လီဆူလူမျိုး – မနေ့၊ ယနေ့ နှင့် မနက်ဖြန်

လီဆူ- မနေ့၊ ယနေ့၊ မနက်ဖြန်

ဆောင်းပါးထဲမှာ လီဆူတွေရဲ့ ဘဝကောက်ကြောင်းကို ဖော်ပြမှာဖြစ်သလို၊ သုံးသပ်ချက်တွေ၊ ရှေ့အလားအလာ အတွေးအမြင်တွေကို ဖတ်ကြရမှာပါ။

ဆောင်းပါးထဲမှာ မနေ့ကလီဆူ (သမိုင်းမတင်မီကာလ – ၂၀၁၀)၊ ယနေ့လီဆူ (၂၀၁၀-၂၀၂၁) နှင့် မနက်ဖန်လီဆူကိုတော့ (၂၀၂၁- နှင့်နောက်ပိုင်း ကာလနှစ်များ) အထိ ခြုံငုံပိုင်းခြား လေ့လာထားပါတယ်။ လီဆူတို့ရဲ့ သမိုင်းခြေရာတွေကို ကောက်ယူဆန်းစစ်ကြည့်ပြီးနောက်၊ အနာဂတ်ကို ထုဆစ်နိုင်ကြဖို့ ရည်ရွယ်ပါ တယ်။


မနေ့က လီဆူ (သမိုင်းမတင်မီကာ – ၂၀၁၀)
လီဆူတွေရဲ့ နှုတ်ပြောသမိုင်းထဲမှာ လီဆူတွေက တိမ်လွင်ပြင်ရှိရာအရပ်က လာတယ်လို့ ဆိုလေ့ရှိပါတယ်။ မြစ်ကြီးရဲ့ မြစ်ဖျားဒေသက ဆင်းသက်လာတယ်လို့လည်း ဆိုကြ ပါတယ်။ ဒီတော့ လီဆူတွေဟာ ကုန်းမြင့်ပိုင်း တိမ်ပင်လယ် ဖြစ်ထွန်းရာအရပ်၊ မြစ်ဖျားပိုင်းဒေသကနေ လာတယ်လို့ ယူလို့ရပါတယ်။

“လီဆူ” ဆိုတဲ့ လူမျိုးနာမည်ကို စာသမိုင်းတင်တဲ့ခေတ်ရောက်လာတော့၊ အစောဆုံး တွေ့ရတာက အေဒီ ၆၈၅ ခုနှစ်ဖြစ်တယ်။ (တင်တင်ရီ၊ လီဆူ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို လေ့လာ တင်ပြ ခြင်း၊ ဥပဒေ ပညာဌါန၊ ရန်ကုန် တက္ကသိုလ်၊ ၁၉၈၅)။ ဒါပေမယ့် အဲဒီသမိုင်း မှတ်တမ်းက လီဆူလူမျိုးဟာ အေဒီ ၆၈၇ ခုနှစ်မှာ စတင်ဖြစ်ပေါ်လာတဲ့ လူမျိုးရယ်လို့ ညွှန်းဆိုတာမဟုတ်ပါ။ ယနေ့တစ်ရုတ်ပြည်မကြီး၏ အနောက် တောင်ဘက်မှာရှိတဲ့ လူမျိုးစုတွေအကြောင်း မှတ်တမ်းတင်ရင်း စာရင်း မှတ်သားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လီဆူူလူမျိုးသမိုင်းကြောင်းဟာ နှစ်ထောင်ချီမကဘူးလို့ ကောက်ချက်ဆွဲယူနိုင်ပါတယ်။

ဘာသာတရား နှင့် ဓလေ့ထုံးတမ်း ကလည်းမှတ်သားရန် ကောင်းပါတယ်။ လီဆူတွေရဲ့ ကနဦးဘာသာတရား ကတော့ နတ်ပူဇောပသတဲ့ ဘာသာတရားပဲဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ အမြင့်ဆုံးသော နတ်မင်းကြီးကို တိုင်တည်တတ်တာ၊ အသွေးနဲ့ပူဇော်တတ်တာ ရှိနေပါတယ်။ လိမ်ညာကောက်ကျစ်ခြင်းကို အရိုးထဲကပင်လျှင် မကြိုက်ကြပါ။ ဆိုင်ရာပိုင်ရာ နတ်တွေရှိတာ၊ အမြင့်ဆုံးသောနတ်မင်းကြီး ရှိတာကိုလည်း ယုံကြည်တာကြောင့် တရားစီရင်ရေးကိစ္စတွေမှာလည်း နတ်ကို ခေါ်ယူဆုံးဖြတ်ကြပါတယ်။ အထင်ကရ ပုံစံတွေကတော့ – ဓားမိုးကျိန်ခြင်း၊ ရေပွက်ပွက်ဆူနေတဲ့ ဒယ်အိုထဲက ကျောက်ခဲလုံးကို နှိုက်ယူခြင်း၊ ရေသွန်းကျိန်ဆိုခြင်း၊ အသွေးသွန်းလောင်း ကျိန်ဆိုခြင်း တို့ပဲဖြစ်ပါတယ်။


၁၉ ရာစုအစောပိုင်းနှစ်များမှာ လီဆူတွေကို ခရစ်ယာန်သာသနာပြုတွေက ရှာတွေ့ခဲ့ကြပါတယ်။ ဒါကြောင့် လည်း လီဆူသမိုင်းတွေကို ရှာကြည့်ရင် သီးခြားလွတ်လပ်သော သမိုင်းဆရာများ၊ သတင်းစာဆရာများ၊ နိုင်ငံအဖွဲ့အစည်းများက ရေးခဲ့သည်ထက်၊ ခရစ်ယာန်သာသနာပြုတို့ရဲ့ ထိတွေ့မှုများ၊ သူတို့အမြင်နဲ့ မှတ်တမ်းတင်မှုများကို အများအပြား တွေ့ကြရတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ China Inland Mission, North Burma Christian Mission, OMF- Oversea Missionary Fellowship စတဲ့မစ်ရှင်အဖွဲ့တွေ ရေးတာတွေက ပိုမိုများပြားပါတယ်။ အနည်းအကျည်းတွေ့ရတာကတော့ ဗြိတိသျှခေတ်မှာ အစိုးရမင်းများ အနေဖြင့် မှတ်တမ်းတွေမှာ လီဆူအကြောင်းတွေ့နိုင်ပါတယ်။

ခရစ်ယာန်ယုံကြည်သက်ဝင်မှုက လီဆူတို့ရဲ့ ကနဦး အကြီးဆုံးနတ်မင်း ယုံကြည်မှုနှင့် ချိတ်ဆက်နိုင်ခဲ့တာမို့၊ မြန်မာဘက်ခြမ်းက လီဆူလူထုတစ်ရပ်လုံး လွယ်လွယ်နဲ့ မြန်မြန် ပြောင်းလဲလာခဲ့ပါတယ်။ ခရစ်ယာန် ယုံကြည်မှုကို သွန်သင်ပြသရင်း လီဆူတို့ရဲ့ လူနေမှုအဆင့်အတန်းလည်းတိုးတက်လာသလို၊ စာပေ အရေးအသားလည်း ၁၉၁၂ မှာတီထွင်ပြီးစီးခဲ့ပါတယ်။

လီဆူစာပေ အက္ခရာအရေးအသား တီထွင်ပေးရာမှာ ပါဝင်သူတွေကတော့ J.O.Fraser (အင်္ဂလိပ်လူမျိုး) နှင့် ဆရာဦးဘသော် (ကရင်လူမျိုး) တို့ကအထင်ကရဖြစ်ပါတယ်။ သမ္မာ ကျမ်းစာကို လီဆူဘာသာစကားသို့ ဘာသာပြန်ဆိုရာမှာ ဆရာဦးမော်ရှီက အများဆုံးကူညီပေးခဲ့ပါတယ်။ လီဆူစာနဲ့ ရေးထားတဲ့ သီချင်းစာအုပ်တွေကို မော်လမြိုင်မှာ ၁၉၂၂ ခုနှစ်မှာ ပထမဦးဆုံး ပုံနှိပ်ခဲ့ပါတယ်။

လီဆူတွေက ကိုယ့်ရပ်ကိုယ့်နယ်မှာ နေထိုင်ရင်း စစ်ပွဲများမှာ ပါဝင်ခဲ့ဖူးကြောင်း နှုတ်ပြောသမိုင်းရှိပါတယ်။ အထင်ကရကတော့ တရုတ်မင်းတွေနဲ့ စစ်ခင်းမှုတွေပဲဖြစ်ပါတယ်။ တိုင်းပြည်ခြံစည်းရိုးနယ်ခြားမျဉ်းတွေ မရှိခင်၊ နိုင်ငံတို့မမွေးဖွားခင်ကာလမှာ မြို့ပြနိုင်ငံငယ်တွေ၊ ကျေးရွာကလေးတွေ တစ်ခုနဲ့တစ်ခု စစ်ခင်းခဲ့ကြတာမို့ စစ်ပွဲဟာ ရှောင်လွဲလို့ရတာမဟုတ်ခဲ့ပါဘူး။

အနီးဆုံးသမိုင်းကိုပြောရရင် ၁၉ ရာစုနှစ်မှာ ပထမဦးဆုံး အင်္ဂလိပ်နယ်ချဲ့ကို ခုခံတော်လှန်ခဲ့ရတယ်။ ကိုယ်နေထိုင်ရာဒေသကို ကာကွယ်ရင်း အသက်ပေးခဲ့ကြရတယ်။ မြန်မာပြည် မြောက်ဖျားပိုင်းမှာ ဘီဇယ်တံတားထိပ် တိုက်ပွဲ၊ ဝိုင်းမော်၊ ချီဖွေ၊ လောခေါင်၊ ဗန်းေမော်နယ်၊ မိုးကုတ် နှင့် ရှမ်းပြည်ဒေသတို့တွင် အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ကျူးကျော်သူများနှင့် ရင်ဆိုင်တိုက်ပွဲများမှာ လီဆူတို့ ထင်ထင်ရှားရှားပါဝင်ခဲ့ပါတယ်။ (လီဆူသမိုင်း- စာ- ၁၀၉-၁၁၁) အင်္ဂလိပ်ခေတ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ စတင်သည့်ကာလတစ်လျှောက်မှာ စစ်ရေးမှာ ထင်ရှားခဲ့သူတွေက ၁၉၁၇ ကပ်ဒစ်စတန်တိုက်ပွဲ – မီဆိုပိုတေးမီးယားစစ်မြေပြင်ရောက် ဗိုလ်ကြီး မီတုံတန် (ဆီဖာသောင်းဝူ)၊ ၁၉၃၁ ခုနှစ်မှာ ပဉ္စမမြောက် ဂျော့ဘုရင်၏ သက်တော်စောင့်ရာထူးရခဲ့သူ မေဂျာလဆန်ဂမ်၊ လီဒိုလမ်းဖောက်လုပ်ရာမှာ ပါဝင်ခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး အားဒီ တို့ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ဆမားဒူဝါ ဆင်ဝါးနောင် ဦးဆောင်တဲ့အဖွဲ့မှာ လီဆူဆိုလို့ မြစ်ကြီးနားမြို့က ဦးငွါးလေး ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်မှတ်ထိုးကြမယ့် အချိန်မှာ သူမပါဝင်နိုင်ခဲ့ဘူး။ လီဆူကိုယ်စားပြု ပင်လုံညီလာခံ တက်ရေက်ခဲ့သူအဖြစ် ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ငွေဓားချီးမြှင့်ဂုဏ်ပြထားပါတယ်။

ပါတီစုံဒီမိုကရေစီခေတ်မှာ ဦးယောဝိ တစ်ယောက်တည်းသာ ကချင်ပြည်နယ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ နေထိုင်ခဲ့တာမို့ ၁၉၆၂ ကချင်လွတ်မြောက်ရေး တပ်မတော်ဖွဲ့စည်းသည့် အချိန်မှ စတင်ပြီး အာဏာရှင်နေဝင်းအား တော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။ လိုလိုလားလားနဲ့ ကိုယ့်ရိက္ခာ ကိုယ်ထောင်း ပြီးထမ်းယူ၊ ကိုယ့်တူမီးသေနတ်ကိုယ်ကိုင်ပြီး အာဏာဖီဆန်တော်လှန်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ လီဆူ လက်နက်ကိုင် တော်လှန်ရေးသမားတွေကတော့ အားခီလားဇိ၊ ငွါးဇော်ဂမ်၊ မီးကော်ဆဲ တို့ဖြစ်ပါတယ်။ သူတို့အားလုံး တော်လှန်ရေးထဲပါဝင်ရင်း အသက်တွေ၊ ဘဝတွေ ပေးလှူထားပါတယ်။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပြီး နေချင်တဲ့လူမျိုးဖြစ်တာမို့၊ လွတ်လပ်မှုကို ခုံမင်တဲ့လူမျိုးဖြစ်တာမို့ တော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။

လီဆူတွေက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့သလို၊ နိုင်ငံရေးမှာလည်းပါဝင်ခဲ့ပါတယ်။ ပါတီကောင်စီခေတ်မှာ ပူတာအိုဒေသရဲ့ ပထမဦးဆုံး ပူတာအိုမြို့နယ်ပါတီယူနစ် ဥက္ကဌက လီဆူဖြစ်ခဲ့ပါတယ်။ နာမည်က မြိတုံတူး (ခ) ဖီဆီး ဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်က ဦးပီတာလေး သည် တနိုင်းပါတီယူနစ် တွဲဘက်ဥက္ကဌ၊ ကာမိုင်းမြို့နယ်မှာ ဦး ဂျာမာယော် (ဦးရွှေလူး) သည် တရားသူကြီးဥက္ကဌ၊ ချီဖွေမြို့နယ်မှာ ဦးလာတားက အလုပ်အမှုဆောင်၊ ဦးဇီမာနာဆီ က ရှမ်းပြည်နယ် ကုန်းကျန်းမြို့နယ် ပါတီယူနစ်ဥက္ကဌ၊ နမ္မတူမြို့နယ် တရားသူကြီးဥက္ကဌအြဖ်စ ဒေါက်တာဂျော့ရှိုးဝါးယန်း စသည်ဖြင့် မြို့နယ်ဥက္ကဌအဆင့်ဖြင့် ပါဝင်မှုများ ရှိခဲ့ပါတယ်။ အခြားအဆင့်ဖြင့်ပါဝင်ခဲ့သူများ များစွာကျန်နေပါသေးတယ်။

၁၉၈၈ ကာလမှာ လီဆိုအမျိုးသား သွေးစည်းညီညွှတ်ရေးပါတီထွက်ပေါ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံခြေဥရေးဆွဲရာ ညောင်နှစ်ပင်ညီလာခံမှာ လီဆူလူမျိုးကိုယ်စား တက်ရောက်ခဲ့တဲ့ အမျိုးသားညီလာခံ ကိုယ်စာလှယ်တော်တွေကတော့ ဦးလီရဲဂျာ၊ ဦးဝါရဲဂျာ၊ ဦးရန်လေး၊ ဦးဝမ်ယောဝိ၊ ဦးချော်ဖာဝူ၊ ဦးဗျာဝူ၊ ဦးဟော်လောကျီး (လာဝူ) တို့ပဲဖြစ်ပါတယ်။

လီဆူလူမှုအသိုင်းအဝန်းမှာ ဘာသာရေးဆရာတွေက အဓိကအခန်းကဏ္ဍကနေ ဦးဆောင်နေခဲ့ပါတယ်။ ၂၀ ရာစုအတွင်း လီဆူတွေရဲ့ ခေါင်းဆောင်တော်တာ်များများက ကျမ်းစာ ကျောင်းဆင်းတွေဖြစ်ကြပါတယ်။ ကျမ်းစာ ကျောင်းကို မြန်မာပြည်သာမက၊ အန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နဲ့ အမေရိကတို့မှာ အနည်းအကျည်း တက်ရောက်ခဲ့ကြပါတယ်။ လီဆူတွေ အများဆုံးပါဝင်နေတဲ့ ခရစ်ယာန်ဂိုဏ်းဂဏတွေကတော့ ခရစ်တော် ၏အသင်းတော်၊ အေဂျီအသင်းတော် (ဘုရားသခင်၏အသင်းတော်)၊ နှစ်ခြင်းအသင်းတော်၊ ရိုမန်ကက်သလစ်အသင်းတော် တွေပဲဖြစ်ပါတယ်။

လုပ်ကိုင်စားသောက်မှုပုံစံကတော့ တောင်ယာ၊ လယ်ယာမြေ (၁၉၅၀ ဝန်းကျင်မှစတင်) နှင့် စိုက်ပျိုးသီးနှံများ စိုက်စားကြပါတယ်။ စားသောက်ဖို့အတွက် အမဲလိုက် ငါးရှာ စားကြပါတယ်။ တောတွင်းမှ ရသော သစ်ဥ သစ်မြစ်သစ်ဖု များ ရောင်းဝယ်ကြပါတယ်။ ရွှေ၊ ကျောက်စိမ်း၊ ပယင်းကိုလည်း တူးဖော်ကြပါတယ်။ အထူး သဖြင့် လီဆူတို့သည် တောဘုရင်အဖြစ် ကချင်ပြည်နယ်တွင် ကြီးစိုးနေခဲ့ပါတယ်။ လီဆူတို့ရဲ့ ခြေမနင်း မိထားတဲ့ တောတောင်မရှိတော့တဲ့အထိ တောကျွမ်းတဲ့ မုဆိုးကျော်တွေ၊ တောပျော်တဲ့ လူမျိုးဖြစ်နေခဲ့ပါတယ်။



(မနေ့က လီဆူ ဘဝကို သုံးသပ်ချက်)
သမိုင်းမတင်မီကာလကနေ ၂၀ ရာစုနှစ်များအထိ တစ်ဖြတ်လေ့လာနေတာဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ သမိုင်းမတင်မီကာလမှာ လီဆူတွေ ဘယ်လိုရှိနေခဲ့တယ်ဆိုတာကတော့ မှန်းဆချက်များ၊ ဒဏ္ဍာရီများပဲ ရှိပါတယ်။ ဒါပေမယ့် အဝတ်အစား၊ ဂီတသီချင်း နှင့် ကဗျာလင်္ကာတွေကတော့ အဆင့်မြင့်တဲ့ လူနေမှုကို ဖော်ညွှန်းပါတယ်။ ဒါပေမယ့် ဘာကြောင့်များ လူသူအရောက်အပေါက်နည်းတဲ့ မြစ်ဖျားတွေမှာ ရောက်နေခဲ့သ လဲဆိုတာကတော့ ပဟေဠိဖြစ်ပါတယ်။ စစ်ဘေးရှောင်ဘဝလို့ ခံယူခဲ့မယ်ဆိုရင် လီဆူတွေက အုပ်ချုပ်မင်း လုပ်သူတွေနဲ့ ဝေးရာသို့ ပြေးနေခဲ့တာ သေချာပါတယ်။ အေးချမ်း တည်ငြိမ်တဲ့ရပ်ဝန်းကို ရှာဖွေရင်း တောတောင်တွေကပဲ သူတို့ရှာဖွေရာ ရှန်ဂရီလာဖြစ်နေခဲ့ပါတယ်။

ခက်ခဲကြမ်းတမ်းမှု တွေကို ကျင့်သားပေသားရပြီး၊ အကြမ်းတမ်းဆုံးဘဝနဲ့ ရှင်သန်ရုန်းကန်ခဲ့ကြရပါတယ်။ အစာခေါင်းပါးတာ၊ သဘာဝပတ်ဝန်းကျင် အနေအထားကြမ်းတမ်းတာ၊ နည်းပညာသစ်ဆန်းမှု မရှိတာတွေနဲ့ နှစ်ပေါင်းများစွာ ဖြတ်ကျော်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ တောတောင်နယ်မြေတို့ရဲ့ အရှင်သခင်၊ လွတ်လပ်သော လူသားများ ဖြစ်လာခဲ့ကြပါတယ်။ လီဆူလူမှုအဖွဲ့အစည်းအတွင်း စေတနာနဲ့ ကူညီကြတာ၊ ပူးပေါင်းဆောင် ရွက်ကြတာတော့ ရှိပါတယ်။ လွတ်လပ်စွာပဲနေထိုင်ကြပါတယ်။ ဒီလိုနဲ့ လွတ်လပ်သောစိတ်ထား၊ သဘာဝကို ချစ်မြတ်နိုးသောစိတ်ထားတွေဟာ ယနေ့အထိ စွဲထင်ကျန်ရစ်နေဆဲ ရှိပါတယ်။ တောသွားမလား၊ မြို့တက်မလားလို့ မေးရင် တောကိုပဲ ရွေးချယ်ကြမှာကို သိရင် မျိုးရိုးစဉ်ဆက် တောရဲ့သခင်ဖြစ်ခဲ့တာကို သိနိုင်ပါတယ်။ လီဆူတွေ အမဲမလိုက်ဖူးတဲ့တောင်မရှိ၊ ငါးမဖမ်းဖူးတဲ့ ချောင်းမရှိပါဘူး။ တောတောင်မှာ လီဆူတွေက ရှင်သန်နိုင်စွမ်းရှိပါတယ်။ ဒီလိုနဲ့ မနေ့ကလီဆူတွေဟာ တောတောင်ရဲ့ သခင်လူမျိုးဖြစ်ခဲ့ပါတယ်။ လွတ်လပ်စွာရှင်သန်ခဲ့တဲ့ လူမျိုးဖြစ်ပါတယ်။

စစ်ထဲပါဝင်ခဲ့သူတွေ၊ ခေါင်းဆောင်တွေလည်းကိုယ်တိုင် စာရေးပြီး မှတ်တမ်းမှတ်ရာ မထားခဲ့နိုင်ပါ။ သမိုင်းစာမျက်နှာတွေမှာ သူတပါးက ချီးကျူးပြီး ရေးပေးရတဲ့အနေအထားပဲ ရှိခဲ့ပါတယ်။ လီဆူတွေရဲ့ဘ၀ တစ်ဆစ်ချိုးတိုးတက်လာစေတာကတော့ ခရစ်ယာန်အယူဝါဒလို့ ပြောနိုင်ပါတယ်။ ထိုသက်ဝင်ယုံကြည်မှုက စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုသက်သက်မဟုတ်ပါပဲ၊ ကာယပိုင်းဆိုင်ရာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်၊ ခရီးသွားလာရေး စသည်ဖြင့် နယ်ပယ်အစုံ တိုးတက်စေခဲ့ပါတယ်။ ၂၀ ရာစုနှစ်ကတော့ လီဆူတွေအတွက် ကနဦးလူနေမှု ဘဝထဲက ရုန်းထွက်လာ သောနှစ်များ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲလာတဲ့ ရာစုနှစ်လို့ ပြောနိုင်ပါတယ်။ အုပ်ချုပ်မင်းလုပ်သူများနှင့် စတင်ထိတွေ့လာရသော နှစ်များလို့မှတ်နိုင်ပါတယ်။


ယနေ့လီဆူ – (၂၀၁၀ -၂၀၂၁)
လီဆူတွေနောက်ထပ် မော်ဒန်အရွေ့တစ်ခုကို စတင်ခံစားမိတဲ့ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အရွေ့တစ်ခုဖြစ်တာနဲ့ လီဆူတွေ ဥပဒေပြုရေးနယ်ပယ်ထဲ ဝင်လာပါတယ်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လီဆူ ကိုယ်စား လှယ်တွေ (၈) ဦးရှိပါတယ်။ ဦးဂျေယောဝူ၊ ဦးယောတီဒွေ့၊ ဦးအလေးပါး၊ ဦးအားဆီ၊ ဦးယောဝိ၊ ဦးလီပေါရီ၊ ဦးယောန နှင့် ဦးအားရီတို့ဖြစ်ပါတယ်။ ပါတီတွေကတော့ တ.စ.ည ပါတီ၊ ရှမ်းပါတီ၊ ကြံ့ခိုင်ရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီပါတီ ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာလည်း လီဆူလူမျိုး လွှတ်တော်ကိုယ်စားလှယ် ( ) ဦးတက်လာပါတယ်။ ပါတီကတော့ … တွေဖြစ်ပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ လီဆူလူမျိုး လွှတ်တော်ကိုယ်စားလှယ် ( ) ဦးတက်လာပါတယ်။ ပါတီတွေကတော့ … ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ လီဆူရေးရာဝန်ကြီး နေရာ (၂) ခုရလာပါတယ်။ ကချင်ပြည်နယ်မှာ တစ်ခု၊ ရှမ်းပြည်နယ်မှာ တစ်ခုဖြစ်ပါတယ်။ ၂၀၁၀ ကနေ ၂၀၂၀ အထိ ဝန်ကြီး လေးဦးတက်လာခဲ့ပါတယ်။ ကချင်ပြည်နယ်မှာတော့ ၂၀၁၀-၂၀၁၅ အထိ ဝန်ကြီးဦးအားဆီ ဖြစ်ပြီး၊ ၂၀၁၅-၂၀၂၀ အထိကတော့ ဝန်ကြီးဦးအားတီယောဟန်ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားသူကတော့ ဒူးလေးပါတီဥက္ကဌ ဦးရွှေမင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ရှေ့ဆက်ဘယ်လို ပုံစံနဲ့ သွားမှာကို မသိရသေးပါဘူး။
ရှမ်းပြည်နယ်မှာတော့ ၂၀၁၀-၂၀၁၅ ခုနှစ်အထိ ဝန်ကြီးဦးဝမ်ယောဝိ ဖြစ်ပြီး၊ ၂၀၁၅-၂၀၂၀ အထိကတော့ ဝန်ကြီးဦးဂူဆာ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားသူကတော့ ဦးချွမ်မလေး ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ဥပဒေပြုရေးမှာ လီဆူလူမျိုးတွေ ပါဝင်လာကြတဲ့အခါ အခြားသောနယ်ပယ်တွေမှာလည်း ထိုးထွက်လာဖို့ လမ်းစတွေ တွေ့လာရပါတယ်။ အုပ်ချုပ်ရေးအပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ထွေအုပ်ဝန်ထမ်းတွေ ရှိလာသလို၊ ရဲတပ်ဖွဲ့၊ လ.ဝ.က စတဲ့ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းဆောင်လာကြတာ အများကြီး တွေ့လာရပါတယ်။ ၂၀၁၀ ကနေ ၂၀၂၀ အထိ ဆယ်စုနှစ်တစ်ခုအတွင်းမှာ လီဆူတွေက ရေနှင့်နီးတာ ကောင်းတယ်၊ အုပ်ချုပ်သူနဲ့ ဝေးတာ ကောင်းတယ်ဆိုတဲ့ အတွေးအမြင်ကနေ ရေနဲ့နီးတာ လည်းကောင်းတယ်၊ အုပ်ချုပ်သူနဲ့ နီးတာဆိုရင် ပိုကောင်းတယ်လို့ မြင်လာကြပါတယ်။ စွန့်ဦးအတွေးအခေါ် ပြောင်းလဲမှုဖြစ်ပါတယ်။ ဒီလိုနဲ့ လီဆူနာမည်နဲ့ ပါတီတစ်ခုလည်း ပေါ်လာပါတယ်။ နေပြည်တော်အဝန်းအဝိုင်းမှာလည်း နေထိုင်လာကြ ပါတယ်။

အသင်းအဖွဲ့တွေမှာ အားသန်လာပြီး လီဆူလူမှုအဖွဲ့အစည်းလည်းပေါ်လာခဲ့ပါတယ်။ ၂၀၁၃ မှာ လီဆူလူမှု အဖွဲ့အစည်းတစ်ခုကို ဝိုင်းမော်မြို့ကနေ စတင်ဖွဲ့စည်းခဲ့ပါတယ်။


လီဆူတွေက ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထိုင်း၊ မလေး၊ စင်ကပူလို နိုင်ငံတွေမှာ အလုပ်သွားလုပ်ပြီး အတွေး အမြင် ပြောင်းလဲလာတဲ့သူတွေလည်း ရှိပါတယ်။ ဒုက္ခသည်စခန်းတွေက တစ်ဆင့် အနောက် နိုင်ငံတွေဆီ ရောက်သွားကြတာလည်း ရှိပါတယ်။ သူတို့ဟာ အသိုက်အဝန်းကနေ စွန့်ဦးသွားရောက်ကြသူတွေ ဖြစ်ပါတယ်။ အခြားတစ်ဘက်မှာ ၂၀၁၄ နှစ်ကစတင်ပြီး ကချင်ပြည်နယ်၊ လီဆူတို့နေထိုင်ရာ ပူတာအိုမှာလည်း တိုးတက်ဖွံံ့ ဖြိုးမှု အရိပ်အယောင်တွေ တိုးတက်လာပါတယ်။

မြစ်ကြီးနား – ပူတာအို ကားလမ်း၊ ပူတာအို – ခေါင်လန်ဖူးကား လမ်းတွေ ဆက်လက်ဖောက်လုပ်နေ ဆဲရှိပါ တယ်။ ပြင်ပကမ္ဘာက အတွေးအမြင်ဓလေ့တွေ၊ အသုံးအဆောင်၊ အစားအသောက်တွေ လီဆူ တု့ိဒေသဆီသို့ စီးဝင်လာပါတယ်။ လယ်ယာလုပ်ငန်းဓလေ့လည်း လူအား၊ ကျွဲနွားအင်အားကို မှီခိုနေရာကနေ၊ စက်မှုလယ်ယာ စနစ်သို့ ရောက်လာခဲ့ပါတယ်။ ခြေလျင် နဲ့ စက်ဘီးကို အချိန်ကာလအတန်ကြာ မှီခိုနေခဲ့ရာကနေ ဆိုင်ကယ်၊ ကား တွေတဝီဝီဖြစ်လာခဲ့ပါတယ်။ လေကြောင်းခရီး လမ်းအတွက် လေကြောင်းတစ်ကြောင်းတည်းကိုပဲ မှီခိုနေရာကနေ ပုဂ္ဂလိကလေကြောင်း လိုင်းတွေ အလျှံပယ်ပေါ်လာပါတယ်။ ဝမ်းနည်းစရာအဖြစ် လီဆူလူငယ်လူရွယ်များစွာ ဆေးသမားဘ၀ ရောက်ပြီး သေချိန်မတန်ခင် သေဆုံးကြရပါတယ်။ ရွာတိုင်းမှာ ဆေးမသုံးတဲ့သူတွေကိုပဲ စာရင်းကောက်ရင် ပိုလွယ်တဲ့အနေအထားရောက်လာပါတယ်။ ၂၀၂၁ ကစတင်ပြီး ဆရာဦးဆိုင်မွန်သောင်းဦးဆောင်တဲ့ မျှော်လင့်ရာ လူမှုကူညီရေးအသင်းနဲ့ ယူအက်အေအိုင်ဒီ တို့ပူးပေါင်းပြီး ADAPT ပရောဂျက်ကို စတင်နေပါတယ်။ မူးယစ်ဆေးစွဲသူများကို ပုံမှန်ဘဝရောက်အောင် အစိုးရအစီအစဉ်ကို ပံ့ပိုးကူညီတဲ့ ပရောဂျက်ဖြစ်ပါတယ်။ USAID နဲ့စတင် ချိတ်ဆက်ပြီး ပရောဂျက်လုပ်ဆောင်နိုင်တဲ့ လီဆူထဲမှာ ဆရာဦးသောင်းဆီက ပထမဦးဆုံး ဖြစ်နိုင်ပါတယ်။

လီဆူတွေ အမျိုးသားစိတ်ဓါတ်လည်းမြင့်မားလာကြသလို၊ အင်အားစုစည်းဖို့လည်း ကြိုးစားလာတာတွေ့ရပါတယ်။ ဝမ်းနည်းစရာအဖြစ် လီဆူလူငယ်လူရွယ်များစွာ ဆေးသမားဘ၀ ရောက်ပြီး သေချိန်မတန်ခင် သေဆုံးကြရပါတယ်။ ရွာတိုင်းမှာ ဆေးမသုံးတဲ့သူတွေကိုပဲ စာရင်းကောက်ရင် ပိုလွယ်တဲ့အနေအထားရောက်လာပါတယ်။

၂၀၂၁ ကစတင်ပြီး ဆရာဦးဆိုင်မွန်သောင်းဦးဆောင်တဲ့ မျှော်လင့်ရာ လူမှုကူညီရေးအသင်းနဲ့ ယူအက်အေအိုင်ဒီ တို့ပူးပေါင်းပြီး ADAPT ပရောဂျက်ကို စတင်နေပါတယ်။ မူးယစ်ဆေးစွဲသူများကို ပုံမှန်ဘဝရောက်အောင် အစိုးရအစီအစဉ်ကို ပံ့ပိုးကူညီတဲ့ ပရောဂျက်ဖြစ်ပါတယ်။ USAID နဲ့စတင် ချိတ်ဆက်ပြီး ပရောဂျက်လုပ်ဆောင်နိုင်တဲ့ လီဆူထဲမှာ ဆရာဦးသောင်းဆီက ပထမဦးဆုံး ဖြစ်နိုင်ပါတယ်။

၁၉၇၀ မှာ ရန်ကုန်မှာတော့ ရန်ကုန်လီဆူမိဿဟာယအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ရောက်လာတဲ့အခါ ရန်ကုန် တိုင်းဒေသကြီး လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း ကို ဖွဲ့စည်းကြပါတယ်။ အခြားသော မြို့နယ်၊ ပြည်နယ် နှင့် တိုင်းဒေသတွေမှာ ယဉ်ကျေးမှုအဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လီဆူစာပေ နှင့် ရိုးရာယဉ်ကျေးမှုဗဟိုရုံးကို လီဆူကွင်း၊ မြစ်ကြီးနားမှာ ထားရှိပြီး စည်းလုံးမှုကို တည်ဆောက်နေပါတယ်။ လီဆူစာ/ယဉ်ဗဟို လူငယ်ကော်မတီကို
လည်း ဖွဲ့စည်းပြီး လူငယ်လှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်လာ နေပါတယ်။

ပြည်ပသို့ ရောက်သွားကြတဲ့ လီဆူများကလည်း သူတို့ရောက်ရာ အရပ်မှာ လီဆူလူမှု အဖွဲ့အစည်းတွေကို ဖွဲ့စည်းပြီး အချင်းချင်းကူညီကြတာ၊ မြန်မာနိုင်ငံမှာရှိတဲ့ လီဆူတွေကို တစ်ဘက် တစ်လှမ်းက အားပေးကူညီတာလုပ်လာပါတယ်။ မလေးရှားလီဆူတွေ၊ အမေရိကလီဆူအဖွဲ့ချုပ်၊ သြစတေးလျလီဆူအသင်း တွေတွေ့လာရပါတယ်။



(ယနေ့လီဆူဘဝကို သုံးသပ်ချက်)
ယနေ့လီဆူတွေဟာ တောတောင် သခင်ဘဝကနေ၊ မြို့ပြသို့ တိုးဝင်လာတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ခေါင်းဆောင်မှုမရှိတဲ့ အသိုက်အဝန်းကနေ၊ စနစ်ကျသော မြို့ပြအုပ်ချုပ်ရေးအလေ့အထာကို မြည်းစမ်းနေတဲ့ ကာလဖြစ်ပါတယ်။ နိုင်ငံရေးစနစ်တွေကို လုံးဝစိတ်မဝင်စားတဲ့အဖြစ်၊ စိတ်ဝင်စားဖို့တောင် မလိုအပ်ဘူးလို့ ယူဆတဲ့ အတွေးအမြင်ကနေ နိုင်ငံရေးစနစ်တွေကို စတင်လေ့လာလာတဲ့ လူ့အဖွဲ့အစည်းဖြစ်နေ ပါတယ်။ တောတောင်မှာ ရှာစားတဲ့ဘဝကနေ မြို့ပြမှာ စီးပွားရှာဖို့ မြည်းစမ်းလာတဲ့အနေအထား ဖြစ်ပါတယ်။ စာပေ၊ အနုပညာအလုပ်တွေကို ကျေးလက်လူမှုဘဝမှာ တီးခတ်ဖျော်ဖြေနေတဲ့ အစဉ်အလာ ဘဝကနေ၊ နည်းပညာ တွေနဲ့ အဆင့်မြင့်မားစွာ ကြံဆတီထွင်လာတဲ့ အပြောင်းအလဲဖြစ်ပါတယ်။ တကယ်တမ်း ၂၀-၂၁ ရာစုနှစ်များ ကတော့ လီဆူူလူမျိုးတွေရဲ့ အကူးအပြောင်း နှစ်ကာလများလို့ ဆိုနိုင်ပါတယ်။ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး စတဲ့ကိစ္စနယ်ပယ်တွေမှာ အင်အားစုစည်းဖို့ စတင်သင်ယူတဲ့ နှစ်ကာလများ ဖြစ်ပါတယ်။



မနက်ဖြန်လီဆူ (၂၀၂၁ – ရှေ့ဆက်နှစ်များစွာ)
မနက်ဖြန်လီဆူ – ၂၀၂၁ မှစပြီး လီဆူတို့ရဲ့ မနက်ဖြန်ကို လီဆူတွေကပဲ ထုဆစ်ပုံသွင်းကြရမတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပုံသွင်းမလဲဆိုတာကတော့ ယနေ့ လီဆူလူငယ်လူရွယ်တွေရဲ့ တွေးမြင်နိုင်မှု၊ လီဆူခေါင်းဆောင်တွေရဲ့ ဦးဆောင်နိုင်မှုပေါ်မှာ အများကြီးမှီတည်နေပါတယ်။ ရှေ့ခရီးအတွက် တွေးဆနိုင်ဖို့ နယ်ပယ် (၅) ခုမှာတိုးဝင်ကြဖို့ လိုလာတာကို တွေ့မြင်ရပါတယ်။

(၁) နိုင်ငံရေးနယ်ပယ်
ကနေ့ နိုင်ငံရေးလမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ တစ်ဘက်က အာဏာရှင်စနစ်နဲ့ တစ်ဘက်မှာ ဒီမိုကရေစီ စနစ်အားပြိုင်နေတဲ့ ကာလပါ။ ကမ္ဘာ့အခင်းအကျင်းနဲ့ဆိုရင် ဒီမိုကရေစီအရေးမှာ ရဲရင့်ပြတ်သားရမယ့် ကာလဖြစ် ပါတယ်။ ဖယ်ဒရယ်အရေးမှာ လူမျိုး၊ လူဦးရေ၊ ဒေသ စတာတွေကို တစ်ခုမဟုတ် တစ်ခုခုကို အခြေခံကြပါတယ်။ လီဆူတွေဟာ ဖယ်ဒရယ် ကချင်ပြည်နယ်မှာ အထိုင်ချပြီး ဖယ်ဒရယ်အရေးကို စုပေါင်းအင်အားနဲ့ ဆွေးနွေး တည်ဆောက်ကြရတော့မှာ ဖြစ်ပါတယ်။ ဒါက ဝင်ဖြည့်သင့်တဲ့ ကွက်လပ်ပါ။ လီဆူ တစ်မျိုးသားလုံးရဲ့ နိုင်ငံရေးအရွေ့အပြောင်းကို ဘယ်သူ့ဦးဆောင်မှု လက်ထဲအပ်မလဲ။ လုပ်နေတဲ့သူတွေကို ကိုယ်စွမ်းသမျှ ဝန်းရံဖို့လိုပါတယ်။ ဒါဟာဘယ်သူ့ကိုမှ မုန်းလို့မဟုတ်ပါဘဲ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်ခြင်းကြောင့်၊ ဖယ်ဒရယ် ဒီမိုကရေစီကို ယုံကြည်လက်ခံလို့ပဲ ဖြစ်ရပါမယ်။

နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ်ပွဲ၊ တစ်ဘက်မှာ လက်နက်ကိုင်စစ်ဆိုတာ သွေးထွက်တဲ့ နိုင်ငံရေးကစားပွဲ။ ဒီလိုပွဲမျိုးမှာ နှလုံးရည်၊ လက်ရုံးရည်ရှိတာကတော့ လူငယ်တွေပါပဲ။ ( တတ်နိုင်တဲ့သူတွေ နဲ့ လီဆူသူဌေးတွေက လီဆူလူငယ်တွေရဲ့ အဆင့်မြင့်ပညာရေးကို အားမပေးခဲ့ကြပါဘူး။ သူတို့ငွေသူတို့ ကြိုက်သလိုသုံးတယ်လို့ ဆင်ခြေပေးနိုင်ပေမယ့်၊ အမျိုးကိုချစ်လွန်းပါတယ်ဆိုတဲ့သူတွေက ထိုင်း၊ စင်ကပူ၊ အနောက်နိုင်ငံတွေဆီ ပညာတော်သင် မလွှတ်ပေးနိုင်ခဲ့ပါဘူး။ ပညာရေးကို အလေးမထားခဲ့တာကတော့ ယနေ့လီဆူတွေရဲ့ မဟာဗျူဟာ လိုအပ်ချက်အဖြစ် သမိုင်းမှာကျန်နေရစ်မှာပါ။ ၂၀၁၀-၂၁ ဆယ်နှစ်တာကာလအတွင်း လီဆူနိုင်ငံရေးသုတေသီ ၂၀ ကျော်မွေးထုတ်ဖို့ အခွင့်အရေးရှိပေမယ့် တတ်နိုင်သူတွေ၊ သူဌေးတွေအနေနဲ့ လူငယ်တက်သစ်စတွေကို လက်တွဲခေါ်ပြီး စင်မြင့်ပေါ်တင်ပေးဖို့ လက်တွန့်နေခဲ့ပါတယ်လို့ သုံးသပ်ချင်ပါတယ်။)

နိုင်ငံရေးပါဝါလို့ ပြောရင် ကဏ္ဍသုံးရပ်ရှိပါတယ်။ ယနေ့အထိ လီဆူတွေက ဥပဒေပြုရေးကဏ္ဍမှာ အထွေထွေရွေးကောက်ပါဲကနေတစ်ဆင့် အနည်းအကျဉ်းပါဝင်လာပေမယ့်၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးမှာ အားနည်းနေပါသေးတယ်။ ဌာနအသီးသီးရဲ့ ဝန်ထမ်းနေရာတွေမှာ စီဒီအမ်လုပ်ကြတော့မှ ဒေါ်ဖီဂရေ့စ်မီးလိုမျိုး နိုင်ငံတကာသံတမန်ရပ်ဝန်းအထိ လီဆူတွေ ပါဝင်နေတာကို သိလိုက်ရပါတယ်။ နောက်မှာ အစိုးရဌာနဆိုင်ရာ နယ်ပယ်တွေကို အားဖြည့်ကြရမှာပါ။ အခုလို တိုင်းပြည်အကူးအပြောင်းကာလမှာ နိုင်ငံရေးဟာ သွေးမထွက်တဲ့ စစ်ရေး၊ စစ်ရေးဟာ နိုင်ငံရေးလို့ ဆိုကြတဲ့အတိုင်း လူငယ်တွေ ပါဝင်စေသင့်ပါပြီ။ နိုငင့ရေးဂုဏ်သိက္ခာသေသွားတဲ့သူတွေ၊ ရပ်တည်မှုယိုင်ယိမ်းသူတွေကို ဖယ်ထားခဲ့သင့်ပါပြီ။ ဒဲ့ပြောရရင် အတွေးအခေါ်အဟောင်း လူကြီးတန်း တွေဟာ ကိုယ်မလုပ်နိုင်တာကို ဝန်ခံပြီး၊ လူငယ်လူရွယ် တက်ကြွ လှုပ်ရှားသူတွေ လက်ထဲ ထိုးအပ်ဖို့သင့်ပါတယ်။

(၂) နည်းပညာ နယ်ပယ်။ ဒါက လီဆူလူငယ်လေးတွေ နည်းပညာနယ်ပယ်ထဲ တိုးဝင်ပြီး တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုဖို့ စိတ်မှန်းထား၊ လုပ်ကိုင်နေသင့်ပါတယ်။ စိတ်ကူးသမျှကို လက်တွေ့ဖြစ်လာအောင် နည်းပညာက အကူအညီပေးနေတဲ့ခေတ် ရောက်လာနေပြီမို့ လီဆူတွေပါဝင်သင့်ပါတယ်။ ဒီနေရာမှာ လီဆူဖောင့်ကို ဖုန်းတွေမှာ၊ ဝက်ဆိုဒ်တွေမှာ သုံးလို့ရအောင် နည်းပညာနဲ့တီထွင်ပေးခဲ့သူတွေက လီဆူလူငယ်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။ သူတို့ရဲ့အစွမ်းသတ္တိတွေ ပေါ်လာအောင် ဆက် လက်အားပေးဖို့၊ အခွင့်အရေးပေးဖို့ လိုပါတယ်။ သင်တန်းတက်တာကို ထောက်ပံ့သင့်သလို၊ ဖန်တီးမှုတွေကို ငွေကြေးနဲ့ ဝယ်ယူကူညီသင့်ပါတယ်။ အပြန်အလှန်သဘောပဲဖြစ်ပါတယ်။ အနှစ်ကတော့ လီဆူတစ်မျိုးသားလုံး နည်းပညာတိုးတက်မြင့်မားပြီး၊ နည်းပညာအကျိုးကို ခံစားရဖို့ပဲ ဖြစ်ပါတယ်။

(၃) စီးပွားရေးနယ်ပယ်။ ဒါကလည်း လီဆူလူငယ်တွေ သမရိုးကျ စီးပွားရေးနယ်ပယ်တွေကနေ ရုန်းထွက်ပြီး ပိုမိုကောင်းမွန်သော စီးပွားနယ်ပယ်တွေမှာ တိုးဝင်ကြဖို့လိုလာပါတယ်။ ပညာမတတ်၊ ငွေမရှိရင် သူတပါးက အထင်သေးတယ်လို့ လီဆူဝါရင့် အဆိုတော် ဝါညားအားဝူလည်း သတိပေးထားပါတယ်။ ရှိနေတဲ့ စီးပွားရေး အဆောက် အအုံထဲမှာ လူငယ်တွေကို ဆွဲခေါ်ပြီး လေ့ကျင့်သင်ယူစေသင့်ပါတယ်။ သူတို့ဟာ အသစ်သော နယ်ပယ်တွေ၊ စီးပွားရပ်ဝန်းတွေကို ဆွဲခေါ်လာနိုင်ပါတယ်။

(၄) စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်။ ရှေးကယဉ်ကျေးမှုကို မပျောက်စေဘဲ၊ ဆန်းသစ်သော အမြင်တွေနဲ့ ခေတ်ယဉ်ကျေးမှုကိုလည်း ဖော်ဆောင်သွားရမှာဖြစ်ပါတယ်။ လီဆူစာ/ယဉ်ဗဟို လူငယ်ကော်မတီအနေနဲ့ ယဉ်ကျေးမှုသင်တန်းကို ဖွင့်လှစ်ပေးနေခဲ့တာတွေ့ရပါတယ်။ အလွန်ကောင်းမွန်တဲ့ အရွေ့ဖြစ်ပါတယ်။ တီထွင်ဖန်တီးမှုဘက်သို့ ရောက်အောင် ဆက်လက်လမ်းကြောင်းပေးသင့်ပါတယ်။ လီဆူလူငယ်တွေအတွက် ကွာလတီမြင့်မားတဲ့ ဆိုစရာသီချင်း၊ ရွတ်စရာကဗျာ၊ ကျင့်ဆောင်စရာ ဓလေ့တွေ ဆက်လက်ရှင်သန်စေဖို့ အရေးကြီးပါတယ်။

(၅) သတင်းမီဒီယာနယ်ပယ်။ သတင်းမီဒီယာက လူမျိုးအတွက်လည်း မျက်စိနဲ့ နားဖြစ်ပါတယ်။ မြင်ဖို့ကြားဖို့ သတင်းမီဒီယာတွေကို ဆက်လက်အားပေးရမှာဖြစ်ပါတယ်။ ယနေ့ လီဆူတိုင်းမ်သတင်းဝက်ဆိုဒ် ရှိနေပါပြီ။ အက်ပလီကေးရှင်းကလည်း အန်းဒရော့အတွက် ထွက်နေပါပြီ။ မကြာခင် အိုင်ဖုန်းတွေအတွက်လည်း ထွက်လာမှာပါ။ ကြိုးစားနေတဲ့ လီဆူလူငယ်တွေကို အားပေးဖို့လိုပါတယ်။ သတင်းဟာ လူထုအတွက် သိခွင့်ကို အားပေးတာမို့၊ သိပြီးရင် ဘာလုပ်မယ်ဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ သတင်းမီဒီယာ ဖွံ့ဖြိုးမှုဟာ လူထုကို အရှိန်မြန်မြန်နဲ့ အရွေ့တစ်ခုကို သွားနိုင်စေမှာဖြစ်ပါတယ်။

နောက်ဆုံးတော့ ဘယ်နယ်ပယ်မှာပဲပြောပြော အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချဖို့လိုလာပါတယ်။ ဘယ်သူတွေက ကီးပလေယာဖြစ်မလဲဆိုတဲ့ကိစ္စပါပဲ။ နားလည်ဖို့ ဆက်ပြောပါမယ်။ မြန်မာနိုင်ငံရဲ့ လူ့သက်တမ်းက ပျှမ်းမျှ ၆၆ နှစ်လို့ဆိုပါတယ်။ ဒီသဘောနဲ့တွက်ရင် ယခုနှစ် ၂၀၂၁ မှာ နှစ် ၆၀ ပြည့်တဲ့သူတွေ တွေးတာ၊ ပြောတာတွေက နောက်ထပ် ၆ နှစ်လောက်အတွက်ပဲပြောနေ တာမျိုးများပါမယ်။ သူတို့သင်ယူထားတဲ့ပညာ၊ သူတို့ကြီးလာတဲ့ ဝန်းကျင်၊ သူတို့ရဲ့ ဘဝခံယူချက်တွေအရ သူတို့မပါတော့တဲ့ အနာဂတ်နေ့ရက် တွေ အတွက် သူတို့သိပ်ပြီး ထည့်သွင်းစဉ်းစားကြမှာ မဟုတ်တာပဲ။ ဒါကတော့ ခါးပေမယ့် လက်ခံရမယ့် အမှန်တရားဖြစ်ပါတယ်။

အခုမှ ၂၀ နှစ်အရွယ်တန်းတွေ တွေးတာ၊ ပြောတာကတော့ နောက်ထပ် ရာစုနှစ် တစ်ဝက်စာကို တွေးနေ၊ ပြောနေတာပဲ။ ယနေ့ ခေါင်းဆောင်နေရာမှာ ထိုင်နေတဲ့သူတွေ၊ အရမ်းခေါင်းဆောင်လုပ်ချင်နေတဲ့သူတွေ စဉ်းစားဖို့ အချိန် ရောက်ပါပြီ။ လမ်းဆုံလမ်းခွမှာ နောက်ထပ်နှစ်များစွာ ရှင်သန်ကျန်ရစ်နေဦးမယ့် လူငယ်တွေကို ရှေ့တန်းရောက်အောင် တွန်းတင်လိုက်ဖို့ ကောင်းပါတယ်။ သူတို့နေရမယ့် အနာဂတ်ကို သူတို့အား ပုံဖော်ခွင့်ပေး တာက တရားမျှတပါတယ်။

လီဆူလူငယ်တွေအနေနဲ့ လူမျိုးများစွာနဲ့ ထိတွေ့ဆက်ဆံရာမှာ ပွန်းရှမှုကို ရှောင်နိုင်ဖို့ အာားလုံး သဘောညီနိုင်တဲ့ အခြေခံမူတွေကို ကိုင်ထားဖို့ လိုပါတယ်။ လူမျိုး၊ ဘာသာ၊ သာသနာထက်ကျော်လွန်ပြီး လူသားဆန်စိတ်၊ ကိုယ်ချင်းစာစိတ်၊ တရားမျှတမှု နဲ့ လွတ်လပ်မှုကို ရှေ့မှာထားမယ်ဆိုရင် ကိုယ့်ရပ်ဝန်းနီးနားက လူတွေရော၊ ကိုယ်နဲ့တွေ့ဆုံပူးပေါင်းကြရမယ့် လူမျိုးတွေအားလုံးနဲ့လည်း အဆင်ပြေနိုင်ပါတယ်။ ဘုံသဘောတူညီချက်ဆိုတာ ကိုယ်ကသူ့ကိုလွှမ်းမိုတာ၊ သူကကိုယ့်ကို လွှမ်းမိုးတာမဟုတ်ဘဲ လူသားဆန်စိတ်၊ ကိုယ်ချင်းစာစိတ်၊ တရားမျှတမှု နဲ့ လွတ်လပ်မှုတွေပဲဖြစ်ပါတယ်။


မနက်ဖန်မှာ ရှင်သန်ကျန်နေရစ်မယ့် လီဆူတွေက အဆိုပါနယ်ပယ်ငါးခုမှာ ကိုယ်နဲ့သင့်လျော်ရာမှာ တိုးဝင်ရင်း၊ ပြည်တွင်းမှာလည်း ကိုယ့်ခြေပေါ်ကိုယ် ရပ်နိုင်သူတွေ ဖြစ်ကြသလို၊ နိုင်ငံတကာအဆင့်မှာလည်း အောင်မြင်နေတဲ့ သံတမန်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တီထွင်ဖန်တီးရှင်တွေ၊ လီဆူစကား၊ စာပေနှင့် ယဉ်ကျေးမှုကို ကမ္ဘာ့တက္ကသိုလ် နှင့် အနုသုခုမ ရင်ပြင်အသီးသီးသို့ မိတ်ဆက် ပေးနိုင်သူတွေ ဖြစ်ကြပါစေလို့ ရူပါရုံတွေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

ဘာပဲပြောပြော လူမျိုးတစ်မျိုး အစဉ်အဆက်လာရာ လမ်းမှာ ယနေ့လူကြီးတွေကို လေးစားပါတယ်။ အလားတူပဲ လူငယ်တွေကို လျှော့မတွက်ထို့ အရေးကြီးပါတယ်။ လူငယ်တွေသွားရမယ့် မနက်ဖြန်ဟာ လူကြီးတွေ ရင်ထဲအသည်းထဲ စွဲနေတဲ့ အသိတွေ၊ အကြောက်တရားတွေနဲ့ မအပ်စပ်တော့ပါဘူး။ လူကြီးတွေ မစဉ်းစားနိုင်၊ မလုပ်နိုင်တာတွေ အများကြီးကို ယနေ့ လူငယ်တွေ လုပ်တတ်နေတဲ့ခေတ်မှာ …. မနက်ဖြန်လီဆူတို့ရဲ့ ဘဝကောက်ကြောင်းပန်းချီကို ယနေ့လူငယ်လေးတွေကို ဆွဲခွင့်ပေးဖို့၊ သူတို့တွေရဲ့ ယုံကြည်ရာ ဘဝအမြင်နဲ့ ထုဆစ်ခွင့်ပေးသင့်တယ်လို့ သုံးသပ်ရင်း ဤဆောင်းပါကို အဆုံးသတ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *