ဒေါ်အေးအေးမူ (သို့) ပြိုကျတော့မယ့်ငြမ်း (သို့) အသိအမှတ်အပြုမခံခဲ့ရတဲ့သူရဲကောင်းများ

1980…
မြစ်ကြီးနားမြို့ အားဆာဆိုတဲ့ လီဆူးရွာကလေးက လာကွားလို့ခေါ်တဲ့ လီဆူးတိုင်းရင်းသားတစ်ဦးဟာ မိုးကုတ်မှာပတ္တမြားပွင့်တယ် သိပ်အများ ကြီးမဟုတ်ပေမယ့် အဲဒီ့ခေတ်အခါကတော့ မနည်းဘူးပေါ့။

ငွေစလေးရွှင်လာတဲ့ကိုလာကွားကသူငယ်ချင်းဗမာတစ်ဦးရဲ့ အောက်ပိုင်း ဒေသကို ဗဟုသုတ အလည်လိုက်သွားရင်း အောက်ပိုင်းသူ အေးအေးမူ ဆိုတဲ့ ချောချောလှလှဗမာမလေးနဲ့တွေ့တယ်။

ဗမာဆိုပေမယ့် စစ်စစ်တော့မဟုတ် အေးအေးမူရဲ့အဖိုးကလည်း လီဆူ တိုင်းရင်းသားတစ်ဦးဖြစ်တော့ အမျိုးတော်တယ်ဆိုရင်လည်းရတယ် ဆိုပါတော့ ဒီလိုနဲ့ ၁၀တန်းတစ်ခါကျထားပြီး ဆက်ဖြေဖို့ပြင်ဆင်နေတဲ့ ဗမာမလေး မအေးမူဟာ ကချင်ပြည်နယ်သား လီဆူတိုင်းရင်းသား ကိုလာကွားရဲ့ တော်ကီအောက်မှာကျဆုံး အကြီးအကျယ်မင်္ဂလာဆောင် မောင့်မျက်နှာတစ်ရွာလို့မှတ်ကာ ကချင်ပြည်နယ်က လီဆူရွာလေးကို လိုက်ခဲ့ရောဆိုပါတော့။

သူနေတဲ့အိမ်ရဲ့ကပ်ရက်က အမကကျောင်း အဲဒီ့ကျောင်းကလည်း ဆရာမမြဲ မမြဲဆို ကျောင်းသား ၅၀ မှဆရာတစ်ဦးရတဲ့ခေတ်လေ မြို့နဲ့အလှမ်းဝေးလွန်းပြီး လူပြတ်တဲ့တောကြိုတောကြားမှာ ရှိတဲ့ကျောင်း ဆိုတော့လည်း ဘယ်ဆရာ ဆရာမက လာချင်မှာတဲ့တုန်း ပြီးတော့ အဲဒီ့တုန်းက ရပ်ထဲရွာထဲမှာ ၄တန်းထိ တက်ဖူးသူရှားမှရှား ၇တန်းလောက်အောင်ထားရင် အစိုးရ ရုံးတစ်ရုံးရုံးမှာအောက်ခြေ ဝန်ထမ်းရပြီ ၁၀တန်း လောက်တက်ဖူးရင်တောင် စာရေးလျှောက်လို့ရတဲ့ ခေတ်ကိုး။

ပြီးတော့ဆရာ ဆရာမတွေရဲ့လစာကလည်း ကြည့်ဦး မက်လောက်စရာတကွက်မှမရှိ တက်လမ်းကလည်းနတ္ထိ တော်ရုံတန်ရုံ ဝါသနာကြီးသူမှ မဟုတ်ရင် ဘယ်သူကမှစိတ်ကူးမယဉ်ကြတဲ့ အလုပ် မနက်ဆို ရွာထဲက ကလေးတွေက လွယ်အိပ်လေးတွေလွယ်ပြီး ကျောင်း ကိုလာ ရုံးခန်းထဲက စပါးနှံနဲ့ဆပ်သွား အလံတော်ကိုထုတ်ပြီး တိုင်မှာ လွှင့်ထူ ကိုယ့်ဟာကိုယ် Assembly လုပ် ပြီးတာနဲ့ တကျောင်းလုံး ကျောင်းရှေ့ထွက်ပြီး အပင်တွေဖုံးနေတဲ့ လှည်းလမ်းလေးကို ဒီနေ့ မာ့ဖာ(ဆရာ) လာမှာလား မလာဘူးလား မျှော်လင့်ချက်တွေနဲ့ ငေးကြည့် ဟိုးအပင်အုပ်အုပ်တွေကြားက စက်ဘီးစုတ်ကလေး ဂျောက်ဂျက် ဂျောက်ဂျက် နဲ့ပြပြလေး မြင်ရပြီဆိုတာနဲ့ ဟေးကနဲ ဝိုင်းအော်ပြီး ပြေးကြို။

ညနေစောင်းလို့မှ မလာတော့ရင် သက်ပြင်းချပြီး လွယ်အိပ်လေးတွေ ပြန်လွယ် အလံကိုပြန်ချခေါက်သိမ်း ပြီး အိမ်ကိုငိုက်စိုက် ငိုက်စိုက်နဲ့ပြန် ဒါတွေ နေ့စဉ်မြင်နေရတော့ အေးမူဆိုတဲ့သူမ ဘယ်လိုမှမနေနိုင်တော့ ဘူး ၁၀တန်းထိတက်ထားတဲ့ပညာ ဒီမှာမသုံးရင် ဘယ်မှာသုံးမလဲ ကဲ ကလေးတွေ မပြန်ကြနဲ့ ဆရာတွေမလာလည်း အားမငယ်နဲ့ ငါသင်ပေး မယ်ဆိုပြီး ဝင်သင်ပေးရင်းနဲ့ လုပ်အားပေးဆရာမဘဝ ရောက်ရော ဆင်းရဲတဲ့ရွာကလေးဆိုတော့ ကိုယ့်ဟာကိုယ် မနေနိုင်မထိုင်နိင် ဝင်လုပ် မိတဲ့သူမ တွက် ထောက်ပံ့ကြေးဆိုပြီး တစ်လ ၁၀၀ တော့ပေးပါရဲ့ ဒါပေမယ့် အဲဒါကလည်း ရတချက် မရတချက်။

သူမအတွက်ကတော့ ရလည်းယူမယ် မရလည်းဘာမှမဖြစ် မနက်အစော ကြီးထ ချက်စရာရှိတာချက် လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ ၈နာရီထိုး တာနဲ့ အဖြူအစိမ်းလေးဝတ်ကျောင်းရောက် သင်စရာရှိတာသင်နေရရင်ပျော်ပြီ
ဒီလိုနဲ့ အမည်ခံဆရာတွေရောက်လာ အချိန်တန်ပြောင်းသွား ကျောင်းနံရံ မှာကပ်ထားတဲ့ အမည်တွေသာတိုးလာတယ် ဒေါ်အေးမူကတော့ ပင်တိုင်

1987 ..
ဒေါ်အေးအေးမူအတွက် အခွင့်အရေးတစ်ခုရလာတယ် အထွေထွေလုပ်သားဆိုတဲ့ရာထူး။

အထွေထွေကိုခန့်ထားရတဲ့ ရည်ရွယ်ချက်က ဒီလိုဆရာလိုအပ်ချက် ရှိတဲ့ကျောင်းတွေမှာ သင်ကြားရေးကို ဝိုင်းကူဖို့ ဆရာမလိုတဲ့ကျောင်းတွေ အတွက်တော့ ရုံးလုပ်ငန်းတွေ လုပ်ဖို့ ဒါပေမယ့် ဆရာမလိုတဲ့ကျောင်းဆိုတာ မရှိသလောက် ကျောင်းတိုင်းမှာ ဒေါ်အေးအေးမူတို့လို အနစ်နာခံစာသင်ပေးနေတဲ့ မိဘခန့်ဆရာမလေး တွေအများစု အထွေထွေလုပ်သား ဆိုတဲ့အခေါ်အဝေါ်နဲ့ အစိုးရခန့်တွေ ဖြစ်လာကြတယ်။

ရပ်ရွာက ထောက်ပံ့နေရတဲ့ ငွေကြေး သက်သာသွားပေမယ့် ဒေါ်အေးမူ အတွက်တော့ တာဝန်ကပိုကြီးလာတယ် အရင်ကမိဘခန့် အခုကအစိုးရ ခန့် ဒါပေမယ့် အရင်က မိဘခန့်ပေမယ့် ဆရာမနာမည်ရသေးတယ် အခု အစိုးရလစာရပေမယ့် အထွေထွေလုပ်သားဆိုတဲ့ နာမည်က ရင်ထဲမှာ ဘာလိုလို…
ဒီကြားထဲ..အဆင့်အတန်းခွဲခြားတတ်တဲ့ ဆရာ ဆရာမမျိုး ကျောင်းအုပ် မျိုးနဲ့ ကြုံရရင် သူအလုပ်ထွက်ချင်စိတ်တွေ ဖြစ်ဖြစ်လာတယ်။ ထွက်ဖို့ လည်းမကြာခဏ ကြိုးစားကြည့်တယ် သူ့အမျိုးသား ဆွေမျိုးတွေက လည်း ထွက်စေချင်တယ်။ ဟုတ်တယ်လေ ဒီလစာလောက်က အပြင်မှာ ဘယ်လိုရှာရှာရနေတာကိုး။

ပန်းရန် နောက်လိုက် တစ်ရက် ၁၅ကျပ် တစ်လ ၄၅၀ ရနေတဲ့အချိန် သူ့ရွာနဲ့ကပ်နေတဲ့ ချောင်းကလေးကိုကျော်ပြီး မီးသွေးသွားဖုတ်ရင်တောင် တစ်နှစ် သောင်းချီဝင်နေတဲ့အချိန် အထွေထွေဆိုတဲ့နာမည်နဲ့ တနေ့လုံး ပါးစပ်ပြဲအောင် အော်ဟစ်ပြီး သင်မှရတဲ့လစာက တစ်လ ၁၅၀ တဲ့လေ။

ဒါပေမယ့် အလုပ်ထွက်ဖို့ သူတွေးလိုက်တိုင်း သူ့ခေါင်းထဲမှာ ကလေးတွေ ရဲ့ မျက်နှာလေးတွေ အစီအရီ ပေါ်လာတယ် ဆရာတွေက အင်အားနည်း တယ် ပြီးတော့ မိုးအရမ်းရွာတဲ့အချိန်မျိုး နိုင်ငံရေးအခြေအနေမကောင်း တဲ့အချိန်မျိုး ဆရာ/မတွေ ဖျားနာချိန် သင်တန်းတွေတက်နေရချိန်မှာ ဒီကျောင်းကို အမာခံစောင့်ရှောက်မယ့်သူတစ်ယောက် လိုကိုလိုတယ် အဲဒီ့သူဟာ သူကလွဲပြီးဘယ်သူရှိအုန်းမှာတဲ့လဲ။

သူ့ကျောင်းကိုလာသမျှ ဆရာ/မတွေကို သူကဒိုင်ခံချက်ကျွေးတယ်။အနစ်နာခံတယ် ပြောင်းသွားကြတယ် အနှစ်ချုပ်တော့လည်း နောက်ဆုံးမှာ သူရယ် ကျောင်းရယ်ပဲ ကျန်ခဲ့တာပါပဲ။

လစာလေးနှစ်ပဲတပြားနဲ့ ကျောင်းထားခဲ့ရတဲ့သမီးလေး အချိန်တန်ဘွဲ့ရ တော့ နေ့စားဆရာမတွေခေါ်နေတဲ့ အချိနိနဲ့တိုက်ဆိုင်လို့ အားရဝမ်းသာ ဝင်ဖြေစေခဲ့တယ် နှစ်ပေါင်းများစွာ အနစ်နာခံခဲ့တာတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ သူ့သမီးလေးကိုရွေးချယ်ကြမှာပဲလို့ ပညာရေးဌာနက လူကြီးတွေကို ယုံကြည်ခဲ့ပေမယ့် သူယုံကြည်သလိုဖြစ်မလာခဲ့ဘူး။

အထွေထွေရဲ့သမီးလေးတစ်ယောက်က မူပြလေးတောင် ဖြစ်ခွင့်မရတော့ သူအကြီးအကျယ် ဝမ်းနည်းကြေကွဲခဲ့ရတယ် ဒါပေမယ့် သူ့ရဲ့ခံစားချက် တွေကို ဘယ်သူကမှ အရေးတယူ သတိမထားခဲ့ကြပါဘူး။

သိတ်မကြာခင်ရက်ပိုင်းကပဲ ဆရာ ဆရာမတွေရဲ့ လစာတွေ ရပိုင်ခွင့် တွေတိုးတော့မယ်ကြားတော့ သူအရမ်းဝမ်းသာမိခဲ့သေးတယ် နှစ်ပေါင်း များစွာသူရင်းနှီးမြုတ်နှံထားခဲ့ရတာတွေ အခုတော့ အကျိုးခံစားရတော့ မယ်ပေါ့ ဒါပေမယ့် အထွေထွေသည် သင်ကြားရေးဝန်ထမ်းမဟုတ် ရုံးဝန်ထမ်းသာဖြစ်၍ အကျုံးမဝင်ဘူးဆိုတော့…

ခုတော့ သူစိတ်လျှော့လိုက်ပါပြီ သူစိတ်နဲ့သူ သူ့ဆုံးဖြတ်ချက်နဲ့သူ ဒီဘဝ ကိုရွေးချယ်ခဲ့တာပဲလေ ဒီအခွင့်အရေးတွေ လိုချင်လိုမှမဟုတ်တာ
အရင်က ရွှံ့တွေဗွက်တွေ ပြည့်နေတဲ့ ကျောင်းရှေ့လမ်းမကြီးကလည်း ခုဆိုကတ္တရာခင်းလမ်းကြီးတောင်ဖြစ်သွားပြီ။

ထရံစုတ် သက်ငယ်အပေါက်အပြဲနဲ့ တဲစုတ်သာသာ နွားတင်းကုတ်ပုံစံ သူ့ကျောင်းလေးကလည်း မူလွန်တောင်ဖြစ်နေပြီ အရင်တုန်းက သူတစ်ယောက်တည်းနဲ့ တန်းခွဲ ၅ခုစလုံးကို ဟိုပြေးလိုက် ဒီပြေးလိုက် မရပ်မနား သင်ခဲ့ရပေမယ့် ခုဆို ဆရာ ဆရာမတွေ တစ်ခန်း တစ်ယောက်နှုန်းနဲ့ အပြည့်ရှိနေပြီဆိုတော့ သူက လိုအပ်မှ KG ခန်း လောက် ကူညီရတဲ့ အခြေအနေဖြစ်လာပြီ။

60×30 p/s-1•3 တစ်ဆောင်
100×30 p/s 1.5 တစ်ဆောင်
အုပ်ရေတွင်း၊ လျှပ်စစ်မီး ထိန်ထိန်ညီးလို့ ဒီ့ထက်မက တိုးတက်လာဖို့ အလားလာတွေကလည်းကောင်းလို့ ၁၀တန်းကိုအပြင်ဖြေနဲ့ ပြန်ဖြေခဲ့ဆိုရင် အောင်မယ်ဆိုတာသိပေမယ့် ကလေးတွေ ရဲ့ပညာရေးကိုပဲ အာရုံစိုက် နှစိမြုတ်ခဲ့လို့ ၁၀တန်းကို မအောင်မြင်ခဲ့ရပေမယ့် သူသင်ခဲ့တဲ့တပည့်တွေထဲမှာ ၁၀တန်းအောင်တွေ ဘွဲ့ရတွေ ဌာနဆိုင်ရာမှာ ဝန်ထမ်းတွေတောင် အများ ကြီးပေါ်ထွက်ပြီး နိုင်ငံ့တာဝန် တောင်ထမ်းကုန်ကြပြီ။

လာမယ့် တစ်လနှစ်လဆို သူပင်စင်တင်ရတော့မယ် မကြာခင်လပိုင်း လောက်မှာ သူဒီကျောင်းကို စွန့်ခွာရတော့မယ် အထွေထွေလုပ်သား ဆိုတဲ့ ရာထူးမဟုတ်တဲ့ရာထူးနဲ့ သူထုတ်ယူခဲ့တဲ့ အနိမ့်ဆုံးလစာလေးနဲ့ ပါပဲ ဒါကိုလည်းသူက တန်တယ်လို့မှတ်ယူလျှက် ပါပဲ တပြားမှမရတဲ့ လုပ်အားပေးဆရာမတောင် လုပ်ခဲ့သေးတာပဲလေ ခုလိုပင်စင်လေးရမယ်လို့ စိတ်ကူးထဲမှာတောင် ယဉ်ခဲ့တာမှမဟုတ်တာ။

ဒီလိုနဲ့ပဲ…
ပညာရေးဌာနရဲ့ မထင်မရှား အမေ့ခံ ငြမ်းတစ်ခုဟာ မကြာခင်ကာလ တစ်ခု အတွင်းမှာ ဆွေးမြေ့ပါတော့မယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုငြမ်းလေးတွေ အမြောက်အများ ဆွေးမြေ့ခဲ့ပြီးပါပြီ လူမသိသူမသိပဲနဲ့ပေါ့။
တနည်းအားဖြင့် ဘယ်သူမှမသိလိုက်ကြတဲ့ သူရဲကောင်းတွေအဖြစ်နဲ့ပေါ့
မြန်မာတစ်နိုင်ငံလုံးမှ ငြမ်းများအား လေးစားဂုဏ်ပြုလျှက် –

(အတူလက်တွဲလုပ်ခဲ့ဖူးသော နိုင်ငံအပေါ် ရပ်ရွာနှင့် ပညာရေးဌာနအပေါ် တာဝန်ကျေသော ကျွန်တော့်အပေါ် ကျေးဇူးများလှသော မြစ်ကြီးနားမြို့ မူလွန်ပမ္မတီး ၂ မှ ဆရာမဒေါ်အေးအေးမူ (အထွေထွေ) အား ဤစာစု ဖြင့် ဂုဏ်ပြုအပ်ပါသည်)

ဦးငြိမ်းအေး
လ/ထ မြို့နယ်ပညာရေးမှူး မြစ်ကြီးနား

Leave a Reply

Your email address will not be published. Required fields are marked *