သင်းအုပ်ဆရာကြီး ဒေါက်တာယောရှုလယ်မယ် နှင့် အင်တာဗျူး (Interview with Senior Pastor Dr. Joshua Leme)


(၁) နာမည်၊ မိဘအမည်၊ မွေးရပ်ဇာတိ၊ မွေးခုနှစ်၊ လက်ရှိအလုပ်အကိုင်၊ လက်ရှိနေရပ် တွေကို ဖော်ပြမိတ်ဆက်ပေးပါ။

ငယ်အမည်မှာ ဖူရဲဂျာဖြစ်ခဲ့ပါသော်လည်း နောက်ကျောင်းအမည်မှာ အာဖူး ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းရောက်သောအခါ ခရစ်ယာန်ကျမ်းစာထဲက ယောရှု လိုဖြစ်ချင်လို့ ယောရှုလို့ခေါ်ခဲ့ရာမှ ယောရှုလယ်မယ် သို့ရောက်ခဲ့ပါတယ်။ အမျိုးကတော့ လီဆူအမျိုးထဲက လယ်မယ်မျိုးနွယ်ဖြစ်ပါတယ်။ အဖေ အမည်က အားတီ ဒေးအာဝေ ꓮ-ꓔꓲ ꓔꓶ-ꓮ-ꓶ ဖြစ်ပြီး၊ အမေအမည်မှာ ဒေါ်အားချာ ချာမာဇီဖြစ်ပါတယ်။ မွေးရပ်ဇာတိ၊ ထာလားလော်ရွာ၊ ခေါင်လန်ဖူးမြို့နယ်၊ ပူတာအိုခရိုင်၊ ကချင် ပြည်နယ် ဖြစ်ပါတယ်။ မွေးခုနှစ်ကတော့ ၁၅၊ ၄၊ ၁၉၅၂ ဖြစ်တယ်။ လက်ရှိအလုပ်အကိုင်က သင်းအုပ်ဆရာဖြစ်တယ်။ လက်ရှိနေရပ်လိပ်စာက ၆၄၂ နိဗ္ဗာန် လမ်းမကြီး၊ တောင်သူကုန်း၊ အင်းစိန် မြို့ဖြစ်ပါတယ်။

(၂) ဆရာကြီးအနေနဲ့ မွေးရပ်မြေနဲ့ ပတ်သက်ပြီး မှတ်မိသလောက် ပြောပြလို့ရမလား။ ဘယ်နှစ်ခုနှစ် လောက်က မွေးမြေရပ်ကို ထားရစ်ခဲ့ရပါသလဲ။ တစ်ခါတစ်ခေါက် အလည်သွားချင် ပါသေးသလား။

မွေးရပ်ဒေသအကြောင်း သိပ်မသိပါ။ သို့သော်အဖေကတောင်သူ။ တောင်ယာလုပ်သူဖြစ်ပြီး အဖေနှင့်အမေတို့နောက်ကိုကျောပိုးခေါ်သွား ခဲ့တယ်။ လူတိုင်းအရက်သောက် အရက်ချက်ကြတယ်။ ညီအစ်ကိုချင်း အရက်မူးကြပြီး ရန်ဖြစ်ကြ၊ ကြိမ်းဝါးကြတယ်။ အိမ်တိုင်းမှာ ခေါင်ရည်အိုး၊ အရက်အိုးများထားကြပြီး နံစော်လျက်ရှိတာကိုမှတ်မိပါသေးတယ်။ ကြီးသူကငယ်သူကိုအနိုင်ကျင့်မှု၊ အင်အားရှိသူက အားငယ် သူကိုအနိုင်ကျင့်မှုကိုလည်း အချင်းချင်းပြုလုပ် ဆက်ဆံကြတာကိုလည်း သိရပါတယ်။ သမီးရှင်များက သတို့သားထံမှ အဖိုးအခကြီးစွာ တောင်းသည်ကိုလည်းသိရပါတယ်။ ထို့ကြောင့်သမီးများက ရောင်းစားသလိုဖြစ်သည်ကိုလည်းမြင်ခဲ့ရပါသည်။ လီဆူများသည် အုပ်ချုပ်သူ ပညာတတ်မရှိပါ၍ အစိုးရမင်းများနှင့် ပတ်သက်လာလျှင် ကြောက်ရွံ့စွာအသက်ရှင်ခဲ့ကြသည်ကိုလည်း လေ့လာမိပါတယ်။ ကျွန်တော်တို့ဒေသက လီဆူ ထဲမှာကျောင်းထားသူမရှိ၊ ကျောင်းနေသူလည်းမရှိ။ အသက် ၈ နှစ်အရွယ် ၁၉၅၉ ခုနှစ်မှာ မွေးရပ်မြေကိုစွန့်လျက် ထွက်ခွါခဲ့တာ ခုဆို ၆၂ နှစ်ရှိပြီ။ တစ်ခါတစ်ခေါက် အလည်သွားချင် ပါသေးတယ်။ လမ်းကြမ်းလို့မသွားဖြစ်တာပါ။

(၃) ပြောင်းရွှေ့နေထိုင်ခဲ့ဖူးတဲ့ အရပ်၊ ပညာရေးကျောင်းတွေ၊ အမှတ်တရ ဖြတ်သန်းမှု တွေရိရင် ပြန်ပြောပြလို့ ရမလား။

ပြောင်းရွှေ့နေထိုင်ခဲ့ဖူးတဲ့ အရပ်၊ ၁။ ဖြူးမြို့။ (၇တန်းအထိ) တောင်ငူခရိုင်၊ ကွမ်းလုံမြို့။ (၈တန်း ကို ရှမ်းပြည် နယ် မြောက်ပိုင်း၊ လားရှိးမြို့မှာ တက်ခဲ့ရပါတယ်။ (၉တန်း) မန္တလေးမြို့။ (၁၀တန်းအောင်) ရန်ကုန် တက္ကသိုလ် (၁၉၇၃-၁၉၇၇ အထိ)။ B.Sc zoology ဘွဲ့ရယူခဲ့ပါတယ်။ ဓမ္မတက္ကသိုလ် အင်းစိန် (၁၉၇၈-၁၉၈၁)၊ (B.R.E) Cincinnati Bible Seminary 1986-1988/ 1998- 2000) (M.R.E and M. Div) D. Min (Philippine) 2008 စသည်ဖြင့် တက်ရောက် ဆည်းပူးခဲ့ပါတယ်။

(၄) ဘာသာရေးအလုပ်၊ သင်းအုပ်ဆရာအလုပ်ကို ဘယ်အချိန်က စတင်ခဲ့ပါသလဲ။ ဘာကြောင့်လဲ။

သင်းအုပ်ဆရာအလုပ်ကို ၁၉၇၇ မှစကာ လုပ်ဆောင်ခဲ့ပါတယ်။ သို့သော်အမှန်တကယ် တရား ဟောတာ ၁၉၇၉ ခုနှစ်ဖြစ်ပါတယ်။ အဘယ်ကြောင့်သင်းအုပ်ဆရာ ဖြစ်လာရသည်ဆိုသည်ကို ကျွန်တော်မသိပါ။ ခရစ်ယာန်တို့၏ယုံ ကြည်ခြင်းအရ ဘုရားကရွေးချယ်သည်ဟုခံယူပါတယ်။ အကြောင်းမှာ ကျွန်တော်သည်အစိုးရအလုပ် ၂ခုကို ရဘူးပါတယ်။ ကျွန်တော်လုပ် လိုစိတ်မရှိခဲ့ပါ။ ကျမ်းစာကျောင်းတက်ရန် သာပျော်မွေ့ခဲ့ပါတယ်။

(၅) ရန်ကုန်မှာ လီဆူလူမျိုး၊ လီဆူအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားခဲ့တာတွေကိုလည်း သမိုင်းအဖြစ် ကြားချင်ပါတယ်။

ရန်ကုန်တွင် ကျွန်တော့်အဖေ အငြိမ်းစား စစ်သားဟောင်းအဖြစ်ဖြင့် မန္ထလေးမှ ၁၉၇၃ ခုနှစ် မေလတွင်ပြောင်းရွှေ့လာသောနှစ်တွင်ပင် ကျွန်တော်လည်းဆယ်တန်းအောင်ခဲ့လို့ ရန်ကုန်တက္ကသိုလ်တက်ခွင့်ရခဲ့ ပါတယ်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်မှာ လီဆူ ၂ အိမ်ကိုထပ်တွေ့ရှိခဲ့ပါတယ်။ ၎င်းတို့မှာ ဦးခင်ရှန်ဒီးနှင့် အားခီလှမြင့်တို့ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှစကာ မိုးကုတ်မြို့ရှိ လီဆူများစီးပွါးရေး၊ ပညာရေးမှာ နိုးကြားလာကြကာရန်ကုန်တွင် ဦးအောင်သိန်း၊ ဦးဗျာဝူ လီဆူအိမ်များရှိလာပါတယ်။ လီဆူတွေအိမ်မှာ ဘုရားရှိခိုးအလှည့်ကျ တစ်လတစ်ခါ ဆရာဂျော့ရှိုးဝါးရန်း က ဦးဆောင်ကာ တရားဟောခြင်းကိုတလှည့်စီ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းလီဆူလူမျိုးများတို့သည် တဖြည်းဖြည်းများလာသဖြင့် ရန်ကန်လီဆူမိဿဟာယအဖွဲ့ ဖွဲ့စည်းရပ်တည်လာသည်မှာ ၁၉၉၀ နောက်ပိုင်းဟုဆိုချင်ပါတယ်။ ပထမအပိုင်းတွင် ကော်မီတီမရှိပါ။ အဓိကဦးဆောင်သူ ဆရာဂျော့ရှိုးဝါးရန်းသည် နယ်မှဖြစ်သောကြောင့် နွေရာသီတွင်နယ်သို့ ပြန်သွားသောအခါ မိုးကုတ်မှ လီဆူလူငယ်များအတွက် ဆရာမဒေါ်ထိုက်နှင့် ကျွန်တော်တို့သည် တာဝန်ခံအနေဖြင့်ရပ်တည်လျက် လူငယ်များကို ပျော်ပွဲစား ထွက်ပေးခြင်း၊ ကားငှါးပေးခြင်း၊ ပွဲထမင်းချက်ပေးခြင်းချက်ပြုတ် ပြင်ဆင်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ပါတယ်။ ၎င်းသည် ရန်ကုန်လီဆူသမိုင်းကြောင်းမှာ မမေ့နိုင်သောအရာများဖြစ်ပါတယ်။

(၆) ဆရာကြီးကို EBI, Bethany, ECBS တည်ထောင်သူအနေနဲ့ သိထားပါတယ်။ တစ်ကျောင်းချင်း စတင်ဖြစ်တဲ့ ပုံလေး ပြောပြပါဦး။

EBI ကျောင်းစတင်ရန် ၁၉၉၂ ခုနှစ်မှ စခဲ့ပါသော်လည်း ၁၉၉၃ ဂျူလိုင်လမှ စတင်အကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။ အခက်အခဲများစွာရှိပါတယ်။ ဒီအလုပ်ကို ဦးဆောင်ဖို့ လူအများထဲက ကျွန်တော့်အား ဘုရားကရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။ အီးဘီအိုင်လာတက်သော တောင်ပေါ်နေ လူငယ်များသည် ၁၀ တန်းအောင်သူ မရှိသလောက်ဖြစ်ခဲ့ပါ၍ Semester တစ်ခုနားစေပြီး ကျူရှင်ယူစေကာ ဆယ်တန်းဖြေစေခဲ့တာ ဆယ်တန်းအောင်သူ ၇၀ ကျော် ရှိခဲ့ပါတယ်။ ၎င်းသည် စိတ်ဝင်စားဘွယ် အကောင်းဆုံး နှင့် ကျွန်တော် ၏ အအောင်မြင်ဆုံး စီမံမှုတစ်ခုဟု ဆိုရမည်ဖြစ်ပါတယ်။ ပူတာအို၊ မူလာရှီးဒီမှာရှိတဲ့ Bethany ကျောင်းကို ၁၉၉၄ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ရည်ရွယ်ချက်မှာ (၁) အီးဘီအိုင် ကျောင်းထွက်များအလုပ်ရစေရန် (၂) လီဆူလူမျိုးများ မိမိလူမျိုးနှင့် အသင်းတော်များကို ပြုစုပျိုးထောင်ရင်း အသင်းတော်နှင့် အသိုက်အဝန်းကို တစ်ဆင့် မြှင့်တင်နိုင်ရန်၊ (၃) ဒေသတွင်းလိုအပ်သော သာသနာအမှုတော်ဆောင်များမွေးထုတ်ရန် တို့ဖြစ်ပါတယ်။ ECBS ကို ၂၀၀၃ ခုနှစ်တွင်စခဲ့ပါတယ်။ ဒါကတော့ ဘွဲ့လွန်တန်း ဖြစ်ပါတယ်။ ရည်ရွယ် ချက် မှာ (၁) ခေါင်းဆောင်မှုကောင်းသော အမှုတော်ဆောင်များကိုမွေးထုတ်ရန်၊ (၂) နိုင်ငံရပ်ခြားသို့ တက်ရောက်ခွင့်မရသောသူများအတွက် တစ်ဖက်တစ်လမ်းမှ အဆင့်မြင့်ဓမ္မပညာ ဆည်းပူးနိုင်စေရန်၊ (၃) တခြားသောဂိုဏ်းဂဏကျောင်းများသို့ တက်ရောက်ရခြင်းမှ ကာကွယ်ရန် (၄) မိမိတို့၏ အသင်းတော်ယုံကြည် ခြင်း ကိုထိမ်းသိမ်းရန်။ (၅) အသင်းတော် များအတွက်အမွေအနှစ်တစ်ခုအ ဖြစ်ဖြင့် တည်ရှိစေရန် စသည့်ရည်ရွယ်ချက်များဖြစ်ပါတယ်။

(ရ) ဆရာကြီးပါဝင်ခဲ့ရတဲ့ အဖွဲ့အစည်းတွေကို ပြန်လည်ရေတွက် ပြောပြလို့ရမလား။

မြန်မာပြည် ခရစ်တော်၏အသင်းတော်ကော်မီတီကိုတော့ ကော်မီတီဥက္ကဌအဖြစ်ဖြင့် ၂ ကြိမ်ဆက်တိုက်၊ ၆နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကျမ်းစာအသင်းမှာလည်း ၁၅ နှစ်ခန့် အဖွဲ့ဝင်အဖြစ်ဖြင့်ပါဝင်ခဲ့ပါ တယ်။ နောက် လီဆူလို ꓢꓪꓢ (ꓢꓳ ꓣꓴ ꓓꓴ ꓪꓴ-ꓢ ꓢꓲꓽ ꓫꓬ ꓕꓳ ꓶ) ဆိုသည့် အဖွဲ့- လီဆူလေ့လာရန် သမ္မာကျမ်းစာကော်မတီ တွင်လည်း အဖွဲ့ဝင်အဖြစ်ဖြင့်ပါ ဝင်ဆက်ကပ်ခဲ့ပါတယ်။

(၈) တကယ်လို့ သင်းအုပ်ဆရာအလုပ်မလုပ်ဖြစ်ခဲ့ရင် ဘဝမှာ တစ်ခြားဘာ အလုပ်လုပ် ဖြစ်နေမယ်လို့ စိတ်ထင်ပါသလဲ။ ဘာကြောင့်လဲ။

ကျွန်တော့်ဘဝမှာ အစိုးရအလုပ်နှစ်ခုကိုကျွန်တော်ရခဲ့တယ်။ သူများက လျှောက်တိုင်းမရတဲ့အလုပ်ပေမယ့် ကျွန်တော်ရခဲ့ဖူးပါတယ်။ ဒါပေမယ့် မလုပ်လိုခဲ့လို့မလုပ် ခဲ့ပါ။ အလုပ်မရှိလို့ သာသနာအလုပ်ကို ရွေးခဲ့ခြင်းမဟုတ်ပါ။ သာသနာ အလုပ်ကို နှစ်သက်လို့လုပ်လာခြင်းသာ ဖြစ်ပါတယ်။ သူဌေးဖြစ်ရန် မရည် ရွယ်ပါ။ ဘုရားက ချီးမြင့်ခြင်းသာဖြစ်ပါတယ်။

(၉) ဆရာကြီးက တရားဟောတာအပြင် စာလဲရေးတယ်လို့သိထားပါတယ်။ ဘယ်လိုစာအုပ်တွေ ရေးထုတ် ခဲ့ဖူး ပါသလဲ။ ဘာကြောင့်လဲ။

စာပေလုပ်ငန်း မှာ (၁) တရားဟောချက်ပေါင်းချုပ် ၆ တွဲ၊ (၂) Sunday school သင်ခန်းစာ စာအုပ်များ၊ (၃) ချီးမွမ်းသီချင်းများ၊ (၃) အသင်းတော် ကွာယာသီချင်းများ၊ (၄) အသင်းတော်ယုံကြည်ချက်စာအုပ်၊ (၅) ဓမ္မဆရာလက်စွဲ စာအုပ်၊ (၇) အသက်ရတနာ မဂ္ဂဇင်းစာအုပ် တို့ဖြစ်ပါတယ်။ ကိုယ်မရောက်နိုင်သည့်ဒေသသို့ ရောက်စေရန်၊ အမှုတော်ဆောင်ဖော် ဆောင်ဖက်များအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး တတ်နိုင်သမျှ စာပေရေးသား ထုတ်ဝေခဲ့ပါတယ်။

(၁၀) ဆရာကြီးရဲ့ အမှုတော်ဆောင် ဘဝအတွေ့အကြုံထဲက သုံးသပ်ချက်၊ လူငယ်တွေအတွက် လမ်းညွှန်ချက်တွေ ပြောပေးပါဦး။

ကျွန်တော်က တက္ကသိုလ်နောက်ဆုံးနှစ်၊ ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ဆရာမ ခင်ထိုက်နဲ့ မင်္ဂလာဆောင်ခဲ့တယ်။ ရန်ကုန်မှာ အိမ်ငှားဘဝတွေနဲ့ နေထိုင်ရင်း အမှုတော်လုပ်ငန်းကို တတ်အားသရွေ့ ဆောင်ရွက်ခဲ့ပါတယ်။ အောက်ခြေ သုညဘဝတွေက စတင်ခဲ့ကြပါတယ်။ နှစ်များစွာကြာတဲ့အခါမှာ အခုလို ဘုရားကျောင်းဆောင်၊ ကိုယ်ပိုင်အိမ်တွေကို ဘုရားသခင်က ကောင်းကြီးပေးလာခဲ့ပါတယ်။ ဒါကလက်တွေ့ပါပဲ။

သာသနာအလုပ်ဟာ အလုပ်တစ်ခုဖြစ်သည့်အတိုင်းပဲ အများနဲ့အလုပ် လုပ်ရပါတယ်။ ကောင်းသောမိတ်ဆွေ၊ ဆိုးသောမိတ်ဆွေများကိုတွေ့ကြုံခဲ့ပါတယ်။ နေရာလုချင်သူများ၊ ထောက်ပံ့ ကြေးအတွက်တိုက်ခိုက်သူများတို့ကို ရင်ဆိုင်ခဲ့ရသလို အုပ်ချုပ်သောမင်း များ၏ စောင့်ကြည့်ခြင်း၊ မေးမြန်းခြင်း တို့ကိုခံခဲ့ရပါတယ်။ ဂိုဏ်းဂဏ တိုက်ခိုက်ခြင်းနှင့် တခြားသောဘာသာ တို့၏ တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ သို့သော် ထိုသို့တိုက်ခိုက်သူများက ပျောက်သွားပြီး ကျွန်တော်သည် ယနေ့တိုင်ရှင်သန်နေဆဲ၊ အမှုတော်ဆောင်နေဆဲ ဖြစ်သည်မှာ အံ့ဘွယ်ရာဖြစ်ပါတယ်။ နောက်ကျွန်တော့အား ထောက်ပံ့ခဲ့သည့် သာသနာအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ်မှ ထောက်ပံ့ကြေးဖြတ် လိုက်ပါသော်လည်း ယနေ့အထိ ကျွန် တော် ရပ်တည်နေနိုင်သည်မှာ အံ့ဘွယ်ရာ ပင်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *