နော်စတဲလ်ဂျီယာ (သို့မဟုတ်) အတိတ်လွမ်းနာ …

အခုတလော အဖေက သူ့မွေးမြေရပ်မြေ ဂီလီရွာ၊ သူကျင်လည်ခဲ့တဲ့ ထန်ဂါးရွာ၊ အလန်ဂါးရွာတွေအကြောင်း မကြာခဏ ဆွေးဆွေးမြေ့မြေ့ ပြောပြပါတယ်။ ဆန်းလွတ်ချက်တောင်ကနေ နှင့် မလိခဒေသအထိကို ဒီမာအရပ်လို့ ခေါ်တဲ့အကြောင်း၊ သူ့မွေးရပ်မြေ ဂီလီရွာဆိုတာ ရှီဂီရွာ ကနေ အရှေ့စွန်းဘက် မဇွန်ထီ၊ ဂူလိထီ ချောင်းကလေး နှစ်ခုကျော်သွားရင် ရောက်တဲ့တောင်ပေါ်ရွာ ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ ဒုတိယ ကမ္ဘာစစ်က မဟာမိတ် အမေရိကန်တပ်ဖွဲ့တစ်ခုက သူတို့ရွာအနီးမှာ စခန်းလာချခဲ့တယ်၊ သူတို့ဒေသမှာ အူလိုင်၊ အထွပ်တွေ (ꓢꓲꓹ ꓪꓯꓼ꓾ ꓮ-ꓕꓶꓸ) အလွန်ပေါတယ်လို့ ပြောပါတယ်။

သူကလေးဘ၀ နေခဲ့တဲ့ လီဆူအိမ်ရှည် ကြီးကို အခုထက်ထိ အသေးစိတ်ကို မှတ်မိနေပါသေးတယ်။ သူပြောတာက အိမ်ရဲ့ ညာဘက်မှာတော့ ချီထုကျောက်တောင် ရှိတယ်။ အဲ့ဒီဘက်က နေထွက်လာတယ်။ ချေစားတဲ့ အပင်တွေ၊ သစ်ဆီဥတွေ (ꓛꓲ ꓜ ꓢꓶꓽ ꓗꓯꓸ ꓡꓯꓼ꓾ ꓧꓳ ꓡꓳꓼ ꓟꓯꓸ꓾ ꓳ ꓓꓳꓽ) ရှိတယ်။ အိမ်ရှေ့မှာတော့ အိမ်လုံးလောက်ကြီးတဲ့ ကျေက်တုံးကြီးရှိတယ်။ အိမ်က လီဆူအိမ်ရှည်ကြီးတစ်အိမ်ဖြစ်တယ်။ လက်ဝဲဘက်မှာတော့ စမ်းချောင်းလေးတစ်ချောင်း စီးဆင်းနေတယ်။ အဲ့ဒီဘက်မှာ ကနစောသီးလိုဟာမျိုး တောအသီးအနှံတွေ၊ သီးပင်စားပင်တွေရှိတယ်လို့ ဆိုပါတယ်။ (ꓮ ꓪꓯꓹ ꓛꓵꓽ ꓡꓲꓺ꓾ ꓑꓯꓸ ꓔꓳꓽ ꓡꓲ꓾ ꓑꓸ ꓢꓸ ꓡꓲꓺ꓾ ꓓꓰꓽ ꓙ ꓡꓲꓺ) ငှက်တွေ၊ ချေတွေလည်း ကျင်လည်ကျက်စားတယ်။ အသက်သာကြီးနေတာ၊ သူ့ဇာတိမြေကို လွမ်းနေတုန်းပဲ။ ပြောကောင်းနေတုန်းပဲ။ အဖေ့မွေးမြေဌာနီ အလွမ်းကို စာနာမိလို့ ကျွန်တော် ဂိုးဂယ်ခေါက်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ nostalgia “အတိတ်လွမ်းနာ” ဆိုတဲ့အရာ ကို တွေ့လိုက်ပါတယ်။ အဖေ့ရောဂါ လက္ခဏာနဲ့လည်း အတော်တူနေပါတယ်။ ဗဟုသုတအဖြစ် ဖတ်ကြည့်ပါဦး။

၁၇ ရာစုနှောင်းပိုင်းမှာ ဆေးကျောင်းသား ဂျော်ဟိုင်းနားဟိုဖာ (Johannes Hofer) ဆိုသူက ဆွိစ် (Swiss) စစ်သားတွေဆီမှာ ထူးဆန်းတဲ့ ရောဂါတစ်ခုကို သတိပြုမိခဲ့ပါတယ်။

ဆွိစ်စစ်သားတွေက တောင်ပေါ်ဒေသက မြေပြန့်သို့ဆင်းလာပြီး စစ်မှုထမ်းကြတဲ့ အလယ်ခေတ်နှောင်းပိုင်းက အုပ်စုလိုက်တိုက်ပွဲတွေမှာ ရဲရင့်ထင်ရှားတဲ့ ကြေးစားစစ်သားတွေဖြစ်ပါတယ်။ အဲ့ဒီရဲရင့်ထင်ရှားလှတဲ့ စစ်သည်တွေမှာ ထူးဆန်းတဲ့ရောဂါကြောင့် အများအပြား ဆုံးပါးကုန်ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့ အားနည်းခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အစာမကြေခြင်း၊ အဖျားကြီးခြင်း တွေဖြစ်ပါတယ်။ ဆေးကျောင်းသား ဂျော်ဟိုင်းနားဟိုဖာ ရဲ့လေ့လာမှုအရ ဆွိစ်စစ်သားတွေက မွေးရပ်မြေကို ပြင်းပြင်းထန်ထန်လွမ်းတဲ့စိတ်ကြောင့်ဖြစ်လာတဲ့ ရောဂါလို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ သူက အဲ့ဒီရောဂါကို nostalgia ( အတိတ်လွမ်းနာ ) လို့အမည်ပေးလိုက်ပါတယ်။ nostalgia ဆိုတဲ့စကားလုံးက ဂရိစာလုံး “nostos – အိမ်ပြန်ခြင်း” နဲ့ “algos – တောင့်တမှု” အပေါင်းအစပ်စကားလုံးဖြစ်ပါတယ်။

အတိတ်လွမ်းနာ က အဲ့ဒီ ဆွိစ်စစ်သားတွေထဲမှာပဲ ဖြစ်ပေါ်တယ်လို့ အစက ထင်မြင်ယူဆခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ မွေးရပ်မြေကနေ ရွှေ့ပြောင်းသွားကြတဲ့သူတွေများမှာ အနည်းနှင့်အများဆိုသလို ဖြစ်ပေါ်လေ့ရှိတာကို သတိထားမိလာကြပါတယ်။ ဇာတိဌာနေ အလွမ်းသီချင်းတွေ သီဆိုကြရင် ပိုပြီးတောင် ခံစားကြရတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ နေရင်းဒေသကနေ ရွေ့ပြောင်းအခြေချ နေထိုင်မှု များပြားလာတာနဲ့အမျှ လူမျိုးစုတိုင်းမှာ nostalgia ကို တွေ့လာရပါတယ်။ ခေတ်သစ် ဆေးသိပ္ပံပညာရှင်တွေကတော့ ဒါကို အာရုံကြောအားနည်းသည့် ရောဂါအုပ်စုမှာ မထည့်သွင်းတော့ပါပဲ၊ စိတ်ကျရောဂါတစ်မျိုးလို့ မြင်လာကြပါတယ်။ အတိတ်အလွမ်းနာ (သို့) အိမ်လွမ်းဝေဒနာ …

ကျွန်တော် အမေရိကား အလည်ရောက်တော့ အဖရိကဘက်ကပြောင်းရွှေ့လာကြတဲ့ အိမ်ယာတေ လူမည်းလေးတွေ အိမ်ယာတွေမှာ အလွမ်းအဆွေးရိပ်သန်းစွာနဲ့ နေထိုင်ကြတာကို မြင်ခဲ့ရပါတယ်။ အမေရိကားက ဘယ်လောက်ပဲ တိုးတက်တယ်လို့ ဆိုပါစေ၊ ကိုယ့်မွေးရပ်မြေကို သူတို့သတိရနေဟန်ရှိပါတယ်။ နော်၀ေး ရောက်သွားပြီး အလွန်အထီးကျန်ဆန်နေတဲ့ သက်ကြီးတစ်ယောက် အကြောင်းကိုလည်း ဆရာဆိုင်မွန်သောင်းဆီက ကြားမိပါတယ်။ သူတို့နဲ့ ထပ်တူပါပဲ၊ မြန်မာနိုင်ငံကနေ ရေမြေခြားသို့ ပြောင်းရွှေ့သွားကြတဲ့ သူတွေက ကွမ်းစားရတာကို လွမ်းတာ၊ ငပိစားရတာကို လွမ်းကြတာ တွေ့ရပါတယ်။ ပြောချင်တာက လွမ်းလောက်တာ မဟုတ်တာကိုတောင် သူတို့လွမ်းမိကြတာကိုပါ။ မိဘဆွေမျိုး၊ အသိုင်းအဝန်းနဲ့ မွေးရပ်ဌာနေကိုတော့ဖြင့် ဘယ်ပြောကောင်းမလဲ။ ကရင်အဘိုးအဘွားအိုတွေက ဒုက္ခသည်စခန်းကနေ ဖွံ့ဖြိုးပြီးနိုင်ငံရောက်ပြီးမှ ဒုက္ခသည်စခန်းဆီသို့ ပြန်လာချင်ကြတယ်လို့ ကြားရတော့ အစမှာ မယုံနိုင်ခဲ့ဘူး။ တကယ်တော့ သူတို့တွေက nostalgia ကိုခံစားနေကြတယ်ဆိုတာ သိသာ လှပါတယ်။ မွေးရပ်ဌာနီ ဘဝဓလေ့ကို မမေ့ကြတာပါပဲ။

ဒါပေမဲ့ တစ်ဘက်မှာလည်း nostalgia ဆိုတာ အဆိုးချည်းတော့ မဟုတ်ဘူးလို့ မြင်လာကြပါတယ်။ ဆွတ်ပျံ့ဖွယ် ကြည်နူးဖွယ်ရာဘ၀ အတွေ့ အကြုံတွေ အဖြစ်ရယ်လို့ တင်စားလာကြပါတယ်။ ဆုံးရှုံးကြေကွဲရမှုတွေ၊ စိတ်အလိုမပြည့်မှုတွေ၊ ရှုပ်ထွေးတဲ့ခံစားချက်တွေ ဖြစ်ပေါ်စေပေမယ့်၊ အခြးတစ်ဘက်မှာတော့၊ လူတွေကို ကိုယ်ပိုင် သီးသန့် အဓိပွါယ်ရှိစေပြီး၊ သူတို့ရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်နဲ့ လူမှု့ဆက်ဆံရေးနဲ့ စိတ်ဓာတ် အင်အားကိုလည်း တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ်။ ဥပမာ ပြောရရင် လူတွေက မကောင်းတဲ့ ခံစားချက်တွေ ရတဲ့အခါ၊ သူတို့ရဲ့ ငယ်ဘဝ၊ မွေးရပ်မြေကို လွမ်းဆွတ်တမ်းတခြင်းဖြင့် လက်တွေ့ဘဝဖိအားတွေ၊ ခက်ခဲတာတွေကိုလျှော့ချပြီးပြန်ကောင်း လာအောင် လုပ်နိုင်လေ့ရှိပါတယ်။ …

အတိတ်လွမ်းနာတွေကို တစ်နည်းနည်းနဲ့ စာနာနားလည် ကုစားပေးနိုင်ပါစေ။ အလွမ်းတွေကို အင်အားအဖြစ် အသုံးချနိုင်ကြပါစေ။ မွေးရပ်ဌာနေကို စွန့်ခွာသွားကြတဲ့ သူငယ်ချင်းတွေ တစ်နေ့ မွေးမြေရပ်မှာ ပြန်ဆုံကြမယ်နော် …

ချစ်သော ကိုဂျေ
၂၊ ဖေဖော်ဝါရီလ၊ ၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *