသည်။ သို့မဟုတ် အထူးသက်ကြီးဝါကြီး၊ ရည်စူးသူအား ပေးရသည်။ လေးစား ရိုသေခြင်း အနက်ဆောင် သည်။

ထူးခြားကိစ္စရပ်တစ်ခုခုဖြစ်လျှင်၊ သဘောတူညီချက်တစ်ခုခုရလျှင် အထိမ်းအမှတ်အဖြစ် ခေါင်းကို ထက်ခြမ်းခွဲ၍ တူညီစွာ ထည့်ထားသော ဇာဇော်များ ပြင်ဆင်ပြီး သက်ဆိုင်ရာ အဓိကပုဂ္ဂိုလ်များအား ပေးရသည်။ ယင်းသည် သဘောတူညီချက်ကို အားလုံးအသိအမှတ်ပြုကြောင်း သက်သေဖြစ်သည်။ လွှဲဖယ်မိလျှင် ပွဲအတွက် သတ်ထားသော တိရိစ္ဆာန်၏ အသွေးသည် သက်သေဖြစ်သည်ဟုပင် မှတ်ယူထားကြသဖြင့် သဘောတူညီချက်အား အသက်ပေး ထိန်းသိမ်း လေ့ရှိသည်။

မိတ်ဟောင်း၊ မိတ်သစ်များအား တွေ့ဆုံခြင်း အစီအစဉ်တွင် ဇာဇော်ပါဝင်ခြင်းသည် အလေးထားကြောင်း သက်သေ ဖြစ်သည်။ ချစ်ခင်သူများနှင့် ခွဲခွါနှုတ်ဆက်ပွဲများ၊ ဂုဏ်ပြုပွဲများ၊ ကန်တော့်ပွဲများတွင် မပါမဖြစ် ဇာဇော် ပေးကြရသည်။ ယင်းသည် ရင်ထဲက မြတ်နိုးတန်ဖိုး ထားကြောင်း ဖော်ပြမှု သက်သေတစ်ရပ်ပင်ဖြစ်သည်။

လက်ထပ်ပွဲများတွင် ဇာဇော်ပေးသည်။ ပူတာအို ဒေသတွင် လီဆူတို့သည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြ သည့်တိုင် လက်ထပ် ထိမ်းမြားခြင်းပွဲများတွင် ဇာဇော်ပေးကမ်း၍ အမျိုးစပ်ခြင်း၊ အသိအမှတ်ပြုခြင်း သက်သေ သင်္ကေတကို ပြသကြဆဲဖြစ်သည်။ ပွဲသို့ လာရောက်သော အသိဆွေမျိုး မိသားစုတစ်စုလျှင် ဇာဇော် (စကောထမင်း) တစ်ခုစီ ပေးကမ်းရသည်။ ဇာဇော် တစ်ခုလျှင် နို့ဆီဗူး ၃ လုံးချက်စာ ထမင်း၊ အမဲသား ၁ ပိဿာကျော်သော အသားတို့ကို ထည့်ထားရသည်။ အသားတစ်တုံးသည် လက်သီးဆုပ်ထက်ကြီးပြီး၊ ၆ လုံး၊ ၈ လုံး၊ ၁၂ လုံး စသည်ဖြင့် စုံဂဏန်း ရအောင် ထည့်ရသည်။ ဝါးဆစ်ဗူးဖြင့်ထည့်ထားသော အသားပြုတ်ရည်တစ်ဗူးလည်းပါဝင်သည်။ ထိုဇာဇော်ကို သက်ဆိုင်ရာ မိသားစု စုံညီ ပတ်လည်ဝိုင်းဖွဲ့ လျက် ပွဲခင်းမှာပင် စားသောက်ကြရသည်။ မိခင်ဖခင်က ဝေစုခွဲခြမ်းပေး သည့်အတိုင်း ထမင်းနှင့် ဟင်းလျာ များကို မိသားစုဝင်များ ကိုယ်စီကိုယ်တာ စားသောက်ကြသည်။ သို့ဖြင့် မိသားစု စုံညီခြင်း၊ စည်းလုံးခြင်း သဘောကို ဖော်ဆောင်သည်။ ဇာဇော်စားကြသော ပွဲခင်းဓလေ့ သည် အလွန်ပျော်စရာ ကောင်းပါသည်။ ယခုနောက်ပိုင်း ကာလတွင် ဇာဇော်ကို ပွဲခင်းတွင် ထိုင်မစားတော့ပဲ၊ မိမိအိမ်သို့ ကိုယ်စီ ယူဆောင် သွားကြတော့သည်။

ယနေ့ အချိန်အခါတွင် လီဆူဇာဇော် ပြင်ဆင် ရောင်းချကြသော စားသောက်ဆိုင်များ ထွက်ပေါ် လာနေပါသည်။ ရိုးရာဓလေ့ကို ခေတ်နှင့်အညီ အနည်းငယ်ပြင်ဆင်မွမ်းမံလျက် (အသွင်အပြင်နှင့် အစားအစာများ စုံလင်အောင် ထည့်၍) စီးပွားဖြစ် ဆန်းသစ်ရောင်းချကြသည်။ ထိုဆိုင်များတွင် လီဆူစကော ထမင်းကို ဝယ်စားကြသောအခါ ရှေးရိုးရာဓလေ့ နောက်ခံအသိနှင့် တွဲဖက်မိလျှင် မြတ်နိုးတန်ဖိုး ထားစရာ စကောထမင်းဝိုင်း ဖြစ်လာနိုင်ပါသည်။ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးဆိုင်ရာ သဘော တူညီချက်ရပြီးကြသောအခါ သဘောတူညီမှု အထိမ်း အမှတ်အဖြစ် စကောထမင်းစားသုံး နိုင်ပါသည်။ ခင်တွယ်သော မိတ်ဆွေများနှင့်တွေ့သည့်အခါ ချစ်ခင်နှစ်လို တန်ဖိုး ထားသော တွေ့ဆုံမှု အထိမ်းအမှတ် အဖြစ်လည်းကောင်း၊ ဂုဏ်ပြုပွဲများ တို့တွင် အောင်မြင်မှု ဆိုင်ရာ အထိမ်းအမှတ် အဖြစ်လည်းကောင်း၊ မင်္ဂလာပွဲ ဆင်နွဲကြသောသူတို့အတွက် မင်္ဂလာ အစားအစာ အဖြစ်လည်းကောင်း စကော ထမင်းပွဲများကို ရွေးချယ်နိုင်ပါသည်။

လီဆူလူမျိုးရှိနေသရွေ့၊ အစားအသောက်တွေစား နေကြရသရွေ့၊ အထူးအချိန်အခါအထိမ်းအမှတ်တွေ ရှိနေသရွေ့ လီဆူဇာဇော်တည်ခင်းခြင်း ဓလေ့သည်လည်း တည်တံ့လို့ ရှိနေဦးမည်ဖြစ်သည်။

မင်္ဂလာအပေါင်းနှင့် ပြည့်ဝသော ထာဝစဉ်မမေ့ လီဆူ ဓလေ့၊ လီဆူဇာဇော် ခေါ် လီဆူစကောထမင်းဝိုင်းမှာ ပါဝင်ရင်း မင်္ဂလာရယူ နိုင်ကြပါစေ။

ချစ်သော

ကိုဂျေ

Leave a Reply

Your email address will not be published. Required fields are marked *