Master in the house ကိုးရီးယားရုပ်သံပရိုဂရမ်မှာ မြန်မာအကြောင်း ဆွေးနွေးမယ်

လာမည့် တင်္နဂနွေနေ့မှာ Master in the house ကိုးရီးယားရုပ်သံပရိုဂရမ်မှာ မြန်မာအကြောင်း ဆွေးနွေးမယ်လို့ စာရေးဆရာမ၊ ကိုးရီးယားဘာသာစကားဆရာမ ချမ်းမြမြသော်က ပြောပါတယ်။
ဆရာမက ကိုးရီးယားနိုင်ငံတွင်းမှာ ရှိနေပြီး၊ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပေါ်လာကတည်းက မြန်မာ့အရေးကို ကိုးရီးယား နာမည်ကျော် ရုပ်သံချယ်နယ်တစ်ခုဖြစ်တဲ့ KBS မှာ ဆွေးနွေးသတင်းပေးလာတာ အခုအထိ ၅ ကြိမ်ရှိခဲ့ပြီး၊ အခုအခါ SBS ရုပ်သံလိုင်းကလည်း ထပ်ဆင့်ကမ်းလှမ်းလာလို့ ကြိုတင် ပြင်ဆင်နေပါတယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းပြီး နောက်တစ်နေ့က စပြီး ကျွန်မ KBS ရုပ်သံက သတင်းအစီအစဉ်ကနေ မြန်မာပြည်အကြောင်းကို လစဉ် ဆွေးနွေးလာခဲ့တာ အခုဆို အကြိမ်ရေ ၅ကြိမ် ရှိပါပြီ။ အခု ပထမဦးဆုံး အကြိမ် SBS ရုပ်သံရဲ့ ပရိုဂရမ် တစ်ခုကနေ မြန်မာအကြောင်း ဆွေးနွေးဖို့ ကမ်းလှမ်းလာတာမို့ ကျွန်မတို့ အတူတူ ပြင်ဆင်နေကြပါတယ်။ SBS ရုပ်သံဟာ Running Manလို ကမ္ဘာကျော် ပရိုဂရမ်တွေ အများကြီးကို ထုတ်လွှင့်နေတဲ့ ကိုရီးယားရဲ့ Top ရုပ်သံ တစ်ခု ဖြစ်ပါတယ်။
ကျွန်မကို အခု ဆက်သွယ်လာတဲ့ ပရိုဂရမ်ကတော့ 집사부일체 Master in the house (ဂျိဘ်ဆာဘူအီးလ်ချယ်) ဆိုတဲ့ ပရိုဂရမ် ဖြစ်ပြီး ကိုရီးယား ပြည်တွင်းမှာ အရမ်း လူကြည့်များတဲ့ နာမည်ကျော် ပရိုဂရမ် ဖြစ်ပါတယ်။ အဆိုတော်မင်းသား အီဆွန်းဂီ(이승기 Lee Seung Gi)၊ Kpop Idol ချာအွန်းအူ(차은우 Cha Eun Woo)စတဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တင်ဆက်တဲ့ ပရိုဂရမ် ဖြစ်ပါတယ်။
အခု ဒီပရိုဂရမ်ကနေ ခါတိုင်း တင်ဆက်နေကျ ပုံစံ မဟုတ်တဲ့ ပုံစံအသစ်နဲ့ မြန်မာ့အရေးကို အထူး တင်ဆက်မှာ ဖြစ်ပါတယ်။ လာမယ့် ၁၇ရက်နေ့(တနင်္လာနေ့)မှာ ရိုက်ကူးမှာ ဖြစ်ပြီး မြန်မာနိုင်ငံသား ကျွန်မကို အဓိကထားပြီး ကမ္ဘာအရပ်ရပ်(ပြင်သစ်၊ အီတလီ စတဲ့) နိုင်ငံခြားသားတွေ စုဝေးပြီး မြန်မာ့အရေးကို သုံးသပ်ဆွေးနွေးကြမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့အတွက် အရမ်း အကျိုးရှိမယ့် အခွင့်အရေး ဖြစ်ပါတယ်။ နိုင်ငံတကာက လူတွေကို အသိပေးသလို ဖြစ်စေမယ့် အခွင့်အရေး ဖြစ်တာကြောင့်ပါ။ အမိမြေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားတင်ဆက်ပါမယ်။”
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းယူပြီးချိန်မှစ၍ ပြည်တွင်းက အာဏာရှင်တို့ရဲ့ ရက်စက်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးမှာရောက်နေကြတဲ့ မြန်မာ နဲ့ မြန်မာနဲ့ ဆက်နွယ်သူတို့က မိမိတို့တတ်နိုင်သည့် လုပ်ငန်းနယ်ပယ်အလိုက် သတင်းပေးနေကြတာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အာရုံစိုက်မှုကို ရနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *