မြန်မာကျောင်းသား/သူ လူငယ်များအတွက် စဉ်းစားမိသမျှ (၂)

မြန်မာပြည်မှာကြီးပြင်းပြီး နိုင်ငံရပ်ခြားမှာပညာသင်ယူ အလုပ်လုပ်ကိုင်နေသူတစ်ဦးအနေနဲ့ ကျွန်တော့ရဲ့အတွေ့အကြုံများအရ မြန်မာကျောင်းသား/သူ လူငယ်များတိုးတက်အောင်မြင်လိုရင် စတင်လုပ်သင့်တဲ့၊ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်အချို့ကိုရေးသား ရှင်းပြထားတာဖြစ်ပါတယ်။ အထူးသဖြင့် ရှုပ်ထွေးပြီး မသေချာမရေရာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အခြေအနေများ ဖြစ်ပေါ်နေတဲ့ လက်ရှိအချိန်မှာ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ အပိုင်း(၁)ကိုဒီလင့်မှာ ဖတ်ရှုနိုင်ပါတယ်။ https://m.facebook.com/story.php?story_fbid=10158041680828163&id=565013162&sfnsn=mo

(၅) နိုင်ငံခြားဘာသာစကား (၂) မျိုးနဲ့ အထက် တတ်ကျွမ်းအောင် သင်ယူပါ။

ကိုယ့်နိုင်ငံရဲ့ ဘာသာစကားကို အရင်ဦးဆုံး ကျွမ်းကျင်အောင် လုပ်ပါ။ မွေးကတည်းက ပထမဦးဆုံး ထိတွေ့ရတဲ့ မိခင်နိုင်ငံရဲ့ဘာသာစကားကို အသုံးပြုပြီး စဉ်းစားတွေးတောနိုင်စွမ်းနဲ့ ရေး၊ဖတ်၊ပြော၊နားထောင်နိုင်စွမ်း မရှိရင် အခြားဘာသာစကားတွေ ကိုကျွမ်းကျင်အောင် လုပ်ဖို့ ပိုမိုခက်ခဲပါတယ်။ ထိုမှတစ်ဆင့်တက်ပြီး နောက်ထပ် ဘာသာစကား အနည်းဆုံး(၂) မျိုး လေ့လာသင်ယူပါ။ ကမ္ဘာမှာစီးပွားရေးနဲ့ နိုင်ငံရေး အင်အားကြီးတဲ့ နိုင်ငံ/လူမျိုးတွေရဲ့ ဘာသာစကားတွေကိုရွေးချယ်ပါ။ ဥပမာအားဖြင့် ကမ္ဘာတစ်ဝန်းမှာ အများဆုံး သုံးတဲ့ အင်္ဂလိပ်၊ တရုတ်၊ ဂျပန် ဘာသာတွေ၊ ပြီးတော့ ယဉ်ကျေးမှုအရ လွှမ်းမိုးနိုင်စွမ်းများတဲ့ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အာရေဗစ်၊ ရုရှား စတာတွေထဲကမှ ကိုယ်တတ်နိုင်သလောက် နဲ့အချိန်ပေးနိုင်သလောက် ပေါ်မူတည်ပြီး ထပ်သင်ယူပါ။ နည်းပညာ IT ခေတ်ထဲမှာ အင်္ဂလိပ်စကား နည်းနည်းပါးပါး နဲ့ Google/App တွေမှာရှာပြီး ထမင်းစားရေသောက် ဆက်သွယ်လို့ ရတယ် ဆိုပေမယ့် နိုင်ငံခြားမှာကျောင်းတက်ဖို့ပဲဖြစ်ဖြစ် အလုပ်ခွင်ထဲ ရောက်ရင်ပဲဖြစ်ဖြစ် ဘာသာစကား ၂ မျိုး ၃ မျိုး နဲ့အထက် တတ်ကျွမ်းတဲ့ လူတွေဟာ လူမှုဆက်ဆံရေး၊ အလုပ်အကိုင် ရာထူးတိုးတက်ရေး၊ နဲ့ လူတွေကို ဦးစီးခေါင်းဆောင်နိုင်မှု စတာတွေမှာ အောင်မြင်နိုင်ခြေ ပိုများပါတယ်။

(၆) နိုင်ငံတကာအရေးတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပါ။

ဒီအချက်ကတော့ ပညာသင်ယူရေးရော၊ စီးပွားရေးမှာပါ အရေးကြီးပါတယ်။ ဥပမာအားဖြင့် လူဝင်မှုကြီးကြပ်ရေးတင်းကျပ်တဲ့ အမေရိကန်နိုင်ငံမှာ ပညာသင်၊ အလုပ်လုပ်ရင် အဆင်ပြေနိုင်မလား? သူတို့လူထုက နိုင်ငံခြားသားကို ကြိုဆို နွေးတွေးမှု ရှိပါ့မလား? နည်းပညာနဲ့ ကုန်ထုတ်စက်မှုလုပ်ငန်းတွေဦးစားပေးတဲ့ နိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ဝန်ဆောင်မှုပညာရပ်တွေ သွားရောက်သင်ယူဖို့ သင့်တော်ပါ့မလား? မြန်မာနိုင်ငံနဲ့ စီးပွားရေး နဲ့ ယဉ်ကျေးမှု ကူးလူးဆက်ဆံမှုများတဲ့ ဂျပန်၊ စင်္ကာပူ၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာ ဘယ်လို ပညာရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေရှိလဲ? မြန်မာအများစုအတွက်စိမ်းတဲ့ အာဖရိကနိုင်ငံတွေ နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ကိုယ့်ရဲ့ပညာရေး နဲ့ အလုပ်အကိုင်စီးပွားရေးလုပ်ငန်း တွေအတွက် အသုံးချနိုင်မဲ့ အခွင့်အလမ်းတွေရှိလား? ဘယ်နိုင်ငံရေးပဋိပက္ခ/စစ်ပွဲ တွေက ကိုယ့်လုပ်ငန်း၊ ရောင်းဝယ်ရေး၊ နဲ့ ကုန်ပစွည်း ဈေးနှုန်းတွေကို ထိခိုက်နိုင်လဲ? စတဲ့ မေးခွန်းပေါင်းများစွာရဲ့ ကိုယ့်ဘဝအခြေအနေနဲ့ သင့်တော်မယ့် အဖြေတွေကို နိုင်ငံတကာရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို မလေ့လာ မသိရှိပဲ မရှာဖွေနိုင်ပါဘူး။ မရှာဖွေနိုင်ရင် ဘ၀မှာ အောင်မြင်နိုင်ခြေလည်း အလိုအလျောက် လျော့နည်းသွားမှာပါပဲ။

(၇) ပစ္စည်းဥစ္စာ/ငွေကြေး စီမံခန့်ခွဲမှု နဲ့ဆိုင်တဲ့ ဗဟုသုတများရှာဖွေလေ့လာ ကျင့်ကြံပါ။

ဆယ်ကျော်သက်အရွယ် ကလို မိဘပေးတဲ့ မုန့်ဖိုး မုန့်ဝယ်စားမယ်၊ ဂိမ်းဆော့မယ်၊ ရုပ်ရှင်ကြည့်မယ်၊ ဖုန်းအသစ်၀ယ်မယ်၊ ရည်းစားနဲ့ လျှောက်လည်မယ်၊ ကုန်ရင်နောက်နေ့ ထပ်တောင်းမယ်၊ အဆင်ပြေသလို ကြည့်လုပ်မယ်၊ သူငယ်ချင်းဆီက ချေးမယ် စတဲ့ အကျင့်စိတ်ဓာတ်တွေကိုရှောင်ကြဉ်ပါ။ မလိုအပ်တဲ့အရာတွေအပေါ် မသုံးဖြုန်းပဲ တတ်နိုင်သလောက် များများစုပါ။ စုဆောင်းလို့ရတာကိုသုံးပြီး ကိုယ်မှာလိုတဲ့ ပညာ၊အရည်အချင်းတွေ သင်ယူပါ။ အခြေအနေပေးရင် ကိုယ်ပိုင် လုပ်ငန်း လုပ်ပါ။ စတော့ခ်၊ အိမ်ယာမြေ၊ ရွှေ၊ ငွေကြေး စတာတွေကို နားလည်ကျွမ်းကျင်အောင် လေ့လာပြီးရင်းနှီးမြုပ်နှံပါ။ ကိုယ့်တစ်ကိုယ်တာ (နဲ့ ကိုယ့်ကို မှီခိုတဲ့မိသားစု) ရဲ့ အသုံးစရိတ် နဲ့ နေထိုင်မှုပုံစံ ပေါ်မှုတည်ပြီး ကိုယ် အငြိမ်းစားယူ၊ အလုပ်နားရင် ဘယ်လောက် ၀င်ငွေပိုင်ဆိုင်မှုရှိရမယ်ဆိုတာကိုတွက်ချက်ပြီး ဦးတည်ချက်ထား လုပ်ဆောင်ပါ။ ကျောင်းသားဘ၀မှာ မသိသာပေမဲ့ အလုပ်စလုပ်၊ ဘဝစတဲ့အချိန်ကစပြီး ပစ္စည်းဥစ္စာ နဲ့ ငွေကို ရေရှည်အကျိုးရှိစွာ အသုံးချနိုင်သူတွေကသာ ရှေ့ကို မြန်မြန်ရောက်နိုင်တာပါ။ အထူးသဖြင့် ဘိုးဘွားမိဘမိသားစု မချမ်းသာတဲ့လူတွေအတွက် ဒီအချက်ဟာ အရမ်း အရေးကြီးပါတယ်။

(၈) အကြောင်းမဲ့ အခွင့်အရေးရလိုမှု လျှော့ပါ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူပါ။

ယနေ့ ကမ္ဘာ့လူငယ်အများစုဟာ ဒီမိုကရေစီစနစ် ထွန်းကားလာတာနဲ့အတူ လွတ်လပ်မှုနဲ့ တန်းတူအခွင့်အရေး ရရှိမှု ဆိုတဲ့ လစ်ဘရယ်ဝါဒ အတွေးအခေါ်အတိုင်းအတာတစ်ခုနဲ့ ကြီးပြင်းလာနေပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လွတ်လပ်စွာပြောဆိုနိုင်ရေး၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်နိုင်ရေး စတဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ မှာ လွတ်လပ်မှုနဲ့ တန်းတူအခွင့်အရေး ရရှိမှု ဟာ မရှိမဖြစ် အရေးကြီးတယ် ဆိုပေမယ့် ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေး နဲ့ အရင်းရှင် စျေးကွက်စီးပွားရေးစနစ် ကိုလဲ ခေါင်းထဲထည့်ထားသင့်ပါတယ်။ ဒီစနစ်မှာ ဘယ်အရာမှ အလကားမရပါဘူး။ ကိုယ့်ရဲ့အရည်အချင်းတွေ ဟာ ထုတ်လုပ်သူလုပ်ငန်းရှင်တွေ နဲ့ စားသုံးသူတွေကို အကျိုးအမြတ် ရှာဖွေပေးနိုင်တဲ့ အရည်အချင်းတွေ ဖြစ်နေမှ ယနေ့ကမ္ဘာရဲ့ စီးပွားရေးစနစ်မှာ သူများ၀န်ထမ်း ပဲလုပ်လုပ်၊ ကိုယ်ပိုင်လုပ်ငန်း ပဲလုပ်လုပ် အဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သိပ္ပံ၊ အင်ဂျင်နီယာနဲ့ ကွန်ပြူတာနည်းပညာဆိုင်ရာ ပညာရပ်များ၊ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ပညာရပ်များ၊ စက်မှုလက်မှုပညာရပ်များ၊ ဖျော်ဖြေရေးဆိုင်ရာ ပညာရပ်များ၊ နိုင်ငံရေးစီးပွားရေးငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ စတာတွေ သာလျှင် ယနေ့စျေးကွက်မှာ လိုအပ်မှုများတာ ဖြစ်ပါတယ်။ အခြားပညာရပ်တစ်ခုခုကို စိတ်ဝင်စား ဝါသနာပါတယ်ဆိုတဲ့ အချက်တစ်ခုပေါ်မှာပဲ မူတည်ပြီးရွေးချယ်မိခဲ့လို့ နောက်ပိုင်းမှာ အလုပ်အကိုင်စီးပွားရေး မအောင်မြင်ရင် စနစ်ခေတ်အခြေအနေတွေကို အပြစ်တင်ပြီး ငါလည်း အခြားသူတွေလို လခ၀င်ငွေ ကောင်းကောင်းရသင့်တယ်၊ အောင်မြင်မှုရသင့်တယ်ဆိုပြီး အကြောင်းမဲ့ အခွင့်အရေးတန်းတူ လိုချင်လို့မရပါဘူး။ ကိုယ့်ရဲ့ ရွေးချယ်ဆုံးဖြတ်မှုရဲ့ အကျိုးရလဒ်ကို လက်ခံရပါမယ်။ လက်မခံနိုင်ရင် ပညာရပ် ပြောင်းလေ့လာပါ။ အလုပ်အကိုင် လုပ်ငန်း ပြောင်းလုပ်ကိုင်ပါ။ နောက်တစ်ချက်ကတော့ တန်းတူအခွင့်အရေး ဘယ်လောက်ရှိရှိ လူတစ်ဦးချင်းစီရဲ့ မွေးဖွားလာတဲ့ စတင်ဖြစ်တည်မှုအခြေအနေ၊ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယ စတာတွေပေါ်မူတည်ပြီး ရလဒ်တွေ မတူညီနိုင်တာကို လက်ခံနိုင်ရပါမယ်။ အမြဲလိုလို ရလဒ်ကောင်းတွေ နဲ့ အောင်မြင်မှုတွေ ရယူလိုရင်တော့ အဖြေကတစ်ခုပဲရှိပါတယ်။ မနေ့ကထက် ဒီနေ့ ပိုကြိုးစား၊ ပိုအလုပ်လုပ်ပါ။ အောင်မြင်တဲ့သူတွေဟာ လူတိုင်းမှာရှိတဲ့ တစ်ရက်၂၄ နာရီ ကို ပိုမိုအကျိုးရှိစွာ အသုံးချနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ မိမိဟာ ဖြူဖြူမည်းမည်း ဝါဝါညိုညို၊ ပိန်ပိန် ၀၀၊ ယောကျာ်း မိန်းမ (သို့) အခြားလိင် ပဲဖြစ်ဖြစ်၊ လူနည်းစုထဲကသူ (သို့) လူများစုထဲကသူ ပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ စတဲ့ အချက်တွေကို စျေးကွက်စီးပွားရေးစနစ်မှာ သက်ဆိုင်သူတွေက သူတို့အကျိုးစီးပွားအပေါ် မကောင်းတဲ့သက်ရောက်မှု မရှိသရွေ့ များသောအားဖြင့် ဂရုမစိုက်ပါဘူး။ ထိုအချက်တွေပေါ် မူတည်အားကိုးပြီး အခွင့်အရေး ယူဖို့လည်း မကြိုးစားပါနဲ့။ အဲဒီလိုရတဲ့ အခွင့်အရေးတွေကနေလည်း ရေရှည်အောင်မြင်မှုကောင်း မရနိုင်ပါဘူး။ ကိုယ်ကဘာပေးနိုင်သလဲ သူကဘာပေးနိုင်သလဲ ဆိုတာပဲ စျေးကွက်စီးပွားရေးစနစ်မှာ အဓိကကျပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်နဲ့ အခြားလိုအပ်တဲ့ အရည်အချင်းတွေကို အမြဲတိုးတက်ထက်မြက်နေအောင် လုပ်ထားဖို့ နဲ့ အမြဲပြောင်းလဲနေတဲ့ အခြေအနေတွေအတွက် ပြင်ဆင်ထားဖို့က ကိုယ့်တာဝန်ပါပဲ။

ဒီအချက်တွေဟာ အသေးစိတ်မဟုတ်သလို အကုန်လုံးနဲ့ သဘောတူစရာလည်း မလိုပါဘူး။ မတူညီတဲ့ ဘ၀အတွေ့အကြုံ နဲ့ ယုံကြည်ချက်များအရ မိမိဘာသာ ဝေဖန်ဆန်းစစ်ပြီး အကျိုးရှိနိုင်တဲ့ အချို့အချက်လေးတွေ သိရှိ သတိပြုမိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ရတဲ့အချိန်မှာ စဉ်းစားမိသလောက် သင့်တော်မယ်ထင်တဲ့ အချက်တွေကို အပေါ်ယံ ဝေမျှတာသာ ဖြစ်ပါတယ်။

Website : www.stemino.tech

ပညာရေးနှင့် အလုပ်အကိုင်ဝန်ဆောင်မှုများအတွက်: bit.ly/STEMiNOEducareer

နည်းပညာ ဝန်ဆောင်မှုများအတွက်: bit.ly/STEMiNOEngineering

Facebook: www.facebook.com/steminoedutech

Instagram: www.instagram.com/steminoedutech

Youtube: bit.ly/STEMiNOchannel

Leave a Reply

Your email address will not be published. Required fields are marked *