သားတွေအရွယ်ရောက်လာတဲ့တစ်နေ့ ကိုဗစ်ကပ်ဘေး၊ အာဏာရူးဘေးတွေထဲမှာ သူတို့ရဲ့ ပညာရေးအတွက် မိဘနှစ်ပါးက ဘယ်လိုတွေးခေါ်၊ ဘယ်လိုရွေးချယ်ခဲ့ရတယ်ဆိုတာ ပြန်ပြောင်းသတိရဖို့ ဒီစာစုကို ရေးပါတယ်။ သားတွေကို ကောင်းကောင်းမွန်မွန်နဲ့ ပညာရေးပြီးစီးစေချင်တာကတော့ မိဘတွေ ဆန္ဒရင်းပါပဲ။ ဒါပေမယ့် အဲ့ဒီလို သာယာချောမွေ့မှု မရှိခဲ့ပါဘူး။ လှုပ်မရ ရွှေ့မရ၊ အကျဉ်းအကြပ် ၂၀၂၁ ကို ကြိုတင်မသိပါပဲ ကြုံခဲ့ရပါတယ်။
======= နောက်ခံအနေအထား =======
၂၀၂၀ မှာ ကပ်ဘေးတစ်ခုရောက်လာခဲ့တယ်။ လူပေါင်း သိန်းချီပြီးကူးစက်ခံရသလို၊ သုံးထောင်ကျော်အသက်သေဆုံးသွားကြရပါတယ်။ မြန်မာနိုင်ငံမှာ ပထမကိုဗစ်လှိုင်းကို ခုခံကာကွယ်မှု အလွန်အားကောင်းခဲ့ပေမယ့်၊ ဒုတိယကိုဗစ်လှိုင်းမှာ အခုလို ထိခိုက်သေဆုံးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ရခိုင်ဘက်က ထောင်ချီတဲ့ လေကြောင်းခရီးသည်တွေဆီက မြန်မာနိုင်ငံမြို့ကြီးတွေဆီ ပျံ့နှံ့သွားခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၀ ကျောင်းဖွင့်ရာသီရောက်လာသည့်တိုင်အောင် ကိုဗစ်-၁၉ စင်တာအဖြစ် အသုံးပြုထားတဲ့ ကျောင်းဆောင်တွေ မရှင်းထုတ်နိုင်ခဲ့ကြဘူး။ တစ်ချို့သန့်ရှင်းရေးလုပ် ပိုးသတ်ဆေးတွေဖျန်းပြီးနောက်၊ ဆပ်ပြာတွေ လက်ဆေးရေစင်တွေ ပြင်ဆင်ကြပါတယ်။ ဒီလိုနဲ့ ကျောင်းပြန်ဖွင့်ဖို့ကြိုးစားရင်း မဖွင့်ဖြစ်တော့ပါဘူး။ ကိုဗစ်-၁၉ က နေရာတကာ ခြောက်လန့် မင်းမူနေခဲ့လို့ပါပဲ။ ပြည်သူလူထုကရော၊ CSOs တွေရော၊ အစိုးရကပါ အားသွန်ခွန်စိုက် တွန်းလှန်ခဲ့လို့ နည်းနည်းလေး ခံသာခဲ့ပါတယ်။
၂၀၂၀ မှာတော့ ကိုဗစ်ဘေးဟာ လျှော့ပေါ့မသွားခဲ့ပါဘူး။ ကိုဗစ်ကို ဂရုစိုက်မှု၊ ဆေးစစ်မှုတွေသာ လျှော့ပေါ့သွားခဲ့တာပါ။ ဒီအနေအထားမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာရူးတို့ အာဏာသိမ်းပြီး၊ ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုထားတဲ့ စစ်ကောင်စီဟာ ကျောင်းတွေကို ဖွင့်ဖို့ အပူတပြင်း ဆောင်ရွက်လာပါတယ်။ ကျောင်းဖွင့်ဖို့ဆိုပေမယ့် စီဒီအမ်လှုပ်ရှားနေတဲ့ ဆရာ/ဆရာမအင်အား သိန်းကျော်မက အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ကျောင်းအထဲမှာ စစ်တပ်နေရာချထားပြီး စောင့်ကြပ်နေပါတယ်။ ကျောင်းရှေ့မှာ ကတ္တရာတိုင်ကီ ပုံးအဟောင်းတွေစီပြီး လမ်းတစ်ဝက်ကို ကျူးကျော်ထားသလို၊ လက်နက်ကိုင်ထားပြီး စောင့်နေပါတယ်။ လက်နက်ကိုင် စစ်သားတွေဟာ စာသင်ခန်းထဲအထိဝင်ရောက်ပြီး ကလေးတွေကို လက်နက်ကိုင်စမ်းခိုင်းတာ၊ ကလေးတွေကို မစို့မပို့ မုန့်တွေကျွေးတာ၊ ကလေးတွေရဲ့ ဖုန်းတွေကို စစ်ဆေးတာ၊ ကလေးတွေကို စာသင်သလို၊ စာပြသလို ရောနှောနေတာတွေလုပ်ပါတယ်။ မိဘတစ်ချို့ကလည်း ကျောင်းအပ်နေကြပြီ။ တစ်ချို့ကလည်း စောင့်ကြည့်နေဆဲ။ ဒီလိုနဲ့ ဇွန်လ ၈ ရက်နေ့တိုင် လာခဲ့ပြီ။ ဘာတစ်ခုမှ ဆုံးဖြတ်ချက်ချလို့မရနိုင်သေးတဲ့ အနေအထား။ ဆုံးဖြတ်ချက်တစ်ခုခုလည်း မဖြစ်မနေချရမယ့် အနေအထား။ အဝေးကပြဿနာလို့ ထင်ခဲ့တဲ့ နိုင်ငံရေး ပြဿနာက အခုမှ အိမ်တွင်းရေး ပြဿနာပုံစံဖြစ်လာတော့တာပါ။ ကလေးကို ကျောင်းပို့မလား၊ မပို့ဘူးလား ဒွိဟဖြစ်ကြရပါတယ်။
၂၀၂၁ မိုးဦးရာသီမှာ သားတို့ပညာရေးအတွက် အမြင် လေးခု ထွက်လာခဲ့တယ်
======== ပထမအမြင် ========
လူငယ်ဆိုတာ ပညာသင်ရမယ့်အရွယ်ဗျ။ ဘယ်စနစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် လူငယ်ဘဝမှာ ပညာသင်ခွင့်ရှိရမယ်။ ပညာသင်ကြရမယ်။ အရွယ်နဲ့ အလိုက် သိမှုတတ်မှုတွေ၊ အဆင့်သတ်မှတ်မှုတွေအတိုင်းသွားကြရမယ်။ ဒါကြောင့် ဘယ်ချိန်ဘယ်ခါ အာဏာပြန်လွှဲမယ်မှန်းမသိတဲ့ အချိန်ကို စောင့်နေရင်း ငါ့သားသမီးရဲ့ပညာရေးကို နောက်ကျမခံသင့်ဘူး။ နိုင်ငံရေးဟာ တစ်ဦးချင်း အရေးအတွက် အဆုံးအဖြတ်ပေးဖို့ မလွယ်ဘူး။ နယ်ပယ်အလွန်ကြီးမားလွန်းတယ်။ နိုင်ငံအရွေ့ကို စောင့်ရင်း ကလေးတွေရဲ့ အသက်တွေ တစ်နှစ်ပြီးတစ်နှစ်ကြီးသွားရင် ဘယ်လိုလုပ်ကြမလဲ လို့တွေးပါတယ်။
======= ဒုတိယအမြင် =======
ဒီလိုမျိုး ပြဿနာရဲ့ အရင်းအမြစ်က အာဏာသိမ်းတဲ့ မင်းအောင်လှိုင်ပဲဗျ။ သူသာ အာဏာရူးပြီး ပြည်သူ့မဲတွေကို မထီမဲ့မြင် မပြုခဲ့ရင် အခုလိုဖြစ်မှာ မဟုတ်ဘူး။ အခုအနေအထားက ပြည်သူ့ဆန္ဒဖော်ထုတ်ရင်း သေဆုံးသွားတဲ့သူတွေ၊ အဖမ်းဆီးခံရသူတွေ၊ တရားစွဲထောင်ချခံရသူတွေ၊ ခုခံတိုက်ပွဲဝင်နေသူတွေ၊ တိုက်ပွဲရှောင်နေသူတွေနဲ့ တစ်သားတည်းရပ်ဖို့လိုအပ်တယ်။ အေးအေးဆေးဆေးနဲ့ ကျောင်းတက်နေကြပြီဆိုတဲ့ အမြင်မျိုးမပြရက်ဘူး။ ကျဆုံးသွားတဲ့သူတွေ၊ ဘဝပျက်သွားတဲ့သူတွေအတွက် ကိုယ့်အတိုင်းအထွာလေးနဲ့ သူတို့နဲ့တစ်သားတည်းရှိတယ်ဆိုတာပြသင့်တယ်။ အရေးကြီးဆုံးက ကျောင်းဖွင့်ပေးတယ်ဆိုတာ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်ဖို့သက်သက်ပဲ။ စစ်အစိုးရက ကမ္ဘာကို ပြလိုတဲ့အတွက်ထဲကို မဝင်နိုင်ဘူး။ စစ်ကောင်စီက ကျောင်းဖွင့်ချင်တယ်ဆိုတာ စိတ်ရင်းစေတနာမှန်နဲ့မဟုတ်ဘူး။ ပညာတတ် ပညာသည်ဝန်ထမ်း သိန်းချီကို အလုပ်ထုတ်ပြီးမှ ကျောင်းဖွင့်တယ်ဆိုတာ လုံးဝမဖြစ်နိုင်တာပဲ။ ပြည်သူမုန်းလို့ သူတို့က ဘုန်းကြီးကျောင်းတို့၊ ဆေးရုံတို့၊ စာသင်ကျောင်းတို့တွေမှာ လာခိုကပ်နေပြီး လူသားဒိုင်းကာပြီး နေထိုင်တာပဲ။ ဒါကို သိသိကြီးနဲ့ ကျောင်းသွားအပ်လို့မရဘူး။ စစ်အာဏာရှင်အုပ်စိုးသရွေ့ ကိုယ့်သားသမီးကို ဘယ်သူမှ ကျောင်းမအပ်ဘူး။ ကျောင်းမှာ လက်နက်တကားကားနဲ့ စောင့်ကြပ်နေတာ၊ လူငယ်တွေကို လက်နက်ကိုင်ခွင့်ပေးတာ၊ စာဝင်သင်သလိုလို လူငယ်တွေကြားမှာ လက်နက်ကိုင်တွေ ရှိနေတာဟာ ဘယ်လိုမှ လက်သင့်ခံလို့မရဘူး။
======= တတိယအမြင် =======
လူငယ်တွေဆိုတာ ကျောင်းတက်ရမှာလည်းမှန်တယ်။ အစိုးရစာသင်ကျောင်းတွေမှာ လက်နက်ကိုင်တွေစောင့်ကြပ်နေတာကိုလည်း လူသားဒိုင်းကာလုပ်နေတာလို့ မြင်တယ်။ တစ်ခုရှိတာက ပုဂ္ဂလိကကျောင်းတွေမှာ သွားထားရင် ဖြစ်မလား။ ဒါက တတိယအမြင်ပါပဲ။ သူတို့ဆီမှာ လက်နက်ကိုင်တွေ ဖိအားပေး စောင့်ကြပ်နေတာ မတွေ့ရဘူး။ ပုဂ္ဂလိက ကျောင်းကိုပဲ ရွေးလိုက်တော့ရင် ကောင်းပါ့မလား။
======= ပညာရေး ဖောက်ထွက်အမြင် ========
တော်လှန်ရေးကာလအတွက် ပညာရေး ဖောက်ထွက်အမြင် တစ်ခုထွက်လာရတာကတော့၊ ပထမဦးဆုံးအချက်က စစ်ကောင်စီရဲ့ စေတနာမှန်ကန်မှုကို မေးခွန်းထုတ်တယ်။ ကလေးတွေကို ပညာတတ်စေချင်လွန်းနေတယ်ဆိုရင် ပညာရေးဝန်ထမ်း ပညာရှင် သိန်းချီတွေကို ဘာဖြစ်လို့ ထုတ်ပစ်တာလဲ။ လူ့အခွင့်အရေးကို လေးစားပါတယ်ဆိုရင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ကိုဗစ်ကြားမှာတောင် အရဲစွန့်ပြီး မဲပေးထားတဲ့ရလဒ်ကို ဘာဖြစ်လို့ ဖြိုဖျက်နေတာလဲ။ ဒီမှာ စစ်ကောင်စီဟာ ပညာရေးကို သူ့ရဲ့အာဏာသိမ်း ရည်မှန်းချက် အောင်မြင်စေဖို့အတွက် သက်သက် အသုံးချနေတာကို မြင်တွေ့လာပါတယ်။ စေတနာပိုလွန်းလို့မဟုတ်ပါဘဲ၊ ပညာရေးကို ဗန်းပြပြီး လူထုကို ထိန်းချုပ်ဖို့၊ ပညာရေးယန္တရားလည်ပတ်ပြီး သူ့သြဇာအာဏာတည်မြဲဖို့ ကြိုးစားချက်ပဲဖြစ်ပါတယ်။ နောက်တစ်ချက်က ပြည်သူတွေ ရွံမုန်းနေတဲ့ သူ့ဘက်တော်သားတွေအတွက် ပြည်သူ့သားသမီးတွေကို လူသားဒိုင်းအဖြစ် ကိုင်စွဲနေတာ သေချာလာပါတယ်။ ဒီစစ်ကောင်စီရဲ့ ရည်မှန်းချက် မအောင်မြင်စေရဘူးလို့ မြင်လာပါတယ်။ စစ်ကောင်စီကို တော်လှန်ရမယ်။
ဒုတိယအချက်ကတော့ ကလေးဟာ အရွယ်အလိုက် သင်ကြားခံယူမှုရှိသင့်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် စစ်ကောင်စီဖွင့်တဲ့ကျောင်းမှာဖြစ်ဖြစ်၊ ပုဂ္ဂလိက ကျောင်းတွေမှာဖြစ်ဖြစ် ကိုဗစ်ဟာ လူစုလူဝေးဖြစ်တိုင်းမှာ ကူးလာနိုင်တာပါပဲ။ ပိုးကူးလာဖို့ အခွင့်အလမ်းက ပိုများနေတယ်။ ကမ္ဘာ့ကပ်ဘေး အန္တရာယ်မကင်းတဲ့အချိန်မှာ အရဲမစွန့်သင့်ဘူး။ ပညာရေးဆိုတာ လူအသက်ရှင်နေမှ အကျိုးပြုမှာပါ။ လူ့အသက်သေဆုံးသွားရင် ပညာရေးဟာ ဘာမှမဟုတ်တော့ပါဘူး။ လူသာအဓိကပါ။ အသက်ပေးရလောက်တဲ့ ပညာရေးမဟုတ်တာက မြန်မာ့ပညာရေးကို မြည်းစမ်းဖူးခဲ့သူတိုင်း သိပါတယ်။ ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်ရမယ်။
တတိယအချက်ကတော့ ဒီအချိန်မှာ နေရာတိုင်း ဗုံးပေါက်နေတဲ့အချိန်၊ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အစိုးရက သတ်မှတ်ထားတဲ့ အတန်းအဆင့်အတန်းတစ်ခုတည်းအတွက် အသက်စွန့်ဖို့ မထိုက်တန်ပါဘူး။ ယုံကြည်ရာအတွက်ရော၊ စစ်ကောင်စီရဲ့ စေတနာမမှန်တာကိုသိတဲ့အတွက်ရော၊ ကိုဗစ်စိန်ခေါ်မှုကြောင့်ရော၊ စစ်ဖြစ်နေတဲ့ အခင်းအကျင်းဖြစ်နေတာရော အားလုံးပေါင်းလိုက်ရင် ဒီအချိန်မှာ အစိုးရစာသင်ကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေနဲ့ ဝေးဝေးနေဖို့ အကောင်းဆုံး အချိန်ဖြစ်နေပါတယ်။ ဒီအခြေအနေမှာ ကိုယ့်ကလေးကို ကိုယ့်မျက်စိအောက်က အပျောက်ခံရမယ့်အချိန်မဟုတ်ဘူး။ ဒါဟာ ပြုပြင်ပြောင်းလဲရေးအချိန်၊ အာဏာရှင်ကို အမြစ်ဆွဲနှုတ်နေတဲ့အချိန်၊ အာဏာရှင်ကို မြေပေါ်မြေအောက်အဘက်ဘက်က တော်လှန်ရေး လုပ်နေကြတဲ့အချိန်ဆိုတာ နားလည်ထားရမယ်။
စတ္ထုအချက်ကတော့ သမရိုးကျ အလုပ်မဖြစ်တော့တဲ့ မြန်မာ့ပညာရေးအတွေးအခေါ်ကို ပြောင်းလဲပစ်ရမယ်။ ပညာရေးကို အခြားသော အနက်ဖွင့်ဆိုမှု၊ အခြားသော နည်းလမ်းနဲ့ လိုက်စားဖို့လိုလာပါတယ်။ နံရံလေးဘက်ရှိတဲ့အခန်း၊ အစိုးရမင်းလုပ်သူက အဆင့်သတ်မှတ် အဆုံးအဖြတ်ပေးတဲ့ ပညာရေးစနစ်ကို ကျော်လွန်ပြီး တကယ့်လက်တွေ့ အသုံးတည့်တဲ့ပညာရေး နှင့် လက်တွေ့ကျွမ်းကျင်မှုဆီကို သွားသင့်တယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ အစိုးရရဲ့ သတ်မှတ်ချက်တွေကို လိုက်ရင်း ဘွဲ့သာရလိုက်တယ် အရည်အချင်းက ဘယ်မှာမှ သုံးစားလို့မရတာ အများကြီး ကြုံခဲ့ရပြီးပြီ။ ဒါကို ပြောင်းလဲရမယ်။ ဒါကိုတော်လှန်ရမယ်။
ဒါဆိုရင် သမရိုးကျ ပညာရေးစနစ်၊ သမရိုးကျ ပညာရေးအတွေးအခေါ်ရဲ့ အနှောင်အဖွဲ့တွေထဲကလွတ်ပြီ။ ကျွန်တော်တို့ ဒွိဟဖြစ်ပြီး မှိုင်နေတာ မဟုတ်ပါဘဲ၊ စိတ်ဒုံးဒုံးချကြမယ်။ မင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင်လိုက်ဦးမယ်။ တကယ်လို့ စစ်ကောင်စီသာ အခုလို မနှောင့်ယှက်ခဲ့ရင် ပညာရေးမှာ ဘာကအဓိကကျသလဲဆိုတာ သန်းပေါင်းများစွာသော မိဘတွေ မေ့နေခဲ့ကြတယ်။ အခုတော့ တွေးခွင့်၊ ပြောင်းလဲခွင့် ရကြပါပြီ။ ငါ့ကလေးတွေ ကြီးလာရင် အစိုးရကသတ်မှတ်ပေးတဲ့အဆင့်တွေကိုလိုက်ပြီး၊ အစိုးရအလုပ်လုပ်မှာ မဟုတ်ဘူး။ ကျွမ်းကျင်တဲ့သူအဖြစ် အဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေက ငှားခံရတဲ့သူတွေဖြစ်စေရမယ်။ ကျွမ်းကျင်မှုအခြေခံပြီး အသက်မွေးဝမ်းကျောင်းသွားမှာ။ နံရံလေးဘက်ကာရံထားတဲ့ ပညာရေးမဟုတ်ဘဲ၊ လက်တွေ့ပညာရေးမှာ သူတို့က ပိုပြီးကောင်းလာမယ်လို့ ယူဆတယ်။ အတန်းပညာဘွဲ့မရလေလေ သူတို့က ဘဝမှာ ပိုကြိုးစားလေလေးပဲ။ တကယ်တမ်း သူတို့နယ်ပယ်မှာ ပညာရှင်ဖြစ်သွားတဲ့သူတွေဟာ ဘွဲ့တစ်လုံးမရထာကြတဲ့သူတွေများပါတယ်။ အက်ဒီဆင်ဟာ ကျောင်းသင်ရိုးမပြီးဘူး။ ဇူကာဘတ်တို့၊ ဘီလ်ဂိတ်တို့က ကောလိပ်ပညာရေးအတွက် အချိန်ကို မပေးနိုင်ခဲ့ကြတာပါ။ ကိုယ်ယုံကြည်ရာ နယ်ပယ်မှာ ရဲရဲစွန့်ထွက်ခဲ့ကြသူတွေပါပဲ။
ဒါကြောင့် ပညာရေးမှာ အဓိကကျတဲ့ ဘာသာစကား၊ သင်္ချာအတွက်အချက်၊ လူမှုရေးသမိုင်း နှင့် သိပ္ပံတွေကို သင်ပေးဖု့ိ ကြိုးစားပါတော့မယ်။ ကိုယ်မသင်နိုင်တာကို ဆရာ/မ တစ်ဦးဦးခေါ်သင်မယ်။ ပညာသင်တယ်ဆိုတာ အတန်းတက်ဖို့မဟုတ်ဘူး။ နားလည်ဖို့နဲ့ ဆက်စပ်အသုံးချနိုင်ဖို့ပဲ။
ကျဆုံးသွားခဲ့ရသော ဒီမိုကရေစီ သူရဲကောင်းတွေကို အလေးပြုရင်း … သမရိုးကျပညာရေးစနစ်ထဲက ဖောက်ထွက်လာရင်း … စိတ်ခံစားချက်လည်း ကောင်းရမယ်၊ သူများအဆင့်သတ်မှတ်ပေးမှဆိုတာထက် ကိုယ့်အသိနဲ့ ကျွမ်းကျင်မှုကို အလေးထားတယ်၊ ရဲရင့်မယ်၊ တီထွင်ဆန်းသစ်ပါတယ်၊ သမိုင်းအသစ်ကိုရေးပါတယ် ….
ကလေးတွေကို တွေးတတ်အောင်၊ ဝေဖန်တတ်အောင်၊ ဆုံးဖြတ်တတ်အောင်၊ တာဝန်ယူတတ်အောင် လေ့ကျင့်ပေးမယ်။ တော်လှန်ရေးကာလတစ်လျှောက်လုံး ငါ့ကလေးတွေအတွက်တော့ အိမ်သင်ပညာရေးသို့ ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မနက်ဖြန်က စတင်ပါပြီ။