မိသားစုတွေအတွက် အစိုးရ ထောက်ပံ့ကြေးပိုပေးဖို့ သမ္မတ Biden အဆိုပြုမည်

အမေရိကန်မိသားစုတွေနဲ့ကလေးတွေအတွက် အစိုးရ အထောက်အပံ့တွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ထောက်ပံ့ပေးဖို့ အတွက် သမ္မတ ဂျိူးဘိုင်ဒန်က အဆိုတင်သွင်းဖို့ရှိနေပါတယ်။ ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် လွှတ်တော်နှစ်ရပ်စလုံး ပါဝင်တဲ့ ကွန်ဂရက်ကို မိန့်ခွန်းပြောကြားရာမှာ ဒီအဆိုကို ပြုဖို့သမ္မတအနေနဲ့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒေါ်လာ ၁.၈ ထြီလျံ ကုန်ကျမယ့် ဘိုင်ဒန်ရဲ့ အသေးစိတ်အစီအစဉ်ကို ရုပ်မြင်သံကြားကဆင့် မိန့်ခွန်းပြောမှာဖြစ်ပြီး အောက်လွှတ်တော်မှာ ကျင်းပမယ့် အခမ်းအနားကို ကိုဗစ်ကျန်းမာရေး စည်းမျဉ်းတွေနဲ့အညီ လွှတ်တော်အမတ်တွေနဲ့ အရေးပါတဲ့ အရာရှိကြီးတွေအပါအဝင် လူ ၂၀၀ ခန့်တက်ရောက်ကြမှာဖြစ်ပါတယ်။

အစိုးရက ၂ နှစ်ထောက်ပံ့ရေးအစီအစဉ်ထဲမှာ မူကြိုပညာရေးနဲ့ လူငယ်တွေအတွက် ၂ နှစ်ဒေသကောလိပ်မှာ အခမဲ့ သင်ယူခွင့်တွေပါဝင်ပြီး တိုင်းပြည်ရဲ့ အချမ်းသာဆုံးသူတွေကတော့ ဒါတွေအားလုံးအတွက် အခပေးကြရမှာဖြစ်ပါတယ်။

အမေရိကန် မိသားစုတွေအတွက် ကလေးစောင့်ရှောက်မှုအထောက်အပံ့အဖြစ် ဒေါ်လာ ၂၂၅ ဘီလျံ အဆိုတင်သွင်းထားပြီး မိဘတွေကို တလ အနည်းဆုံး ကလေးထိန်းခ ဒေါ်လာ ၂၅၀ ပေးရမှာဖြစ်ပါတယ်။

အခုလို မိသားစုတွေနဲ့ပညာရေးအတွက် သုံးစွဲရေး အစီအစဉ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် မျိူးဆက်တရပ်မှာ တကြိမ်သာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

တောင့်တင်းခိုင်မာတဲ့ အလယ်အလတ်လူတန်းစားဟာ အမေရိကန်ရဲ့ ကျောရိုးဖြစ်တယ်ဆိုတာကို သမ္မတ ဘိုင်ဒန် သိပါတယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့မတူပဲ အမေရိကန်မိသားစုတွေရဲ့ ဘဝတွေကို သက်တောင့်သက်သာရှိစေမယ့် မူဝါဒတွေကို လူမျိူးမရွေး၊ ကျားမ မရွေး၊ ဇာတိမရွေး၊ တောမြို့မရွေး ဆောင်ကျဉ်းပေးရမှာဖြစ်တယ်လို့အိမ်ဖြူတော်က သုံးသပ်ပြောဆိုထားပါတယ်။

Source: VOA

Leave a Reply

Your email address will not be published. Required fields are marked *