တရားမျှတမှု နဲ့ မြန်မာ့အရေး

တရားမျှတမှုရှိတဲ့အခါ လူ့အသိုင်းအဝန်းက တည်ငြိမ်မှု၊ သုခချမ်းသာ၊ စိတ်ကျေနပ်မှု ခံစားကြရပါတယ်။ တရားမျှတမှု မရှိတဲ့အခါမှာတော့ မကျေနပ်မှု၊ သူပုန်ထမှု နှင့် ဆူပူ တော်လှန်ရေးများ ဖြစ်ပေါ်စေပါတယ်။ ဒီတော့ လူ့အသိုင်းအဝန်းအတွက် တရားမျှတမှုဟာ အရေးကြီးတယ်ဆိုတာ ရိပ်မိလောက်ပါပြီ။

ဒါပေမယ့် တရားမျှတမှုဆိုတာဘာလဲ။ တရားမျှတမှုလို့ လူတွေပြောကြတဲ့အခါ ဘယ်လိုအခန်းကဏ္ဍတွေ ပါဝင်နေပါသလဲမေး စရာဖြစ်လာပါတယ်။ လူသားမျိုးနွယ်တွေက တရားမျှတမှုလို့ပြောကြတဲ့အခါ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု၊ အသိုက်အဝန်း တစ်ခုနဲ့တစ်ခု ဖွင့်ဆိုပုံတွေက အနည်းနဲ့အများခြားနားပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးက လူသားမျိုးနွယ်တွေရဲ့ တရားမျှတမှုကို ဖွင့်ဆိုတဲ့ အချက်အလက်တွေကို ဘုံသဘောယူပြီး လေ့လာတဲ့အခါ အမျိုးတရားမျှတမှု အမျိုးအစား (၄) မျိုးတွေ့ရပါတယ်။ ဒီလေးမျိုးစလုံးက လူမှုစီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ နှင့် မှုခင်းဆိုင်ရာတို့မှာ လက်တွေ့အသုံးတည့်ပါတယ်။

(၁) ဝေခြမ်းရေးနှင့်ပတ်သက်သော တရားမျှတမှု
ဒေသတစ်ခု၊ အသိုင်းအဝန်းတစ်ခုမှာ ရနိုင်တဲ့ အရင်းအမြစ်၊ အကျိုးအမြတ်တွေကို သက်ဆိုင်သူတွေ မျှတစွာ ဝေခြမ်းရယူရေးကိုဆိုလိုပါတယ်။ တစ်နည်းအားဖြင့် စီးပွားရေးဆိုင်ရာ တရားမျှတမှုလို့ ညွှန်းခေါ်ကြပါတယ်။ ဒီနေရာမှာ အကျိုးအမြတ်ကို တရားမျှတစွာ ဝေခြမ်းကြရမယ်ဆိုတာကို လူတိုင်းသဘောတူပေမယ့်၊ အတိအကျဘယ်လို ဝေခြမ်းရမလဲဆိုတဲ့အခါကျတော့ ကွဲလွဲစွာနားလည် လက်ခံကြပါတယ်။ လူတစ်ယောက် အလုပ်လုပ်တာနဲ့အညီ အကျိုးခံစားခွင့်ရမယ် ဆိုတာက တစ်ဖွဲ့၊ ဘယ်လောက်လုပ်လုပ် မဆိုင်ဘူး၊ လူတစ်ယောက်ဆိုရင် တစ်ယောက် တန်းတူအကျိုးခံစားရမယ် ဆိုတာကတစ်ဖွဲ့၊ လိုအပ်ချက်အလိုက်ပဲ အကျိုးခံစားခွင့်ကွဲပြားသင့်တယ် ဆိုတာကတစ်ဖွဲ့ ထွက်လာပါတယ်။ အရေးကြီးတာက လူ့အသိုင်းအဝန်းက လက်သင့်ခံကြတဲ့ ဝေခြမ်းပုံဖြစ်ဖို့လိုပါတယ်။ မဖြစ်ခဲ့ရင် ဆူပူတော်လှန်မှုတွေ ဖြစ်ပေါ်မှာပါပဲ။

(၂) လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်သော တရားမျှတမှု
ဒီတစ်ခုကတော့ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်တွေမှာ လူတိုင်းအတွက် မျှတဖို့လိုပါတယ်။ လုပ်ထုံးလုပ်နည်းထဲမှာ တစ်ချို့ကို ပစားပေးထားပြီး၊ တစ်ချို့သောသူတွေအတွက် တမင်တကာ ခက်ခဲစေတာ၊ ကန့်သတ်ထားတာမျိုးဆိုရင် မကျေနပ်မှုနဲ့ တော်လှန်ပုန်ကန်မှု ရှိမှာပါပဲ။ စည်းမျဉ်းတွေ၊ လုပ်ထုံးတွေက ဘယ်သူ့ကိုမှ ဘက်မလိုက်ဘဲရှိနေမှ တရားမျှတတယ်လို့ ယူတာမျိုးပါ။ လုပ်ထုံးတွေက မျှတတယ်၊ ဘက်မလိုက်ဘူးလို့ ခံစားရတယ်ဆိုရင် ရလဒ်ကို မကြိုက်ပေမယ့် လူတွေက လက်ခံနိုင်လေ့ရှိပါတယ်။ မျှတတဲ့ ဥပဒေတွေ၊ လုပ်ထုံးတွေက မကျေနပ်မှု၊ ဆူပူမှုအများပိုင်းကို ချုပ်ငြိမ်းစေနိုင်ပါတယ်။

(၃) လက်စားချေရေးနှင့်ပတ်သက်သော တရားမျှတမှု
သူများကိုနစ်နာစေခဲ့သလို၊ သူ့ကိုလည်း ပြန်လုပ်မှ မျှတတယ်ဆိုတဲ့ သဘောထားကိုအခြေခံပါတယ်။ အရေးယူ အပြစ်ပေးမှုလို့ဆိုနိုင်ပါတယ်။ တူညီသောအတိုင်းအတာနဲ့ ပြန်လည်လက်စားချေ တုံ့ပြန်မှုခံရမယ်ဆိုတဲ့အသိကြောင့် နောင်မှာ မတရားတာ မလုပ်မိစေတာမျိုး၊ ပတ်ဝန်းကျင်ကိုလည်း ဟန့်ပေးတာမျိုးဖြစ်စေတယ်လို့ ခံယူကြပါတယ်။ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားမှုတွေအတွက် အပြစ်ပေးအရေးယူမှု (တူညီသော လက်စားချေမှု) ရှိခြင်းအားဖြင့် အသိုက်အဝန်းမှာ ကျေနပ်မှုနှင့် ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေပါတယ်။

(၄) ကုစားရေးနှင့် ပတ်သက်သော တရားမျှတမှု
လက်စားချေမှုရဲ့ အကျိုးအပေးဆုံး ပုံစံတစ်ခု ဖြစ်တယ်လု့ိ မြင်ကြပါတယ်။ ထိခိုက်နစ်နာစေသူကို ပြန်လည်ထိခိုက်စေရုံမျှဖြင့် နစ်နာသူအဖို့ တရားမျှတတယ်လို့ မဆိုနိုင်သေးပါ။ နစ်နာသူအတွက် ပြန်လည်ထူထောင်မှုအစီအစဉ် လိုအပ်ပါတယ်။ နစ်နာမှုအတွက် ကုစားမှု မပါဘူးဆိုရင် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးသို့ မလှမ်းရောက်နိုင်ပါဘူး။

တရားမျှတမှုလို့ ပြောတဲ့အခါ အထက်ပါ (၄) မျိုးစလုံးကို နားလည်တာ၊ ကျင့်သုံးတာ မရှိဘူးဆိုရင် ဘက်လိုက်မှုပဲဖြစ်မှာပါ။ ပိုမိုဆိုးရွားသော စိတ်ဒဏ်ရာတွေနဲ့ ခါးသီးမှုတွေ၊ မကျေနပ်မှုတွေ၊ ဆူပူ တော်လှန်မှုတွေ ဆက်ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ တရားမျှတမှုဆိုင်ရာ သုံးသပ်ချက်
မြန်မာ့နိုင်ငံရေးဟာ တရားမျှတမှုကျဆုံးတဲ့ နိုင်ငံရေး၊ အကျိုးဆက်အနေနဲ့ ဆူပူတော်လှန်မှု နိုင်ငံရေးပဲဖြစ်နေပါတယ်။ ပြသနာက တရားမျှတမှု ပြဿနာပဲဖြစ်ပါတယ်။ ဖြေဖို့ကတော့ အထက်ပါ တရားမျှတမှု (၄) မျိုးစလုံးကို နားလည်ကျင့်သုံးရမှာဖြစ်ပါတယ်။

ပြည်သူ့ပါတီ၊ ပြည်သူ့အစိုးရလို့ ကြွေးကြော်ထားတဲ့ အန်အဲလ်ဒီအစိုးရကာလမှာ (၂၀၁၅-၂၀၂၀)၊ တရားမျှတမှု ပြဿနာတက်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ တရားမျှတမှု အမျိုးအစား (၄) မျိုးစလုံး မလုပ်နိုင်ခဲ့ပါဘူး။ ပေးထားချက်မှာ လုပ်လို့မရတာရှိနိုင်ပေမယ့်၊ လုပ်လို့ရတာကိုလည်း မလုပ်ခဲ့ဘူးလို့ ဒဲ့သုံးသပ်လိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်သင့်မြတ်ရေးကိုချည်း ပြောဆိုခဲ့ပါတယ်။ မြန်မာ့ရေခံမြေခံ စကားလုံးကတော့ “ရင်ကြားစေ့ရေး” ဖြစ်ပါတယ်။ ဒါကိုပဲ တရားမျှတမှုလိုလို၊ သဘောထားကြီးတာလိုလို ပုံကြီးချဲ့နေခဲ့ပါတယ်။ တရားမျှတခြင်းအမျိုးအစား (၄) မျိုးကို မလုပ်ခဲ့တော့ နစ်နာသူတွေက အောင့်သက်သက်ကြီး ခံစားခဲ့ကြရပါတယ်။ တော်လှန်ရေးတစ်လျှောက် လက်တွဲခဲ့တဲ့ ရပ်တည်မှု မှန်ကန်တဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ကတောင် ရင်ခံရတာ တကယ်ရှိနေခဲ့ပါတယ်။

နိုင်ငံအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသအဆင့်အထိ နိုင်ငံရေးဦးဆောင်သူတွေက တရားမျှတမှုကို မဖော်ဆောင်ဘဲ၊ ကလိမ်ကကျစ်တွေ လုပ်နေသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အမှန်တရားဘက်တော်သား၊ ၂၀၀၈ ခြေဥကို လုံးဝလက်သင့်မခံခဲ့တဲ့ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်က မြန်မာ့နိုင်ငံရေးကို ” မင်းတို့နိုင်ငံရေးက ပျက်မှာပဲ။ တစ်အချက် မရိုးသားဘူး။ နှစ်အချက် ကျေးဇူးရှိသူကို မဖော်ပြရဲဘူး” လို့ သုံးသပ်ပြခဲ့ပါတယ်။

သေချာကြည့်ပါ။ နိုင်ငံတော်အဆင့်မှာ တိုင်းနှင့်ပြည်နယ်တွေကထွက်တဲ့ သယံဇာတ အကျိုးအမြတ်ဝေခြမ်းရေး မလုပ်ခဲ့ဘူး။ ဘက်လိုက်ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို မပြင်ဆင်နိုင်ခဲ့ဘူး။ ပြစ်မှုကျူးလွန်ထားတဲ့သူတွေကို အရေးယူအပြစ်ပေးမှုတွေ တစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ တောင်းပန်သံလည်း တစ်ခွန်းတစ်ပါဒမျှ မရှိပါဘူး။ ( နေဝင်းကအစ သန်းရွှေအထိ၊ အခုတော့ မင်းအောင်လိုင်ပေါ့)။ နစ်နာသူတွေကို ကုစားပြန်လည်ထူထောင်ရေး တွေမလုပ်ပေးခဲ့ဘူး။ ၈၈ ဒီမိုကရေစီအရေးအခင်းကစလို့ ဘဝပျက်ခဲ့ရတဲ့သူတွေ၊ ဘဝဆုံးခဲ့ရတဲ့သူတွေကို နိုင်ငံတော်အဆင့် ဂုဏ်ပြုပွဲတွေ၊ ကျန်ရစ်မိသားစု အတွက် ထောက်ပံ့ရေးအစီအစဉ်တွေ၊ သူတို့သားသမီးတွေအတွက် အခွင့်အလမ်းဖန်တီးပေးတာတွေ မလုပ်ခဲ့ပါဘူး။ အနိုင်ငံအဆင့် ဂုဏ်ပြုတာမလုပ်ခဲ့တဲ့အပြင် ၈၈၈၈ အထိမ်းအမှတ်ပွဲတွေကိုတောင် နှောက်ယှက်ခဲ့ပါသေးတယ်။

ဟံသာဝတီဦးဝင်းတင်ရဲ့ စကားကိုပြန်ပြောရရင် “ဒီတိုင်းပြည်မှာ တပ်ရဲ့ကျေးဇူး မူးလို့တောင်ရှူစရာတောင် မရှိဘူး” အာဏာသိမ်း တပ်ဗိုလ်ချုပ်တွေ၊ စစဗိုလ်ချုပ်တွေစိုက်ထူခဲ့တဲ့ အတွေးအခေါ်၊ လုပ်ဆောင်မှုအရာမှန်သမျှကို အဆုံးသတ်လိုက်ရမယ်။ အာဏာရှင်တွေရဲ့ ကျေးဇူးကြီးမားသယောင်ယောင် ဖော်ပြထားတဲ့၊ သူတို့ နာမည်တွေကပ်ထားတဲ့ လမ်း၊ တံတား၊ အဆောက်အဦးတွေ၊ အထင်ကရနေရာမြေတွေကနေ သူတို့နာမည်ပြားတွေ ခွာထုတ်ဖယ်ရှားပစ်ရပါမယ်။ ဒါဟာ တရာမျှတဖို့အတွက် ကျူးလွန်သူတွေကို အရေးယူရေး၊ နစ်နာသူတွေအတွက် ကုစားရေးထဲက တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီအစား အာဏာရှင်တော်လှန်ရေးမှာ ကျဆုံးသူရဲကောင်းတွေကို လူ့အသိုင်းအဝန်းမှာ အမြဲတမ်း အမှတ်ရစေဖို့၊ သူတို့ကိုဂုဏ်ပြုပြီး နောက်မျိုးဆက်သစ်တွေ အာဏာရှင်ကို စက်ဆုပ်ရွံရှာအောင် လုပ်ဖို့လိုပါတယ်။ အာဏာရှင်တွေနာမည်ပျက်၊ သမိုင်းသေသွားစေရမယ်။

တကယ်တော့ ဒီလိုကိစ္စတွေ ပျက်ကွက်နေတဲ့ နိုင်ငံရေးလမ်းကြောင်းဟာ သန္ဓေမမှန်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သားလျှော မွေးခဲ့တာပါပဲ။ အကြိမ်ကြိမ် နစ်နာသူကတော့ ပြည်သူပဲပေါ့။ ဒီတစ်ကြိမ်မှာတော့ ဘာလုပ်မလဲ။ အမှားကိုထောက်ပြတာက အပြစ်တင်တာချည်းလို့ မြင်ရမှာ မဟုတ်ဘဲ၊ ရှေ့ဆက်နိုင်ငံရေး ခြေလှမ်းတွေမှာ အမှားပြင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ မြန်မာပြည်မှာ တရားမျှတမှုဆိုင်ရာ ပြဿနာထုပ်ကို ဖြေရှင်းနိုင်ပါစေ။ တရားမျှတမှုသာရှိရင် ဆူပူတော်လှန်မှုတွေလည်း ချုပ်ငြိမ်းမှာ အမှန်ပါပဲ။ ငြိမ်းချမ်းပါစေ မြန်မာပြည်။

ကိုးကား- https://www.beyondintractability.org/essay/types_of_justice

Leave a Reply

Your email address will not be published. Required fields are marked *