ကျောင်းသွားဖော်…သို့(ကဗျာရှည်) – လင်းမိုးစွေ

( ၁ )
ဒေါင်…
ဒေါင်…
ဒေါင်…
ကျောင်းတက်ခေါင်းလောင်း ထိုးလိုက်တာနဲ့
ကိုယ့်အခန်းထဲကိုယ်ဝင်ဖို့
သူ့ထက်ငါ အပြေးအလွှား
တစ်ယောက်နဲ့တစ်ယောက် ဝင်တိုက်မိတဲ့အခါ
တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်ကြဘူး
မောင်နဲ့ မယ်နဲ့
ကျောင်းခန်းထဲ မဝင်ခင်ကတည်းက
အပြုံးပန်းတွေ ဆင်ခဲ့ကြတယ်။
( ၂ )
ပုံနှိပ်စာအုပ်တွေရတဲ့နေ့က
စာအုပ်အဖုံးပေါ် နင့်လက်ရေးနဲ့ရေးပေးဖူးတဲ့ ငါ့နာမည် မေ့သွားပြီလား…။
( ၃ )
အမြဲတမ်းတော့ မဟုတ်ဘူး
တစ်ခါတလေ ဆိုတဲ့စကားလုံးကို အကာအကွယ်ယူလို့
နင့်အကြောင်း ချရေးမိတာပါ
သတိရတဲ့အကြောင်း
အတန်းပိုင်ဆရာမဆီခွင့်တိုင်သလို ခွင့်တိုင်ဖို့မှမလိုတာ။
( ၄ )
နင်စားချင်တယ်ဆိုလို့ သူများခြံထဲက မာလကာသီး
ငါ ဘယ်လိုခူးလာသလဲလို့ နင် မမေးဘူး
နင် မေးလည်း
ငါ မဖြေဘူး
အသီးက ကြွေကျလာပါရဲ့
ဖိနပ်တစ်ဖက်က အပင်ပေါ်မှာ
ဖိနပ်တစ်ဖက်က အပင်အောက်မှာ
မာလကာသီး ပုဆိုးခါးပုံစထဲထည့်
သမိုင်းသင်တဲ့ဆရာကြီးပြောသလို ဂန္ဒီထုံး နှလုံးမူပြီး
ခြေဗလာနဲ့ ပြန်လာခဲ့ရတယ်
ဒီအကြောင်း နင်သိရင်
နင့်မာလကာသီး ချိုမှာ မဟုတ်တော့ဘူး။
( ၅ )
အမေ စျေးကဝယ်ဝယ်လာတဲ့ဘုရားပန်း
တစ်ပွင့်တစ်ပွင့် လျော့လျော့သွားတာ
အတန်းပိုင်ဆရာမ ပေးဖို့မှ မဟုတ်တာ
“ဟဲ့! ကောင်လေး ကလစ်ကဘာလုပ်ဖို့တုန်း”
မယောင်မလည်နဲ့
“နား ယားလို့ပါ အမေရာ”
“အသည်းယားလို့ပါ အမေရာ”လို့ ပြောလို့ ဖြစ်မလား
အမှားတွေ မုသားတွေနဲ့
ငရဲ ကျကျနေတာ
ငါ…။
( ၆ )
နင့် ပေးထားတဲ့ပန်း
နင်က ဆရာမသွားပေးတော့
တစ်နေ့လုံး စာထဲစိတ်မရောက်တော့ဘူး။
( ၇ )
ငါတို့တစ်တွေက
ဟိုစိတ်ဒီစိတ်တွေ ထားရမယ့်အရွယ် မဟုတ်သေးဘူး လို့
နင့်အပြောလေးကို သဘောကျပြီး
ငါ့မှာ
ဟိုစိတ်ဒီစိတ်တွေကို ဖြစ်လို့…။
( ၈ )
အကြည့်နဲ့အမူအရာက
နင် ပြောပြောနေတဲ့ ငါနားမလည်တဲ့ ဘာသာစကားပဲ
မျက်လုံးလေး ထောင့်ကပ်ပြီး ကြည့်လိုက်တာနဲ့
တစ်ညလုံး ငါ့မျက်လုံးတွေ ဖျားတော့တာပဲ။
( ၉ )
နယူတန်ရဲ့တတိယနိယာမက
“မေတ္တာဆ်ိုတာအလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတယ်”ဆိုတဲ့သဘောပဲ
လူတတ်ကြီးလုပ်ပြီး စကားကြီးစကားကျယ် ငါပြောပြတော့
ငေးကြည့်နေတဲ့ နင့်မျက်နှာလေးက
တကယ့်ပီဘိကလေးလေးပဲ။
( ၁၀ )
ညနေကျောင်းဆင်း
နင့်စက်ဘီး ချိန်းကျ ကျနေလို့
စက်ဘီးအသစ်စီးချင်တိုင်း အိမ်ကိုအပြစ်တင်နေတဲ့ နင့်ကိုကြည့်ပြီး
ငါ ရီ(ရယ်)ချင်မိတယ်။
တကယ်တော့
ချိန်းချထားတာ ငါပါဟာ…။
( ၁၁ )
စကားတပြောပြောနဲ့ နင် မသိလိုက်ပေမဲ့
ငါ သတိထားမိလိုက်တယ်
တို့နှစ်ယောက်အတူ စက်ဘီးယှဉ်စီးလာတာ
နင့်အိမ်က မြင်သွားပြီ
ငါ့မှာ ထိတ်ထိတ်ပျာပျာ…။
( ၁၂ )
နောက်နေ့ ကျောင်းလာတော့
နင် အိမ်နဲ့ဘာမှမဖြစ်ခဲ့သလိုပဲ
အေးလေ
ငါကိုက အစိုးရိမ်လွန်တာပါ
နင် ပြောခဲ့သလို ဟိုစိတ်ဒီစိတ်တွေထားရမယ့်အရွယ်
မဟုတ်သေးဘူးလေ…။
( ၁၃ )
ထမင်းလက်ဆုံစားတယ်လို့ မခေါ်ဘူး
ဘုံတူစားတယ်လို့ပဲ ခေါ်တယ်
ချိုင့်ထဲက အသည်းဖတ်ကလေး
နင်လည်း မစားရဲ
ငါလည်း မစားရဲ
ကျောင်းတက်ခေါင်းလောင်းတောင် ထိုးသွားပြီပဲ။
( ၁၄ )
နင် ထမီပြင်ဝတ်ဖို့
မဆီမဆိုင် ငါကို့ ဟိုဘက်လှည့်နေ တဲ့
အေးလေ
ငါကလည်း နင့်ကို တချိန်လုံးလိုက်ကြည့်နေတာကိုး…။
( ၁၅ )
စာစီစာကုံးထဲ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့
အချစ်ဦး´ကဗျာ ထည့်ရေးမိတော့ တစ်ခန်းလုံးက ဝိုင်းလှောင်ကြတယ် "ကဗျာဆရာ"

( ၁၆ ) လှောင်ကြတဲ့သူတွေအထဲ နင် မပါဘူး အဲဒီလိုနဲ့ ငါဟာ ကဗျာဆရာ...။

( ၁၇ ) နင် လှတာကို မနာလိုတဲ့ကောင်မလေးတစ်ယောက် အကြောင်းမရှိ အကြောင်းရှာ ငါ့ စကားလာပြောတော့ အကြောင်းမရှိ အကြောင်းရှာ နင်က ငါ့ စကားမပြောတော့ဘူး။

( ၁၈ ) ခေါ်မလား မခေါ်ဘူးလား လက်ညှိုး လက်ခလယ်ကွင်းလေးက နင့်ရှေ့မှာ...၊ ငါ့လက်ကို ပုတ်ချလိုက်တော့... ငါ့ကို ပုတ်ချလိုက်သလိုပါပဲ။

( ၁၉ ) အပေါက်စုံအောင်ပြောတတ်တဲ့ ငါတို့အတန်းထဲက ကောင်မတွေ နင့်နားလာရင် ငါ့ကို ဘောလုံး သွားမကန်ဘူးလား အချဉ်ပေါင်း သွားဝယ်ပေးပါလားနဲ့ နင်က မလိမ့်တပတ်နဲ့ မောင်းထုတ်တော့တာပဲ ငါသိသားပဲ ငါလည်း ဘောလုံးခြေဦးထိုးလောက်သာကန်တတ်တာဆိုတော့ ဘယ်ကောင်မှ ငါ့ အပါမခံဘူး မင်းတို့ တောင်ကန်မြောက်ကန် ကန်နေတဲ့ ဘောလုံးလည်း ကြည့်မနေဘူး ဒီတော့ အချဉ်ပေါင်းသည်ရဲ့ မောင်းသံက ငါ့ကိုလှမ်းခေါ်နေသလိုပဲ ငရုတ်သီးထည့်မှာလားဆိုတော့ ထည့် များများသာထည့် လို့ နင့်ကို ငါချဉ်တယ်။

( ၂၀ ) အဲဒီကောင်ဆီ စာသွားမေးရအောင် နင်က သူ့တပည့်မို့လို့လား သူက ဆရာကြီးလား အမှတ်များတိုင်း တော်တဲ့ကျောင်းသားလား ရှေ့ဆုံးတန်းက ဂျပု ငါကြည့်မရတာကြာပြီ ငါ့မှာ နေမထိထိုင်မသာ အိမ်နားက အစ်ကိုကြီးတွေပြောသလိုဆို အူနုကျွဲခတ်ခံရတယ် အဲဒီနေ့က နင့် မစောင့်ဘဲ ကျောင်းကပြန်ခဲ့တယ် တူးတူး´သီချင်းထဲက “မိဆိုး”ဟာ နင်ပဲ။


( ၂၁ )
နင့်ကိုငါ မကြည်ဘူး
နင့်ကိုငါ မကြည့်ဘူး
ငါ့ကို နင် ကြည့်နေတာ ငါမကြည့်ဘဲနဲ့ အလိုလိုသိနေတယ်
နင်
အကြည့်တွေ ဝဋ်လည်နေပြီ။
( ၂၂ )
နင့် လက်သည်းနီ မခြောက်သေးတော့
ငါ့ လက်မောင်းတွေက နင့်ကို ပြောင်ချော်ချော်လုပ်နေတယ်
ရိုက်ရဲရင် ရိုက်ကြည့်လေ…
ဆိတ်ရဲရင် ဆိတ်ကြည့်လေ..
လက်ကြီးကားယား ကားယားနဲ့
နင်
“စုန်းမ”
( ၂၃ )
ကိုယ်လက်မအီမသာနဲ့
နင် ဗိုက်နာတဲ့နေ့က ငါ့မှာ ပျာယီးပျာယာ
လျက်ဆားလျက်ကြည့်ပါလားပြောတော့…
“ငါ အပျိုဖြစ်ပြီ” တဲ့
ဗိုက်နာတာနဲ့ နင်အပျိုဖြစ်တာ ဆက်စပ်လို့မရခဲ့တာ
ငါ့မှာ…။
( ၂၄ )
မိန်းမတစ်ယောက်ရဲ့ပကတိအလှကို မြင်ချင်ရင်
မနက်အိပ်ရာထ သွားကြည့်ဆိုလို့
အိမ်နားက အစ်ကိုတွေမြှောက်ပေးတိုင်း
နင့်အိမ်ရှေ့စက်ဘီးတစ်စီးနဲ့ ငါ့မှာမယောင်မလည်
နင့်မြင်ဖို့ဝေးစွ အိမ်တံခါးတွေတောင်မဖွင့်သေးဘူး။
( ၂၅ )
အမေသာသိရင်
စာသာဒီလောက်ကြိုးစားရင် အစချီပြီး
ရေချိုးရင်လည်း အကြာကြီး
မှန်ရှေ့မှာလည်း အကြာကြီး
…………………………………….
ပြောလို့ပြီးမှာမဟုတ်တော့ဘူး။
( ၂၆ )
အရွယ်မြန်မြန်ရောက်ချင်တဲ့စိတ်နဲ့
ကြက်သွန်နီနဲ့ပွတ်ရင်
နှုတ်ခမ်းမွှေးပေါက်တယ်ဆိုလို့ပါ
အကြော်ဆိုင်မှာ
နင်က ကြက်သွန်ကြော်တောင်မစားတော့ဘူးဘဲ၊
ကြက်သွန်နံ့ နံနေတာမဟုတ်ဘူး
လူပျိုနံ့ မွှေးနေသူမှာ
ငါ…။
(၂၇ )
နင့်အင်္ကျီနောက်ကျောက
အပေါ်ဆုံးနှိပ်ကြယ်သီးလေးပြုတ်နေတာ
တပ်ပေးဆိုလို့ တပ်ပေးရသေးတယ်
ငါ့လက်က နင့်အသားကို မထိပါဘူး
နင့်ဂုတ်ပိုးအစပ်က မွေးညင်းနုနုကလေးတွေ လှုပ်ခတ်သွားတာ ငါ့ သက်ပြင်းတွေကြောင့်ပါ။
( ၂၈ )
နင့် အတွင်းခံဘောင်းဘီ ဘာရောင်ဘယ်နှစ်ထည် ရှိတာကအစ
နင့် ရင်ညွန့်မှာ မှဲ့နီနီကလေးရှိတာကအဆုံး ငါသိခဲ့တယ်
အခု
နင့်ကိုငါ ရဲရဲ မကြည့်ရဲတော့ဘူး
ကြည့်မိရင်လည်း နင် မျက်လွှာချသွားပြီ၊
တစ်တန်းနှစ်တန်းလောက်တုန်းက ငါတို့စိုက်ခဲ့တဲ့ သရက်ပင်
အဖူးကလေးတွေတောင် ပွင့်လို့
သီးကင်းကလေးတွေတောင် သီးလို့
ငါတို့ မငယ်ကြတော့ဘူး…။
( ၂၉ )
ဂစ်တာစတီးခါစ
နှင်းဆီပန်သူ သီချင်းကလေး
C
Am
Cord နှစ်ခုတည်းနဲ့အတီးလေ့ကျင့်နေသလို
နင့်ရှေ့မှာလည်း ဒီသီချင်းလေးပဲဆိုနေချင်မိတယ်
ဂစ်တာတစ်ခုတည်းတော့မဟုတ်လောက်ဘူး
ငါ ဘာကိုလေ့ကျင့်နေတာလဲ
“အလေးထားသူမှာ စိုးရွံ့ လို့နေမြဲ
ဖွင့်ဟခက်ဆဲ”…။
( ၃၀ )
ကိုယ်လိုရာကို တွေးပြီး စိတ်ကူးယဉ်ရတာ
ကြည်နူးစရာပါ
နင့် လေ့ကျင့်ခန်းစာအုပ်ရဲ့လွတ်နေတဲ့စာမျက်နှာမှာ
“ထာဝစဉ်ရင်မှာ တသိမ့်သိမ့်စွဲရစ်တွယ်”ဆိုတဲ့ သီချင်းစာသားလေးကိုတွေ့တော့
ငါ့မှာ…။
( ၃၁ )
ငါကလည်း နေရာတကာစပ်စပ်စုစုမို့
“ကလေးက ကလေးနေရာနေစမ်း”လို့ ပြောခံရရင်
ငါ့မှာ အောင့်သက်သက်နဲ့
ပုဆိုးသာ ချွတ်ပြလိုက်ချင်တယ်။
ဒီအကြောင်း နင့်ကိုငါ ပြောပြတော့
“အမှန်က ပုဆိုးချွတ်ပြလိုက်ရမှာဟ”လို့ နင်ကပြောပြောပြီး တဟားဟားနဲ့ ရီပါလေရော
ငါလည်း ငါ့စကားငါ သဘောပေါက်ပြီး
နှစ်ယောက်သား
မျက်ရည်တွေထွက်အောင် ရီ(ရယ်)လို့
မျက်ရည်တွေထွက်အောင် ငို့ဖို့ မှ မဟုတ်ခဲ့ဘဲ…။
( ၃၂ )
၈.၈.၈၈
အဲဒီနေ့က နင် ကျောင်းမလာဘူးနော်
ခံစားမှုဆိုတာ ရောထွေးသွားစေသလား
ငါ့မှာ အသံတွေ နာလို့
ငါ့မှာ အသံတွေ ပြာလို့
လက်သီးလက်မောင်းတွေတန်းလို့ ။
( ၃၃ )
လူကြီးသူမတွေပြောကြတဲ့
သစ်ရွက်လှုပ်တာကို ရီချင်တဲ့အရွယ် မဟုတ်တော့ဘူး
သစ်ရွက်ကြွေတာကို ငိုချင်တဲ့အရွယ်
ကျောင်းကြီးပိတ်သွားပြီ
ကျောင်းတွေ ဘယ်တော့ပြန်ဖွင့်မှာလဲလို့ လိုက်မေးရင်း
လူကြီးသူမတွေ မဖြေနိုင်ဘူး
ကျောင်းတွေပိတ်သွားပြီ။
( ၃၄ )
ငါ့မှာ အသံတွေ နာလို့
ငါ့မှာ အသံတွေ ပြာလို့
လက်သီးလက်မောင်းတွေတန်းလို့
ကျောင်းတွေပြန်ဖွင့်တော့
နင်
ကျောင်း ပြန်မလာတော့ဘူး။
( ၃၅ )
နင့်အိမ်က ကျောင်းပြောင်းလက်မှတ် လာထုတ်သွားပြီ
ဆိုတာကလွဲပြီး
နင်နဲ့ပတ်သက်တဲ့အကြာင်း ဘာအသံမှ မကြားရတော့ဘူး။
( ၃၆ )
တကယ်ဆို
ငါ့ လိပ်စာ နင့်ဆီမှာ ရှိနေတာပဲ
နင် ငါ့ကို စိတ်ဆိုးနာကြည်းသွားလို့လား
ဒါလည်း မဖြစ်နိုင်ဘူး
တို့နှစ်ယောက်က စိတ်ဆိုးစိတ်ကောက်လည်း ခဏပဲ
ဒါဆို
နင့်အိမ်က တစ်ချိန်ချိန် ငါနဲ့နီးစပ်သွားမှာစိုးလို့လား
မပြောကောင်း မဆိုကောင်း
လူ့ပြည်မှာ နင် မရှိတော့လို့လား
ဖွဟဲ့! လွဲပါစေ ဖယ်ပါစေ
မေးခွန်းတွေ မေးခွန်းတွေနဲ့ငါ
နင်ကလွဲပြီး ဘယ်သူမှ မဖြေနိုင်ဘူး
အရေးအခင်းနဲ့အတူ အရေးထဲ အရာပေါ်ခဲ့ပြီ။
( ၃၇ )
နင်က ငါ့ကို ဘာမှ ပြောမသွားသလို
ငါကလည်း နင့်ကို ဘာမှ မပြောလိုက်ရဘူး
တစ်နေ့နေ့
နင့်မျက်နှာကလေးကိုကြည့်ပြီးပြောချင်တဲ့စကားက
နှစ်လုံးတည်းရယ်ပါ။
( ၃၈ )
နင့်ဆံပင်လို ကျစ်ဆံမြီးကျစ်ပေးခဲ့တဲ့
ငါ့လွယ်အိတ်အနားလေးတွေကို တင်းတင်းဆုပ်
လွယ်အိတ်ကလေးပိုက်ပြီး
ကျောင်းထဲမှာ…။
( ၃၉ )
ဘဝပျက်တယ်ဆိုတာ
လမ်းဘေးရောက်သွားမှ မဟုတ်ဘူး
လမ်းပေါ်မှာ…။
( ၄၀ )
ငါ မငိုဘူး
ငါ့ကို နင် ပြောဖူးတယ်
“နင် ယောက်ျား မဟုတ်ဘူးလား””ကလေးလည်းမဟုတ်ဘဲနဲ့”
ငါ မငိုဘူး
ငါ လူကြီးဖြစ်နေပြီပဲ
ငါ မငိုဘူး
ငါ မငိုဘူး
ထိန်းထားတဲ့ကြားက မျက်ရည်တွေ
ပါးပေါ်မှာ…။
( ၄၁ )
ဘုရားမှာ ဆုတောင်းရအောင်လည်း
ဘယ်လိုဆုတွေ တောင်းရမှန်းမသိ
အမွှေးတိုင်တွေလို
တငွေ့ငွေ့ လောင်ကျွမ်းနေပြီ။
( ၄၂ )
မြင်ယောင်မိတယ်
ဘုရားကန့်တော့နေပုံလေး
မဆွတ်ခင်က ညွတ်ချင်သူပီပီ
အမျှမဝေခင်ကတည်းက သာဓုတွေခေါ်နေမိတယ်။
( ၄၃ )
အဘိဓာန်လိုမျိုး စာအုပ်အထူကြီးတွေက
ဖတ်ဖို့မှ မလိုတာ
စွယ်တော်ရွက်ကလေး
ညှပ်ထားရုံသာ…။
( ၄၄ )
နင့် အော်တိုစာအုပ် ရှေ့ဆုံးစာမျက်နှာမှာ
အဦးဆုံး ငါရေးပေးဖူးခဲ့တဲ့”ငယ်ချစ်ဦး”ဆိုတဲ့ကဗျာ
ဒီစာမျက်နှာမှာ နင် ဖတ်ခွင့်ကြုံရင်
စွယ်တော်ရွက်ကလေးနဲ့အတူ
ငါ့ မှတ်မိမှာပါ။
( ၄၅ )
ကျောင်းဆင်း ခေါင်းလောင်းထိုးလိုက်တာနဲ့
ကျောင်း၀င်းထဲ စံပယ်ပန်းခက်တွေ ကြဲချလိုက်သလို
ကျောင်း၀တ်စုံလေးတွေက
ငါတို့ငယ်ဘ၀…
ဒေါင်…
ဒေါင်…
ဒေါင်…။ ။
လင်းမိုးစွေ
……………

Leave a Reply

Your email address will not be published. Required fields are marked *