“နီးဖူဆာ” ကွန်ပျူတာ (မိတ္တူ) ဆိုင် ပဲ့ကိုင်ရှင် ကိုလယ်မယ်ဆာ နှင့် တွေ့ဆုံခြင်း (Conversation with Leme Sa)

အမည် – လယ်မယ်ဆာ (ꓡꓯ‐ꓟꓯ‐ꓢ )
မိဘအမည် – ဦးလာမေပေါ်(ကွယ်လွန်) + ဒေါ်အားဟူးမီး
မွေးရပ်ဇာတိ – ဝူယန်ကျေးရွာ၊ ထော့ကော့ရပ်ကွက်၊ ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်။
မွေးသက္ကရာဇ်- ၂၃. ၁ . ၁၉၉၂
အလုပ်အကိုင်- ကွန်ပျူတာ (မိတ္တူ) လုပ်ငန်း
လက်ရှိနေရပ်- ဝူယန်ကျေးရွာ၊ ထော့ကော့ရပ်ကွက်၊ ဝိုင်းမော်မြို့နယ်။

(၁) “နီးဖူဆာ” ဆိုတဲ့ဆိုင်ကို ဘယ်ချိန်ကစတင်ပြီး၊ ဘယ်လိုစိတ်ကူးနဲ့ တည်ဖြစ်သွားတာပါလဲ။

၂၀၁၉ နှစ်အထိ ဆိုင်နာမည်က “လီဆူကွန်ပျူတာ” လို့ပဲ အသုံးပြုခဲ့ပါတယ်..။ မိတ်ဆွေအပေါင်းအသင်းတွေအကြံပေးကြတာကြောင့် ” လီဆူ” ဆိုတဲ့အမည်နာမဟာ လူမျိုးရဲ့ အမည်၊ ဘုံအသုံးအနှုန်း ဖြစ်တာကြောင့် ကိုယ်ပိုင် နာမည်လည်းပေးရင် ပိုကောင်းတယ်လို့ တွေးမိလာခဲ့တယ်။ နောက်ဆုံး ရွေးချယ်လိုက်တာ ” နီးဖူဆာ ” ဖြစ်ပါတယ်။ လီဆူလို “စိတ်နှလုံးကြည်သာ” လို့အဓိပ္ပါယ်ရပြီး၊ ရည်ရွယ်ချက်က ဆိုင်မှာ လာအား ပေးကြတဲ့ customer တွေရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးရင်း စိတ်နှလုံး ပျော်ရွှင်ဝမ်းသာစေချင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

(၂) ဒီအလုပ်မှာ အဓိကကြုံကြိုက်ရလေ့ရှိတဲ့ စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သလဲ သိချင်ပါတယ်။

အဓိကတော့ ဆိုင်ခန်းပါပဲ။ ကိုယ်ပိုင်ဆိုင်ခန်း မရှိတော့ ငှားရတာပေါ့။ မြို့ပေါ်မှာ ဆိုင်ခန်းငှားဖို့က ဈေးကောင်းတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က စပြီး ဆိုင်ခန်းငှားခက တစ်လ (၂)သိန်း ဖြစ်သွားတယ်။ ဒါပေမယ့် ခုကျနော်တို့ငှားနေတဲ့ဆိုင်ခန်းပိုင်ရှင်က လီဆူ ဖြစ်တာကြောင့် အများကြီးအကူ အညီ သက်သာရာရပါတယ်။ အရင်တုန်းကဆို ဆိုင်ခန်းခ ရဖို့အတွက်ပဲ အရမ်းကြိုးစားခဲ့ရတယ်။ အကြွေးတွေနဲ့လည်းလည်ပတ်ခဲ့ရတယ်။ တစ်ခြားလူတွေကလည်း ဆိုင်တွေအပြိုင်အဆိုင် လာဖွင့်ကြတယ်။ နောက်ပိုင်း တချို့တွေ ပြန်ပျောက် သွားတယ်။ ဆိုင်ခန်းခဈေးတွေကြောင့်ပေါ့။ ဒီလုပ်ငန်းက လူတကာနဲ့ ပြောဆိုဆက်ဆံရတာ ဖြစ်တဲ့အတွက် ဝန်ဆောင်မှုကောင်းဖို့လည်း အရမ်းလိုပါတယ်။ ဒီလုပ်ငန်းလုပ်လုပ်မယ်ဆို ရင် ဝါသနာရယ်၊ စိတ်ရှည်မှုရယ်၊ နည်းပညာပိုင်းဆိုင်ရာ တတ်ကျွမ်းမှု၊ စဉ်ဆက်မပြတ် လေ့လာမှုတွေလည်း အားကောင်းနေရမယ်။ မိဘညီအစ်ကိုမောင်နှမ၊ ဆွေမျိုးအသိုင်းအဝန်းတွေ၊ တစ်ခြားမိတ်ဆွေတွေရဲ့ အားပေးမှုကြောင့် ယနေ့အထိ ” နီးဖူဆာ” ဆိုတဲ့ လီဆူကွန်ပျူတာ မိတ္တူဆိုင် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

(၃) ကိုလယ်မယ်ဆာ ရဲ့ပုံမှန်တစ်နေ့တာ ဖြတ်သန်းပုံတွေကို ပြောပြပေးပါလား။

မနက် (၅း၃၀) နာရီ ဝန်းကျင်မှာ အိပ်ယာထ၊ ဘုရားကို အာရုဏ်ပြု၊ အိမ်အလုပ် နည်းနည်းပါးပါးလုပ်ပါတယ်။ ပြီးတော့ အမေ (သို့) အိမ်သူသက်ထား ဇနီး ချက်ထားတဲ့ ထမင်းစား၊ အလုပ်သွားရန် ပြင်ဆင်ပါတယ်။ (၅) မိုင်ကျော် ဝေးသောရွာမှ ထမင်းချိုင့်နှင့် ဆိုင်ကယ်လေးစီးပြီး ဆိုင် ကိုသွား၊ ဆိုင်မှာ တစ်နေကုန်အလုပ်လုပ်ရပါတယ်။ ညနေ ၅း၀၀ နာရီ ဆိုင်ပိတ် (တခါတလေ အလုပ်များရင် ညဉ့်နက်တတ်)၊ ရေမိုးချိုးပြီး၊ ညနေစာစား (မိသားစုနဲ့အတူတူ)၊ မိသားစုနဲ့ စကားစမြည့်ပြော၊ တီဗွီကြည့်၊ ဘုရားကို အာရုံပြုပြီး အိပ်စက်အနားယူပါတယ်။ ဒါကတော့ ကျတော်ရဲ့ တစ်နေ့တာ ပုံမှန်ဘဝဖြတ်သန်းမှုပဲ ဖြစ်ပါတယ်။

(၄) ကိုလယ်မယ်ဆာအနေနဲ့ ဒီအလုပ်မလုပ်ဖြစ်ခဲ့ဖူးဆိုရင် တစ်ခြားဘာအလုပ်တွေ လုပ်ဖြစ်နေမယ်လို့ ထင်ပါလဲ။ ဘာကြောင့်လဲ။

ရုံးဝန်ထမ်း ဖြစ်နေလောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မိဘ ဆွေမျိုးတွေလည်း ဝန်ထမ်းအရမ်းလုပ်စေချင်ကြတယ်။ အဲဒီနေ့က ရုံးဝန်ထမ်း ခေါ် စာမေးပွဲ ဖြေပြီး အင်တာဗျူး ဖို့ပဲကျန်တော့တယ်။ ကျနော် ကိုယ့်ကိုယ်ကိုမေးတယ် တကယ်ရောစိတ်ပါရဲ့လား၊ တကယ်ရောလုပ်နိုင်ရဲ့လားလို့။ နောက်ဆုံးတော့ ကျနော်လုပ်ချင်တာနဲ့ မိဘတွေဖြစ်စေချင်ခဲ့တာတစ်ထပ်တည်း မကျခဲ့မှန်းသိခဲ့ရတယ်။ အင်တာဗျူးဖြေပြီးလို့အပြန် ” မိုးဇက် ” ဆိုတဲ့ကွန်ပျူတာ ဆိုင်ကို မိတ္တူကူးဖို့သွားခဲ့တယ်။ သူကကျနော့ မှတ်ပုံတင်ကိုကြည့်ပြီး လီဆူစကားလာပြောတော့မှ လီဆူဆိုင်မှန်း သိခဲ့တယ်။ ကျနော် အရင်စပြီး သူ့ကို ” ပညာသင် (တပည့်) လူမလိုဘူးလား” လို့မေးခဲ့တယ်။ သူကလည်း ဖော်ရွယ်စွာနဲ့ ” လူလိုတယ် စိတ်ဝင်စားရင်လာခဲ့လေ” တဲ့။ ဆရာ မိုးဇက် ဆီမှာ ကျနော် (၁) နှစ်ကျော် အလုပ်သင် လုပ်ရင်း ဆရာမိုးဇက်က သူလုပ်ငန်းပြောင်းမှာမလို့ ဒီဆိုင်ကို ကျနော့ကို အကြွေးစနစ်နဲ့ရောင်းပေးခဲ့ပါတယ်။ အဲဒီကနေ ကျနော်စိတ်ပါပြီး ကျနော်ဝါသနာပါတဲ့ ကွန်ပျူတာ မိတ္တူလုပ်ငန်းကို လုပ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

(၅) လီဆူတိုင်းမ်စ် စာဖတ်သူ ကိုယ်နဲ့ရွယ်တူ လူငယ်တွေအတွက် ကိုယ့်အတွေ့အကြုံ အရ စကားလက်ဆောင်လေးပြောပေးပါ။

လူငယ်တွေ ငယ်စဉ်ခါ ပညာသင်ပါ။ ဘွဲ့ရအောင်လုပ်ပါ။ ပြီးရင်အလုပ်လုပ်ပါ။ အလုပ်လုပ်ရင် စိတ်မလည်ပါဘူး။ ရပ်ရွာ အသိုင်းအဝန်းမှာ ဂုဏ်လည်းရှိတယ်။ အတွေ့အကြုံတွေလည်း အများကြီးရတယ်။ တစ်ချိန်ချိန် မှာလုပ်ငန်းတစ်ခုခုကို ကိုယ်ကိုယ်တိုင် ဦးစီးဦးဆောင်လုပ်ရချိန်တွင် အများကြီး အထောက် အကူပြုပါလိမ့်မယ်။ ဒီအလုပ်ကို ကိုယ်အကယ်စိတ်ပါလို့လား၊ ရေရှည်အထိ လုပ်နိုင်ရဲ့လား သုံးသပ်ပါ။ နောင်ခါ လာနောင်ဈေး ဆိုပြီးတွေ့ကရာကျပန်းအလုပ်မျိုးမလုပ်စေချင်ဘူး။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်ကိုယ်တန်ဖိုးထားတတ်ပါစေ။ အချုပ်က ဘုရားကို ကိုးစားပါ။ စိတ်ထားကောင်းအောင်ထားပြီး အလုပ်ကို ပီပီပြင်ပြင် ကြိုးစားပါ။ ခုလို ကျွန်တော့်ဘဝနဲ့ အလုပ်အကြောင်း ဖြေခွင့်ရရှိအောင် အင်တာဗျူးပေးတဲ့ လီဆူတိုင်းမ်စ် ကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။ အားလုံးအပေါ် ဘုရားကောင်းကြီးပေးပါစေ…..။

မေးမြန်းသူ..ချစ်သော ကိုဂျေ(လီဆူတိုင်းမ်စ်)

Leave a Reply

Your email address will not be published. Required fields are marked *