အမေရိကားကို ရောက်ရင် သိထားရမည့်အရာများ

နေစရိတ်
New York တွင် အိမ်လခသည် တစ်ယောက်ထဲနေသည့် အဆောင်အခန်းခသည် $500-$700 အထိရှိပါသည်။
မိသားစုများအတွက် 2 bedrooms – 3 bedrooms ကို Queens တွင် $2000 ကနေ စလေ့ရှိပါသည်။
Brooklyn တွင် 2 bedrooms သည် $1400 ကနေ စလေ့ရှိပါသည်။
မိသားစုအတွက် သီးသန့်ဆိုရင်တော့ အင်တာနက်ခ ၊ ရေ ၊ ဂတ်စ် နှင့် ကျန်တာ အကုန် ကိုယ့်ဟာကိုယ်ပေးရပါမည်။
ဒါကြောင့် မိသားစုနှင့်လာသောသူများသည် တစ်အိမ်လုံး အလုပ်လုပ်ရပါသည်။
အမေ ၊ အဖေ အလုပ်လုပ်ယုံတင်မက သမီး တွေအားလုံးလည်း အလုပ်လုပ်ရသော နိုင်ငံဖြစ်ပါသည်။
ကျွန်တော့်သူငယ်ချင်းမိသားစုတွင် အားလုံး အလုပ်လုပ်ရပြီးတော့ အိမ်လခကို တစ်ယောက်ကနေ ဘယ်လောက်ဆိုပြီး ပြန်ပေးရပါတယ်။ မိဘကလည်း မုန့်ဖိုးကို သိပ်မပေးနိုင်တဲ့အတွက် ပိုက်ဆံလိုချင်ရင် ကလေးကအစ အလုပ်လုပ်ရပါသည်။ အသက် 14 ဆိုရင် အလုပ်တရားဝင် လုပ်လို့ရပေမဲ့ အသက် ၁၈ နှစ် အထက်တန်းကျောင်းအောင်သည့် အသက်ကစပြီးတော့ ဒီနိုင်ငံက အမေရိကန်တွေကအစ အလုပ်လုပ်ပါသည်။
မြန်မာများ ၊ တစ်ခြားလူမျိုးများနှင့်တွဲနေရပါမည်။ မြန်မာအိမ်ရှင်များလည်း ရှိပြီး တစ်ခြား အိမ်ရှင်များလည်းရှိပါသည်။ ရောက်ရောက်ချင်းမှာ မြန်မာများနှင့်နေချင်တာ သဘာဝဆန်ပါသည်။
သို့သော် မြန်မာအိမ်ရှင်များသည် အင်မတန် ကပ်စေးနှဲသည်ကို ကြိုပြောပါရစေ။
အရမ်းအေးသည့်ကာလာများတွင် တစ်ခါတစ်လေ Heater ကို အရမ်းအေးနေမှ ဖွင့်ပေးပါသည်။
ဒီအတွက် ကိုယ်ပိုင် Heater ကို ဝယ်တပ်ရင်လည်း နောက်ထပ် မီတာခဆိုပြီးတော့ $50 တောင်းပါသည်။
နွေရာသီဆိုရင်လည်း အဲကွန်းတပ်ခ $50 တောင်းပါသည်။
ရေခဲသေတ္တာကိုလည်း အတူရှယ်ရပြီးတော့ တစ်ခါတစ်လေ အခန်းဖော်တွေက မတရား အကန့်တွေ ပိုယူတတ်တာကိုလည်း ကြုံတွေ့နိုင်ရပါသည်။
အိမ်လခကို အနည်းဆုံး ၃ လ နေရမယ်လို စည်းကမ်းရှိပါသည်။
အိမ်ငှားရာတွင် Deposit + Monthly Rent ကိုအရင်ပေးရပါသည်။
မြန်မာများနှင့် အတူတူနေရာတာက စရောက်သည့်သူများအတွက် သင့်တော်ပါသည်။
သို့သော် နောက်ကြာလာရင် အတင်းပြောချင်း ကနေ တစ်ယောက်နဲ့တစ်ယောက် ပြဿနာတတ်လာတာတွေ ရှိပါသည်။ ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါ။ ကိုယ့်သူငယ်ချင်း အမြောက်အများကိုယ်တိုင်က မြန်မာအိမ်ရှင် အဆောင်များတွင် နေရင် နောက်ကွယ်တွင် အတင်းပြောခံရခြင်း ၊ တစ်ခြားသော Personal ပြဿနာများတက်ချင်းတို့ကို ပြောကြပါသည်။
ဒီအတွက် မြန်မာမဟုတ်သော တစ်ခြားလူမျိုး အိမ်ရှင် အိမ်တွင် ငှားနိုင်ရင် အ‌ကောင်းဆုံးပါ။
အကြံပေးချက် – အမေရိကားကိုရောက်ပြီးတော့ ကျွမ်းသွားရင် မြန်မာအိမ်မှာ လုံးဝ မနေတာ အကောင်းဆုံးပါ။ ကိုယ်လုပ်တာမှန်သမျှကို လိုက်ကြည့်ပြီးတော့ နောက်ကွယ်မှာ လိုက်ပြောနေသော အတင်းပြောတတ်ကြသော သူများနှင့် မနေတာ အကောင်းဆုံးပါ။
အစားအသောက်
အမေရိကားမို့လို ဘိုစာကတော့ အပေါဆုံးဖြစ်ပါသည်။ ဒါပေမဲ့ အချိန်ပေး သွားဝယ်နိုင်ရင်တော့ တရုတ် ၊ ဗီယက်နမ် နှင့် ကိုရီးယား super market တွေမှာ သွားဝယ်လို့ရပါသည်။ ဆန် ၊ ဆီ ၊ ဆား ကနေ အသား ငါး ဟင်းအထိ ငံပြာရည် ငါးပိအထိကို ဝယ်လို့ရပါသည်။ မြန်မာအချင်းချင်းရောင်းသော သူတွေလည်းရှိပါသည်။
အခြေခံ ဆန် ၊ ဆီ ၊ ခေါက်ဆွဲတွေကို Asian supermarket တွေကနေ ဝယ်ပြီးတော့ မြန်မာဆိုင်တွေကလည်း ဝယ်ပြီးတော့ မြန်မာဟင်းချက်နိုင်ပါသည်။
New York လို မြို့ကြီးပြကြီးတွင်တော့ အာရှအစားအစာ သီးသန့် Chinatown, Korean Town, Japan ဆိုရင် East Village, Thai ဆိုရင် Elmhurst မှာ ရောင်းတာတွေရှိပါသည်။
ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ဗိုက်ဆာလာရင် ရှိတာ စားရရင် နဲ့ ဘိုစာတွေကို စားတတ်လာပါသည်။
အကြံပေးချက် – ဘိုစာ စားတတ်အောင် ကျင့်ထားပါ။ တစ်ခါတစ်လေ ဗိုက်စာရင် ရှိတာပဲ စားရသည်။
အစားအသောက်အတွက်ဆိုရင် အိမ်မှာချက်စားတာ ငွေကုန်သက်သာသည်။ ငွေကုန်သက်သာချင်ရင် သူငယ်ချင်းတွေနဲ့အတူ ကိုယ်တိုင် အိမ်မှာပဲ ချက်စားကြပါ။
Legal Status
ဒါကတော့ လူတိုင်းအသိချင်ဆုံးဖြစ်ပါမည်။
ကိုယ့်ရဲ့ ဒီနိုင်ငံမှာ ဥပဒေအရ အဆင့်သည် ကိုယ်လုပ်လို့ရတာ ၊ လုပ်လို့မရတာ ရှိသည်။
အမေရိကားတွင် အမြင့်ဆုံး ဥပဒေ အဆင့်ကတော့ နိုင်ငံသား U.S Citizen ဖြစ်ပါသည်။
ဒုတိယအဆင့်ကတော့ Green Card ဖြစ်ပါသည်။
ကတ်ပြားတစ်ပြားကို ၁၀ နှစ်အထိ သက်တမ်းရှိပါသည်။ ၁၀ နှစ် ပြည့်တိုင်း သက်တမ်းတိုးရပါသည်။
အမေရိကန်နိုင်ငံသားနည်းတူ လိုက်ပြီးတော့ လုပ်လို့ရတာ အများကြီးရှိပါသည်။
လုပ်လို့မရတာ နှစ်ခုပဲရှိသည် – မဲပေးလို့မရ ၊ အစိုးရအလုပ်ကို နိုင်ငံသားများသာ ခန့်သည်ဆိုသည့် အလုပ်တွင် ဝင်လုပ်လို့မရ
အခုလိုမျိုး Green Card, U.S Citizen ဆိုရင်
ပညာရေး
အစိုးရကနေ ကျောင်းတက်ဖို့ ပိုက်ဆံပေးပါမည်။ အရင်နှစ်တွေက အခွန်ဆောင်ထားတဲ့ IRS Tax Return ရှိရင် ဝင်လျှောက်ပြီးတော့ ကျောင်းတက်ဖို့အတွက် financial aid လျှောက်လို့ရပါသည်။
စကေားလာရှစ်မဟုတ်ပါ။ ဝင်ငွေနည်းလို့ အစိုးရကနေ ကျောင်းလခ ထောက်ပံ့တာဖြစ်ပါသည်။
တစ်ချို့ ပြည်နယ်များတွင် ပြည်နယ်ကနေတောင် ထက်ပေးသည့် ပရိုဂရမ်တွေရှိပါသည်။
ကျောင်းတက်ဖို့အတွက် New York တွင် TAP လည်းပေးပါသည်။
အမှတ်ကောင်းကောင်းကိုဆက်တိုက်လည်းရ ၊ သူတို့သတ်မှတ်ထားသော ဝင်ငွေ အတွင်းရောက်ရင် excelsior scholarship ဆိုသည့် ကျောင်းအခမဲ့ တက်ခွင့်ရတာလည်း ရှိပါသည်။
New York ပြည်နယ်တွင် မူလတန်းကနေ 12th grade အထိ အထက်တန်းကျောင်းကို အခမဲ့ တက်ခွင့်ရှိပါသည်။
ကိုယ်ရဲ့ legal status က ဘာဖြစ်ဖြစ် အထက်တန်းကျောင်းတိုင်းကို အခမဲ့ တက်ခွင့်ရှိပါသည်။
New York ပြည်နယ်တွင် ကောလိပ်အဆင့်တွင် စာရွက်စာတမ်းမရှိသော ကလေးများအတွက် ကျောင်းလခထောက်ပံသည့် Senator Jose ဆိုသည့် ပရိုဂရမ်ရှိပါသည်။
ကျန်းမာရေး
Green Card, U.S Citizen ဆိုရင် Medicaid ဆိုသည့် ကျန်းမာရေးအာမခံ ရပါသည်။
အမေရိကားမှာ ကျန်းမာရေးအတွက် ဆရာဝန်ပြတာ ဘယ်လောက် ပေးရလဲဆိုတာ နေဖူးသူတိုင်းသိသည်။
အမေရိကန်တွေကိုယ်တိုင်ကအစ ဆေးဖိုးဝါးခကို အာမခံမရှိရင် မတတ်နိုင်ပါ။
အာမခံကလည်း အလကား မရပါ။ ဒါပေမဲ့ ကံကောင်းစွာဖြင့် ဝင်ငွေနည်းရင် တရားဝင်နေထိုင်သူများအတွက် Medicaid ရှိသည်။
အသက်ကြီးသည့် 65+ သူများအတွက် Medicare ရှိသည်။
အဓိက မိသားစုဆရာဝန် – Primary Care နဲ့ သွား ၊ မျက်စိ နှင့် တစ်ခြားသော အထူးကု – စိတ်ကျန်းမာရေး Depression ဖြစ်လို့ therapist နဲ့ စကားပြောချင်ရင်လည်း ပြောလို့ရသည်။
ကိုယ့်အိပ်ထဲကနေ တစ်ပြားမှ စိုက်စရာတောင်မလိုပါ။ သို့သော် ဝင်ငွေနည်းသည့်သူများသာ ပေးသည်။
ဒီအတွက် တစ်ချို့မြန်မာများသည် အလုပ်နှစ်ခုလုပ်ရင် တစ်ခုကို Check ဆိုသည့် တရားဝင်လုပ်လို့ အခွန်တစ်ခါထဲ ဆောင်ရသည့် နည်းလမ်းကို တစ်ခု ၊ Cash ဆိုသည် ငွေသားနှင့်ကို တစ်ခုလုပ်ကြပါသည်။
အစိုးရကို နှစ်တိုင်း အခွန်ဆောင်ရင် Check ဆိုသည့် တရားဝင် ဝင်ငွေရသည့် စာရွက်စာတမ်းများကို တင်ပြီးတော့ ပေါင်းပြီးတော့ ဝင်ငွေကို တွက်သည်။ အလုပ်နှစ်ခုလုံးပေါင်းရင် ဝင်ငွေများတတ်တာကြောင့် တစ်ခုကိုပဲ လုပ်သည့် ပုံစံနှင့် တင်သည်။
ငွေချေးခွင့်ရှိခြင်း
Credit Card ဆိုသည့် သာမန် ပစ္စည်းဝယ်သည့် ကတ်များကိုတော့ Student visa နှင့် လာသည့်သူတောင် လျှောက်လို့ရသည်။
သို့သော် အိမ်ဝယ်ခြင်း အိမ်ကို အကြွေးနှင့်ဝယ်ခြင်း ၊ Personal loan ဆိုသည့် $10,000 ကနေ $50,000 အထိကို credit score ဆိုသည့် ကိုယ့်ရဲ့အကြွေးမှတ်တမ်း ပေါ်မှာ မူတည်ပြီး ချေးတာတို့ကို ရတာ ခက်ပါသည်။
ဘဏ်တော်တော်များက social security မရှိရင် အိမ်အတွက် နှစ် ၂၀ ငွေချေးခြင်း ၊ Personal loan တို့ကို ပေးဖို့တွန့်တတ်သည်။
Green Card ရနည်းများ
Green Card through family
U.S citizen ဖြစ်ပြီးသော မိသားစုဝင်များကနေ မိမိဆွေမျိုးသားချင်းများ အထူးသဖြင့် မိသားစုဝင်များအားခေါ်ခြင်း
ကိုယ့်မိန်းမ ၊ ယောကျာ်းကိုခေါ်ခြင်း
မိဘများကနေ ကိုယ့်သားသမီးများကိုခေါ်ခြင်း
သားသမီးများသည် ၂၁ အောက် ၊ လက်မထပ်ရသေးဘူးဆိုရင် ပိုကောင်းသည်။
ရောက်နှင့်ပြီးသော သားသမီးများကနေ မိဘ ဘိုးဘွားများကို ခေါ်ခြင်း
ညီအစ်ကိုမောင်နှမ အရင်းများအား ခေါ်ခြင်း
I-30 Petition လုပ်ရာတွင် immediate relatives ဆိုသည် မိသားစုဝင်အချင်းချင်းသည် အရင်ဆုံး priority ပေးသည်။
https://www.uscis.gov/i-130
Green Card through an employer
အလုပ်ကနေတစ်ဆင့်ရနိုင်ပါသည်။ သို့သော် ကိုယ့်အလုပ်သည် သာမန် အမေရိကန်များကနေ မလုပ်နိုင်သော
Master Degree, Ph.D ရှိသော အလုပ်များဖြစ်ရမည်။
နောက်ကနေ ထောက်ခံပေးသော ကုမ္ပဏီသည် ကုမ္ပဏီကြီးဖြစ်ကြသည်။
အလုပ်ကလည်း လစာကောင်းသော ပညာတတ်အလုပ်များဖြစ်ကြသည်။
အင်မတန်တော်သော ၊ အင်မတန်အရည်အချင်းရှိသော သူများဆိုတာ သက်သေပြနိုင်ရင် Green Card ရသည်။
I-140, Immigrant Petition for Alien Workers ဆိုသည် ပရိုဂရမ်အောက်တွင်
EB-1: Employment Based Immigration – Permanent Workers – Extraordinary Ability/Outstanding Professor/Multinational Executive
https://www.uscis.gov/…/eb-1-employment-based…
EB-2: Employment-Based Immigration– Advanced Degree or Exceptional Ability
https://www.uscis.gov/…/eb-2-employment-based…
EB-3: Employment-Based Immigration – Skilled Workers – Professionals and Other Workers
https://www.uscis.gov/…/eb-3-employment-based…
နောက်တစ်နည်းကတော့ Asylum, Refugees နည်းလမ်း
Asylum သည် အမေရိကန်နိုင်ငံအတွင်းရောက်ပြီးသူများအတွက်ဖြစ်သည်။
အမေရိကားကိုရောက်ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကိုပြန်လို့မရတော့သူများအတွက်ဖြစ်သည်။
Refugees သည် အမေရိကန်ပြည်ပ ရောက်နေသူများအတွက် ဥပမာ- ထိုင်း ၊ မလေးရှားက Refugee Camp များ
ဒီနည်းသည် ကြာသည်။ Case by case သွားပြီးတော့ Refugee ကိစ္စကို ကျွမ်းသည့် ရှေ့နေ နှင့် လုပ်တာ အကောင်းဆုံးပါ။
မြန်မာများကြားတွင် ရှေ့နေ ဒေါ် Sandy Khine သည် နာမည်ကြီးပြီးတော့ 212.786.1500 ကိုဆက်သွယ်နိုင်သည်။
နောက်တစ်နည်းသည် အများသိကြသော DV Lottery ဖြစ်သည်။
ကံပါမှ ရမည့်နည်းလမ်းဖြစ်သည်။ DV Lottery လျှောက်နည်းအတွက် သီးသန့် ကူပေးသည့် အေဂျင့်များ ၊ Group တွေရှိကြပါသည်။
အလုပ်လုပ်ခြင်း
ငွေမရှိရင် ရပ်တည်လို့မရပါ။
ဒီအတွက် မြန်မာအများစုသည် ရောက်ရောင်ချင်းမှာ အသိများ ၊ အဆက်အသွယ်များကနေ ဆူရှီလုပ်ခြင်း ၊ New York တွင် ကျောက်တန်းတွင် အလုပ်လုပ်ခြင်းတို့ကို လုပ်လေ့ရှိပါသည်။
ဆူရှီလောကသည် ဘယ်လောက် ဒရာမာ များကြောင်းကို လုပ်ဖူးသည့် မြန်မာတိုင်းသိသည်။
ကျွန်တော့်သူငယ်ချင်းဆိုရင် ဆူရှီလိပ်ပေးတာ ဆိုင်ပိုင်ရှင် (မြန်မာ)က လစာကို နောက်လမှ ပေးမည် ဆိုပြီး လုံးဝကို မပေးပါ။ အချိန်တွေရွှေ့ပြီး လခကို ပေါ်တင် မပေးပါ။
ဆူရှီလိပ်သည့်လူတစ်ချို့သည် တရားဝင်အလုပ်လုပ်ကိုင်ခွင့် work-permit မရှိသည့်အတွက် ဆိုင်ပိုင်ရှင်(မြန်မာ) များကနေ ဒီလို အကွက်တွေရိုက်တာ – လစာကို ဆိုင်ကခုမစလို့ ဘာညာ ဘာညာ ဘာညာ ဆိုပြီးတော့ လစာတွေမပေးတာတွေရှိပါသည်။
ပြီးရင် အလုပ်လုပ်နေတုန်းမှာ အလုပ်သမားအစာ သူ့ အိမ်ဖော်လို ၊ သူ့ကျွန် တစ်ယောက်လို့ ညီလေး ဟိုဟာလေး လုပ်လိုက်…ဒီဟာလေးလုပ်လိုက်..ဆိုပြီးတော့ မတရားခိုင်းတာတွေလည်းရှိပါသည်။ ( ခံရသည့် သူငယ်ချင်း အသိကိုယ်တိုင် ပြောချက် )
အလုပ်ကိုတရားဝင်လုပ်ကိုင်ခွင့် work permit မရှိရင် မြန်မာဆူရှီဆိုင်ပိုင်ရှင်အောက်တွင် လုပ်ရရင် အပေါ်စီးကနေ ဆက်ဆံခြင်း ၊ သူကပဲ ဆရာကြီးလိုလို ကနေ ကျွန်လို ခိုင်းသည်အထိ ကြုံတွေ့ရမည်။
နောက်ဆုံး လစာ တောင်မပေးသည့် အဖြစ်တွေရှိသည်။
Diamond District ဆိုသည် New York က Rockefeller Center နားတွင် ကျောက်တန်းရှိသည်။
ကျောက်တန်းသည် တစ်ခုကောင်းတာက အလုပ်ကြိုးစားရင် အလုပ်ရှင် နိုင်ငံခြားသားတွေက ကြိုက်ရင် ရာထူးကို တိုးပေးသည်။ ( အသိတစ်ယောက်ကိုယ်တိုင် အရည်အချင်းရှိလို့ CPA ရသွားလို့ ရာထူးအကြီးကြီးရသွားပြီး လစာအင်မတန်ကောင်းသည့် နေရာကို ရသွားသည် )
မြန်မာအချင်းချင်း အလုပ်သွင်းပေးလို့ ကျောက်တန်းတွင် အလုပ်ရတာ မြန်သည်။
သို့သော် ရောက်တတ်သည့်နေရာ မတည့်ကြသည့် မီယန်မာတို့ထုံးစံအတိုင်း ကျောက်တန်း ဒရာမာ ကိစ္စ တွေလည်းရှိပါသည်။
စားသောက်ဆိုင်တွင် အိုက်တိုးပကေးဆန် ၊ Server လုပ်ခြင်း
New York, San Fran, LA စသည့် မြို့ကြီးများတွင် မိမိ အဆက်အသွယ်ဖြင့် အိုက်တိုးပကေးဆန် ၊ စားပွဲထိုးလုပ်တာတွေလုပ်ကြသည့် မြန်မာတွေလည်းရှိပါသည်။
တစ်ခြားသော အသိများကနေတစ်ဆင့် လုပ်သည့်အလုပ်ပေါင်းမျိုးစုံလည်းရှိနိုင်ပါသည်။ ဥပမာ- အသားစက်ရုံတွင်အလုပ်လုပ်ခြင်း ၊ Cashier အနေနှင့်အလုပ်လုပ်ခြင်း ကနေ တစ်ခြားသော အလုပ်ပေါင်းမျိုးစုံ…………………..
“အမေရိကားရောက်ရင် ငါက မြန်မာပြည်မှာ ဘာကောင်ကြီးဖြစ်ခဲ့ ဖြစ်ခဲ့ လက်ထဲမှာ ဒေါ်လာမရှိရင် နေလိုမရဘူး။ ဒီ ဒေါ်လာရဖို့ ရတဲ့ အလုပ်ကို လုပ်ရတယ်။”
ဒါပေမဲ့ အခြေအနေတစ်ခုရောက်သွားရင်တော့ ပညာတတ် တွေလုပ်သည့် အလုပ်ကို လုပ်နိုင်တာ အကောင်းဆုံးပါ။
ကိုယ်က လေ့လာနိုင်စွမ်းအားကောင်းရင် ၊ အာရုံစူးစိုက်အားကောင်းရင် ၊ အရည်အချင်းရှိရင် ရှိသလောက် ရမည့် နိုင်ငံဖြစ်သည်။
ကိုယ်ကနေ ဘာပဲလုပ်လုပ် ကိုယ်အရည်ချင်းရှိရင် ရှိသလောက် ပေးမည့်နိုင်ငံ ဖြစ်သည်။
ဒီအဆင့်ကိုရောက်သွားသည့် မြန်မာများလည်းရှိပါသည်။ သို့သော် အခုအချိန် ၂၀၂၁ တွင် လူနည်းစုသာဖြစ်ပါသည်။ မြန်မာများအားလုံးရဲ့ 10% တောင် မရှိသေးပါ။
ဒါ မြန်မာများတင်မကပါ။ Immigrant Studies တွင် First-Generation ဆိုသည့် ပထမဆုံးရောက်သည့် သူများသည် အခံရခက်ဆုံးဖြစ်ပါသည်။ တရုတ်များ ၊ ကိုရီးယားများ နှင့် တစ်ခြားသောလူမျိုးများကိုကြည့်ပါ။
အသက်ကြီးမှ ရောက်လာသော First-Generation သည် အင်မတန် ပင်ပန်းမှုဒဏ်ကိုခံရပါသည်။
First-Generation တွင်တောင် ကလေးဘဝထဲက ရောက်လာသည့်သူများသာ ရှေ့က မိဘများ ၊ ဆွေမျိုးများက အပင်ပန်းဒဏ်ခံပြီး တည်ဆောက်ထားသော အခြေအနေကနေ ပညာသင်လိုက် ၊ ကိုယ်ပိုင်စီးပွားရေး small business လုပ်လိုက်နှင့် ကိုယ့်လမ်းနှင့်ကိုယ် middle class ကို ရောက်သွားသည့်သူများလည်းရှိပါသည်။
ဘယ်လူမျိုးမဆိုကြည့်လိုက်ရင် second generation ဆိုသည့် ပထမဆံးရောက်သည့်သူများကနေ မွေးဖွားလာသည့် ကလေးများကနေ စပြီးတော့ အောင်မြင်လာတာကို မြင်တွေ့ရပါမည်။
တရုတ် ၊ ကိုရီးယား ၊ Latin America ဆိုသည့် South America ကနေ လာသည့်သူများတိုင်းတွင် ငါ့ မိဘတွေက ရ ရာ အလုပ်ကိုလုပ် ၊ ငါက ကျောင်းသွား ၊ ငါတို့ ငယ်ငယ်တုန်းက ဆင်းရဲတယ် ၊ စားဖိုးသောက်ဖို့ပဲရှိတယ် ၊ ငါကျောင်းတတ်တယ်………၊ ငါကိုယ်ပိုင်စီးပွားရေးကို အရဲစွန့်ပြီးစလုပ်တယ် စသည်ဖြင့် နောက်ကနေ ထောက်ခံပေးသည့်လူများရှိသည့် ကလေးများသည် အအောင်မြင်ဆုံးများဖြစ်ကြသည်။
First-Generation သည် အပင်ပန်းခံရဆုံးဖြစ်သည်။
Second-Generation ကလေးများ ၊ First Generation ကလေးဘဝကနေရောက်လာသူများသည် ရှေ့က မိဘ ၊ ဆွေမျိုးများကနေ တည်ဆောက်ထားသည့် network, သူတို့ရဲ့နောက်ကနေ စားဝတ်နေရေးကို တစ်နည်းအားဖြင့် ကျောထောက်နောက်ခံရှိမှု ၊ စိတ်ပိုင်းဆိုင်ရာအားပေးနိုင်မှုရှိသူများသာ ရှေ့ကို ဆက်လှမ်းနိုင်ကြသည်။
ဒီအတွက် မြန်မာအချင်းချင်း ကူညီဖို့ အင်မတန်အရေးကြီးသည်။ ကိုယ်က first-generation မို့ ဘယ်လောက်တောင် ပင်ပန်းမှု ၊ အခက်အခဲရှိပလေ့စေ second generation နဲ့ ကလေးဘဝကနေရောက်လာတဲ့သူတွေအတွက် အောင်မြင်ဖို့အတွက် ရှေ့ကနေ ကူညီတာတွေ ၊ လုပ်နိုင်တာလုပ်ပေးဖို့ လိုအပ်သည်။
Kyaw Tun

Leave a Reply

Your email address will not be published. Required fields are marked *