100 seconds to doomsday midnight – ကမ္ဘာပျက်မည့် သန်းခေါင်ယံအချိန် သို့ရောက်ရန် စက္ကန့် ၁၀၀

ဘယ်အရာမဆို အစရှိရင် အဆုံးရယ်လို့ရှိမယ်၊ အဖြစ်ရှိသလို အပျက်ရှိမယ်လို့ လူသားတို့စိတ်မှာ တွေးမျှော် ယုံကြည်ကြရာမှာ လူသားတို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးနဲ့ ပတ်သက်လို့လည်း အဆုံးသတ်၊ ကမ္ဘာပျက်ချိန် ရှိမယ်လို့ ယူဆကြပါတယ်။ 

ကမ္ဘာကြီးက နောက်ဆုံး တစ်နေ့ တစ်ချိန်မှာတော့ လူလုပ်ကိစ္စတွေကြောင့်ပဲ အပျက်အစီးကြီးဖြစ်မယ်လို့ မြင်လာကြပါတယ်။ အဲ့ဒီ ကမ္ဘာ့ပျက်သုန်းမည့်နေ့ရက်ကို doomsday ကမ္ဘာ့နောက်ဆုံးနေ့ရယ်လို့ ခေါ်ဆိုထားကြပြီး၊ အချိန်အတိအကျကိုတော့ doomsday midnight- ကမ္ဘာပျက်မည့် သန်းခေါင်ယံအချိန်လို့ နာမည်ပေးထားကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာ့ပျက်ချိန်ကို ဖော်ညွှန်းပြသပေးသည့် နာရီကိုတော့ဖြင့် doomsday clock လို့ခေါ်ကြပါတယ်။ ဒီလိုဆိုတော့ doomsday, doomsday midnight, doomsday clock ကိုအကြမ်းအားဖြင့် နားလည်မိပြီလို့ ဆိုကြပါစို့။ 

ကမ္ဘာပျက်မည့်အကြောင်းကို ခြေရာခံကြည့်ရင်တော့ ဒဏ္ဍာရီတို့၊ ယုံကြည်ရာ ဘာသာတရားအဆုံးအမတို့မှာ တွေ့ရပါတယ်။ တစ်နေ့ကမ္ဘာကြီးက ပျက်စီးမယ်ဆိုတဲ့ ယုံကြည်မှုပေါ့။ ဘယ်လိုပျက်စီးမယ်ဆိုတာကိုတော့ဖြင့် သေချာမပြောနိုင်ကြပဲ လူသားတို့က နှစ်ထောင်ချီဖြတ်ကျော်လာခဲ့ကြပါတယ်။ ဒီလိုနဲ့  သိပ္ပံအသိပညာတွေ ထွန်းကားလာတဲ့အခါ အနုမြူဗုံးကို ထွင်နိုင်ခဲ့ကြပြီး၊ အနုမြူဗုံးတွေရဲ့ ကြောက်မက်ဖွယ် အဖျက်စွမ်းအားကို သိရှိကြပြီးတဲ့အခါမှာတော့၊ ကမ္ဘာကြီးပျက်စေမှာကတော့ အဲ့ဒီအနုမြူဗုံးပဲလို့ မြင်လာကြပါတယ်။ လွယ်အောင်ပြောရင် အနုမြူစစ်ပွဲဖြစ်ရင် ကမ္ဘာပျက်မယ်ပေါ့။ 

၁၉၇၄ ခုနှစ်မှာ ချီကာဂို အနုမြူသိပ္ပံပညာရှင်များအသင်းက သူတို့ထုတ်ဝေတဲ့ သုတေသန ပရောဂျက်စာအုပ်မှာ ကမ္ဘာပျက်သုန်းမည့် နေ့ရက် သန်းခေါင်ယံအချိန် နာရီပြယုဂ်တစ်ခု ရေးဆွဲ ဖော်ပြလိုက်ပါတယ်။ ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုကိုကြည့်ပြီး ကမ္ဘာ့အဆုံးဖြစ်စေမယ့် နူကလီးယားစစ်ပွဲအန္တရာယ် မည်မျှ နီးကပ်နေပြီဖြစ်ကြောင်း ခန့်မှန်းဖော်ပြပေးပါတယ်။ လူသားတို့ကို သတိပေးလာနေတာ ၁၉၇၄ ကနေ ကနေ့အထိပါပဲ။

ဒီလိုဆိုရင် doomsday midnight ကိုဘယ်အချိန်မှာ ရောက်မလဲ။ ဒါကတော့ ကမ္ဘာ့နိုင်ငံရေး အကဲဆတ်မှု၊ နူကလီးယားစစ်ပွဲ ဖြစ်နိုင်ချေ  ကာလအနီးအဝေး ပေါ်မူတည်ပြီး နာရီကို ချိန်ကြပါတယ်။ ၂၀၂၀ ဇန်နဝါရီလ မှာတော့ ကမ္ဘာ့ပျက်ချိန် သန်းခေါင်ယံရောက်ဖို့ စက္ကန့် ၁၀၀ (၁ မိနစ် စကန့် ၄၀) သာလိုသွားခဲ့ပါတယ်။   ကမ္ဘာ့နိုင်ငံရေး ခေါင်းဆာင်များရဲ့ ငြိမ်းချမ်းစွာ ဦးဆောင်နိုင်မှုစွမ်းရည်ကျဆင်းလာခြင်း၊ နိုင်ငံများအကြား ရန်လိုမှုနှင့် စစ်ပွဲခေါ်သံများ ပိုမိုကျယ်လောင်လာခြင်းတို့ကြောင့် လူသားမျိုးနွယ်တို့အတွက် ဘယ်တုန်းကထက်မဆို (၁၉၇၄ မှ ယနေ့အထိ) ပျက်စီးချိန် အဆုံးနားအထိ နီးစပ်နေခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးခဲ့ပါတယ်။ အထူးသဖြင့် ယူအက် နဲ့ အီရန်တို့ ထိပ်တိုက်ရင်ဆိုင်မှုကတစ်ဆင့် နူကလီးယားစစ်ပွဲ ဖြစ်ပေါ်နိုင်ခြေ မြင့်မားလာသောကြောင့်လို့ ဆိုပါတယ်။ 

အခုကော ဝေးသွားပြန်ပြီလားဆိုတော့ မဟုတ်သေးပါဘူးတဲ့။ ၂၀၂၁ မှာလည်း အန္တရာယ် အလွန်နီးစပ်သော အနေအထား (ကမ္ဘာ့ပျက်သုန်းချိန် ညသန်းခေါင်ယံ သို့ရောက်ရန် စက္ကန့် ၁၀၀) မှာပဲ ရပ်တည်နေဆဲပဲလို့ဆိုပါတယ်။ ဒါက သိပ္ပံပညာရှင်တွေ ခန့်မှန်းတွက်ချက် ဖော်ပြမှု၊ လူသားမျိုးနွယ်အား သတိပေးမှု တစ်ခုပဲဖြစ်ပါတယ်။ 

အခုလဲ ကမ္ဘပျက်မည့် သန်းခေါင်ယံ အချိန် … စက္ကန့် ၁၀၀ အနေအထားပါ။ လူသားတို့ရဲ့ ဉာဏ်ပညာက လူသားတို့ကို ကောင်းကျိုးပြုခဲ့သလို တစ်ဘက်မှာမိုက်မဲမှုက လူသားတို့ရဲ့ နိဂုံးဖြစ်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *