အဆိုတော် ဒါမာဟာ နှင့်တွေ့ဆုံခြင်း …. (Interview with Damaha Jay)

အဆိုတော် ဒါမာဟာ နှင့်တွေ့ဆုံခြင်း ….

(၁) ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး။
အားလုံးပဲမင်္ဂလာပါ။ ꓮ ꓙꓵꓽ ꓢꓴ ꓧꓪꓸ ꓧꓪꓸ= အစ်မနာမည် ဒါမာဟာပါ။ ရန်ကုန်ကို ကျမ်းစာ ကျောင်းတက်ဖို့ရောက်ခဲ့တဲ့ချိန်ကစပြီး စာရာဆိုတဲ့ ကျမ်းစာနာမည် တစ်လုံးထပ်တိုး ရရှိခဲ့တော့ နာမည်နှစ်လုံးဖြစ်သွားတယ်မောင်လေးရယ်။ အစ်မရဲ့အနုပညာနာမည်ကိုတော့ ဒါမာဟာ ကိုပဲသုံးဖြစ်ပါတယ်။ မိဘတွေကတော့ ဦးဗျာ‌ရီးလီမီနဲ့ဒေါ်ခေါင်ချန်တို့ဖြစ်ပါတယ်။ မိဘနှစ်ပါးကဘုရားအမှုတော်ဆောင်‌တွေဖြစ်တယ်။ 1975 မှာအစ်မကိုမွေးခဲ့တာဖြစ်ပြီး မကြာခင်မှာ 46 နှစ်ပြည့်တော့မှာပါ။ အိုနေပြီလေ (ရယ်မောလျက်)။ အစ်မက ပူတာအိုမြို့ မူလာရှီးဒီမှာမွေးခဲ့တာဖြစ်ပြီး မွေးချင်းဆယ့်တစ်ယောက်ကနေ ကိုးယောက်မြောက် ဖြစ်ပါတယ်။ လက်ရှိမောင်နှမကိုးဦးရှိပါတယ်။ အစ်မက ရန်ကုန်မှာအိမ်ထောင်ကျခဲ့တော့ ခုလက်ရှိရန်ကုန်မှာပဲနေပါတယ်။ သားလေးနှစ်ယောက်ရထားပါတယ်။

မူလာရှီးဒီ

(၂) သီချင်းကို ဘယ်ခုနှစ်က စတင်ပြီး သီဆိုဖြစ်ပါသလဲ။
သီချင်းစဆိုဖြစ်တာက ဘုရားကျောင်းမှာတော့ ငယ်ငယ်‌လေးကတည်းကစဆိုဖြစ်ပါတယ်။ အပြင်ရှိုးစဆိုဖူးတာကတော့ ရွာကမင်္ဂလာဆောင်ပွဲတွေမှာ ပြီးတော့ပညာ‌ရေး ကျောင်းရှိုးပွဲ တွေမှာစဆိုဖူးပါတယ် မတတ်တစ်ခေါက်လေးပေါ့နော် (ရီပြုံးလျှက်)။ အခြားကတော့ နောက် ပိုင်းအစ်မ ရန်ကုန်ကျမ်းစာကျောင်းရောက်တဲ့နောက် ဓမ္မတေးရှိုးတွေဆိုခွင့်ရခဲ့ပါတယ်။ ဘုရားကျေးဇူးတော်ကြောင့် တရုတ်ပြည်နဲ့ထိုင်းမှာ သွားရောက်ပါဝင်ခွင့်လဲရခဲ့ပါတယ်။ ဒါပေမယ့် အစ်မတော်လို့တော့မဟုတ်ပါဘူး။ ဘုရားကျေးဇူးတော်ကြောင့် အစ်မကို ဘုရားက သက်သက်ပို့ပေးခဲ့တာပါမောင်လေးရယ်။

(၃) ရှိုးပွဲခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ပြောပြပေးပါအုံး။
ဟုတ်ကဲ့ပါ အစ်မရဲ့အမှတ်တရတွေထဲက အချို့ကိုပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကပေါ့ ပူတာအိုမြို့ဒုတ္တန် ပျားမွေးမြူရေးရေကန်နားမှာ မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်များအားလုံး 2000 နှစ်ပြည့်စုပေါင်းခရစ္စမတ်ပွဲတော်ကြီးပြုလုပ်ခဲ့စဉ် ပရိသတ်တွေအရမ်းကို များတဲ့ဓမ္မ‌တေး ရှိုးပွဲကြီးမှာ ရင်ခုန်စွာသီဆိုခွင့်ရခဲ့တာလဲ အစ်မအတွက်အရမ်းကိုအမှတ်တရဖြစ်ပါတယ်။ ယနေ့ထိမမေ့နိုင်ဘူး။ ပြီးတော့ ဟိုအရင် 2004 ခုနှစ်က ပထမအကြိမ်အနေနဲ့ ဆရာကြီး ဒေါက်တာလာဇရု ဦးဆောင်ပြီး လီဆူအနုပညာမောင်နှမတွေကိုခေါ်သွားပေးခဲ့တဲ့ တရုတ် ပြည်ခရီးစဉ်ရှိုးပွဲကြီးမှာ သွားရောက်ခွင့် ပါဝင်ခွင့်ရခဲ့တာဟာ အစ်မဘဝအတွက် တကယ်ကို မမေ့နိုင်စရာ အမှတ်တရရှိုးပွဲခရီးစဉ်ပါ။ နောက်ပိုင်းမှာ‌ပြောရမယ်ဆိုရင် 2018 မှာ စိန်ခေါ်မှု တစ်ရပ်ကြုံခဲ့တယ် အဲတာကတော့ တရုတ်ပြည် လီဆူဓမ္မတေးရှိုးပွဲမှာတစ်ကိုယ်တော် သွားရမယ့်ခရီးစဉ်ပဲဖြစ်ပါတယ်။ တော်တော်လေးရင်ခုန်ခဲ့ရတယ်။ အစ်မဘဝမှာမမေ့နိုင်စရာပေါ့နော်။ ပြီးတော့ 2019 မှာတော့ ထိုင်းကရိုးရာရှိုးပွဲတစ်ခုမှာ လီဆူ အနုပညာမောင်နှမတစ်စုနဲ့အတူပါဝင်ခွင့်ရခဲ့တယ်။ အရမ်းလဲပျော်ခဲ့တယ်။ တကယ်ကို အမှတ်တရဖြစ်ခဲ့တယ်မောင်လေး။ နောက်တစ်ခုက 2020 ဖေဖေါ်ဝါရီ လကုန်ပိုင်း‌လောက် မြန်မာပြည်မှာ ကိုဗစ်-၁၉ မစခင်လေးမှာ လီဆူအနုပညာရှင် ဆရာ ဝါညားအားဝူနဲ့အတူ တတိယအကြိမ်တရုတ်ပြည်ခရီးစဉ်တစ်ခုသွားခွင့်ရလာခဲ့လို့ တော်တော်‌ လေးပြင်ဆင်ခဲ့ပြီး လေယာဉ်လက်မှတ်ကိုလဲတစ်လကြိုဝယ်ထားပြီးသားဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် သွားတဲ့နေ့ ကျတော့ လေယာဉ်ပေါ်တက်ဖို့ခြေလှမ်း လှမ်းနေဆဲမှာပဲ ရုတ်တရက်ဆိုသလို တရုတ်ပြည်က အစ်မတို့သွားမယ့်မြို့မှာကိုဗစ်လူနာစတင်တွေ့ရှိလို့ဆိုပြီး Lock down ချလိုက်တဲ့သတင်း ချက်ချင်း သတင်းရရှိခဲ့တဲ့အတွက် လေဆိပ် ကနေအစ်မတို့ပျော်ပျော်ပါးပါး ပြန်ခေါက်လာခဲ့ ကြရတယ်။ ဒါဟာလဲ ဘဝမှာမ‌မေ့နိုင်စရာ ကိုဗစ်ကာလ အမှတ်တရဖြစ်ခဲ့ တာပေါ့နော်။



(၄) ပထမဦးဆုံး စတူဒီယိုမှာ အသံသွင်းဖြစ်တဲ့စီးရီးရယ်၊ ခုနှစ်ရယ် ပြောပြလို့ရမလား။
ပထမဆုံးသွင်းဖူးတဲ့သီချင်းခွေကတော့ လီဆူဓမ္မတေးစီးရီးဖြစ်တဲ့ ꓬꓲꓼ ꓟꓶ ꓢꓴꓽꓳ ꓧꓪꓸ ꓛꓲꓽ ꓡꓯ ဆိုတဲ့စီးရီးပဲဖြစ်ပါတယ်။ တိတ်ခွေခေတ်ကပေါ့ သုံးယောက်ဆိုခဲ့တာပါ။ ထိုင်းမှာအစ်မ နှစ်နှစ် နေခဲ့စဉ် 1997-1998 မှာ ဆရာသမား‌တွေရဲ့ ကူညီပေးမှုနဲ့အတူ စီးရီး နှစ်ခွေသွင်းဖူးတာက အစ်မရဲ့ပထမဦးဆုံးစတူဒီယိုအတွေ့အကြုံဖြစ်ခဲ့တာပေါ့နော်။ ကိုယ်က ဝါသနာကြီးတော့ အဲဒီတုန်းက အလုပ်တစ်ဖက်နဲ့မအားတဲ့ကြား အချိန်တွေလုခဲ့ရ၊ အလုပ်မှာ ခွင့်ရ‌အောင် တောင်းပြီး အရဲစွန့်သွင်းခဲ့ရပါတယ်။ ဘုရားကျေးဇူးတော်ကြောင့် ထိုင်းမှာရှိတဲ့ အမျိုးတွေရဲ့ အားပေးမှုကိုလည်းရရှိခဲ့ပါတယ်။

(၅) အစ်မသီဆိုခဲ့တဲ့ သီချင်းတွေထဲက ပရိသတ်အားပေးမှုအများဆုံးရခဲ့တဲ့ သီချင်းတွေက ဘယ်သီချင်းတွေဖြစ်မလဲ။ ဘယ်လိုလေ့ကျင့်သီဆိုခဲ့ရပါသလဲ။
ဟုတ်ကဲ့ပါ။ သီဆိုခဲ့တဲ့သီချင်းတွေထဲက ပရိသတ်ရင်ထဲ အရောက်ဆုံးလို့အစ်မယူဆတဲ့ သီချင်း ကတော့ အရင်ကသီဆိုခဲ့တဲ့ခရစ္စမတ်သီချင်းထဲက “ခရစ္စမတ်ရောက်ခဲ့ပြန်ပြီ”။ ပြီးတော့ လီဆူ သီချင်းထဲက “ꓟꓲ ꓡꓰ ꓟꓽ ꓓ-ꓸ ꓵ ꓠꓬꓲ-ꓸ နဲ့ ꓘꓳꓼ ꓫꓵꓼ” စတဲ့သီချင်းလေးတွေလို့ အစ်မယူဆ ပါ တယ်။ အစ်မအနုပညာကိုရူးသွပ်ခဲ့ဖူးတယ်‌လေ။ နွေရာသီလူငယ်သင်တန်းတွေမှာ အဆို ပြိုင်ခဲ့တယ်။ သူများလိုဆိုတတ်ချင်လွန်းလို့ လွတ်လပ်တဲ့နေရာတွေရှာပြီး အသံအော် လေ့ကျင့်ဖူးတာမကြာခဏပါပဲ။ ရန်ကုန်‌ရောက်‌တော့လဲ EBI ကျမ်းစာကျောင်းနောက်က လယ်ကွင်းကတော့ သူငယ်ချင်းတွေနဲ့အသံအော်ပြိုင်ခဲ့တဲ့နေရာပါပဲ။ ပြီးတော့ YCCS ကျမ်းစာ ကျောင်းရောက်တော့ ရံဖန်ရံခါ တိုက်အိမ်ရဲ့သန့်စင်ခန်းထဲ လှောင်ပိတ်ပြီး လေ့ကျင့် ဖူးတယ် ဟေးဟေး။ နွေကျောင်းပိတ်ရက်မှာ မရမ်းကုန်းမြို့နယ်ကနေ လှည်တန်းကို Bus ကားကြိတ် ကြိတ်တိုးစီးပြီးသူငယ်ချင်း‌တွေနဲ့ဆရာကြီးဦးစောနုဆီမှာ Vocal Training တက်ဖူးတယ်။ ဒါတွေက အစ်မရဲ့ရူးသွပ်မှုတွေလို့ဆိုရမှာပေါ့နော်။
နောက်ပိုင်းတော့ အစ်မကအဆုတ်တစ်ခြမ်းရောင်လာလို့ TB ဆေးကုသခဲ့ရပါတယ်။ အပျိုတုန်းကပေါ့။ ဆေးဒဏ်‌တွေတအားခံခဲ့ရတယ်။ အစ်မသေရတော့မယ်လို့ခံစားရတော့တယ်။ ဒါနဲ့အစ်မက တစ်နေ့တော့ငိုကြွေးပြီး ဘုရားသခင်ကို တောင်းလိုက်တာက ဘုရားသခင် သမီး မသေပါ ရစေနဲ့အုံး ဘုရားသခင်ကို ချီးမွမ်းချင်သေးတယ်။ သီချင်းတွေ ဆက်ပြီးဆိုနိုင်အောင် အသက် ရှင်ခွင့်ပေးပါအုံးလို့ ဆုတောင်းခဲ့တဲ့‌နောက် အစ်မပြန်လည်တဖန် တဖြည်းဖြည်း ကျန်းမာလာ ခဲ့တာပါ။ ဒါတော့ ကြားဖြတ်သက်သေခံတာပေါ့နော်။


(၆) အစ်မလေးစား အားကျအတုယူခဲ့ရတဲ့ တေးသံရှင် တွေရှိသလား။ ဘာကြောင့်လဲ။
အစ်မလေးစားအားကျခဲ့ရတဲ့ တေးသံရှင်အချို့ကိုပြောရမယ်ဆိုရင် ‌အဆိုတော် ရတနာဦး၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ စောဝင်းလွင်၊ မျိုးကြီး စသဖြင့်အများကြီးရှိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့ရဲ့အသံပါဝါကောင်းမှု အသံကြည်လင်ပြတ်သားမှု ဆွဲဆောင်မှု ကောင်း တဲ့သူတို့ရဲ့အသံအနေအထားတွေက အစ်မကိုအားကျစေတယ်လေ။

(၇) ဘယ်သီချင်းပုံစံတွေကို သီဆိုရတာ ပိုနှစ်သက်ပါသလဲ။
အစ်မကြိုက်တဲ့သီချင်းပုံစံအချို့ကတော့ Country Music, Pop Music, Rock Music နဲ့ Dance Music တွေကြိုက်ပါတယ် အားလုံးမဆိုတတ်ပေမယ့် ကြိုက်တာတော့ တခြား‌တွေ အားလုံးကိုလည်းကြိုက်ပါတယ်။

(၈) ဖြစ်နိုင်ရင် အနုပညာအလုပ်နဲ့ ပတ်သက်ပြီး နောက်ထပ် ဘာများလုပ်ချင်သေးသလဲ။
ဟုတ်ကဲ့ပါ။ ခုဆိုရင်ခေတ်ကလဲ တော်‌တော်ကိုတိုးတက်ပြောင်းလဲလာပြီဆိုတော့ သီချင်းပိုင်းမှာလဲ အခွေခေတ်ကမရှိသလောက်ဖြစ်သွားပြီလေ။ Online ခေတ်ကိုရောက်လာတော့ သီချင်းအားလုံးလည်း Online ကနေပဲ ဖြန့်ချီ‌ပေးကြတော့တယ်ဆိုတော့ အစ်မလဲအသက်ရှင်သရွေ့တော့ ဘုရားအလိုတော်ရှိရင် သီချင်းလေးတွေဆက်ပြီးချီးမွမ်းသီဆိုချင်ပါသေးတယ်။

(၉) ကိုယ့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ကန့်ကွက်တဲ့သူတွေ ရှိလား။ ကြုံဖူးလား။ ဘယ်လို ရင်ဆိုင်ဖြေရှင်း ခဲ့ရပါသလဲ။
ဟုတ်ကဲ့မောင်လေး အစ်မရဲ့အနုပညာလှုပ်ရှားမှုတွေကို ကန့်ကွက်တဲ့သူတွေတော့ မကြုံဖူး ပါဘူး။ အစ်မနဲ့ပတ်သက်တဲ့လူတွေက အစ်မအ‌ပေါ်အမြဲနားလည်ပေးကြလို့ပါ။ ဒါပေမယ့် ကိုယ့်ကိုကိုယ်စိတ်ဓါတ်ကျတာမျိုးတော့ကြုံခဲ့ရပါတယ်။ တခါတလေ အားငယ်မှုတွေ စိတ်ဓါတ်ကျမှုတွေကြုံရပါတယ်။ ဒါပေမယ့် အစ်မကိုချစ်တဲ့ ပရိသတ်တွေရဲ့ အားပေးမှု တွေဟာ အစ်မကိုမကြာခဏဆိုသလိုအားဖြစ်စေခဲ့တယ်လေ။

(၁၀) စာဖတ်သူတွေကို ဘာများ ထပ်ပြောပြချင်ပါသေးသလဲ။
ဟုတ်ကဲ့ပါ။ ရှေးဦးစွာ ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ခုလိုကျွန်မအကြောင်းတွေ ဖြေခွင့်ရအောင် အင်တာဗျူး မေးမြန်းပေးတဲ့ ကိုဂျေကိုလည်း‌အထူးပင်‌ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မကိုချစ်ခင်အားပေး‌နေကြတဲ့ လူကြီးလူငယ်အားလုံးကို အထူးကျေးဇူး တင် ကြောင်းပြောချင်ပါတယ်။ ကျွန်မကိုဝိုင်းဝန်းကူညီပေးခဲ့သူများအားလုံး သီချင်းခွေ တွေမှာ သီဆိုနိုင်‌အောင်စီစဉ်ကူညီပေးခဲ့တဲ့သူများ အထူးသဖြင့် ဆရာကြီးဒေါက်တာလာဇရု (Fish Studio) နှင့် အခြားသောသူများ ကျေးဇူးတင်ထိုက်သူအားလုံးကို အထူးပင်ကျေးဇူး တင်ရှိကြောင်း‌ ပြောချင်ပါတယ်။ ပြီးတော့ အထူးသဖြင့်လူငယ်တွေကိုပြောချင်တာက လူတိုင်း ဘာပဲ လုပ် လုပ် ရည်မှန်းချက်ထားပြီးကြိုးစားပါ။ လုပ်ဆောင်ပါ။ ကိုယ့်ဘဝကိုဘုရားသခင်ထံ ဆက်ကပ် အပ်နှံပါ။ လူတိုင်းကတန်ဖိုးရှိတယ်။ ဘုရားသခင်သင့်ကိုအမြဲတန်ဖိုးထာားလို့ပါပဲ။ သို့ပေမယ့် ဘာပဲလုပ်လုပ် လူတိုင်းရဲ့အားပေးမှုတော့ရလာမှာမဟုတ်ဘူး။ ဒါပေမယ့် သင့်ကို အားပေးတဲ့ လူတစ်ချို့‌တော့ အမြဲရှိ‌နေတာ‌သေချာပါတယ်။ သူတို့အတွက် သင်ဟာ လင်းလက်နေတဲ့ ကြယ်တစ်ပွင့်၊ တန်ဖိုးဖြတ်မရတဲ့ ရတနာတစ်ပါးဆိုတာကိုဘယ်‌တော့မှ မမေ့စေချင်ဘူး။ ဘာအကြောင်းကြောင့်နဲ့မှဘဝကိုအရှုံးမပေးပါနဲ့။ လဲရင်ပြန်ထ မှားရင် ပြန်ပြင်တတ်တဲ့ အကျင့်အမြဲဆောင်ထားပါလို့ အကြံပြုအား‌ပေးချင်ပါတယ်။ အယောက်စီတိုင်း ဘေးကင်း ကျန်းမာလျှက် နှစ်သစ်မှာပျော်ရွှင်ကြပါစေ။ အားလုံးကို ကျေးဇူးတင် ပါတယ်။ ဘုရားရှင် ကောင်းချီးပေးပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *