မြန်မာ့နွေဦး သမိုင်းသစ်

Politic:Poem:Education:New History of Myanmar Spring

ရှေ့ကမျိုးဆက်တွေ မဆိုင်သလိုနေရင်း
ငါတို့မျိုးဆက် သိမ်ငယ်ခဲ့ရတယ်
သူတို့သင်ပေးခဲ့တာက “ကိုယ့်ကိုလာမထိသရွေ့ အေးဆေးနေပါ”တဲ့
အဲ့ဒါ တစ်မျိုးသားလုံး ဇောက်ထိုးဆင်းမယ့် စိတ်ထားပဲ။

ဒီတစ်ကြိမ်တော့
လူငယ်လေးတွေကို လုပ်ခွင့်ပေးလိုက်တော့
လူညစ်တွေအားလုံး လက်ရှောင်။

လူငယ်တွေဆိုတာ
ဦးနှောက်သံချေးမတက်တဲ့သူတွေ
အတွေးအခေါ်ဟောင်းတွေကို မနှစ်ခြိုက်တော့တဲ့သူတွေ
သူတို့က ပြည်ပရောက်ဖူးတဲ့သူတွေပါတယ်
မတူတာတွေသိရလို့ မတ်တပ်ရပ်လို့ လမ်းမှာငိုဖူးသူတွေ ပါတယ်
သူတို့က ဒီမိုတစ်ပိုင်းခေတ်မှာ မွေးလာတဲ့သူတွေ ပါတယ်
တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းနေတဲ့သူတွေပါတယ်
သူတို့က တိုင်းပြည်ရဲ့ လုပ်အားထု၊ သူတို့က တိုင်းပြည်ကိုထုဆစ်ခွင့်ရှိတယ် သူတို့က နည်းပညာကို ခုံမင်တယ်
အမှန်တရားကို မြတ်နိုးတယ်။

သူတို့ဂိမ်းဆော့နေတာ အချိန်ဖြုန်းတာပဲလို့ ထင်ချင်ထင်ခဲ့လိမ့်မယ်
တကယ်တော့ အာဏာရှင်ကိုတွန်းလှန်ဖို့ သူတို့ဉာဏ်ရည်သွေးနေတာ
တိုက်ကွက်ဖော်နေတာ
ဒီတစ်ခါ အဖေတို့၊ အဖိုးတို့ ဒူးထောက်ခဲ့တဲ့ အာဏာရှင်ကို
ဒီကလေးတွေဘယ်လို တိုက်မလဲ ကြည့်ကြ
အနာဂတ်က သူတို့လက်ထဲမှာ။

သူတို့က အဘိုးတို့၊ အဖေတို့လို
ကိုယ့်ကိုမထိလို့ ငြိမ်နေမယ့်သူတွေ မဟုတ်ဘူး
တိုင်းပြည်စုတ်ပျက်နေတာ သူတို့သိတယ်
ဒီတစ်ချက်နဲ့တင် ရှေ့ကမျိုးဆက်ထက် သာသွားပြီလေ။

သူတို့က အာဏာရူး၊ ပါတီစွဲတွေလို
ထိုင်ခုံနိုင်ငံရေးစိတ်မဝင်စားဘူး
ကိုယ်ကျိုးကွက်ကြည့်တာကို ရှက်ရကောင်းမှန်းသိကြတယ်
ဒါကလည်း လေးစားစရာပါပဲ။

သူတို့က ကမ္ဘာကြီးနဲ့ဆက်သွယ်နိုင်တယ်
အဘိုးတွေ၊ အဖေတွေလို အု… အိ အိ အ အမ် မဖြစ်ဘူး
ဘာသာစကားရော၊ နည်းပညာပါ ရင်းနှီးတဲ့သူတွေ
ဦးနှောက်သံချေးမတက်တဲ့သူတွေ
အတွေးအခေါ်ဟောင်းတွေကို မနှစ်ခြိုက်တော့တဲ့သူတွေ ခြိမ်းခြောက်လို့မရတဲ့ generation Z တဲ့။

ကဲ လူငယ်လေးတွေ
ဒီတိုင်းပြည်ကို ထုဆစ်ခွင့်ပြုကြပါတော့
ဘာအပြောင်းအလဲမှ မလုပ်နိုင်တဲ့
နိုင်ငံရေး သမ္ဘာကြီးယောင်ယောင်
လူညစ်တွေ အားလုံး လက်ရှောင်နေပါ
မရှောင်ရင် ကြေသွားမယ်
နိုင်ငံရေး သေသွားမယ်။

လူငယ် တွေ အမျိုး၊ ဘာသာ၊ သာသနာတွေ မပြောဘူး
တရားမျှတမှုကိုပဲ ကျယ်ကျယ်လောင်လောင်ပြောတယ်
လူကြီးတွေလက်သင့်မခံရဲတဲ့ (သိသိကြီးနဲ့)
အမှန်တရားကို မြတ်နိုးလက်သင့်ခံရဲကြတယ်
လွတ်လပ်ခွင့်အတွက် ရှေ့ထွက်ရဲကြတယ်။

ကျွန်စိတ်ရှိတဲ့သူတွေ ကျွန်ပိုင်ရှင်တွေနဲ့ ပလဲပနံသင့် နောက်မှာနေရစ်ခဲ့ကြ
လူငယ်တွေ သခင်စိတ်နဲ့ ထိုးထွက်ပြီလေ။ ကိုယ်က အုပ်ချုပ်မခံရင်
ဘယ်သူမှ အုပ်စိုးလို့မရဘူးဆိုတာ ပြနေပြီ မြန်မာ့နွေဦး ၂၀၂၁ မှာ။

လူကြီးဆိုသူတွေ၊ သူရဲကောင်းဆိုသူတွေ
မိုးမြင့်အောင် ပြောနေတဲ့ တိုင်းပြည်ချစ်စိတ်ဆိုတာ
ပိုင်လှဟုတ်လှပြီထင်တဲ့အကွက်ဆိုတာတွေကို
ဟက်ကာ လူငယ်လေးတွေက ထိုင်ရာမထ မျက်စိမှိတ်ပြီး ဆော့သွားမယ်။

လူငယ်တွေရေးမယ့် သမိုင်းသစ်
အာဏာရူးတွေကို ဖယ်ထုတ်တဲ့သမိုင်း
အာဏာရှင်တွန်းလှန်မှုပုံစံအသစ်
ခပ်ညံ့ညံ့တွေကို ခေါင်းဆောင်မထားဘူး
အားလုံးက ခေါင်းဆောင်တွေပဲ။

ကြည့်ထား
လူငယ်တွေရဲ့အား
လူငယ်တွေရဲ့အစွမ်း။

ကိုဂျေ
၈၊ ဖေဖော်၀ါရီ၊ ၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *