ဒေါက်တာ နောယော်ရဲ့ နှင့် စကားစမြည် (Interview with Dr. Naw Yaw Yet)

(၁) နာမည်ရင်း (စာရေးဆရာနာမည်)၊ မိဘအမည်၊ မွေးခုနှစ်၊ မွေးရပ်ဇာတိ၊ မိသားစုဝင်တွေရယ်၊ လက်ရှိအလုပ်အကိုင် နဲ့ နေရပ် ဖော်ပြ မိတ်ဆက်ပေးပါ။

ကျွန်တော့်နာမည်က နောယော်ရဲ့ပါ။ စာလည်း ရေးပါတယ်။ ကလောင် နာမည်တစ်ခုက မိုလာနော။ အဖေ ဦးဟီယော်ဆယ် နဲ့ အမေ ဒေါ်ယောထွေ တို့ရဲ့ သားဦး အားဖူပါ။ မွေးချင်း ကိုးယောက်ရှိပါတယ် .. ယောက်ကျား ခုနှစ်ယောက်ထဲမှာ အကြီးဆုံးပါ။ အခု MEGST ကျမ်းစာကျောင်းမှာ Head of Theological Studies Department မှာ တာဝန်ယူကာ စာသင်ပေးနေပါတယ်။ မွေးရပ်ဇာတိက ပူတာအို မူလာရှီးဒီ ဖြစ်ပါတယ်။ အခုတော့ ရန်ကုန် ရွှေဂုံတိုင်မှာ သားနဲ့ ဇနီး နဲ့ နေပါတယ်။

(၂) ဆရာက သီသြလော်ဂျီပညာရပ်မှာ Ph.D ဘွဲ့အထိ တက်ရောက်အောင်မြင်ခဲ့တာ သိရပါတယ်။ နောက်ဆုံးယူခဲ့တဲ့ ဘွဲ့အထိ အောက်ခြေကနေ တက်လာခဲ့တဲ့ကျောင်း၊ ဘွဲ့နဲ့ ခုနှစ်တွေကို ပြောပြပါလား။

ကျွန်တော်က Theological Studies မှာ Contextual Theology အထူးပြုနဲ့ PhD ဘွဲ့ ကို ရယူခဲ့ပါတယ် ၂၀၁၅ မှာ ပြီးခဲ့ပါတယ်။ ဆယ်တန်းကို ပူတာအိုမှာ တက်ပြီး တက္ကသိုလ်ကျတော့ Physics နဲ့ မြစ်ကြီးနား ဒီဂရီကောလိပ်မှာ တက်ခဲ့ပါတယ်။ BTh ဘွဲ့ကို ရန်ကုန် မှော်ဘီမြို့မှာရှိတဲ့ EBI မှာတက်တယ်။ MEGST မှာ MDiv ကို တက်ပြီး၊ MTh ကို ကျတော့ SAIACS, Bangalore မှာ ရခဲ့ပါတယ်။

(၃) Ph.D စာတမ်းရေးတဲ့အခါ ဘာအကြောင်းရေးဖြစ်ခဲ့သလဲ။ အဲဒီဘွဲ့အတွက် ဘယ်နှစ်နှစ်လောက် ကြာအောင် လေ့လာ သုတေသနပြု ရေးသားခဲ့ရပါသလဲ။ Ph.D ဘွဲ့ပညာရေးပုံစံက ဘယ်လို၊ ဘယ်ပုံဆိုတာ ဗဟုသုတအဖြစ် ပြောပြလို့ရမလား။

ကျွန်တော် PhD တက်တဲ့အခါ ထောက်ပံ့ကြေးအပြည့်အစုံရခဲ့ပါတယ်။ အဲဒါကြောင့် ငါးနှစ်ကြာအောင် စာတမ်းပြုစုခဲ့ပါတယ်။ မိသားစုနဲ့အတူ Manila မြို့မှာ နေပြီး AGST ကျောင်းမှာ တက်ခဲ့ပါတယ်။ စာတမ်းပြုစုတာကတော့ Theravada Buddhism and The Atonement of Christ ဆိုပြီး ရေးသားပြုစုခဲ့ရပါတယ်။ PhD တက်တော့ အဓိက ကတော့ စာတမ်းပြုစုတာ ဖြစ်ပါတယ်။ မသွားခင် ကတည်းက ကိုယ်ဘာလုပ်မယ် ဆိုတာကို ဆုံးဖြတ်ပြီးသားဆိုတော့ တကယ်တက်တဲ့အခါ ဘာမှ မခက်တော့ဘူး။ PhD က အမေရိကန်ပညာရေး စနစ်နဲ့ အင်္ဂလန်ပညာရေးစနစ်ဆိုပြီး ရှိပါတယ်။ အမေရိကန်က အတန်းတက်ရတယ်။ ပြီးမှ စာတမ်းပြုစုရပါတယ်။ အင်္ဂလိပ်ပညာရေးစနစ်ကတော့ အတန်းတက်စရာ မလိုပဲ စာတမ်းပဲ ပြုစုရတာပါ။ ကျွန်တော်တက်တာက အမေရိကန်ပညာရေး စနစ် ဆိုတော့ အတန်းတက်ရတယ်။ ကျွန်တော်က အတန်းအများကြီးကို တက်ခဲ့ရတယ်။ ကျူရှင်ကြေး ကင်းလွတ်ခွင့်ရထားတော့ အားတိုင်း အတန်းတက်ခဲ့ပါတယ်။ ပြီးမှ စာတမ်းရေးရပါတယ်။ စာတမ်းရေးတာကတော့ ဆရာရဲ့ လမ်းညွှန်မှုအောက်မှာ ကိုယ်စိတ်ဝင်စားတဲ့ အရာ တစ်ခုကို အသေးစိတ် ရေးရပါတယ်။ တော်တော်လေး ကြပ်ပါတယ်။ ဥပမာ ကော်မာတို့ ပုဒ်ထီးပုဒ်မက အစ စစ်ဆေး ခံရပါတယ်။

(၄) “သီသြလော်ဂျီ” ဆိုတဲ့အရာကို ဆရာရဲ့ ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်က ဘယ်လိုဖြစ်မလဲ။ ဘာကြောင့် သီသြလော်ဂျီ လေ့လာဆည်းပူးသင့်တယ်ဆိုတာကို သာမာန်လူတွေ နားလည်အောင် ပြောပြလို့ရမလား။

သီဩလော်ဂျီဆိုတာ ဓမ္မတွေးခေါ်ခြင်းလို့ ပြောကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ တွေးခေါ်ခြင်းဆိုတာ လူတစ်ယောက်ရဲ့ အဓိက အရေးပါတဲ့ အပိုင်းဖြစ်ပါတယ်။ လူတစ်ယောက် ဘုရားသခင်နဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားတယ်၊ ဘယ်လို ခံယူတယ်။ ပြီးတော့ မိမိဘဝကို ဘယ်လို ရှင်သန်တယ်ဆိုတာပါပဲ။ ဥပမာ လူတစ်ယောက်က စိတ်ဓါတ်ကျနေတယ် ကျရင်းကျနေတယ် ဆိုရင် သူ့သီဩလော်ဂျီမှာ တစ်ခုခု လိုနေပြီ။ လူတစ်ယောက်က ဘုရားကို မကြောက်ဘူးဆိုရင် သူက သီဩလော်ဂျီယံ မဖြစ်သင့်ဘူး။ မဖြစ်နိုင်ဘူး။ ကျွန်တော့်ဆရာက အမြဲပြောတယ်။ A Theologian is the one who prays. ဆုတောင်းတဲ့လူက သီဩလော်ဂျီပါပဲ တဲ့။ လူတိုင်း ဘုရားသခင်ကို ယုံကြည်တဲ့အတွက် လူတိုင်း သီဩလော်ဂျီကို လေ့လာသင့် ပါတယ်။ ဘုရားက ရိုးရိုးလေး ဘုရားမဟုတ်ပါဘူး။ တကယ် မြင့်မြတ်တဲ့ ရှုပ်ထွေးတဲ့ ဘုရားဖြစ်တဲ့ အတွက် ထို ဘုရားအကြောင်းလေ့လာတဲ့ အခါ ကိုယ့်ဉာဏ်လေးနဲ့ ရိုးရိုးလေး ဆုံးဖြတ်မယ် ဆိုရင် မှားသွားတတ်ပါတယ်။

(၅) Ph.D ဘွဲ့ရတဲ့အထိ ကြိုးစားလာခဲ့ရတဲ့ လမ်းကြောင်းတစ်လျှောက်၊ ကျောင်းသားဘဝမှာ အခက်အခဲဆုံးအရာတွေက ဘာတွေလဲ။ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါသလဲ။

ကျောင်းတဲ့တစ်လျှောက် အခက်ခဲဆုံးက စိတ်ဓါတ်ပါပဲ။ ကိုယ်က တိုင်းရင်းသားဖြစ်နေတော့ နောက်ဆုတ်ဖို့ပဲ စဉ်းစားတာ။ အိမ်ပြန်ချင်တယ် သီချင်းက အကြိုက်ပေါ့။ စိတ်ဓါတ်ကို မြင့်တင်ရတယ်။ ငါ ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်လေး ရှိရင် ရပြီ။ တခြား ဘာမှ မလိုပါဘူး။ ဘုရားကို ဆုတောင်းပြီး မိဘဆွေမျိုးတွေ အားပေးစကားနဲ့ အတူ ကိုယ့်စိတ်ဓါတ်ကို မြင့်တင်ပြီး ကြိုးစားရပါတယ်။

(၆) ကျမ်းစာကျောင်းမှာ စာသင်ပေးတဲ့အပြင် တစ်ခြားဘာအလုပ်တွေ လုပ်ဖြစ်ခဲ့သလဲ။ ရှေ့မှာ ဘာအလုပ်တွေ လုပ်ချင်ပါသလဲ။ ဆရာ့ရဲ့ လက်ကိုင် ဆောင်ပုဒ်တွေ ရှိရင်ပြောပြလို့ရမလား။

ကျမ်းစာကျောင်းမှာ စာသင်ပါတယ်။ တခြားအလုပ်တွေလည်း မဖြစ်စလောက်လေးတွေ လုပ်ပါတယ်။ တစ်ခုကတော့ Oxford Research Center မှာ Research Assistance အနေနဲ့ လုပ်ပါတယ်။ ဘာတွေ လုပ်ချင်သလဲဆိုတော့ သူများ မလုပ်တဲ့ အလုပ်တွေ လုပ်ချင်တယ်။ ဆောင်ပုဒ်ကတော့ He who never fails, will never succeed. ဘယ်တော့မှ မကျဆုံးတဲ့လူက ဘယ်တော့မှလည်း မအောင်ဘူး တဲ့။

(၇) ကနေ့ တက်သစ်စ လူငယ်တွေကို ဘာသတင်းစကားပေးချင်ပါသလဲ။

လူငယ်တွေကို အားပေးချင်တာက ကိုယ်လုပ်ချင်တာကို လုပ်ကြပါ။ သူများ ခိုင်းတာ၊ သူများလုပ်တာ မလုပ်ပါနဲ့ လို့ပဲ ပြောချင်တယ်။

ချစ်သော <<<ကိုဂျေ>>>

၂၁၊ ဇန်နဝါရီလ၊ ၂၀၂၁

Leave a Reply

Your email address will not be published. Required fields are marked *