သီချင်းတစ်စု၊ စာတစ်ချို့နှင့် လွမ်းစရာတစ်ပွေ့ တစ်ပိုက်ချန်ထားရစ်ခဲ့သူ … (သို့မဟုတ်) ဒေါက်တာ ငွါးရဲ့ဒီ

သီချင်းတစ်စု၊ စာတစ်ချို့နှင့် လွမ်းစရာတစ်ပွေ့ တစ်ပိုက်ချန်ထားရစ်ခဲ့သူ … (သို့မဟုတ်) ဒေါက်တာ ငွါးရဲ့ဒီ ????

A tribute to David Ngwa Yedi

ဒီလိုစာမျိုးကို မရေးလိုပါ။ ရေးဖို့ကြုံလာတော့လည်း ကျွန်တော် သိတဲ့အပိုင်းကနေ အမှတ်တရရေးလိုက်ပါတယ်။ အစကတော့ သူလည်းကိုယ့်ကိုမသိ။ ကိုယ်လည်း သူ့ကိုမသိ။ တစ်ယောက်နဲ့တစ်ယောက် အချင်း ချင်းမသိကြပါဘူး။ ခင်မင်ရင်းနှီးခြင်းရဲ့အစက မသိခြင်း၊ သူစိမ်းတရံ အနေနဲ့ စတင်ကြတာပေါ့။

၂၀၀၀ ခုနှစ် နွေနောင်းကာလမှာ အီးဘီအိုင်ကျောင်းမှာ သူနဲ့စတင်ဆုံဆည်းခဲ့ပါတယ်။ သူကရှယ်ဆောင်

အပေါ်ထပ် ကနေ အောက် ထပ်ကို အဆင်း၊ ကျွန်တော်နဲ့လမ်းမှာဆုံတော့ “zeal” ဆိုတဲ့စကားလုံးကို သိသလားလို့မေးပြီး ကျွန်တော့်ကို ဘယ်သူ ဘယ်ဝါရယ်လို့ မိတ်ဆက်လာပါတယ်။ သူမေးတာ ကျွန်တော်ဖြေနိုင်ခဲ့တော့… “မင်းအင်္ဂလိပ်စာလုံးတွေ အတော် ဖတ်ထားတာပဲ … ကြိုးစားပါ” လို့မှတ်ချက်ပြု အားပေးပါတယ်။ သူက စာအုပ်မှာ သို့မဟုတ် အဘိဓာန်ထဲမှာ အဲ့ဒီတစ်လုံးကို ဖတ်လက်စကြုံတာနဲ့ ကျွန်တော့်ကို မေးသလားတော့မသိပါဘူး။ ဒါပေမယ့် အဲ့ဒီစကားလုံးသ‌ဘောသကန် ကို သူ့ဘဝတစ်သက်တာမှာ ကျွန်တော် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ သူ့ဘဝမှာ တကယ်ဘဲ မဆုတ်မနစ်သော “ဇွဲ” ကိုပြသသွားခဲ့ပါတယ်။ “ဇွဲ” ဆိုတဲ့ စကားလုံး တစ်လုံးက စတင်သော မရည်ရွယ်သော … အမှတ် တရဆံုဆည်းမှု ဆိုပါတော့။

တခါတရံ သူက ကျောင်းရုံးခန်းထဲမှာ လက်တော့ပ်တစ်လုံးနဲ့ စာစီနေတာကိုတွေ့ရတတ်တယ်။ ကျွန်တော့်ကိုလည်း စာမူရေးပို့ဖို့တိုက်တွန်းတယ်။ ကျွန်တော်လည်း ကဗျာလေးတွေ ရေးပို့ရင်းနဲ့ … နောက်ပိုင်း ကျွန် တော်က အဲ့ဒီ rays of gospel မဂ္ဂဇင်းမှာ စာရေးသူ၊ ကွန်ပျူတာစာစီသူ၊ စာဖတ်သူပါ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူနဲ့ ၂၀၀၀ ခုနှစ်နှောင်းပိုင်း လောက်က စတင်ခဲ့တဲ့ စာပေဆိုင်ရာ တွေ့ထိပူးပေါင်းမှုဆိုပါတော့။

နောက်ပိုင်း မြစ်ကြီးနား၊ ပူတာအို၊ တနိုင်းနယ်၊ မြဝတီ၊ ချင်းမိုင်၊ ကျောက်တော်၊ ပလက်၀ တွေမှာ သာသနာခရီး အတူထွက်ဖူးခဲ့ကြတယ်။ ကျောင်းလုပ်ငန်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်း၊ သင်တန်းလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြတာ ရှိပါတယ်။ အမှတ်အရဆုံးကတော့ ပလက်ဝနယ်မှာ နယ်လှည့်သွားခဲ့ကြတဲ့ ခရီးတွေပါပဲ။ ကျွန်တော်တို့ တစ်ခါမက အကြိမ် ကြိမ်သွားခဲ့ကြတယ်။ အထူးသဖြင့် နွေရာသီ ကျောင်းပိတ်ပြီဆိုရင် သူက ခရီးထွက်နေရတာကို ကြိုက်တတ်သူ။

တစ်ခါက ရန်ကုန်-ကျောက်တော် ကားလမ်းပေါ်မှာ ကျွန် တော်ဝယ်လာတဲ့ ပန်းသီးလေးတစ်လုံးကို သူ့ကိုကျွေးလိုက်တော့ “အားလာ၊ ကို‌ဂျေ ကယ်ပေလို့၊ အခုမှ နေသာထိုင်သာ အတော် အားရှိသွားတယ်” လို့ ပြောဖူးတယ်။ သူအလွန်ဆာနေပေမယ့် ဒီအတိုင်း တစ်လမ်းလုံး ငြိမ်ပြီးစီးနေခဲ့တာ။ ကားရပ်တဲ့နေရာမှာကျတော့ မဆာတဲ့ အချိန်မို့ မစားမိ။ တကယ်ဆာတဲ့အချိန်ကျတော့ ကားကမရပ်တော့ ဆိုးပြီပေါ့။ ပဲခူးရိုးမ၊ ရခိုင်ရိုးမတွေကိုဖြတ်သန်းနေချိန်ပေါ့။ သူက အဲ့လို သည်းခံ သိုသိပ်နေတတ်သူ။

ဈာပနအခမ်းအနား တက်ရောရ်လာကြသူများ

ထမင်း အဆာခံ၊ အပင်ပန်းခံပြီး ပြွပ်သိပ်ကြပ်ညှပ်အောင် ၂-၃ ရက် မရပ်မနားကားစီးခဲ့ကြတဲ့ခရီးတွေမှာ ရန်ကုန်-မြစ်ကြီးနား၊ ရန်ကုန်- ကျောက်တော် ကားလမ်းခရီးတွေလည်း အပါအဝင်ပါပဲ။ ဒီလိုနဲ့ ထိုင်းနယ်စပ် မြဝတီကိုလည်း တစ်ခုသော ဒီဇင်ဘာ လမှာ ရောက်ခဲ့ကြဖူးတယ်။ လေယာဉ်ခရီးနဲ့ကျတော့ သူနဲ့အတူ ပြည်ပကိုရောက်ဖူးတာ ချင်းမိုင်ခရီး တစ်ခုပဲ။ Rapha Myanmar အတွက်အစည်း အဝေးတက်ဖူးတာပေါ့။ နောက်ပြီး အဲ့ဒီလုပ်ငန်းအတွက် အကာ အကွယ်ယူဖို့ရယ်၊ လုပ် ငန်းတိုးချဲ့ဖို့ရယ် စိတ်ကူးပြီး ခေတ်ကာလ ကောင်းနေချိန်မှာ “ပန်းကလေးများ ဖောင်ဒေးရှင်း” တစ်ခုကိုလည်း နေပြည် တော်အထိ အသင်းအဖွဲ့မှတ်ပုံတင် ရယူခဲ့ကြဖူးပါတယ်။ ကိုဂျေ လိုသလိုရေးပါဦး ဆိုပြီး paper work တွေ ယုံယုံကြည်ကြည် အပ်တယ်။ ရန်ကုန်မှာ စစ်ဆေးမြေးမြန်းတာကိုလည်း အတူတူ သွားရောက်ဖြေရှင်းချက် ပေးကြတယ်။ ဒီလိုအဆင့်ဆင့်ဖြတ်ကျော်ပြီး အောင်မြင်အောင် လုပ်နိုင်ခဲ့ကြတာ အမှတ် တရတွေကျန်ရစ်တာပါပဲ။ သူက သူမရတဲ့အပိုင်းကို လုပ်ပေးနိုင်သူတွေကို ရှာနိုင်၊ စည်းရုံးနိုင် သုံးနိုင်တယ်။ ဒါက သူ့ရဲ့ ခေါင်း ဆောင်မှု အရည် အချင်း တစ်ခုပဲ။

ကျွန်တော်တို့ ခရီးတွေအများကြီးသွားခဲ့ကြတဲ့အခါ အမှတ်ရစရာတွေလည်း များပါတယ်။ မှတ်မှတ်ရရ တစ်ခုကတော့ ကုလားတန်မြစ်ကမ်းမှာ လှေပေါ်မှာပဲ တစ်ညတာ တည်းခိုဖြစ်ခဲ့ကြတာပါပဲ။ ရေစီးသံ သဲ့သဲ့ရယ်၊ မိုးတိမ်ကင်းစင်တဲ့ ကောင်းကင်ယံက ဖြာထွက်နေတဲ့ လမင်းအလင်းရောင်လေးရယ်၊ မြစ်ကမ်းဘေး ယာခင်းတွေထဲက ဟိုနားဒီနား ပိုးစုန်းကြူးလိုမျိုး မီးရောင်ပျပျလေးတွေရယ် … ဂီတာတစ်လက်နဲ့ ဓမ္မတေးသွားတစ်ချို့ရယ် … အဲ့ဒီလိုညမျိုး၊ ခံစားချက်မျိုးကတော့ သူနဲ့အတူ ဒီဘဝမှာ နောက်ထပ်တစ်ခါ ပြန်မရနိုင်တော့ဘူးပေါ့။ ဒေသခံတွေက တဲပေါ်မှာအိပ်ဖို့ ဧည့်ခံကြပေမယ့် ကျွန်တော်က မြစ်ကမ်းစပ် စက်လှေပေါ်မှာ အမှတ်တရ တစ်ညအိပ်ကြရအောင်လို့ ပြောတော့ သူ သဘောတူရှာပါတယ်။ ကျွန်တော်တို့အဖွဲ့ ကုလားတန်မြစ်ပေါ်မှာ တစ်ညတည်းဖူးသွားတာပေါ့။ တကယ်ပဲ လွမ်းစရာ အမှတ် တရဖြစ်ကျန်ခဲ့တယ်။

ကုလားတန်မြစ်၊ မီးချောင်းတို့ ရေခန်းချိန် ပွင့်လင်းရာသီမှာပဲ သွားခဲ့ကြတာမဟုတ်ဘဲ မိုးတွင်းကြီးမှာ မြစ်ရေဖူးဖူးထ ယောင်ယမ်းတဲ့အချိန်၊ လေထန်လှိုင်းကြီးချိန်မှာလည်း သွား ရောက်ခဲ့ဖူးပါတယ်။ ရေခမ်းချိန်ဆိုရင် စက်လှေဝမ်းဗိုက်နဲ့ သဲသောင်ပြင်တွေက ခဏ ခဏ ထိညှိ လေတော့ လှေပေါ်ကဆင်းတွန်းကြရသလို၊ မြစ်ရေကြီးချိန် လက်ဖက်ရည်အရောင်နဲ့ တဝုန်းဝုန်းဝဲလည်နေတဲ့ ရေစီးထဲမှာ ဘုရားတ, ရတာလည်း ပါတာပေါ့။ ကျွန်တော်တို့ ရှင်မဒိန်ဆိုတဲ့ရွာမှာ နွားအကောင်လိုက်သတ်စားပြီး ရွာလုံးကျွတ် နွေရာသီ သင် တန်းပွဲတွေ လုပ်ဖြစ်ခဲ့ကြတယ်။ အားလုံးလည်းပျော်ကြ၊ စားကြ၊ ပါဝင်ကြတာပေါ့။ လက်နက် ကိုင်တွေ နှစ်ဘက် ဆိုင်နေကြတဲ့ နောက်ဆုံးအခြေအနေ အန္တရာယ်ကြားထဲမှာ ကျွန်တော်တို့ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ ကင်းသလင်းရွာမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီးကာစ အချိန်ပေါ့။ အီးဘီအိုင်ကျောင်း သူ/သားတွေဆီက အဝတ် အစားတွေကိုလည်း အလှူခံပြီး နွမ်းပါးတဲ့သူတွေဆီကို အရောက်ပို့ဖူးပါတယ်။ ကြွက်တွေသောင်း ကျန်းလို့ စပါးမထွက်တဲ့နှစ်မှာ ဒေသခံတွေ စားရဖို့အတွက် စားစရာဆန်ကိုလည်း ရနိုင်သလောက် ပို့ပေးခဲ့ဖူးပါတယ်။ ခေါင်လွန်းမကခေါင်တဲ့နေရာ၊ ဘင်ဂလားဒေ့ရှ်နဲ့နီးတဲ့နေရာတွေမှာ ကလေးတွေ ပညာရေးအတွက် ကျွန် တော်တို့ အိတ်ထဲကစိုက်ထုတ်ပြီး ၂ နှစ်ကြာ ဆရာငှားပေး ထောက်ပံ့တဲ့ အစီအစဉ် တစ်ခုကိုလည်း လုပ်ခဲ့ဖူးပါတယ်။ ဒါက သာသနာခရီး၊ ကူညီကယ်ဆယ်ရေးနဲ့ ပညာရေးတွေမှာ သူနဲ့အတူလက်တွဲပြီး ပိုးစုန်းကြူးလို အလင်းပေးခဲ့ဖူးတဲ့ အမှတ်တရတွေဖြစ်ပါတယ်။

သူကပညာရေးကိုလည်း ဆုံး ခန်းတိုင် ကြိုးစားပြခဲ့သူဖြစ် ပါတယ်။ ၂၀၁၆ မှာ D.Min ယူတယ်။ A brief History of Lisu Nationality and Their Labors in Building up Church of Christ in Myanmar လို့ဆိုထားတယ်။ ကျွန်တော်လည်း CIST, Manila အစီအစဉ်မှာ သူတို့အုပ်စု ဘွဲ့ယူနိုင်ဖို့ အပိုင်းအကန့်တစ်ခုကနေ ကူညီပေးခဲ့ဖူးပါတယ်။ သူကမရပ်မနား ဇွဲကောင်းကောင်းနဲ့ ၂၀၂၀ မှာ Ph.D ယူခဲ့တယ်။ သူပြုစုတဲ့ကျမ်းကတော့ Inno-Christian Leadership as a legacy လို့ဆိုပါတယ်။

သူ့ကို ၁၉၇၀ ခုနှစ်မှာ ပူတာအိုရဲ့ အနောက်ဘက်ယွန်းယွန်းမှာတည်ရှိတဲ့ နမ်ထွမ်ခူးရွာကလေးမှာ မွေးခဲ့တယ်လို့ သိရပါတယ်။ တောတောင်တွေနဲ့ ရင်းနှီးကြီးပြင်းလာလို့ထင်ပါရဲ့။ “အသက်ကြီးလာရင် ဘာလုပ်ကြမလဲ” လို့ စကားစပ်မိရင် သူက “နမ်စေလိုနေရာမှာ ချောင်းကလေးဘေးမှာ သစ်လုံးအိမ်ဆောက်ပြီး သွားနေမယ်။ ပူတာအိုဒေသက ရွာတွေမှာ တစ်ရွာချင်းရဲ့ ထူးခြားချက်တွေ၊ လူတွေအကြောင်း စာရေးချင်တယ်” လို့ ရင်ဖွင့် ပြောပြဖူးပါတယ်။

“ဒီမှာကြီးလာတဲ့ ကလေးတွေကတော့ ဘယ်ပျော်ပါ့မလဲ။ ကျွန်တော်ကတော့ တောတောင်တွေကိုသဘောကျတယ်” လို့ဆိုပါတယ်။ သူ့စကားကြားရတော့ အမေရိကန် ခရစ်ယာန်သာသနာပြုမော့စ်မိသားစုရဲ့ အကြောင်းရေးထားတဲ့ Exodus to Hidden Valley ရဲ့နောက်ဆုံးပိုင်းမှာ ခံစားရေးဖွဲ့ထားတာကို သတိရမိစေပါတယ်။ “တောလေတောင်လေတဖြူးဖြူးကျူးကျော်ဝင်ရောက်နိုင်တဲ့ ဝါးကြမ်းခင်း၊ ဝါးထရံကာထားတဲ့လီဆူအိမ်တွေမှာ နေသားတကျဖြစ်လာတဲ့အခါ အနောက်တိုင်းက နံရံလေးဘက်အလုံပိတ် ကာရံထားတဲ့ တိုက်အိမ်တွေထဲရောက်တဲ့အခါ အသက်ရှူကြပ်သလို ခံစားရတယ်။ အရှေ့တိုင်းက လူတွေနဲ့ အားရပါးရ သီဆိုချီးမွမ်း ဝတ်ပြုစည်းဝေးတဲ့ အကျင့်ပါသွားတဲ့အခါ အနောက်တိုင်းက စည်းစနစ်တွေနဲ့သွားနေတဲ့ ဝတ်ပြုစည်းဝေးပွဲတွေကို ခံစားလို့မရဘူး …” ဆိုတဲ့အကြောင်းအရာကိုပေါ့။

တောင်ပေါ်သားက တောင် ပေါ်ဒေသကိုပဲ ခင်တွယ်တယ်တာ သဘာဝပဲ မဟုတ်လား။တောင်ပေါ်သားတွေဟာ၊ တောင်ပေါ်ရဲ့ အရသာကို သိတဲ့သူတွေဟာ မြို့ပြရဲ့မွန်းကြပ်မှုတွေမှာ အကြောင်း အရာတစ်ချို့ကြောင့်နေနေကြရပေမယ့် အနေသာကြာမယ်၊ နေသားမကျတာကတော့ အမှန်ပါပဲ။ အခုလည်းရန်ကုန်ရောက် တောင်ပေါ်သားတစ်ယောက် တစ်နေ့အသက်ကြီးလာတဲ့အခါ သူလုပ်ချင်ခဲ့တဲ့ တောင်ပေါ်ရွာတွေ၊ လူတွေအကြောင်းကို မရေးဖွဲ့ဖြစ်ခဲ့တော့ဘူးပေါ့။

သူက သီချင်းလေးတွေလည်း ရေးတယ်။ နိုင်ငံကျော်အဆိုတော်တွေ သူ့သီချင်းတွေ သီဆိုခဲ့ကြဖူးပါတယ်။ “ꓟ: ꓐꓬ ꓡꓰ ꓟ ꓠꓵ ꓠꓲ꓾ Thankyou ဒီဇင်ဘာ၊ ခရစ္စမတ်သာမရှိခဲ့ရင်၊ အားပေးတဲ့အရှင်” ဆိုတဲ့ လူသိများတဲ့သီချင်းတွေကို ရေးဖွဲ့ခဲ့သူဖြစ်ပါတယ်။ “အများရှေ့ရင်ဖွင့်ဖို့ခက်တဲ့ဟာတွေ ( နိုင်ငံရေး၊ အချစ်ရေး၊ လူမျိုးရေး) အားလုံးက သီချင်းထဲမှာရှိတာ ပဲလေ။ ဟို ခရစ္စမတ်သီချင်းနှစ်ပုဒ်ကို ခရစ္စမတ်ကာလမှာတော်တော်လေးဆိုကြတယ်။ ကိုယ်ရေးလိုက်တဲ့ သီချင်းကို သူများသီဆိုနေတာကြားရရင် အဲဒီထက်ပျော်ရွှင်တာမရှိပါဖူး။ အကျိုးရှိပါလားပေါ့။ ပီတိပေါ့နော။” လို့ ကျွန်တော် သူ့ကိုမေးဖူးတဲ့ အင်တာ ဗျူးတစ်ခုမှာ သူဖြေထားပါတယ်။

ပလက်ဝဒေသရဲ့ အမြင့်ဆုံးတောင်လို့ခေါ်ကြတဲ့ ကီမိုတောင်ကို တက်ခဲ့ရတာက အခုလိုနွေဦးကာလရောက်ရင် အမြဲတမ်း လွမ်းဖြစ်ဖို့ အကြောင်း အရာတစ်ခုဖြစ်ကျန်ရစ်ပါတယ်။ စမီးဘက်ရောက်တုန်း တောင်တက်ကြရအောင်လို့ ကျွန်တော် နိုးဆော်လိုက်တာနဲ့ တက်ဖြစ်ခဲ့တဲ့ ခရီးတစ်ခုပါပဲ။ လရောင်ဖြာဆင်း၊ ကြယ်ရောင်လင်းလက်တဲ့ ကောင်းကင်အောက်မှာ၊ ကျောက်ဖြာကြီးအတိဖြစ်နေတဲ့ ကီမိုတောင်ထိပ် (တစ်ချို့က ကီးမားတောင်လို့လည်းခေါ်ကြတယ်) မှာ ကျွန်တော်တို့ နှစ်ညတာ တည်းခဲ့ကြတယ်။ လည်ခဲ့ကြတယ်။ ကျောက်အိုးကျောက်ခွက်တွေကြားထဲက ရေကိုသောက်ခဲ့ကြ၊ ချိုးခဲ့ကြတယ်။ သားကောင်ခြေရာတွေက ဝက်ခြံ၊ နွားခြံထဲက ဝက်တွေ၊ နွားတွေခြေရာထပ်နေသလိုပါပဲ။ မသေခင်ဘာတွေလုပ်ကြမယ်ဆိုတဲ့ အကြောင်းတွေ၊ ဘဝပေးတာဝန်အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်။ တောင် အတက်လမ်းမှာ တောဝက်ကြီးတစ်ကောင်ရင်ဆိုင်တိုးတော့ ခဏနားပြီး သူကဆုတောင်းတယ်။ သူ့လမ်းသူသွားပါစေပေါ့။ သေနတ်မပါတော့ ကြောက်တာပေါ့။ ပြီးတော့လည်း တဟားဟားနဲ့ ဟာသထုတ်ကြ၊ ပြောကြပေါ့။ သူကိုယ်တိုင်လည်း “ကျားမုတ်ဆိတ် ဆရာတော်” ဆိုတဲ့ဘွဲ့ကို မြတ်မြတ်နိုးနိုး ခံယူတာပါပဲ။

နောင်အခါအခွင့်သာရင် ဝိတိုရိယတောင်တွေ၊ လွယ်မိုင်းတောင် စတဲ့တောင်တွေကို တစ်နှစ်မှာ တစ်နေရာတက်ကြမယ်လို့ အဆိုပြု အားခဲကြပါတယ်။ ဒါပေမဲ့ ဒါတွေ မဖြစ် မြောက် နိုင်ခဲ့တော့ဘူး။ ခေတ်ကာလပြန်ကောင်းရင် တောင် ကီမိုတောင်တက်ဖို့ဆိုရင် သူမပါပဲ နောက်တစ်ကြိမ်သွားဖို့ ကျန်ရစ်ခဲ့တဲ့ သူတွေမှာ အင်အားဘယ်ရှိတော့မလဲ။

အီးဘီအိုင်မှာ သူကကျောင်း အုပ်။ ၂၀၂၀ ခုနှစ် နှစ်ဦးမှာ ကျောင်းကနေ စာပေလှုပ်ရှားမှု အဖြစ် စာအုပ်တစ်အုပ် ထုတ်မယ်လုပ်တော့ ကျွန်တော့်ကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။ သူတာဝန် ပေးတာကို ကျွန်တော်လည်း ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းတော့ ကိုဗစ်ရယ်၊ တိုင်းပြည်မငြိမ်မသက်မှုတွေရယ် ဆက် ယတိုက်ဆိုသလို ဖြစ်လာတော့ … ကျောင်းဖွင့်လို့မရတဲ့အချိန်မှာ zoom သင်တန်းတွေကို စီစဉ်ကြပါတယ်။ သူက ကျွန်တော့်ကို zoom အကောင့်တွေဝယ်ခိုင်းတယ်။ လိုအပ်တာတွေကို လမ်းညွှန်ပေးခိုင်းပါတယ်။ သူက အသက်နည်းနည်းရလာပေမယ့် ထွက်ပေါ်လာတဲ့ အသစ်သောနည်းပညာပိုင်းကိုလည်း လေ့လာလိုက်စားလိုတဲ့သူ၊ အသုံးချလိုတဲ့သူဆိုတာ ပြသခဲ့ပါတယ်။ စဉ်ဆက်မပြတ် လေ့လာသူပေါ့။

ပြီးတော့ သူက စာလည်းရေးတယ်။ မဂ္ဂဇင်းတွေမှာလည်း သူ့စာလေးတွေ ပါလာတတ်တယ်။ နောက်ဆုံးထုတ်ဖြစ်တဲ့ သူ့ရဲ့ လုံးချင်းစာအုပ်ကတော့ “ဦးလေးဒီ” ကလောင် နာ မည်နဲ့ “ဝိညာဉ်ဖို့စားစရာ (ရင်တွင်းဖြစ်ဝိညာဉ်ခွန်အား စာစုများ)” ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ အသိုင်းအဝန်းထဲမှာ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဝင် စာရေးဆရာကဒ်ကိုင်ထားကြသူ လက် တစ်ဆုပ်စာထဲက တစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားချက် အများကြီးထဲက ထင်သာမြင်သာ အနည်းငယ်ကိုပြောရရင် သူက အဝတ် အစားကို စမတ်ကျ အောင် အမြဲတမ်း ဝတ်ဆင်တတ်တယ်။ လူကြီးရော၊ လူငယ်တွေကိုပါ ခင်ခင်မင်မင် နေထိုင်တာပါပဲ။ သူရောဂါခံစားနေရပေမယ့် နောက်ဆုံးအထိ မျှော်လင့်ချက်မပါးလျခဲ့ဘူး။ ဇွဲ ကောင်းနေခဲ့တယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့) မှာ သူက လောကခရီးအဆုံးတိုင်လျှောက်သွားခဲ့ပါတော့တယ်။ သူ့အမျိုး သမီး က “ချစ်သူများနေ့မှာ ငါ့ယောကျ်ားက ငါ့ကိုခွဲခွါသွားပြီ” လို့ ပြောရှာပါတယ်။ ဟုတ်ပါတယ် သူက သူ့မိန်းမ၊ သားသမီး၊ လုပ် ဖော်ဆောင်ဖက်၊ အသိုင်းအဝန်း၊ ကျောင်းသူ/ သားများ နှင့် ခင်မင်ရသူအားလုံးအတွက် … “သီချင်းတစ်စု၊ စာတစ်ချို့၊ ဇွဲသတ္တိအ ကြောင်း တွေနှင့် လွမ်းစရာတစ်ပွေ့ တစ်ပိုက်” ချန်ထားရစ်ခဲ့ပြီး ပြန်မလာတဲ့လမ်းမှာ အပြီး ထွက်ခွာသွားနှင့်လေပြီ။

ကိုဂျေ

ဖေဖော်ဝါရီလ ၁၅၊ ၂၀၂၄ ခုနှစ်။ ည ၈:၀၀ နာရီ။

(စာရေးသူထံက ခွင့်ပြုချက်ရယူ၍ LT တွင်ပြန်လည်ဖော်ပြသည်)

Leave a Reply

Your email address will not be published. Required fields are marked *