ꓟꓳꓽ ꓟꓸ ꓒ ꓕꓲ ꓦꓲ ꓔꓯ ꓮ ꓘꓶꓸ ꓫꓸ ꓟꓳ ꓪ= မိုမားဖာထီဟီတေ အာခီးရှားမူဝါ …

“မိုမားဖာထီဟီတေ အာခီးရှားမူဝါ” ဆိုတာက လီဆူစကားအသံထွက်ဖြစ်ပြီး “ဆရာကြီးမော့စ် မိသားစုကို ကျေးဇူးတင်ပါတယ်” လို့ဆိုလိုပါတယ်။ Morse Family ကိုလီဆူတို့က ꓟꓳꓽ ꓟꓸ ꓒꓽ ꓕꓲ ꓦꓲ- မိုမားဖာထီဟီ လို့ ချစ်စနိုးခေါ်ကြပါတယ်။ ဒီကျေးဇူးတင်စကားကိုပဲ ဒီစာစုရဲ့ ခေါင်းစဉ်အဖြစ် တပ်လိုပါတယ်။ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့က မစ်ရှင်နရီမော့စ်မိသားစုရဲ့ အာရှဒေသ သာသနာ ကွင်းထဲ ရှိနေခဲ့တာ (မျိုးဆက် ၃ ဆက်တိုင်) နှစ် ၁၀၀ ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

ယခုလို မစ်ရှင်နရီမော့စ်မိသားစုရဲ့ အာရှဒေသအတွင်း သာသနာပြု နှစ် ၁၀၀ ပြည့် သမိုင်းဝင် ကာလမှာ ရှေးဟောင်း နှောင်းဖြစ်တွေကို ပြန်လည် ကောက်ယူအမှတ်ရဖို့၊ ကျေးဇူးတင်သင့်တာတွေကို ကျေးဇူးတင်ကြဖို့၊ သုံးသပ်မှုတွေ နဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေလုပ်ယူဖို့ အချိန်ကောင်း တစ်ခုကို ရောက်နေကြတာမို့ …. လွန်လေပြီးသော ရာစုနှစ်တစ်ခု မြင်ကွင်းထဲပြန်အရောက်သွားကြပါစို့။

၁၉၅၅ ခုနှစ်၊ မူလာရှီးဒီရွာထိပ်က ပူတာအိုလွင်ပြင်မြင်ကွင်း
photo taken from https://www.northburmachristianmission.org/



အတိတ်သို့ သမင်လည်ပြန် (Revisiting the past)
၁၉၂၁ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့။ အိုကလာဟိုးမား၊ ယူအက်စ်အေ။
မစ်ရှင်နရီ မော့စ်ဇနီးမောင်နှံ ရာဆယ်မော့စ် နှင့် ဂါးထရုမော့စ်၊ လေးလသားအရွယ် ယူဂျင်းတို့ အမေရိကားကနေ တိဗက်ပြည်သို့ ဦးတည်ထွက်လာခဲ့တယ်။ အဲ့ဒီခုနှစ် ဒီဇင်ဘာ ၂၃ မှာ တိဗက်နယ်စပ်မြို့ ဘာထန်းကိုရောက်တယ်။ တိဗက်လူမျိုးကို သာသနာပြုဖို့ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ၊ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်ရှိ လီဆူလူမျိုးတွေနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့၊ သူတို့ ပစ်မှတ်ပြောင်းသွားပါတယ်။ ဒါက အမေရိကားကနေ ကြိုတင်မျှော်လင့်မထားသော အချိုးအကွေ့၊ အခင်းအကျင်းပဲဖြစ်ပါတယ်။

တရုတ်- မြန်မာနယ်စပ်တစ်လျှောက် လီဆူလူမျိုးများ နေထိုင်ရာဒေသကို ဂိုးဂယ်မြေပုံမှာ ကြည့်လို့ရပါတယ်။ မတ်စောက်သောလျှိုမြောင်ကြီးများရှိရာ တောင်ကုန်းတောင်တန်းဒေသပါ။ တရုတ်ပြည်မကြီးရဲ့ အုပ်ချုပ်ရေးမြို့ ပေကင်းနဲ့ရော၊ မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးမြို့ဖြစ်တဲ့ ရန်ကုန်နဲ့ပါ ဝေးနေတဲ့ သီးခြားတောင်တန်းနယ်ဖြစ်ပါတယ်။ ဒီလိုဝေးလံခေါင်ဖျား တောတောင်ဒေသကတော့ ကွန်မြူနစ်ဘေး နဲ့ ဒုတိယကမ္ဘာစစ်သေမင်းအရိပ်လွှမ်းမိုးကြီးစိုးနေတဲ့ ကာလတစ်လျှောက် တိုက်ပွဲဝေးရာ၊ တိမ်းရှောင်ရာအရပ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ မစ်ရှင်နရီမိသားစုအတွက်လည်း တရုတ်ပြည်၊ တိဗက်ပြည်မှာ နေလို့မရတော့တဲ့အခါ ရှန်ဘဲလ်လာ သီးခြားဆိတ်ငြိမ်ရာအရပ်တစ်ခုကို ရှာတွေ့ခဲ့တာပါပဲ။ ဒီလိုနဲ့ တိဗက်ပြည်အတွက် သာသနာပြုမိသားစုအဖြစ်ကနေ တောင်ပေါ်ဒေသနေ လီဆူတွေအတွက် သာသနာပြုဖြစ်လာရပါတယ်။

မစ်ရှင်နရီတွေရဲ့ နဂိုသာသနာပြု ပစ်မှတ်ကတော့ တိဗက်ဒေသ၊ တိဗက်လူမျိုးဖြစ်ပါတယ်။ တိဗက်ရဲ့အနေအထားက နှစ်ပေါင်းများစွာ ခိုင်မာစွာ ရှင်သန်ရပ်တည်နေတဲ့ တိဗက်ပုံစံဗုဒ္ဓဘာသာဖြစ်နေပါတယ်။ ယနေ့အထိလဲ တိဗက်တို့အယူအရ ၁၄ ယောက်မြောက် ဘဝပြောင်း အရှင်ဘုရားက သက်ရှိထင်ရှား ရှိနေဆဲဖြစ်ပါတယ်။ သူကတော့ ကမ္ဘာကျော် တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား ပဲဖြစ်ပါတယ်။ အမျိုးသားရေးစိတ်ဓါတ်ရယ်၊ ကိုးကွယ်ယုံကြည်မှု နှစ်ထောင်ချီ ခိုင်မာမှုတွေကို ယုံကြည်သက်ဝင်မှုဘာသာ အသစ်တစ်ခု ထည့်ပေးဖို့ လွယ်တာမဟုတ်ပါ။ ဒီ ပြဿနာကတော့ ယနေ့လည်း ခိုင်မာစွာရပ်တည်နေကြတဲ့ ဘာသာကြီးတွေ နဲ့ထိတွေ့ရာမှာ တွေ့ရတဲ့အနေအထားဖြစ်ပါတယ်။ ဒီလို မလွယ်ခြင်းကပဲ နတ်စားကိုးကွယ်မှုရှိနေတဲ့ လီဆူလူမျိုးကို သာသနာပြုဖို့ တိမ်းယိမ်းစေပါတော့တယ်။

လီဆူတွေကို သာသနာပြုလာတာက အမေရိကားကနေ နဂိုရည်ရွယ်ရင်း အစီအစဉ်မှာ မပါတဲ့အရာဖြစ်ပါတယ်။ ဒါကို ကျေးဇူးတင်တတ်သော စိတ်နဲ့၊ ယုံကြည်သက်ဝင်မှုအရ သုံးသပ်ရင် ဘုရားရဲ့ မမြင်ရသော လက်တော် တစ်စုံရဲ့ လမ်းပြေခေါ်ဆောင်ပုံသွင်းမှုလို့ ဆိုနိုင်ပါတယ်။ လီဆူတို့ရဲ့ ယုံကြည်သက်ဝင်မှု ပြောင်းလဲခြင်းက အဲ့ဒီခေတ်အခါရဲ့ မစ်ရှင်နရီများသမိုင်းအရ၊ အကြီးကျယ်ဆုံး အောင်မြင်မှုတစ်ခုလို့ အာရှဒေသမစ်ရှင်နရီသမိုင်းမှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ အစုလိုက်အပြုံအလိုက်၊ ရွာလုံးကျွတ်၊ ဒေသလုံးကျွတ် လှုပ်ရှားပြောင်းလဲမှုဖြစ်ခဲ့ပါတယ်။



မြန်မာပြည်မြောက်ဖျားပိုင်းရှိ မြန်မာ-တရုတ်နယ်စပ်မှာ လီဆူလူမျိုးတွေကို သာသနာပြုရင်း အတူနေထိုင်ကြတဲ့ ရဝမ်လူမျိုး တွေကိုလည်း တွေ့သွားပါတယ်။ မိုးများတဲ့နေရာ၊ မတ်စောက်ခက်ခဲကြမ်းတမ်းတဲ့ ဒေသ၊ အစာရေစာရှားပါးတဲ့နယ်မြေထဲမှာ ရှိနေကြတဲ့ ဒီလူမျိုးနှစ်စုကို တစ်တောင်တက်ဆင်း၊ တစ်ရွာဝင်ထွက်နဲ့ သာသနာပြုခဲ့တာမှာ ဒုတိယကမ္ဘာစစ်ကာလ မှာအတော်အတန် အောင်မြင်နေပြီဖြစ်ပါတယ်။ (ဆရာကြီးရာဆယ်မော့စ် နှင့် ဂါးထရုဟောင်ေ၀ မော့စ်တို့ရဲ့ သားသုံးယောက်၊ ချွေးမများနဲ့ မိသားစုဝင်များအားလုံး သာသနာလုပ်ငန်းထဲ ပါဝင်ကြပါတယ်။ အခုတော့ ရာဆယ်မော့စ်ရဲ့ တတိယမျိုးဆက်ဖြစ်တဲ့ သူ့မြေးတွေ တစ်ချို့ကတော့ ယခု ထိုင်းနိုင်ငံ ချင်းမိုင်မှာ စာပေလုပ်ငန်းများ၊ ကျမ်းစာသင်ကျောင်းနှင့် အသင်းတော်လုပ်ငန်းများကို လုပ်ကိုင်ဆဲ ရှိပါတယ်။ )

ဒီလိုနဲ့ ၁၉၅၀ ဝန်းကျင်မှာ အဲ့ဒီလူမျိုးနွယ်စု နှစ်စုကို တောင်တန်းလျှိုမြောင်ထဲကနေ၊ မြေပြန့်ပူတာအိုလွင်ပြင်သို့ ခေါ်ဆောင်လာ ခဲ့ပါတယ်။ မူလာရှီးဒီ၊ ဒုတ္တန် ကျေးရွာ (ယခုတော့ရပ်ကွက်တွေဖြစ်သွားကြပါပြီ) တို့ကတော့ ယခုတိုင် တွေ့မြင်နေရဆဲ သူတို့ရဲ့စွန့်ဦးထွင်လမ်းပြမှု ခြေရာလက်ရာတွေပဲဖြစ်ပါတယ်။ အစစအရာရာ ခက်ခဲကြမ်းတမ်းတဲ့ တောင်ပေါ်မှာနေကြတဲ့ လူမျိုးစု နှစ်စုအတွက် မြေပြန့်မှာ အခြေချနေထိုင်နိုင်ဖို့၊ မြို့ရွာပုံစံတွေ ချပေးခဲ့တယ်။ ဒါက အရေအတွက် ကြီးမားတဲ့ လူထုရွှေ့ပြောင်းမှု၊ စားဝတ်နေရေး ဘဝတစ်ဆင့်တိုးတက်မှု ဖြစ်စေခဲ့ပါတယ်။ သူတို့မှတ်တမ်းအရ လူဦးရေ 20000 ကိုတောင်ပေါ်ဒေသကနေ ပူတာအိုလွင်ပြင်သို့ ခေါ်‌ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။



မြေပြန့်ရောက်လာတော့ တောင်ယာလုပ်ငန်းကနေ ရေသွင်းစိုက်ပျိုးရေး လယ်ယာလုပ်ငန်းသို့ လမ်းညွှန်ပေးခဲ့တယ်။ မြစ်ကြီးနားက ထွန်စက်တွေနဲ့ ပူတာအိုသို့ သယ်လာပြီး၊ လယ်ယာမြေ ဖော်ထုတ်ပေးတယ်။ ဒီလယ်မြေ တွေက အခုထက်ထိ အသုံးပြုလျှက်၊ ဒေသခံတွေများစွာရဲ့ ဝမ်းရေးကို ဖြည့်ဆည်းပေးနေပါတယ်။

အမေရိကားမှာပဲ ရနိုင်တဲ့ သစ်သီးမျိုးစုံ မျိုးစေ့ကိုယူလာပြီး၊ ပူတာအိုမှာ စိုက်ပျိုးဖြစ်ထွန်းစေခဲ့တယ်။ ဝါရှင်တန်၊ ဂရိတ်ဖရု၊ ဘုရင်သီး၊ သစ်တော်သီး၊ လိမ္မော်သီး စတာတွေကို ယနေ့အထိ ဒေသခံတွေ စိုက်ပျိုး စားသောက်နေရဆဲ၊ အကျိုးခံစားလျှက် ရှိပါတယ်။ ဗိုက်တာမင်လိုအပ်မှုကို ဖြည့်ဆည်းပေးဆဲ ရှိပါတယ်။

သယ်ယူပို့ဆောင်ရေးအတွက် နွားလှည်းတွေကို မြစ်ကြီးနားကနေ တင်ပို့ခဲ့တယ်။ ဒေသခံတွေရဲ့ ထင်းရှာ၊ ပစ္စည်းသယ်၊ စပါးသယ်ပို့၊ ရောင်းဝယ်ရေး တွေမှာ တစ်ခေတ်ဆန်းစေခဲ့ပါတယ်။

စာပေ နှင့် ယုံကြည်ကိုးကွယ်မှုကိုလည်း တစ်ခေတ် သစ်ဆန်းစေခဲ့ပါတယ်။ လီဆူတွေအတွက် ကရင်ဆရာဦးဘသော်နဲ့ ဂျေ၊အို၊ ဖရီဇာတို့က တီထွင်ပေးခဲ့တယ်။ နောက်ပိုင်း ကျမ်းစာဘာသာပြန်ခြင်း၊ ခရစ်ယာန်ဓမ္မသီချင်း၊ ကျမ်းအနက်ဖွင့်ကျမ်းများ စသည်တို့မှာ မော့စ်မိသားစုပါဝင်ဆက် ကပ်မှုက ကြီးမားစွာ ရှိခဲ့ပါတယ်။ စာပေကြောင့် ပညာရေးနယ်ပယ် များစွာကို တစ်ဆင့်တက်လှမ်းနိုင်စေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှု အဆုံးအမတွေကြောင့် လူတွေရဲ့ အကျင့်စာရိတ္တမြင့်မားလာစေခဲ့ပါတယ်။ ထိကနဲဆို ဒုတ်ဆွဲ၊ ဓါးဆွဲ လူမှုအသိုင်းအဝန်းမှသည် ပြဿနာကို ယဉ်ကျေးစွာ၊ တရားမျှတစွာ ဖြေရှင်းတတ်လာခဲ့ပါတယ်။ ဒါက ပညာရေးနှင့် အကျင့်စာရိတ္တ၊ အတွေးအခေါ်ပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။

မြူးဇစ်ကဏ္ဍမှာလည်း ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ချီးမွမ်းသီချင်းတွေ၊ အားပေးသီချင်းတွေဖြစ်ပါတယ်။ ပဲပင်ပေါက်သင်္ကေတလို့ခေါ်တဲ့ စတက်ဖ်နှုတ်အစား၊ အရှေ့တိုင်း သင်္ကေတနဲ့ သင်ပေးခဲ့လို့ နဂိုကတည်းက သီဆိုကခုန်ဝါသနာထုံတဲ့ လီဆူတွေအဖို့ အလွန်သာယာနာပျော်ဖွယ် ခရစ်ယာန် သီချင်းတွေဖြစ်လာပါတယ်။ ကနဦးလီဆူခရစ်ယာန်တွေထဲမှာ ကိုယ်ပိုင်သံစဉ်၊ စာသားနဲ့ ခရစ်ယာန်သီချင်းများစွာ ရေးခဲ့ကြပါတယ်။ သူတို့က ကော်ပီသာမဟုတ်၊ ဖန်တီးတတ်သူတွေဖြစ်တဲ့အကြောင်း တွေ့ရတာပါပဲ။ ယနေ့ထက်ထိ သူတို့ရေးခဲ့တဲ့သီချင်းတွေကို အသင်းတော်တွေမှာ ကြားနေရဆဲ ရှိပါတယ်။ အနုပညာမှာ နှုတ်တက်အလွတ်ကျက်အနေအထားမှသည် သင်္ကေတများအားဖြင့် ရေးသားမှတ်ထားနိုင်တဲ့အထိ တက်လှမ်းစေခဲ့ပါတယ်။

ရေမြောင်းလုပ်ငန်း၊ လမ်းတံတားလုပ်ငန်းများကိုလည်း ခေတ်ရှေ့ပြေး လုပ်ဆောင်ခဲ့ပါတယ်။ ကနေ့အထိ မူလာချောင်းဘေးက ရေသွယ်လမ်း အဟောင်းကို တွေ့မြင်နိုင်ပါသေးတယ်။ စီရရီအကွက်ကျတဲ့ မူလာရှီးဒီ ရွာခြံမြေတွေ၊ ဖြောင့်ဖြူးတဲ့လမ်းအူမကြောတွေဟာ သူတု့ိရဲ့ အမျှော်အမြင်ရှိမှု နဲ့ ဖန်တီးမှု ကျေးဇူးတွေဖြစ်ပါတယ်။

အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း တဲအိမ်ဆောက်လုပ်ရေးကနေ၊ ပျဉ်ထောင်ပျဉ်ခင်း ပျဉ်မိုးအိမ်များအထိ တိုးတက်စေခဲ့ပါတယ်။ Exodus to Hidden Valley စာအုပ်ရေးသားသူ ယူဂျင်းမော့စ်က လက်သမားဆရာကြီးတစ်ပါးဖြစ်ပါတယ်။ သူ့ရဲ့ လက်ယာတွေ၊ သံမလို၊ အလည်တိုင်မလို သစ်သား ခေါင်ချုပ်ချင်း စေ့စပ်တည်ဆောက်မှုတွေက နာမည်ကြီးပါတယ်။



ဒေသမှာ တန်ဖိုးနည်းရေရှည်ခံအိမ်ပုံစံ – ဝါးထရံအတွင်းခံပြီး၊ အပြင်ကနေ နွားချေးရယ်၊ ရွှံ့စေးထုံးသုတ် ထားတဲ့ တိုက်အိမ်ပုံစံ တည်ဆောက်မှုကိုလည်း ဒေသခံများကို တတ်မြောက် စေခဲ့ပါတယ်။ ကွန်ကရစ်နဲ့ တဲအိမ်ကြားက အဆောက်အဦပုံစံသစ်များကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကနေ့အထိ မူလာရှီးဒီမစ်ရှင်းဝန်းထဲက အိမ်အိုတွေရဲ့ ဒီဇိုင်းက လွမ်းမောဖွယ်၊ ခမ်းနားတဲ့အဆင်တွေကို တွေ့နိုင်ပါတယ်။ သို့သော် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ အသင်းတော်ပဠိပက္ခကြောင့် အထိန်းအသိမ်းမဲ့သော ရှေးဟောင်းအဆောက်အဦများအဖြစ် ရှိနေပြီး၊ ပြိုပျက်လုနေသည်ကို စိတ်မကောင်းဖွယ် တွေ့နေရပါတယ်။ စိတ်သဘောထား မတိုက်ဆိုင်တာတွေကို ဘေးဖယ်လို့၊ သမိုင်းတန်ဖိုးသိသူတွေ၊ ကျေးဇူးသိတတ်သူတို့ဦးဆောင်ကာ ပြုပြင်မွမ်းမံလျက် ထိန်းသိမ်းသင့်သော ရှေးအမွေအနှစ်များဖြစ်ပါတယ်။ (အသင်းတော်အရေးဟာ သူပြောကိုယ်ပြောနဲ့ အလွန်ရှည်လျားတဲ့ ဇာတ်ကြောင်းတွေဖြစ်ပေမယ့်၊ အနှစ်ချုပ်ရင်တော့ တစ်ဦးနဲ့တစ်ဦးကြားမှာ မေတ္တာထက် မနာလိုမှုပိုခဲ့ကြတာ၊ အေးဆေးဆွေးနွေးလို့ရတာတွေကို မာထန်စွာ ကိုင်တွယ်ခဲ့ကြတာကြောင့် ဖြစ်တယ်လို့ စာရေးသူ သုံးသပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကို စည်းနှောင်ပေးထားတဲ့ မေတ္တာပျက်ကြတဲ့အခါ တကွဲတပြားဖြစ်သွားတာ မဆန်းပါဘူး။ အပြစ်တွေ အများကြီးမြင်လာကြတာ မဆန်းပါဘူး။)

မစ်ရှင်နရီမော့စ်မိသားစုလုပ်ဆောင်ခဲ့တဲ့ ကျန်းမာရေး ကဏ္ဍကတော့ လက်တွေ့အကျဆုံး၊ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ နာမကျန်းသူများကသာ ဆေးဆရာကို အလိုရှိတယ်လို့ သခင်ယေရှု မိန့်မှာသကဲ့သို့၊ ဒေသခံတွေ နာမကျန်းဖြစ်ရင် အားအကိုးဆုံးကတော့ မူလာရှီးဒီဆေးခန်းပဲဖြစ်ပါတယ်။ ဆေးပညာရပ်မှာ မစ်ရှင်နရီမော့စ်တို့နဲ့ လက်တွဲပြီး အချိန်ပိုင်း၊ အချိန်ပြည့် အလုပ်လုပ်ကြတဲ့ သူတွေများစွာ ရှိခဲ့ကြောင်း သိရပါတယ်။ ကျွန်တော့်အမေဆိုရင် သေဘေးကနေ လွတ်မြောက်ခဲ့တဲ့အကြောင်း ယနေ့ထက်ထိ ပြောမဆုံး တဖွဖွရှိနေပါတယ်။ ဒေသခံလူတွေ များစွာအတွက် အားကိုးရာ၊ အနာငြိမ်းရာနေရာဖြစ်ခဲ့တာ ထင်ရှားပါတယ်။

၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ။
မစ်ရှင်နရီမော့စ်မိသားစု ချစ်သာ လီဆူ၊ ရဝမ် ခရစ်ယာန်များ၊ ပူတာအို ဒေသခံများ အားလုံးကို ကျောခိုင်းလို့ နှုတ်ဆက်ထွက်သွားပါတယ်။ ဦးနေဝင်းဦးဆောင်တဲ့ အစိုးရရဲ့ အမိန့်ကြောင့် မြန်မာနိုင်ငံနယ်နမိတ်အတွင်းမှာ ရှိနေကြတဲ့ နိုင်ငံခြားသား သာသနာပြုအားလုံး မြန်မာပြည်တွင်းကနေ ထွက်ခွါရန်အမိန့် ထွက်လာလို့ဖြစ်ပါတယ်။ တစ်ချို့က လေကြောင်းနဲ့ပြန်လည် ထွက်ခွါကြတယ်။ တစ်ချို့ကတော့ တောလမ်းခရီးနဲ့ အန္ဒိယဘက်ဝင်ရောက်ဖို့ ကြိုးစား ခဲ့ပါတယ်။ ပူတာအို-ပင်နောင်စွပ် ခရီးလမ်းတစ်လျှောက် မစ်ရှင်နရီ မိသားစုနောက်သို့ လူပေါင်းများစွာ လိုက်ပါခဲ့ကြပါတယ်။ နဂိုရည်ရွယ်တဲ့ မြန်မာ-အန္ဒိယနယ်စပ်ဖြတ်သန်းရေး အစီအစဉ်မအောင်မြင်ဘဲ တောတောင်မှာ ၆ နှစ်ကျော်ပိတ်မိနေခဲ့ပြီး၊ နောက်ဆုံးမှာတော့ မြန်မာအစိုးရက ပင်နောင်ဇွပ်- ခန္တီး- မန္တလေး သို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ မန္တလေးသို့ရောက်ရှိ ထောင်တွင်းထိန်းသိမ်း အစစ်ဆေးခံပြီးနောက် လေယာဉ်နဲ့ ပြည်ပသို့ ပြန်လည်ထွက်ခွါခွင့် ပြုခဲ့ပါတယ်။

ပြန်လည်သုံးသပ်ခြင်း (Evaluation/Reflection)
သူတို့တိုင်းပြည်ကနေ ထွက်ခွါပြီးနောက်ပိုင်း ကျန်နေရစ်တဲ့ အသင်းတော်က တိုင်းရင်းသားခေါင်းဆောင်များနဲ့ ရှေ့ဆက်ပြီး ရှင်သန်ရပ်တည်နေထာ ကနေ့အထိဖြစ်ပါတယ်။ မည်သည့်ထောက်ပံ့ကြေးမှ မပါပါဘဲ၊ ကိုယ့်အသင်းတော်ရဲ့ ခြေထောက်ပေါ်မှာ ကိုယ်တိုင် ရပ်တည်နိုင်အောင် စီမံခဲ့တာ ဖြစ်ပါတယ်။ ဒါက အခြားအသင်းတော် ဂိုဏ်းဂဏများမှာ တွေ့ရခဲတဲ့ ကိုယ့်ဖာသာကိုယ် ရပ်တည်ခြင်း အစီအမံဖြစ်ပါတယ်။ (self supporting churches) ဖြစ်စေခဲ့တာ တွေ့ရပါတယ်။

မစ်ရှင်နရီမော့စ် မိသားစု့မြန်မာပြည်တွင်းကို ဝင်ရောက်လာတာက ၁၉၃၀ ခုနှစ်ဝန်းကျင် ဖြစ်ပြီး၊ ထိုအချိန်က အသင်းတော်လုပ်ငန်းကို တိုင်းပြည်အစိုးရရဲ့ အသိအမှတ်ပြုမှု ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ်။ သမိုင်းခြေရာခိုင်မာသော အသင်းတော်သာသနာ တစ်ခုအဖြစ်၊ ထိုစဉ်ကအစိုးရမင်းများရဲ့ ခွင့်ပြုမိန့်ရသည့် သာသနာလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့သည်ကိုထောက်သော် ဝိညာဉ်ရေးရာကိစ္စသာမကဘဲ၊ အစိုးရမင်းများနှင့်သက်ဆိုင်သည်များကိုလည်း လစ်ဟာမှုမရှိအောင် စီမံနိုင်ခဲ့သည်ကို တွေ့ရပါတယ်။ ထိုခွင့်ပြုမိန့်နှင့်အတူ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် အစိုးရ၏ သာသနာရေးဝန်ကြီးဌါန လမ်းညွှန်ချက်အရ ၂၀၀၈ ခရစ်တော်၏အသင်းတော် ဖွဲ့စည်းပုံကို လုပ်ထုံးလုပ်နည်းနဲ့အညီ အစိုးရထံမှ တရားဝင်အတည်ပြုချက် ရယူနိုင်ခဲ့ပြီး၊ ယခုထက်ထိ ခရစ်တော်၏အသင်းတော်များက ထိုစည်းနှောင်အားကို အသုံးပြုလျှက် ရှိပါတယ်။

ရိုးသားစွာ ဝန်ခံကြရရင်၊ မစ်ရှင်နရီ မော့စ်မိသားစုတစ်စု လုပ်ပေးခဲ့တဲ့၊ အစပျိုးပေးခဲ့တဲ့ ခရစ်ယာန် ယုံကြည်သက်ဝင်မှုသွန်သင်ချက်ရယ်၊ လူမှုဘ၀ တိုးတက်ဖွံ့ဖြိုးစေဖို့ ကြံဆောင်စီမံချက်တွေရယ်ကို … ကနေ့ ခေါင်းဆောင်ပေါင်းများစွာကပင် လိုက်လို့မမီဟု ဝန်ခံကြရမှာဖြစ်ပါတယ်။ တရားဟောစင်မှာ ရှိတဲ့သူဦးရေက များပြီး အခြားသော ပညာရပ်တွေနဲ့ အသင်းတော်နဲ့ အသိုက်အဝန်းကို အစေခံနေတဲ့သူတွေက မရှိသလောက် နည်းပါတယ်။ ရေမြောင်းလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ သီးပင်စားပင်စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်းများ၊ ပညာရေးလုပ်ငန်း၊ စာပေတီထွင်မှု၊ အိမ်ယာမြေနှင့်လမ်းတံတား၊ အဆောက်အဦးလုပ်ငန်း စတဲ့ နယ်ပယ်တွေမှာ လက်လှမ်းမီနိုင်မှာ မဟုတ်ပါ။ သူတို့ရဲ့ စီမံခန့်ခွဲမှုအစွမ်း၊ သာသနာပြုနည်း ပုံစံကတော့ နှစ် ၁၀၀ ကြာသည့်တိုင် အံ့ချီးဖွယ်ရှိဆဲပင် ဖြစ်ပါတယ်။ သူတို့ရဲ့ ဆက်ကပ်မှုက အားလုံးသော ခေါင်းဆောင်တို့အတွက် စံပြပုံစံ၊ စိတ်ဓါတ်ခွန်အားတွေ ပေးနေဆဲ ရှိပါတယ်။

ကနေ့ အသင်းတော်တစ်ခုလုံးအနေနဲ့ စဉ်းစား ပြင်ဆင်သင့်တာတွေလည်း ရှိနေပါတယ်။ သမိုင်းအကျော်အမော် ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအအောင်သင်တယ်လို့ခဲ့သလို၊ အနာဂတ်မှာ အသင်းတော်အနေနဲ့ နိုးကြားနေဖို့ ပြင်ဆင်ရမှာတွေ ရှိနေပါတယ်။ ဒဲ့လည်းပြောရဲဖို့၊ လက်ခံရဲဖို့၊ ပြင်ဆင်ရဲဖို့လိုပါတယ်။ ကနေ့ မစ်ရှင်နရီမော့စ်မိသားစုရဲ့ သာသနာလုပ်ငန်းပုံစံတွေထဲမှာ ဆက်လက်ထိန်းသိမ်းထား နိုင်တာဆိုလို့ တစ်ခုပဲ ကျန်ရစ်တယ်လို့သုံးသပ်မိပါတယ်။ ဒါကတော့ ကျမ်းစာသင်တန်းတွေ ဆက်လက်ဖွင့်လှစ်နေခြင်း၊ တရားဟောဆရာတွေ မွေးထုတ်နေခြင်းပဲဖြစ်ပါတယ်။ ဒါကတော့ သူတို့ခေတ်အခါက အရှိန်ကိုယူပြီး ဆက်လက်မောင်းနှင်နေတဲ့ တစ်ခုတည်းသော မစ်ရှင်လုပ်ငန်းလို့ ဆိုရမှာပါ။ အခြားသော နယ်ပယ်လုပ်ငန်း တွေကိုတော့ သိသာစွာ ဆက်လက်ထိန်းသိမ်းထားတာ၊ လုပ်ဆောင်နိုင်တာ၊ တိုးတက်စေနိုင်တာတွေ မတွေ့ရသလောက်ပါပဲ။

ဒါကြောင့်ပဲ စင်ပေါ်က တရားဟောသူ များလာပြီး၊ လက်တွေ့မှာအကျိုးပြုတဲ့ လူမှုအကျိုးပြုလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမျိုးကို ဖော်ဆောင်ပေးနိုင်သူ နည်းပါးနေတာက အရှိတရားဖြစ်ပါတယ်။ ဘုရားကျောင်းတွင်းသာသနာ၊ စင်ပေါ်ကသာသနာတစ်ခုတည်းကိုသာ ခရစ်ယာန်သာသနာရယ်လို့ ထင်မြင်မိသွားလေသလားလို့ သံသယဖြစ်မိပါတယ်။ ခရစ်ယာန် ပညာရေးကျောင်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဆေးသာသနာလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လှုပ်ရှားမှုများ၊ လူထုအကျိုးပြုတီထွင်မှုနဲ့ စီးပွားလုပ်ငန်းများ၊ စာပေလုပ်ငန်းများ စသည့်နယ်ပယ်တို့တင် ရှေ့မဆက်နိုင်ဘဲ၊ တုံ့ဆိုင်း လစ်ဟာနေခဲ့တာ ဆယ်စုနှစ်များစွာ ရှိနေခဲ့ပြီဖြစ်ပါတယ်။ သာသနာပြုတယ်ဆိုတာ လုံးဝဥဿုံ လူမှုအဖွဲ့အစည်းကို ပိုမိုကောင်းမွန်တဲ့ အနေအထားသို့ ရောက်အောင် ဘုရားအလိုတော်နှင့်အညီ (စိတ်ပိုင်းဆိုင်ရာခံယူချက် နှင့် ခန္ဓာပိုင်းဆိုင်ရာလိုအပ်ချက်) ဖြည့်ဆည်းပေးတယ်လို့ မမြင်နိုင်ခဲ့ကြတာလို့ သုံးသပ်ပါတယ်။ (အခုလို ကိုဗစ်ကပ်ရောဂါနဲ့ စစ်ဘေးရှောင်များလာတဲ့ ကာလမှာ စင်ပေါ်က တရားဟောချက်တွေထက်၊ လက်တွေ့ကျတဲ့ကူညီမှုမျိုး လိုအပ်နေတာအမှန်ပါ။

စကားလုံးနဲ့ ဆုတောင်းပေးပါမယ်ဆိုတာထက် လက်တွေ့ကူညီမှုကို အသင်းတော်အသိုက်အဝန်းက တောင့်တနေကြရပါတယ်။ ရှင်ယာကုပ်ကလည်း စကားလုံးနဲ့ချည်း နွေးစေပါလို့ပြောတာထက် အဝတ်အထည်ပေးကမ်းဖို့ ထောက်ပြခဲ့ပါတယ်။ ကနေ့ အသင်းတော်တွေအနေနဲ့ လူမှုအသိုင်းအဝန်းအထိ အစေခံပေးနိုင်တဲ့ သာသနာပြုပုံစံက အသင်းတော်အတွင်းမှာ မရှိသေးဘူး ဆိုတာ မြင်သာထင်ရှားလာစေပါတယ်။ ဒီလိုသိလာမှလည်း ပြုပြင်ပြောင်းလဲပြီး အသင်းတော်နဲ့ အသိုက်အဝန်းကို အစေခံဖို့ ပြုပြင်ပြောင်းလဲတဲ့ အမြင်ရှိလာကြမှာပါ။ ဥပမာ- ကျန်းမာရေးစောင့်ရှောက်မှုဆိုရင်လည်း ဒီကနေ ချက်ချင်းဆိုသလို PPE ဝတ်လိုက်လို့ ကိုဗစ်လူနာတွေကို ကူညီနိုင်တာ မဟုတ်ပါဘဲ၊ ကြိုတင်လေ့ကျင့်မှုတွေရှိနေဖို့ လိုပါတယ်။ ပညာရေးနဲ့ လူမှုကူညီကယ်ဆယ်ရေး၊ ဖွံံ့ဖြိုးတိုးတက်ရေးမှာ အသင်းတော်တစ်ခုလုံးအတိုင်းအတာနဲ့ လေ့လာမှုတွေ၊ ပြင်ဆင်မှုတွေ၊ လုပ်နိုင်စွမ်းအား (capacities) တွေကိုမြှင့်တင်ဖို့လိုနေပါသေးတယ်။ ဆိုတော့ အနာဂတ်မှာ လူမှုကညီရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ပညာရေး ပြုစုပျိုးထောင်မှု တွေကို အသင်းတော်က ဦးစီးလုပ်ကိုင်ဖို့ Development Department တွေလိုနေပြီဆိုတာ တွေးမြင်သူတွေ အားလုံး သဘောပေါက်ဖို့ဖြစ်ပါတယ်။ )

အံ့အားသင့်ဖွယ်ရာအဖြစ် မစ်ရှင်နရီမော့စ်မိသားစုဟာ လူထောင်သောင်းမကသော ဘဝများကို ကျန်းမာရေး၊ အစားအသောက်၊ လူမှုဆက်ဆံရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နယ်ပယ်သစ်များကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်များမွေးထုတ်ပေးခြင်း၊ ကိုယ့်အား ကိုယ်ကိုးတတ်သော self supporting အသင်းတော်များဖြစ်အောင် စီမံခဲ့ခြင်း၊ အစိုးရမင်းများနှင့်သက်ဆိုင်သော ရယူသင့်သည့် အခွင့်များ ခိုင်မာစွာ ရယူပေးထားခဲ့ သည်မှာ မစ်ရှင်နရီမော့စ်မိသားစု၏ ရေရှည်အမြော်အမြင်ရှိမှုကို ပေါ်လွင်စေ ပါတယ်။ အလွန်ဂုဏ်ယူစရာ၊ ကျေးဇူးတင်စရာ ဖြစ်ပါတယ်။



ကျွန်တော်တို့ မလုပ်နိုင်တာကို လုပ်ပေးခဲ့တဲ့၊ ကနဦး မစ်ရှင်နရီမော့စ်မိသားစုကို ကျွန်တော့်အနေနဲ့ အပြစ်တင်စရာ မရှိပါ။ သူတို့ ပေးဆပ်မှုနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပါတယ်။ ကျွန်တော့် သုံးသပ်ချက်အရ၊ ဆရာကြီးမော့စ်မိသားစုတို့သည် သူတို့ကိုသိကျွမ်းကြသောသူများနှင့် တောင်ပေါ်ဒေသနေ လီဆူ၊ ရဝမ်တို့အတွက် ဘုရားပေး ကောင်းကြီးလက်ဆောင်ပင်ဖြစ်ပါတယ်။



နောက်ဆုံးအနေနဲ့ ကျေးဇူးတင်စကားနဲ့ပဲ အဆုံးသတ်ပါရစေ။ သူတို့မိသားစုသိကျွမ်းတဲ့ လီဆူလိုနဲ့ ကျေးဇူးစကားဆိုပါဦးမယ်။ ꓟꓳꓽ ꓟꓸ ꓒ ꓕꓲ ꓦꓲ ꓟ ꓔꓯ ꓮ ꓘꓶꓸ ꓫꓸ ꓟꓳ ꓪ= ꓪꓴ-ꓢ ꓡꓰ ꓶ ꓥꓳ ꓙꓱꓽ ꓖꓶ ꓝꓲ= မိုမားဖာ ထီဟီမာတေ အာခီးရှားမိုဝါ။ ဝိုဆာနီ လောဂျာစီ။ (မစ်ရှင်နရီ ဆရာကြီး မိသားစုကို ကျေးဇူးတင်ပါတယ်။ ဘုရားကောင်းကြီးပေးပါစေ။)

ကိုဂျေ
၂၃၊ သြဂုတ်လ၊ ၂၀၂၁

sources: the dogs may bark, but caravan moves go on by Gertrude Morse (Edited by Helen), Exodus to a Hidden Valley by Eugene Morse, and https://www.northburmachristianmission.org/

Leave a Reply

Your email address will not be published. Required fields are marked *