သူ့အမြင်၊ သူ့စိတ်ထား

တိုင်းမ် မဂ္ဂဇင်းက ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည့် ကချင်တိုင်းရင်းသူ မအက်စတာဇေနောက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား‌ ဖြေကြားထားသည့် အမေးအဖြေ

မဂ်လာပါ။ မထင်မှတ်ထားသော နိုင်ငံတကာမီဒီယာမှအသိအမှတ်ပြုဖော်ပြလာခြင်းကို မုဒိတာပွါးဂုဏ်ယူဝမ်းမြောက်ကြောင်းဖော်ပြလာတဲ့ မိတ်ဆွေများကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ကျမအနေနဲ့ ရုံးလုပ်ငန်းအပြင်၊ စစ်ရေးလေ့ကျင့်ခြင်းတွေကိုပါ လုပ်ဆောင်နေရတဲ့ကာလဖြစ်တာမို့ အချိန်ပြည့်ဆက်သွယ်ဖြေကြားခြင်း မပြုနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ လက်ရှိမှာ ကျမကိုလာရောက်ဆက်သွယ်မေးမြန်းတဲ့အထဲက တူညီတဲ့မေးခွန်းများကို ဒီမှာတစ်ပါတည်းဖော်ပြလိုပါတယ်။ မီဒီယာများအနေနဲ့ လိုအပ်သလို ထုတ်နှုတ်သုံးစွဲနိုင်ပါတယ်။ အခြားမေးခွန်းများကိုလည်း လိုအပ်သလို ဖြည့်စွက်သွားပါမယ်။ ကျေးဇူးတင်ပါတယ်။

✊ တိုင်းမ် မဂ္ဂဇင်း က ရွေးချယ်တဲ့ ကမ္ဘာ့သြဇာ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရတော့ သူတို့ဖက်က ဆက်သွယ်လာတာ ရှိလား ၊ ဘာကြောင့် ရွေးချယ်တယ် ပြောလဲ။
ကျမတို့ဆီကို TIME ကနေပြီး အကြောင်းကြားစာ နှစ်စောင်ပေးပို့ခဲ့ပါတယ်။ ပထမတစ်စောင်က TIME100 လျာထားစာရင်းထဲပါဝင်ကြောင်းနဲ့ ဒုတိယတစ်စောင်က အရွေးချယ်ခံရတဲ့အကြောင်း အသိပေးစာပါ။ ရွေးချယ်ခံရခြင်းကို မကြေညာခင် နေ့တစ်ဝက်စောအသိပေးခဲ့ပါတယ်။

ကျမနဲ့ ကျမရဲ့ရဲဘော်ရဲဘက် ဒုဝန်ကြီးအိသဥ္ဖာမောင်တို့နှစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီများရဲ့ မတရားအာဏာသိမ်းခြင်း၊ ဖက်ဆစ်စနစ်ကို ဒင်းပြည့်ကြပ်ပြည့် အကောင်အထည်ဖော်ခြင်းအပြုအမူတွေကို စတင်ဆန့်ကျင်တော်လှန်ခဲ့ခြင်းကြောင့် TIME အနေနဲ့ အသိအမှတ်ပြုဖော်ပြတာဖြစ်တယ်လို့ သိရပါတယ်။

✊ Time မဂ္ဂဇင်းက ကမ္ဘာမှာ လွမ်းမိုးမှုအရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်းသတ်မှတ်လိုက်တဲ့အပေါ် ဘယ်လိုခံစားရလဲ။

ကျမတို့လုပ်ဆောင်ခဲ့သမျှဟာ အသိအမှတ်ပြုခံရဖို့ထက် နိုင်ငံရဲ့လိုအပ်ချက်ကိုရှေးရှုခဲ့ကြတာပါ။ သို့ပေမယ့် အခုလို ကျမတို့ရဲဘော်ရဲဘက်နှစ်ဦးကို Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်းသတ်မှတ်ခြင်းဟာ ယနေ့မြန်မာနိုင်ငံအခင်းအကျင်းကို နိုင်ငံတကာအနေနဲ့ စိတ်ဝင်စားတယ်၊ ဖော်ပြစေချင်တယ်လို့ မှတ်ယူပါတယ်။

နောက်ပြီး ဒီနေ့မြန်မာနိုင်ငံပြည်သူလူထုကြုံတွေ့နေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာရှေ့ မီးမောင်းထိုးပြရာရောက်တဲ့အတွက် – မြန်မာနိုင်ငံရဲ့ ရှေ့ဆက်နိုင်ငံရေး၊ စစ်ရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေမှာ တစ်စုံတစ်ရာအထောက်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

✊ ဘာကြောင့် ဒီစာရင်းမှာ ပါလာတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်လဲ။

TIME အနေနဲ့ သူတို့ရဲ့လေ့လာဆန်းစစ်မှုတွေအရ – ကျမနဲ့ ရဲဘော်အိတို့ အာဏာသိမ်းခြင်းနဲ့ပတ်သတ်လို့ ဖေဖော်ဝါရီလ (၆) ရက်နေ့ကစ ရန်ကုန်မြို့မှာ မိတ်ဘက်အဖွဲ့အစည်းများနဲ့အတူ စတင်ဆန္ဒပြခဲ့ခြင်းတွေက မြန်မာနိုင်ငံရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးလှိုင်းကို ပြည်သူလူထုရဲ့နိုင်ငံရေချိန်နဲ့ ချိန်သားကိုက်လှုံ့ဆော်နိုင်ခဲ့တယ်လို့ သုံးသပ်ချက်ကြောင့် သိရပါတယ်။

ဒီလိုယူဆချက်တွေကြောင့်အပြင် ကျမတို့ကို ဒီစာရင်းထဲထည့်သွင်းခြင်းက မြန်မာနိုင်ငံရဲ့လက်ရှိတော်လှန်ရေးအခင်းအကျင်းကို နိုင်ငံတကာစာမျက်နှာမှာ ပိုမိုထင်ရှားစေလိုတဲ့ ရည်ရွယ်ချက်ရှိမယ်လို့ ယူဆပါတယ်။

✊ ဒီစာရင်းမှာ ပါဝင်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပိုပြီး တာဝန်ကြီးလာတယ်လို့ ခံစားမိသလား။ ဘာကြောင့် ခံစားမိသလဲ။ ဘာကြောင့် မခံစားမိဘူးလဲ။

ကျမအနေနဲ့တော့ ဒီစာရင်းမှာပါခြင်းမပါခြင်းထက် လုပ်သင့်လုပ်ထိုက်တာကို ဆက်လက်လုပ်ကိုင်နေဖို့က အရေးကြီးပါတယ်။ ဒီလို နိုင်ငံတကာသတင်းစာမျက်နှာမှာ ဖော်ပြခံရတဲ့အတွက် ကျမအနေနဲ့လုပ်ဆောင်နိုင်မှုနယ်ပယ်ပိုကျယ်ဝန်းလာနိုင်မယ်လို့ခံစားမိပါတယ်။ ပိုကျယ်ဝန်းလာတဲ့အလျောက် ပိုအားထုတ်လုပ်ဆောင်သွားရမှာပါပဲ။

ဒီ ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဖက်ဆစ်စစ်တပ်ရဲ့ မတရားသတ်ဖြတ်နိပ်စက် ထောင်သွင်းအကျဉ်းချခြင်းလုပ်ရက်တွေကို သောင်းသိန်းနဲ့ချီတဲ့ ကျမတို့အပါအဝင် တော်လှန်ရေးရဲဘော်ရဲဘက်တွေဟာ ရင်ဆိုင်နေကြရတယ်။ ဒီလိုတော်လှန်ရေးရဲဘော်တွေ အမြောက်အမြားထဲက အခုလိုကျမတို့နှစ်ဦးကို ဒီစာရင်းမှာ ဖော်ပြလာခြင်းက ကျမတို့ရဲဘော်တွေရဲ့အသံနဲ့ မြန်မာနိုင်ငံရဲ့လက်ရှိတော်လှန်ရေးအခင်းအကျင်းကို နိုင်ငံတကာစာမျက်နှာမှာ ပိုထင်ရှားလာစေဖို့ တာဝန်ရှိတယ်လို့ ခံယူပါတယ်။

✊ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဒီစာရင်းမှာ ၂၀၀၄၊ ၂၀၀၈ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ထည့်သွင်းခံခဲ့ရတယ်။ အခု ဒုဝန်ကြီးနဲ့အတူ ဒီစာရင်းမှာ ပါလာတာဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ ဩဇာရှိလာတယ်လို့ ယူဆနိုင်မလား။

ဘယ်အရာမဆို ကောင်းခြင်းဆိုးခြင်းဟာ ဒွန်တွဲနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ဩဇာရှိတဲ့သူတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာထက် ပိုခက်ခဲလာနိုင်တဲ့အပိုင်းတွေ၊ လက်ခံရမယ့်ခွဲခွါရခြင်းတွေအတွက် စိတ်ကိုပြင်ဆင်ထားဖို့ အရေးကြီးမယ်ထင်ပါတယ်။ ကျမအနေနဲ့တော့ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလပတ်လုံး အစဉ်တစ်စိုက်အာရုံစိုက်ခဲ့တဲ့ ဖက်ဆစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ရှေးရှုသွားမှာပါ။

အင်အားတစ်စုံတစ်ရာပေါ်မှီခိုခြင်းထက် သမိုင်းကပေးတဲ့တာဝန်ကိုကျေပွန်ဖို့၊ သေးငယ်တဲ့အမှုမှာတောင် သစ္စာရှိနိုင်ဖို့က ပိုအရေးကြီးတယ်လို့မြင်ပါတယ်။

✊ လူငယ်အမျိုးသမီး၊ တိုင်းရင်းသူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံတဝှမ်းက လူငယ်အမျိုးသမီးတွေကို ဘာသတင်းစကားပါးချင်သလဲ။

မြန်မာနိုင်ငံမှာ လူငယ်ဖြစ်ခြင်း၊ အမျိုးသမီးဖြစ််ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင်မဟုတ်ခြင်း စတဲ့ခွဲခြားဆက်ဆံမှုတွေကြောင့် ယုံကြည်ချက်အတိုင်းရဲရဲဝံ့ဝံ့ဖြတ်သန်းဖို့ နေ့စဉ်ဘဝမှာ အခက်အခဲတွေမြောက်မြားစွာရှိပါတယ်။ သို့ပေမယ့် ဒီလို အယူအဆမှားတွေကို လက်ခံပြီး ချိုးဖျက်နိုင်တဲ့စွန့်ဦးသူတွေဟာ ကဏ္ဌတိုင်းမှာလိုအပ်နေဆဲဖြစ်တယ်။

အခုအချိန်အခါဟာ ဒီယဉ်ကျေးမှုအမှားတွေကိုတော်လှန်ဖို့အချိန်ကောင်းဖြစ်တယ်။ ကန့်သတ်ချက်တွေကို ဖက်ဆစ်စနစ်နဲ့အတူ ချိုးဖြတ်ပစ်ကြရမယ်။

ကျမတို့ရဲ့နောက်မျိုးဆက်ကို ကျမတို့ဆက်ခံခဲ့ရသလို ဆိုးမွေတွေထပ်မပေးဖြစ်ကြတော့ဖို့လိုတယိ။ ဒါကြောင့် ဘယ်လိုအခက်အခဲတွေရှိပါစေ ဒီအဆုံးသတ်တိုက်ပွဲမှာ အားမလျော့ပဲ နည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ သတင်းစကားပါးလိုက်ပါတယ်။

✊ စစ်အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံတဝှမ်းကပြည်သူတွေကို ဘာသတင်းစကားပါးချင်သလဲ။

မြန်မာနိုင်ငံနယ်နမိတ်အတွင်းမှာ ဖက်ဆစ်စစ်တပ်ဒဏ်ကြောင့် နှစ်ပေါင်းများစွာစစ်မီးတောက်လောင်နေကြရ၊ ဒုက္ခပေါင်းစုံခံစားနေကြရတာ နှစ်ပေါင်း ခုနှစ်ဆယ်နီးပါးကြာမြင့်ခဲ့ပါပြီ။ ဖက်ဆစ်တပ်ရဲ့ တောင်ပေါ်မြေပြန့်ခွဲခြားအုပ်ချုပ်မှုစနစ်နဲ့ စနစ်တကျဗရမ်းဗတာဖြစ်အောင်ဆောင်ရွက်ထားမှုတွေကြောင့် တစ်နိုင်ငံတည်းမှီတင်းနေထိုင်နေကြပေမယ့် တစ်ဦရဒုက္ခတစ်ဦးနားလည်ဖို့ မကြိုးစားမိခဲ့ကြဘူး။

အခုအချိန်မှာ ဖက်ဆစ်စစ်တပ်တဲ့သရုပ်မှန်ကို ကျမတို့ပြည်သူအားလုံးမြင်တွေ့ရပြီဖြစ်တယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံတဝှမ်းကပြည်သူတွေအားလုံး ဒီဖက်ဆစ်အာဏာရှင်စနစ်ကို လက်ရည်တပြင်တည်း တွန်းလှန်တိုက်ထုတ်သွားကြဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကို ရှေးရှုပြီး နားလည်မှုတည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အက်စတာဇေနော

NUM

Leave a Reply

Your email address will not be published. Required fields are marked *