PDF များသို့ ဗိုလ်ချုပ်ဂွမ်မော်ရေးတဲ့စာ


◾ကျွန်တော်တို့ KIA မှာဆယ်တန်းအောင်ပညာတတ်တွေဗိုလ်လောင်းသင်တန်းတက်ကြတယ်။မြို့ပြအုပ်ချုပ်ရေး DGA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူး သင်တန်းမှာတက်တဲ့လူငယ်တွေပိုများတယ်။Army ဘက်မှာအားနည်းလာတော့တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။မလာဘူးဆိုရင်ဖမ်းတယ်။ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့လူတွေကအင်မတန်ရှားပါးလာပါတယ်။ရဲဘော်အများစုဟာ စစ်ရှောင်သားသမီးတွေများတယ်။အမှန်အတိုင်းဝန်ခံတာပါ။

◾နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှအမှန်တရားကိုမြတ်နိုးသောချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းကလူငယ်တွေ၊ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေအလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက်ရည်မှန်းချက်တူညီတဲ့လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာနိမ့်ချစွာစစ်ပညာသင်ကြားဖို့ရောက်လာခဲ့ကြတယ်။ဘာသာမတူ လူမျိုးမတူ တဲ့ ကျွန်တော်တို့နယ်​မြေမှာ အာဏာရှင် တော်လှန်လိုတဲ့စိတ်တစ်ခုတည်းနဲ့ စွန့်စားပြီးလာခဲ့ကြတယ်။သူတို့ကိုကြည့်လိုက်ရင် ကျွန်တော်တို့ကိုအားကိုးတဲ့မျက်လုံးတွေနဲ့ပါ..တိုင်းပြည်ကစုတ်ပြတ်သတ်နေတော့ တန်ဖိုးရှိတဲ့လူငယ်တွေတောခိုလာကြတယ်။သူတို့ တွေအလီလီရောက်လာကြတော့ ကျွန်တော်တို့ကချင်တွေအတွက်အားတက်စရာတွေဖြစ်လာကာ KIA တပ်ထဲဝင်တဲ့ ကချင်လူငယ်တွေ တစ်ဖန်ပြန်လည်များပြားလာခဲ့ကြတယ်။ကျေးဇူးတင်ပါတယ်..ပြည်မဘက်က Gen Z များရယ်

◾​ပြည်မဘက်က Gen Z တွေကိုကျွန်တော်တို့ KIA တွေက စစ်ပညာသင်ပေးမယ်လာခဲ့ကြပါလို့တကူးတက လုံးဝမခေါ်ပါဘူး။တစ်ချို့ Gen Z တွေလမ်းစရိတ်တောင်ချေးငှားပြီးလာကြတယ်။တစ်ချို့Gen Z တွေ ကြည့်လိုက်ရင်မင်းသားရှုံး တယ်။မေးကြည့်လိုက်တော့ဆေးကျောင်းသား ဒုတိယနှစ်တဲ့…ကျွန်တော့လို အခါတစ်ရာဖြေတောင်ဆေးကျောင်းမရောက်နိုင်တဲ့လူဆိုတော့ သူတို့ကိုတွေ့ပြီးအံ့တွေသြမိတာအမှန်ပါ။တစ်ချို့Gen Z တွေ အုပ်စုလိုက်ရောက်လာကြတယ်။ ဒါကျွန်တော်တို့ယူခဲ့တဲ့ စားစရာအခြောက်အခြမ်းရိက္ခာထုတ်​တွေပါတဲ့. ဒါကကျွန်တော်တို့စားဖို့တတ်နိုင်သလောက်စုပြီးယူလာခဲ့ပိုက်ဆံလက်ခံပေးပါတဲ့ လာအပ်ကြတယ်။ကျွန်တော်တို့တော်လှန်ရေးမပြီးမချင်းမပြန်ဘူး စစ်ပညာဘဲကောင်းကောင်းသင်ပေးပါတဲ့..ဘယ်နားနေနေရတယ် ကျောတစ်ခြမ်းအိပ်ရရင်ရပြီတဲ့..ဘယ်လောက်တောင်စစ်ခွေးတွေကိုအမြစ်ပြတ် သတ်ချင်သလဲဆိုတာသူတို့မျက်လုံးတွေကသက်သေပါ။

◾ပညာကောင်းကောင်းသင်နေရမဲ့အချိန် တစ်ခါမှမရောက်ဖူးတဲ့ နယ်မြေမှာ သူတို့မာနတွေခဝါချကာ စစ်ပညာသင်ကြားပေးဖို့အားကိုးစွာရောက်လာကြတော့..ကျွန်တော်တို့ KIA ရဲဘော်တွေ စံပြဖြစ်အောင်ပိုပြီး သတိထားနေရတော့တယ်။ ..တစ်ခါမှမမျော်လင့်ဖူးတဲ့လူတွေနဲ့တွေ့ဆုံရင်း သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကိုလေးစားကာ အား​ ​လျော့လာတဲ့ကျွန်တော်တို့ KIA ရဲဘော်​တွေရဲ့​တော်လှန်ရေး စိတ်ဓာတ်တွေကိုပြန်လည်မြင့်တင်နိုင်ခဲ့တာအမှန်ပါ..ကျေးဇူးတင်တယ် ပြည်မဘက်က Gen Z တို့ရယ်..

◾ဘာစစ်သင်တန်းမှမတက် ခဲ့တဲ့ ပွဲဦးထွက် ကလေးမြို့ ချင်း PDF များ ၊ကယား PDF များ၏လက်သံပြောင်ချက်ကိုကျွန်တော့မလေးစားဘဲမနေနိုင်ခဲ့ဘူး။ကိုယ့်ရပ်ကိုယ်ရွာကိုရရာတူမီးသေနပ်များစွဲကိုင်ကာအသက်ပေး ကာကွယ်ခဲ့ကြတယ်။ PDF အားလုံးရဲ့ရှေ့ဆောင်လမ်းပြတွေပါ။ရင်ထဲအသည်းထဲမှလေးစားစွာဂါဝရပြုလိုက်ပါတယ်။အခုကောလင်း PDF များကတော့လာမစမ်းကြပါနဲ့… တူမီး​သေနပ်အဆင့်မဟုတ်တော့ဘူး…စစ်ခွေးတွေပြုတ်ပြုတ်ပြုန်းနေပြီ။ မြောက်ပိုင်း PDF များကိုတော့ KIA ၏လမ်းညွန်မှုအောက်မှာနည်းဗျူဟာကျကျ နာခံစွာ လက်တွဲ လုပ်ဆောင်နိုင်တော့ ရန်သူများအထိနာနေကြတာအားလုံးသိပြီးဖြစ်မှာပါ။ယခုပိုပိုပြီးလက်စောင်းထက်လာတော့မှာပါ။

◾မြောက်ပိုင်း PDF များလက်စောင်းထက်နေပေမဲ့ မန္တလေးမြို့နဲ့ ဒီပေးရင်းတွေမှာ PDf တွေသွေးမြေကျနေတာကိုတွေ့မြင်ရတော့ ရင်နာနာနဲ့ ကြည့်နေရတယ်။မင်းတို့ရဲ့ ဓမ္မဘက်ရပ်တည်ကာ အသက်ပေးတိုက်ပွဲဝင်ပေးခဲ့တဲ့သမိုင်းကျန်ရစ်တော့မယ်ဆိုပေမဲ့ ဘယ်သူ့သားတွေလဲ ? မိဘတွေဘယ်လောက်မျှော်မှန်းထားတဲ့ သားကောင်းရတနာတွေလဲ?မိဘများနှင့်ထပ်တူရင်ကွဲကြရတာတစ်နိုင်ငံလုံးပါ။မင်းတို့တွေကိုငါတို့ဘယ်တော့မှမမေ့ဘူး၊

◾ပညာကောင်းကောင်းမသင်ခဲ့ရတဲ့ အညတရ PDF များကတော့ ဒီတော်လန်ရေးမှာပိုပြီးဆရာကျပါတယ်။သူတို့တွေမှာဘာသံယောဇဉ်မှမရှိဘူး..ကြည့်လိုက်ရင် လူမိုက်ကြီးတွေလို ရဲရင့်တယ် …မိုက်ရူးရဲတယ် ရှေ့ထွက်ရဲတယ် အော်ရဲတယ်။ တိုက်ရဲတယ်။ သေရဲတယ် ။သူတို့ရဲ့သတ္တိတွေကြောင့်ကျန်တဲ့ PDF တွေအတွက်ရဲရင့်မှုပိုစေတယ်ဆိုတာကြားသိရတော့ အညတရ PDF များကိုအချစ်ပိုရပြန်တယ်။ပညာမတတ်ပေမဲ့နွေဦးတော်လှန်ရေးရဲ့သူရဲကောင်းကြီးတွေပါ။ဆက်ပြီးဦးဆောင်ပေးဖို့မျှော်လင့်ပါတယ်။

◾တိုက်ပွဲအတွေ့ အ​ကြုံနည်း​​ပေမဲ့ ချက်ချင်းစစ်မြေ ပြင် ရောက်သွား ကြတဲ့ PDF ညီအစ်ကိုများအားလုံး ကိုအထူးသတိထား​​စေလိုပါတယ်။ကျွန်တော်တို့လက်နက်ချင်းယှဉ် ပြိုင်တိုက်ခိုက်ကြတဲ့ တိုက်ပွဲဟာ လူထုဆန္ဒပြတာနဲ့ လုံးဝမတူပါဘူး။ ငါညီတို့က ဆန္ဒပြတဲ့အချိန် မှာဆရာကျမှာပါ။ရှေ့ထွက်အော်နိုင်သူဟာအလိုလိုခေါင်းဆောင်ဘဲ..ခွေးတွေလာရင်အုပ်စုလိုက်ပြေးတယ်။ တစ်ခါတစ်လေပျော်စရာတောင်ကောင်းနေအုံးမယ် ။တစ်ကယ့်တိုက်ပွဲ စစ်မြေပြင်မှာ စစ်ခွေးတွေကညှာမှာမဟုတ်ဘူး..သူသေကိုသေထိုးသတ်ကြရတာလေ…ဒါကြောင့် မိမိတစ်ဦးတည်းချွန်ထွက်ပြီး Power Ranger လုပ်နေလို့မရဘူး ။ အသံထွက်လို့မရဘူး..မိမိနင်းနေတဲ့မြေကြီး…နင်းထားတဲ့သစ်ရွက်လုပ်သံကအစ သတိထားရတယ်။အချိန်မရွှေးနေရာမရွှေးအသက်ထွက်သွားနိုင်တယ်။ရန်သူများထက်လက်ဦးမှုရယူရမယ်။လုံခြုံမှုရှိရမယ်။ဦး​ဆောင်သူများ၏ ဗျူဟာကိုကောင်းစွာနာခံဖို့ကအရေးကြီးတယ်။နှုတ်လုံရမယ်။လူငယ်သဘာဝ ထင်ပေါ်ကျော်ကြားမှု Media ပေါ်အလျင်စလိုတင်ပြမှုတွေကိုလည်းအထူးသတိထားဆင်ခြင်ရမှာဖြစ်တယ်။အရမ်းစိုးရိမ်လို့ပါ ငါ့ညီတို့ရယ်..

◾မင်းတို့ထက်လူအင်အား လက်နက်အင်အားအဆမတန်တာလွန်ယုံမက နှစ်ပေါင်းများစွာစနစ်တကျ train လုပ်ပြီး သား​​ အုပ်​​မြစ်ခိုင်​နေ​ပြီ​ဖြစ်တဲ့မြန်မာ့တပ်မ​တော်ဆိုတဲ့စစ်ခွေးတွေနဲ့ ယဉ်ပြိုင်တိုက်ခိုက်ရတာဂုဏ်ယူလိုက်စမ်းပါ။ မင်းတို့က ရက်တိုသင်တန်းနဲ့ တင်စစ်ခွေးတွေကိုထိုးသတ်ရတာ တန်ပါတယ်။ပိုပြီးအားတက်စရာကောင်းတာက မင်းတို့ဘက်မှာသန်း ၅၀ သောပြည်သူ​တွေရှိတယ်။အများ​​​ပြည်သူတွေရဲ့ဆုတောင်းမေတ္တာပို့သမှုနဲ့ အားပေးထောက်ခံပေးမှုကြောင့်မင်းတို့ရဲ့တော်လှန်ရေးဘယ်တော့မှမရှုံးဘူး…အဆုံးမှာဓမ္မဘက်ကနိုင်စမြဲပါ။မင်းတို့ကိုပြည်သူတွေကချစ်လွန်းလို့ ဘယ်သူကမွေးမွေးငါတို့သားတွေပါတဲ့..

◾ငါတို့​တွေတိုက်တဲ့နေရာခြင်းသာမတူပေမဲ့ တိုက်​နေတဲ့ဘုံရန်သူကတစ်ခုတည်းပါ။တစ်ချို့ တာဝန်အရပြန်သွားတဲ့ညီငယ်တွေကိုစကားမှာချင်တယ်…​တော်လှန်​ရေးကာလမို့ ဧည့်ဝတ်မကျေခဲ့ရင် ခွင့်လွတ်​ပေးပါ​နော်…အောင်မြင်မှုတွေနဲ့အတူပြန်ဆုံကြမယ်…ကျေးဇူးပြုပြီး​နောက်ဆုံးပန်းတိုင် အထိအသက်ရှင်ပေးကြပါနော်..တိုင်းပြည်သစ်​ကြီးအတွက်မင်းတို့တွေသိပ်တန်ဖိုးကြီးတယ်။

Written by Gummaw

Leave a Reply

Your email address will not be published. Required fields are marked *