မြန်မာ့နိုင်ငံရေးကို လျှပ်တပြက် နားလည်အောင်ကြိုးစားခြင်း …

Opinion:Trying to get a quick understanding of Burmese politics …

မြန်မာ့နိုင်ငံရေး သမိုင်းစဉ်မှာ အလှည့်အပြောင်းတွေအများကြီးရှိပေမယ့်၊ ဒီမိုကရေစီအရေး နဲ့ စစ်အာဏာရှင်အရေး အားပြိုင်မှုလို့ပဲ ခေါင်းစဉ် တပ်ရင် လေ့လာရတာ ပိုပြီးလွယ်ကူစေပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ အထင်ကရနေ့ရက်တွေ တစ်ချို့ကို ကြည့်လိုက်ပါ။
(၁) လွတ်လပ်ရေးယူတဲ့နေ့ – ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်
(၂) တပ်မတော် အာဏာသိမ်း – ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့
(၃) တပ်မတော် အာဏာသိမ်း – ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့
(၄) တပ်မတော် အာဏာသိမ်း – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့

အထက်ပါအထင်ကရနေ့တွေကိုကြည့်ရင် နိုင်ငံရေးမှာ ဝင်ဝင်ရှုပ်တဲ့ တပ်မတော်ရဲ့ ခြေရာတွေကို ထင်ရှားစွာတွေ့ရပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ( ၇၃ ) ခုနှစ်အတွင်းမှာ၊ လူထုက တကယ်ရွေးကောက်တဲ့ အစိုးရဆိုလို့ – ဖဆဖလအစိုးရက (၁၄) နှစ်၊ အန်အဲလ်ဒီအစိုးရက (၅) နှစ်၊ အားလုံးပေါင်း (၁၉) နှစ်ပဲ ရှိပါတယ်။ ကျန်တာကတော့ တပ်မတော်ကြီးစိုးသော အမှောင်ခေတ်ပဲဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်ကတော့ စိုးရိမ်လို့အာဏာသိမ်းတယ်လို့ ဆင်ခြေပေးတယ်။ ၁၉၈၈ ခုနှစ်မှာတော့ လူထုကအုံကြွလို့ အာဏာသိမ်းတယ်လို့ ဆင်ခြေပေးတယ်။ ၂၀၂၁ ကျတော့ မဲမသမာမှုကြောင့် အာဏာထိန်းတယ်၊ လွှဲပြောင်းယူတယ်လို့ဆိုပြန်တယ်။ ထူးခြားတာက ၂၀၂၁ နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းလို့ ဆူပူနေတာပဲဖြစ်ပါတယ်။ ဆူပူလို့သိမ်းတယ်လို့ ပြောလို့မရပါ။

မြန်မာနိုင်ငံထဲမှာ … ဒီမိုကရေစီစနစ်ကို သွားချင်နေတဲ့အုပ်စုရယ်၊ အာဏာရှင်စနစ်ကို သွားချင်နေတဲ့အုပ်စုရယ် နှစ်ခုအားပြိုင်မှုက ယနေ့အထိ ပြင်းထန်လျှက် ရှိပါတယ်။ ရှေ့ကမျိုးဆက် အုပ်စုတွေကျတော့ အကြောက်တရားနဲ့ အုပ်စိုးခံခဲ့ရတယ်။ ဒီမိုကရေစီအရသာကို အနည်းငယ်စမ်းကြည့်ပြီးတဲ့ ယနေ့ခေတ်လူငယ် ဂျန်ဇီတွေကတော့ မြန်မာ့နွေဦးတော်လှန်ရေးကို စတင်လိုက်တာပါ။

မြန်မာ့နွေဦးတော်လှန်ရေးကို ဂျန်ဇီတွေက ငြိမ်းချမ်းစွာ ဆန္ဒပြမှုနဲ့ စတင်ပါတယ်။ စည်းကမ်းရှိစွာ လှုပ်ရှားတယ်။ နည်းလမ်းအသစ်တွေနဲ့ အာဏာဖီဆန်မှုတွေလုပ်တယ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်။ ဒီမိုကရေစီကို လိုလားကြောင်း ပြသတယ်။ စစ်အာဏာရှင်ဟာ ဂျန်ဇီတွေရဲ့ ဆန္ဒပြမှုကို အင်အားအလွန်အကျွံသုံး၊ လူမဆန်စွာ ဖြိုခွင်းပါတယ်။ ကျည်အစစ်တွေနဲ့ ပစ်သတ်ပါတယ်။ လူအများအပြား သေဆုံးပါတယ်။ စစ်မြေပြင်ဆိုတာထက် လက်နက်မဲ့ပြည်သူလူထုကို သွေးအေးအေးနဲ့ သတ်ဖြတ်နေတဲ့ လူသတ်ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ တပ်မတော်ကို အကြမ်းဖက်အုပ်စုလို့ CRPH ကအမည်ပေးလိုက်ပါတော့တယ်။ မြန်မာ့နွေဦးတော်လှန်ရေးကို ပြည်တွင်း၊ ပြည်ပ အာရုံစိုက်မှုရယ်၊ ဖိအားတွေ သက်ရောက်မှုအင်အားကြီးလာသလို၊ အစိုးရ ယန္တရားကို အရှိုက်ထိစေမယ့် စီဒီအမ်လည်း အစွမ်းထက်လာနေဆဲတွေ့ရပါတယ်။

နွေဦးမှာ လေရူးတွေတိုက်တယ်။ နွေဦးမှာ ရော်ရွက်တွေ ကြွေတယ်။ ဒါပေမယ့် နွေဦးဟာ ရှင်သန်ခြင်း၊ နိုးကြားခြင်း၊ မျှော်လင့်ချက်နိမိတ်လည်းဖြစ်နေပါတယ်။ မြန်မာ့နိုင်ငံရေး ရှေ့ဆက် အလားအလာကတော့ ဘယ်ပညာရှင်ကမှ တပ်အပ်မပြောနိုင်ပါ။ ဆက်လက်ဖြစ်ထွန်းနေဆဲပါ။ … သတင်းတွေကို ဆက်လက်စောင့်ကြည့်ဖို့ပါပဲ။


Leave a Reply

Your email address will not be published. Required fields are marked *