အိမ်ဟောင်းဟာ နေလို့မဖြစ်တော့ဘူး၊ နဂိုနေရာမှာပဲ အိမ်သစ်ဆောက်တော့မယ်ဆိုရင် အိမ်ဟောင်းကို မပျက်ပျက်အောက် ဖြိုဖျက်ကြရိုးရှိပါတယ်။ ဒါပေမယ့် အိမ်သစ်အတွက် ဒီဇိုင်းတွေ၊ ဆောက်နိုင်မယ့် လူအင်အား၊ ငွေအင်အားတွေကို ချင့်ချိန်ရပါတယ်။ ဒီအတွက်ကတော့ အချိန်ယူရတာပါပဲ။ ပြင်ဆင်ရတာပါပဲ။ အဟောင်းဖြိုတဲ့အထဲ ပါမသွားသင့်တာတွေကို ဂရုတစိုက် အရင်ဖယ်ထုတ်ကြရတာပါပဲ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် နှမြောစိတ်လုံးဝမထားတော့ဘဲ …. ကိုယ်တွေ နှစ်အကြာကြီးမှီခိုနေခဲ့တဲ့ အိမ်ဟောင်းကို တစ်စစီဖြိုလိုက်ကြရတာပါ။
မြန်မာ့အရေးဟာ ပြုပြင်မရတော့တဲ့ အိမ်အိုဟောင်းကြီးတစ်လုံးနဲ့ တူပါတယ်။ အိမ်အိုဟောင်းမှာ ဇော်ဖြစ်ချင်နေတဲ့ သူကတော့ စစ်တပ်ပါပဲ။ အရက်သမားလို ဗိုလ်ကျနေတာ သူပါပဲ။ စစ်တပ်ဆိုတာ ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ မရှိမဖြစ် လိုအပ်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့်၊ ဒီအဖွဲ့အစည်းကို မှီခိုပြီး ကိုယ်ကျိုးရှာတဲ့ ခေါင်းဆောင်တွေဟာ မြန်မာ့မြေမှာ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာက စလို့ ပေါ်ပေါက်လာခဲ့ပါတယ်။ ရှိသင့်တဲ့ အင်စတီကျူးရှင်းပေမယ့်လို့ ရည်ရွယ်ချက်အတိုင်း မရပ်တည်တော့တဲ့အခါ … ဖျက်ဆီးပစ်ပြီး ပြန်လည် အသစ်ထူထောင်ဖို့ လိုအပ်လာပါတယ်။
မြန်မာ့နိုင်ငံရေး အရှုပ်ထုပ်ကို စတင်ခဲ့တာက၊ လုပ်ဆောင်နေတာကတော့ စစ်ဗိုလ်ချုပ်များပဲဖြစ်ပါတယ်။ ဒီစစ်ဗိုလ်ချုပ်တွေကို မြန်မာ့နိုင်ငံရေးကနေ ဖယ်ခွာ၊ စစ်တန်းလျားကို မပို့နိုင်မချင်း မြန်မာ့နိုင်ငံရေး နာတာရှည်ရောဂါ ကင်းစင်သွားမှာ မဟုတ်တာ သေချာနေပြီဖြစ်ပါတယ်။ ပြုပြင်လို့ ရမလားလို့ အပျော့ဆွဲပြီး ရင်ကြားစေ့ရေး ကြိုးပမ်းချက်ဟာ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အဆုံးသတ်သွားပြီဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ မြန်မာပြည်အနေအထားက အိမ်ဟောင်းကိုဖြိုချပြီး အိမ်သစ်ကိုဆောက်ဖို့ တာစူနေတဲ့အချိန်ဖြစ်ပါတယ်။ အိမ်ဟောင်းဟာ နေချင်စရာမကောင်းတော့တာကို လူထုက မျက်ဝါးထင်ထင်တွေ့ကြုံနေရပြီဖြစ်ပါတယ်။ အင်စတီကျူးရှင်းတွေအပေါ် မှီခိုပြီး အကျင့်ပျက် ကိုယ်ကျိုးရှာမှုတွေကို အဆုံးသတ်ဖို့လိုနေပြီ။ အရင်က ကိုယ့်အကွက်ကလေးမှာ နေလို့ရတာနဲ့ပဲ အိမ်အိုအိမ်ဟောင်းကို ခင်တွယ်၊ မှီတွယ်ပြီး လုပ်စားကြတဲ့ လူတန်းစားတွေပေါ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံအတိုင်းအတာ နဲ့ဆိုရင် ဒါဟာ အဖြေမဟုတ်ပါဘူး။ အားလုံးအတွက် အဖြေကတော့ အိမ်ဟောင်းကို အမြန်ဖြိုချပြီး ဖက်ဒရယ်ဒီမိုကရေစီအိမ်သစ်ကို တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ အိမ်သစ်မှာတော့ ပြည်သူတွေက ဇော်ဖြစ်လာပြီး စစ်တပ်ဟာ ပြည်သူကို အလုပ်အကျွေး ပြုမယ့်အဖွဲ့အစည်း ဖြစ်လာရမှာပါ။
” အခုနေ လူတွေက စားလိုက် ၊ လာလိုက် ၊ သွားလိုက်ကြနဲ့ မွေးနေ့ပွဲတွေ ပျော်ပွဲတွေတောင်လုပ်နေပြီ ၊ ၈၈ လို တဖြေးဖြေး ငြိမ်သွားနိုင်သလား ” ဆိုတဲ့ မေးခွန်းတွေရှိလာနေပါတယ်။ ဒါပေမယ့် ဒီအိမ်ဟောင်းမှာ ဆက်နေလို့ ဖြစ်၊ မဖြစ်ကတော့ ပြည်သူတွေဆုံးဖြတ်ရမှာပါ။ ဟိုဖာလိုက် ဒီဖာလိုက်နဲ့ အဆင်မပြေနိုင်တာ သေချာခဲ့ပါပြီ။ အိမ်သစ်မှာနေချင်ရင်တော့ အိမ်ဟောင်းကို မရမက ဖြိုကြရမှာပါပဲ။
မြန်မာပြည်သူလူထုအပေါင်း တက်ညီလက်ညီနဲ့ စစ်အာဏာနဲ့ တည်ဆောက်ထားတဲ့ စက်ဆုပ်ဖွယ် အိမ်ဟောင်းကို အပြီးတိုင်ဖြိုလို့၊ ဖက်ဒရယ်ဒီမိုကရေစီ အိမ်သစ်ကိုတည်ဆောက်ပြီး လူနဲ့သူနဲ့တူအောင် နေနိုင်ကြပါစေ။