အပျိုစင်အပြုံးနဲ့ နမ်ထွမ်ခူး

ဟိမဝန္တာအရှေ့ဖျား
ပူတာအိုရဲ့ အနောက်စူးစူး
စိမ်းညို့ညို့တောင်တန်းကြား
နမ်ထွမ်ချောင်းဘေး
ရွာတန်းရှည် ကလေး
ချစ်သော နမ်ထွမ်ခူး။
တရံတခါက
ရှမ်းတို့ရဲ့နယ်မြေ
လီဆူတွေ မြေတောင်းပြီးရွာတည်
တည်ထောင်သူ အာဒီးဝါဖူး
ချစ်ကြည်ဖြူ ရှမ်းတို့အမည်
မပြောင်းပဲသစ္စာထား
နမ်ထွမ်ချောင်းရယ်
နမ်ထွမ်ခူးရယ်
ကျေးဇူး ဘယ်မမေ့၊
သမိုင်းမှန် ဘယ်မရွေ့
မေတ္တာတွေ ကမ္ဘာတည်သရွေ့။


ပူတာအိုက ၁၂ မိုင်ခရီး
ဟိုတုန်းက တောခရီးကြမ်း
အဆင်းအတက်ကြမ်းပါဘိသနဲ့
ချော်လည်းချော်
ကျွတ်လည်းကပ်
အထက ကျောင်းသားဘဝ
တစ်ပတ်စာ ရိက္ခာ တွေထမ်းလို့
ခြေတိုအောင် လျှောက်ခဲ့ဖူးပါရဲ့
ပညာရေး လက်မလျှော့တမ်းကွယ်
ရွာလူငယ်တစ်စု ရုန်းခဲ့ကြတယ်
၁၉၉၄-၉၉ ခုနှစ်တွေဆီ
ပြန်ပြောင်းအောက်မေ့ လွမ်းတစ်ငွေ့ငွေ့။


ဧပြီ ၁၄၊ ပါဂျဲရိုးနဲ့
အဖေရယ်၊ အစ်ကိုရယ်၊ ညီလေးရယ်၊ ကိုထွန်းနောင်ရယ်
ကျွန်တော်တို့ ငါးယောက်
ရွာအရောက် လည်ခဲ့ပြီ
ဆွေမျိုးလည်းတွေ့
နှောင်းဖြစ်လည်းပြော
ရွာဓလေ့ရိုးရာ မမေ့သာ
အန်ကယ်အားဂယ်ရဲ့ ယာတောမှာ
စားခဲ့ရတဲ့ နေ့လည်စာ တစ်နပ်
ကျောက်ဖရုံသီးနဲ့ ကြက်သားဟင်း
အတွဲအစပ်ညီပါ့
ဘာနဲ့မှ မလဲ။


ရွာကအပြန်
ချောင်းငယ်ထဲမှာ ငါးရှာနေတဲ့ ကလေးတစ်သိုက်
ဟန်ဆောင်မှု မရှိ
မျှော်ကိုးမှုမရှိ (ခရီးသွားဒေသမှာ တွေ့ရတတ်သည့် ငွေကြေး၊ ပစ္စည်း မျှော်ကိုးမှု အရာများ)
ပကတိလွတ်လပ်မှု ခံစား
ဂလိုဘယ်လိုက် ဇေးရှင်းလား
ဖြေးဖြေးပေါ့ … လို့ပြောနေသည့်အလား။


ချစ်သော နမ်ထွမ်ခူး …
သင်ဟာ
ဂျင်းမပါ
အပျိုစင် အပြုံး
ပကတိရိုးသားမှုများစွာနဲ့
ဧည့်သည်ကို ဖမ်းစားခဲ့ပြီတကား။


ကိုဂျေ
၂၀၊ ဧပြီ၊ ၂၀၁၈

(ကျွန်တော်နေခဲ့ဖူးတဲ့ ရွာကလေးဆီ ၂၀၁၈ ခုနှစ်က တစ်ခါတစ်ခေါက် ရောက်ခဲ့တဲ့အခါ ရေးစပ်ထားလိုက်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *