တစ်နေ့မှာ …

ဧပြီလ ၂၀ ရက်နေ့မနက်ခင်းမှာ ဆရာကြီးဆီက ဖုန်းဝင်လာပါတယ်။ ဘာကိစ္စများဖြစ်မလဲလို့ ကောက်ကိုင် လိုက်တော့၊ “မိသားစု အတွက် ဆန်တစ်အိတ်လာယူပါ” တဲ့။ ဘယ်သူက လှူသလဲ လို့မေးမိ တော့၊ “ကျောင်းသားဟောင်း ကိုမိုး (အမည်လွှဲ) အဆက်အစပ်နဲ့ ကျောင်းမိသားစုတွေအတွက် ဆန်အိတ် ၃၀ ရောက်လာတာ” လို့ဆို ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့လုပ်နေတဲ့အလုပ်မှာ စိတ်ထက် တန်အားပေး သူတွေ ရဲ့ လှူစာတန်းစာ မှီခိုနေကြရတဲ့ သူတွေမို့ ကောင်းကင်က စီစဉ် ထောက်ပံ့ သော အရှင်ကို ကျေးဇူးတင်သလို၊ မြေပြင်ကအလှူရှင် တွေ အတွက်လည်း မေတ္တာပို့ ဆုတောင်း ပေးလေ့ ရှိပါ တယ်။ ဒါကြောင့်လည်း အလှူရှင်တွေကို မေးမိတာပါ။

အခုလို ကျောင်းလည်းပိတ်၊ အဆက်အသွယ်လည်းခက်၊ ထောက်ပံ့ငွေတွေထုတ်မရ၊ လူတွေသေကြေ ကြောက်လန့် ခေတ်အခါမကောင်းတဲ့ ကာလမှာ ဆန်တစ်အိတ်ဆိုတာ မိသားစု တစ်စုအတွက် တစ်လစာ ခိုင်မာလုံခြုံ စေမယ့် ထောက်ပံ့မှုမျိုးပါပဲ။ အခက်အခဲတွေကြားထဲမှာပဲ ထောက်ပံ့သောအရှင်က တကယ်အ လုပ်လုပ်နေတယ်လို့ ခံစားမိရပါတယ်။ မြေပြင်က လက်တွေ့လာပေးသူတွေကိုလည်း ကျေးဇူးတင်ရ ပါ တယ်။ ကျွန်တော့်အိမ်အတွက်သာမက အခြားသော မိသားစုတွေကိုလည်း ကားကလေးနဲ့လိုက်ပို့ပေးပြီး အိမ်ပြန် ရောက်လာတော့ ချွေးကလေး တစို့စို့နဲ့ မနက်ခင်းလေ့ကျင့်ခန်းဆင်းလိုက်သလိုဖြစ်လာပါတယ်။ ကျွန်တော် ရေချိုးနေရင်း အလှူဖြစ်မြောက်အောင် ဆက်သွယ်ပေးတဲ့ ကိုမိုးအကြောင်း တွေးနေ မိပါ တယ်။

ကိုမိုးက ကျောင်းသားဟောင်းတစ်ယောက်။ သီချင်းတွေဆိုရင် အဆိုတော် နောနော်ရဲ့ အသံ မျိုးကို တုပဆိုနိုင်တဲ့သူအဖြစ် ကျောင်းသားကျောင်းသူတွေကြားမှာ ရေပန်းစားသူတစ်ယောက်။ ငယ်စဉ် ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားပြီးနောက် အိမ်မှာ အငယ်တွေကို ထိန်းကျောင်းရင်း ကိုယ့်အသိ နဲ့ ကိုယ်လုပ်ကိုင် ကြိုးစားလာတဲ့သူ တစ်ယောက်။ တစ်ခါက ကျောင်းစည်းကမ်းဖောက်မိလို့ တစ်နှစ်နားလိုက် ရချိန်မှာ စိတ်လေမသွားပါပဲ ပြန်လည်ထူမတ်လာနိုင်ခဲ့သူ၊ တစ်ခါက အဆုတ် တီဗီ ရောဂါစွဲကပ်လာတော့ အတန်ကြာဆေးကုလိုက်ရသူတစ်ယောက်။ ကျောင်းပြီးပြီးချင်း ကလေးဂေဟာ တစ်ခုမှာ ဆက်ကပ်ခဲ့သူ။ ပြီးတော့ အခုအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေသူတစ်ယောက်။ ပရဟိတလုပ်ငန်းလုပ်နေတဲ့ သူ့အဖွဲ့ အစည်းမှာ သူက အချိန်တိုအတွင်း ရာထူးလည်းတက်သွားသူတစ်ယောက်။ အခုတော့ ကိုယ့်ဆရာမိသားစုတွေကို ပြန်ကြည့်ပေးတဲ့သူတွေထဲမှာ၊ ပြန်ကြည့်နိုင်သူ တွေထဲမှာ သူက တစ်ယောက်။ သူ့အကြောင်း တွေ ကျွန်တော်သိသမျှ အစီအရီလေး ပြန်မြင်လာပါတယ်။

ဒါပေမယ့်လည်း သူကျောင်းသား ဘဝတုန်းက တစ်နေ့မှာ သူဒီလို အများအကျိုးပြု လုပ်ငန်းတွေ လုပ်ပေးနိုင်သူ ဖြစ်လာ မယ်လို့ ဘယ်သူ ကြိုသိပါ့မလဲ။ ငယ်ဆရာတွေရဲ့ ဂုဏ်ယူရလောက်သူ ဖြစ်လာမယ်လို့ ဘယ်သူကြိုမြင်ပါ့မလဲ။ … ကျရာနေရာကနေ မဆုတ်မနစ် ကြိုးစား နေတဲ့သူတွေဟာ တစ်နေ့မှာ … မမျှော်လင့်တာတွေ ဖြစ်ခွင့်ရှိပါတယ်လို့ပဲ လက်ခံမိပါတော့တယ်။ ကျောင်းပြီး သွားကြတဲ့ အက်ရှင်သမားတွေကို ဘုရားသခင် လမ်းပြ ကောင်းကြီးပေးပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *