ကမ္ဘာကျော် သတင်းလိမ်ပွဲ

ဒါကတော့ ဆန်းစစ်တုံ့ပြန်သုံးသပ်ချက် ဆောင်းပါးပဲဖြစ်ပါတယ်။
အာဏာလု စစ်ကောင်စီက သုံးနာရီကြာ ကမ္ဘာကျော် သတင်းလိမ်ပွဲ တစ်ခုကို ကနေ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီကနေ ၅ နာရီအထိ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဖြစ်စဉ်မှန်သမျှကို အာဏာလု စစ်ကောင်စီ အလိုကျ ပုံသွင်းပြီး လိမ်လည်သွားတာပဲဖြစ်ပါတယ်။ သတင်းညာ ရှင်းလင်းတာပါပဲ။ တစ်ချက်တစ်ချက်မှာတော့ စိတ်ပိုင်းဆိုင်ရာ အာရုံတိမ်းညွှတ်အောင်လည်း စိတ်ပညာလည်း သုံးသွားပါတယ်။ ၈၈ အရေးအခင်းနဲ့ နှိုင်းယှဉ်ပြီး သုံးသွားပါတယ်။ သွေးခွဲမှုနည်းလမ်းတွေကိုလည်းသုံးသွားပါတယ်။ ဒါပေမယ့် သတင်းယူသူတွေကော၊ တက်ရောက်သူတွေကပါ အကြောက်တရားအောက်က အလုပ်လုပ်နေတဲ့မြင်ကွင်းကတော့ လိမ်လို့မရပါဘူး။ လူတွေက မျက်နှာသေတွေနဲ့ အမှန်တရားကို မြေမြုပ်ပွဲပဲဖြစ်ပါတယ်။ မတရား စွပ်စွဲ ပြောကြားပွဲဖြစ်ပါတယ်။ ကမ္ဘာကျော် သတင်းလိမ်ပွဲပဲဖြစ်ပါတယ်။ ဒါက သတင်းစာ ရှင်းလင်းပွဲမြင်ကွင်း တစ်ခုလုံးကို ပုံဖော်သုံးသပ်ချက်ဖြစ်ပါတယ်။

(၁) ဦးတည်ချက်က ဘာဖြစ်မလဲ
ကမ္ဘာကျော် သတင်းလိမ်ပွဲကို ဘာကြောင့်လုပ်သလဲ ဆိုရင် အာဏာလုသူတွေအနေနဲ့ အာဏာသိမ်းမှုကို တရားဝင်ကြောင်းဖော်ပြချင်တဲ့ ဦးတည်ချက်ရှိပုံရပါတယ်။ စစ်ကောင်စီရဲ့ တရားဝင်မှုပုံရိပ်ကို မြှင့်တင်ပြီး၊ ရွေးကောက်ခံ အစိုးရရဲ့ပုံရိပ်ကို ကျဆင်းစေအောင်၊ လူထုယုံကြည်မှု ကျဆင်းအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒီ့အပြင် ကြီးမားလေးလံတဲ့ ဥပဒေတွေကို ထုတ်ပြန်ပြီး လူထုကို ခြိမ်းခြောက်သိမ်းသွင်းဖို့လည်း ရည်ရွယ်ပုံရပါတယ်။ သူတပါး မကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောဖို့ ဦးတည်ချက်လို လွယ်လွယ်ကောက်ချက်ချ ပြောလို့ရပါတယ်။

(၂) ဘာတွေကို တင်ဆက်သလဲ
ပထမပိုင်းမှာ ဆန္ဒပြပွဲတွေကို ကိုင်တွယ်မှုအကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းဆုကြည်ကို စွပ်စွဲချက်တွေ နှင့် UEC အသစ်ရဲ့ လုပ်ဆောင်မှုအကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းနေတာ ကိုဇောင်းပေးပြောပါတယ်။ ဆန္ဒပြသူတွေက မင်းမဲ့စရိုက် ဆူပူလို့ထိန်းရတယ်လို့ပြောပါတယ်။ နိုင်ငံတော်အဆင့် လဘ်ပေးလာဘ်ယူလုပ်ထားတာမျိုးရှိတယ်လို့ဆိုပါတယ်။ ခြိမ်းခြောက်မှု၊ စည်းရုံးမှုတွေက သူမတူအောင် လုပ်ဆောင်သွားပါတယ်။

(၃) ဦးတည်ချက် ပေါက်မြောက်ပါရဲ့လား
အောက်ပါအချက်တွေကို စာဖတ်သူ ကိုယ်တိုင်ပဲ ရင်ထဲကဖြေကြည့်ရင် အဖြေထုတ်ယူ နိုင်ပါလိမ့်မယ်လို့ ထင်မြင်ပါတယ်။
(၁) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းဆုကြည်အား အာဏာလု စစ်ကောင်စီရဲ့ ပြစ်တင်စွပ်စွဲချက်တွေဖြစ်တဲ့ ဆက်သွယ်ရေးကိရိယာကိုင်ဆောင်ထားတာ၊ မဲဆွယ်သူတွေကို အိမ်ရှေ့ထွက် လက်ပြနှုတ်ဆက်တာ၊ ဒေါ်လာ ၆ သိန်း နှင့် ရွှေ ၇ ပိဿာ ရယူတာ (သူတို့ပြောတာပါပဲ) စတာတွေက နိုင်ငံတော် အာဏာလုယူဖို့ လုံလောက်သော၊ အားကောင်းသော သက်သေများ၊ အရေးပါမှုများ ဖြစ်ပါရဲ့လား။

(၂) ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအမှားဆိုတာဟာ ရွေးကောက်ပွဲရလဒ်ကို ထိခိုက်စေနိုင်လောက်တဲ့အထိ မှားယွင်းမှုဖြစ်ပါရဲ့လား။ ဒီကိစ္စကြောင့် နိုင်ငံတော်အာဏာလုယူရန် လုံလောက်သော အကြောင်းအချက်ဟုတ်ပါသလား။

(၃) အာဏာလု စစ်ကောင်စီ တင်ပြတဲ့ လာဘ်အပေးအယူ၊ ရွေးကောက်ပွဲမဲစာရင်းကိစ္စတွေ၊ သာရေးနာရေးအဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာသုံးစွဲမှုတွေ၊ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်တွေကိစ္စတွေကို စွက်ဖက် ထိန်းချုပ်တာ တပ်မတော်ရဲ့ ပင်မအလုပ် ဟုတ်ပါရဲ့လား။ တိုက်ရိုက်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရှိဘူးလား။ တပ်မတော်နဲ့ တိုက်ရိုက်ပတ်သက်ပါရဲ့လား။

အာဏာသိမ်း စစ်ကောင်စီဆီက ဘာအတုယူစရာရှိသလဲ။
အာဏာသိမ်း စစ်ကောင်စီဟာ ပြည်သူ့အတွက် စေတနာရှိတာမဟုတ်ရင်တောင် စီမံခန့်ခွဲမှုက ပိုင်နိုင်နေပါတယ်။ ချက်ကျလက်ကျ မဟုတ်တာတွေကိုတောင် ချက်ကျလက်ကျဖြစ်အောင် အုပ်စုလိုက် ၀န်းရံပြီး လုပ်ပြသွားပါတယ်။ နောင်ပြည်သူ့အစိုးရတက်လာရင်တော့ စီမံခန့်ခွဲရေးကို တစ်ဦးချင်း မဟုတ်ဘဲ အုပ်စုလိုက် လုပ်တတ်အောင် လေ့လာအတုယူသင့်ပါတယ်။

မြေပြင်အနေအထားရဲ့တုံ့ပြန်မှု

အာဏာသိမ်းရခြင်းရဲ့ အဓိကဆင်ခြေဖြစ်တဲ့ ရွေးကောက်ပွဲမဲကိစ္စ မသမာတာတွေ့တယ်ဆိုရင် တရားရုံးမှာလည်း တိုင်ကြားခွင့် ဖွင့်ထားပြီးဖြစ်ပါတယ်။ မဲကိစ္စက ယူအီးစီ အဆုံးအဖြတ်က အပြီးအပြတ်ဖြစ်ပါတယ်။ အာလာဘ်စားတယ်ဆိုရင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တိုင်လို့ရပါတယ်။ ယခုနောက်ထပ်တင်ပြတဲ့ ကိစ္စ ကတော့ အာဏာသိမ်းယူပြီးနောက် တစ်ဘက်သားကို ရမယ်ရှာ၊ အပြစ်ရှာရင်း အမှုတည်ဆောက်နေတာပဲလို့ သုံးသပ်ရပါတယ်။ စစ်ကောင်စီ အပြစ်ရှာတာ ကင်းလွှတ်တဲ့သူ မရှိသလောက်ပါပဲ။ လူငယ် ဂျန်ဇီတွေ၊ အနုပညာရှင်တွေ၊ သာရေးနာရေးကူညီတဲ့အသင်းတွေ၊ အန်ဂျီအိုတွေ၊ သတင်းမီဒီယာတွေ၊ သူဌေးသူကြွယ်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဆရာ/မတွေ၊ ဆေးဆရာဝန်တွေ၊ သူနာပြုတွေ နဲ့ အခြားသော အစိုးရဌာနဝန်ထမ်းတွေ … အားလုံးကို ရန်သူလိုဆက်ဆံပြီး ဖိနှိပ်နေတာ ထင်သာမြင်သာနေပါတယ်။

တပ်မတော်ဟာ ဘယ်လိုပဲပြောပြော အာဏာသိမ်းချင်လို့သိမ်းတယ်။ အာဏာသိမ်းတယ်ဆိုတာ အာဏာသိမ်းပြီး စီးပွားရှာချင်လို့ဖြစ်တယ်။ ဘယ်ပြည်သူ့အတွက်မှ စေတနာပိုလို့ မဟုတ်ဘူး။ ပြည်တွင်းမှာ သူ့ကို ထောက်ခံသူတွေကို တစ်နေ့ ၅၀၀၀ ကျပ်ပေးနေဆဲမှာ၊ ပြည်ပက အစ္စရေး-ကနေဒါ လော်ဘီကို ဒေါ်လာ ၂ သန်းပေးတာလည်း ဝန်ခံသွားပါတယ်။ CRPH နဲ့ ဒေါက်တာဆာဆာ တို့ရဲ့ လုပ်ရပ်ကို သေးသိမ်အောင် ပြောဆိုပြီး လေလိုင်းကြားက အစိုးရ၊ အွန်လိုင်းအစိုးရ စသည်ဖြင့် ပြောဆိုသွားပါတယ်။ ဒါပေမယ့် ပြည်သူ့အသဲကြားက အစိုးရဆိုတာ ဒီမိုကရေစီ အစိုးရပဲ ဖြစ်တယ်ဆိုတာ၊ စစ်တပ်အစိုးရမဟုတ်ဘူးဆိုတာကို သူတို့မသိကျိုးကျွံပြုပါတယ်။

ဒီနေ့ ဗမခ ဇော်မင်းထွန်းပြောသွားတာတွေကို ကြားရမိသလောက် အာဏာသိမ်းစစ်ခေါင်းဆောင်များအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒသဘောထားများကို နားထောင်ပြီး ပြည်သူတွေနဲ့ အပြုသဘောဆောင်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ လမ်းကြောင်းမရှိဘဲ၊ သူတို့ မူလရည်ရွယ်ထားတဲ့လုပ်ငန်းစဉ် ၅ ခု၊ မူဝါဒ ၉ ခုအတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နားလည်လိုက်ပါတယ်။ ဒီလိုဆိုရင် ရှေ့ဆက်အခြေအနေမှာတော့ ပြည်သူတွေဟာ မိမိတို့ကိုယ်တိုင်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကို မိမိတို့ကိုယ်တိုင် လုံလောက်စွာ ပြင်ဆင်ဆောင်ရွက်ကြဖို့ မဖြစ်မနေလိုအပ်လာမည်ဖြစ်ကြောင်း သုံးသပ် မိ ပါတယ်။

အာဏာသိမ်းပြီး လူထုရဲ့မဲဆန္ဒကို မထီမဲ့မြင်ပြုလိုက်တာ ဖြစ်တယ်ဆိုတာကတော့ မြေပြင်က ပြည်သူအားလုံးအသိပါပဲ။ တပ်မတော်ရဲ့ ပြင်းထန်တဲ့ လောဘရယ်၊ လိမ်ညာမှုတွေရယ်၊ ရက်စက်စွာ သတ်ဖြတ်မှုတွေဟာ ပြည်သူ့ရင်ထဲ နက်ရှိုင်းစွာ နာကျင်ထိရှစေခဲ့ပြီဖြစ်ပါတယ်။ ဒဏ်ရာတွေကို အလိမ်အညာနဲ့ဖုံးကွယ်လို့ မရပါဘူး။ စစ်ကောင်စီပြောတဲ့ အွန်လိုင်းအစိုးရဆိုတာ လူထုရဲ့ ရင်ထဲက အစိုးရပဲဖြစ်ပါတယ်။ မြေပြင်အနေအထားနဲ့ ဝေးကွာလှတဲ့ သတင်းရှင်းလင်းမှု၊ ပြည်သူ့ရင်ထဲက ဆန္ဒကို မထီမဲ့မြင်ပြုတဲ့ သတင်းရှင်းလင်းမှုတွေကြောင့် ပြည်သူဟာ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲနေကြရပါကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူ့ဆန္ဒကို စော်ကားခြင်း နှင့် နားမုဒိမ်းကျင့် ခြင်းသာဖြစ်တယ်လို့ သုံးသပ်ရေးသားလိုက်ရပါတယ်။

သတင်းစာဆိုတာ ခေတ်ရဲ့ကြေးမုံလို့ ဆိုကြပါတယ်။ ယခုအချိန်ဟာ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး ကာလပဲဖြစ်ပါတယ်။ တော်လှန်ရေးကာလ အဖြစ်အပျက်တွေကို သတင်းစာမျက်နှာမှာ ချန်ထားရစ်ဖို့ ကနေ့ သတင်းစာရှင်းလင်းပွဲ သုံးသပ်ချက် ရေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *