တခေတ်တခါက နာမည်ကြီး ဘားမားလက်ရွေးစင် ဘောလုံးသမားဟောင်း ဦးဆာယော်ဒွေ့ ပြောပြလာတဲ့ သူ့ဘဝ၊ သူ့ဖြတ်သန်းမှု အကြောင်း … အင်တာဗျူး အပိုင်း (၃)

=======

ရန်ကုန်မှာကျင်းပတဲ့ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲမှာ သွားကစားနေတဲ့ ဘောလုံးသမား ဆာယော်ဒွေ့ကြောင့် ပူတာအို၊ လယ်မယ်ဝါကျီမှာကျန်နေရစ်တဲ့ သူ့အမေအိုက လယ်စပါးရိတ်သိမ်းဖို့ အခက်ကြုံရပုံ၊ နောက်တစ်နှစ်မှာတော့ ဆာယော်ဒွေ့တစ်ယောက် ကျောင်းကိုယ်စားပြု ရန်ကုန်မှာ ဘောလုံးကစားဖြစ်ဖို့ အ.ထ.က ကျောင်းအုပ် ဆရာ ကြီးက ဆာယော်ဒွေ့မိခင်ရဲ့ လယ်စပါးရိတ် သိမ်းရေး အကူအညီစီစဉ်ပေးခဲ့ပုံ၊ နောင်မွန်းမြို့မှာ ကန်ခဲ့တဲ့ မြို့နယ်ပေါင်းစုံ ဘောလုံးပွဲမှာ သူနာမည်ရလာတဲ့အကြောင်း၊ မြို့နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌဦးကျာမဲဒွေ့က သူ့ကစားပုံကိုကြည့်ပြီး ဘားမားလက်ရွေးစင်ဘောလုံးသမားအဆင့်ရှိတယ်ဆိုတဲ့မှတ်ချက်အတိုင်း တိုင်းနဲ့ပြည်နယ်မှာ အဆင့် ဆင့်ရွေးချယ်ခံရပုံ၊ ဘားမားလက်ရွေးစင် ပဏာမ ၃၅၀ ယောက်ထဲပါဝင်ခဲ့ရပုံ၊ နိုင်ငံခြားနည်းပြတွေပေးတဲ့ ထရိန်နင်အကြောင်းတွေကို ဒီအင်တာဗျူးအပိုင်းမှာ ရှေးဟောင်းနှောင်းဖြစ် အမှတ်တရအဖြစ် ပြောပြထားပါတယ်။

ကျွန်တော် ရန်ကုန်ကနေ ပြန်လာပြီး ကျောင်းတစ်လ တက်ပြီးတာနဲ့ အတန်းတင်စာမေးပွဲဖြေဖို့အချိန်ရောက်လာပါတယ်။ ပြီးတော့ နွေရာသီကျောင်းပိတ်ရက်။ စာမေးပွဲအောင်စာရင်းထွက်တော့ ကျွန်တော် အောင်မြင်ပါတယ်။ ၁၉၈၂ ခုနှစ် ကျောင်းစဖွင့်တာနဲ့ ကျွန်တော် ၇ တန်းတက်နေရပြီ။ ဒီနှစ်လည်း ကျောင်းအသင်းတွေ ဘောလုံးကန်ဖို့ တာစူနေကြပြီ။ ကျွန်တော့်ကိုလည်း လာပြောကြတော့၊ ဒီနှစ်တော့ ကျွန်တော် မကစားချင်တော့ဘူး၊ မနှစ်က စပါးရိတ်သိမ်းတဲ့အချိန် ကျွန်တော်က ဘောလုံးသွားကန်နေတော့ အိမ်မှာ အမေအိုတစ်ယေက်တည်း တော်တော် ဒုက္ခရောက်ခဲ့လို့ ဒီနှစ်တော့ ကျွန်တော် မကစားတော့ဘူးလို့ အသင်းခေါင်းဆောင်ကို ပြောလိုက်တော့ အဲဒီစကားက ကျောင်းအုပ်ဆရာကြီးဆီ ရောက်သွားပါတယ်။


ကျောင်းအုပ်ဆရာကြီးက ကျွန်တော့်ကို သူ့ရုံးခန်းကိုလာဖို့ ခေါ်ခိုင်းလိုက်တော့ သွားတွေ့တဲ့အခါမှာ ကျောင်းအုပ်က မင်းဒီနှစ် ဘောလုံး မကစားဖြစ်တော့ဘူးဆိုတော့ မင်းမှာဘာအခက်အခဲရှိသလဲ ဆရာကြီးကို ပြော၊ ဆရာကြီးတတ်နိုင်တာ အကုန်လုပ်ပေးမယ်ဆိုပြီး ပြောလာခဲ့တယ်။ ကျွန်တော်လဲ ဆရာကြီးကိုပြောလိုက်တယ်။ ဆရာကြီး၊ ကျွန်တော်တို့ ရန်ကုန်မှာ ဘောလုံးကစားနေတဲ့အချိန်က ဒီမှာစပါးရိတ်သိမ်းချိန်ဖြစ်နေတယ်။ မနှစ်တုန်းက အမေတစ်ယောက်တည်း တော်တော်ဒုက္ခရောက်သွားလို့၊ အမေ့ကို သနားလို့ ဒီနှစ်တော့ သွားမကားစားတော့ဘူးလို့ ဆုံးဖြတ်ထားတယ်လို့ အမှန်အတိုင်း ပြောချလိုက်တယ်။

ဆရာကြီးက အဲ့ီကိစ္စကို ဆရာကြီး တာဝန်ယူမယ်ဆိုပြီး အာမခံလိုက်တယ်။ အဲ့ဒီတုန်းက နေ့တိုင်း ကျောင်းရှေ့ အလံတော်ကို အလေးပြုကြရတယ်။ နောက်တစ်မနက်မှာ ကျောင်းအုပ်ဆရာကြီးက ဒို့ကျောင်းသား ဆာယော်ဒွေ့တို့အမေ လယ်ယာစပါးရိတ်မယ့်နေ့ လာပြောတဲ့အခါမှာ ၁၀ တန်းသမားတွေ အကုန်လုံး စပါးသွားရိတ်ကူရမယ်။ မသွားတဲ့ကျောင်းသား/သူ ဘယ်သူမဆို ကျောင်းထုတ်ပစ်မယ်။ ကောက်စည်း သိမ်းပုံတဲ့နေ့မှာတော့ ၉ တန်းက တာဝန်ယူရမယ် ဆိုပြီး တာဝန်ပေးလိုက်တယ်။ အဲ့ဒီနှစ် ကျွန်တော်က စပါးစိုက်ပြီးတဲ့အထိ အမေ့ကို လယ်လုပ်ကူခဲ့ပြီး ဘောလုံး သွားကစားတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ လယ်ယာအနီးက လယ်သမားတွေက ဒီနှစ်လည်း ဆာယော်ဒွေ့က စပါးရိတ်သိမ်းချိန်မှာ ဘောလုံးပဲ သွားကစားတော့ သူ့လယ်စပါးက ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်တကြီး ပြောနေကြတယ်လို့ အမေက နောက်မှပြောပြတယ်။

စပါးရိတ်တော့မယ်ဆိုတဲ့နေ့ မရောက်ခင်တစ်ရက်မှာ အမေက အ.ထ.က ကျောင်းအုပ်ဆရာကြီးဆီသွားပြီး အကြောင်းကြားလိုက်တော့၊ နောက်တစ်နေ့မှာ ကျောင်းသား/သူတွေလာပြီး တစ်ရက်တည်း အားလုံးရိတ်လိုက်တော့ ရွာသားလယ်သမားတွေက အံ့သြသွားကြရတယ်။ စပါးကောက်စည်းတွေ သိမ်းပုံမယ့် ရက်မှာလည်း အဲ့လိုပဲ ကျောင်းသား/သူတွေ လာကူညီပေးခဲ့တယ်။ ကျွန်တော့် အမေကို စိတ်ချမ်းသာအောင် စီစဉ်ပေးခဲ့တဲ့ ဆရာကြီးရော၊ ကူညီကြတဲ့ ကျောင်းသူ/သားတွေအားလုံးကို ရင်ထဲက ကျေးဇူးတင်မိတယ်။ ကျွန်တော့်ကိုယ်စား အမေ့ကို အရေးတယူကူညီကြတဲ့အတွက်လည်း အလွန်ကျေနပ် ဂုဏ်ယူမိပါတယ်။

အဲ့ဒီနှစ်မှာလည်း ကချင်ပြည်နယ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲမှာ အကောင်းဆုံး ဘောလုံးသမားဆုကို ကျွန်တော်ပဲ ရခဲ့ပါတယ်။ ရန်ကုန်အထိ ကျောင်းသားအားကစားပွဲတော်ကို သွားရောက်ယှဉ်ပြိုင်ပြီး ပြန်လာရတယ်။ ရန်ကုန်မှာ ကျွန်တော်တို့ကစားတဲ့နေ့ဆိုရင် ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် အများကြီးရှိခဲ့တယ်။ ဒီလိုနဲ့ ပူတာအိုပြန်ရောက်တော့ အမေက ကျွန်တော့်ကို အရင်နှစ်လို မဆူတော့ဘူး။ ကျောင်းသားတွေကူညီခဲ့လို့ အမေ့လယ်စပါးကို မြန်မြန်ဆန်ဆန် ရိတ်သိမ်းနိုင်ခဲ့လို့ပဲ။

အဲ့ဒီနောက်ပိုင်းမှာတော့ ကျောင်းပေါင်းစုံ ဘောလုံးအားကစားပွဲတွေ မရှိတော့ဘူး။ ပူတာအိုမှာပဲ အုပ်စုပွဲစဉ်တွေ၊ မြို့နယ်ပွဲစဉ်တွေပဲ ရှိတော့တယ်။ ၁၉၈၄ ခုနှစ်မှာတော့ မြို့နယ်ပွဲစဉ်တစ်ခု ရှိလာတယ်။ အဲ့ဒီပွဲကိုတော့ နောင်မွန်းမြို့နယ်မှာ သွားကစားကြရတယ်။ လာရောက်ယှဉ်ပြိုင်ကြတဲ့ မြို့နယ် အသင်းတွေကတော့ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်း၊ ခေါ်ဘူဒဲ ၄ မြို့နယ်ကဖြစ်ပါတယ်။ နောင်မွန်းမြို့နယ်က ပရိသတ်တွေက ကျွန်တော် ဘောလုံးကစားတာကို အရမ်းကောင်းတယ်ဆိုပြီး သဘောကျကြတယ်။ အားပေးကြတယ်။ ဒါပေမယ့် နောက်ဆုံးဖိုင်နယ်မှာတော့ ကျွန်တော်တို့ ပူတာအို အသင်းက ဒုတိယနဲ့ပဲ ပြန်လာခဲ့ရတယ်။ အဲ့ဒီနှစ် ပူတာအိုမြို့နယ် ဘောလုံးအသင်းကို လိုက်ပါအုပ်ချုပ်သူကတော့ ပူတာအိုမြို့နယ် လုပ်ငန်းစစ်ဆေးရေး ဥက္ကဌဖြစ်တဲ့ ဦးကျာမဲဒွေ့ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို အရမ်းအားပေးချီးကျူးတယ်။ ပူတာအိုပြန်ရောက်တော့ သူက ဘောလုံးသမား ဆာယော်ဒွေ့ ဘောလုံးကစားတာက မြန်မာ့လက်ရွေးစင် အဆင့်ရှိတယ်ဆိုပြီး ချီးကျူးခဲ့တယ်။

ဦးကျာမဲဒွေ့က ဆောက်လုပ်ရေးက SAE ကိုဖုန်းဆက်ပြီး ဆာယော်ဒွေ့ ဘောလုံးကန်တာ အရမ်းကောင်းတယ်လို့ ထောက်ခံပေးခဲ့တယ်။ SAE က ကျွန်တော့်အတွက် လေယာဉ်လက်မှတ် တစ်စောင်ဝယ်ပေးပြီး၊ မြစ်ကြီးနား ဆော်ကလုပ်ရေး ဘောလုံးအသင်းကို ပို့ပေးခဲ့တယ်။ ကျွန်တော် အဲ့ဒီနေ့ မွန်းလွဲ ၂ နာရီမှာ မြစ်ကြီးနား ရောက်တယ်။ ညနေ ၃ နာရီမှာ မဗခ အသင်းနဲ့ ချစ်ကြည်ရေးပွဲမှာ ကျွန်တော့်ကို ဝင်ကစားခိုင်းတယ်။ ဘောလုံးပွဲပြီးတော့ နည်းပြဆရာက ကျွန်တော်တို့အသင်းအတွက် ရွက်ပုန်းသီးကို အခုရှာတွေ့ပြီဆိုပြီး အရမ်းပျော်နေခဲ့တယ်။ အဲ့ဒီအသင်းကို ကျွန်တော်ရောက်သွားပြီးနောက်ပိုင်း တစ်ပွဲပြီးတစ်ပွဲ အနိုင်ကစားခဲ့တော့ လူသိများ၊ နာမည်ရလာခဲ့တယ်။ အဲ့ဒါကတော့ ၁၉၈၅ ခုနှစ်ဖြစ်ပါတယ်။

အဲ့ဒီ ၁၉၈၅ ခုနှစ်မှာပဲ ရန်ကုန်မှာ တိုင်းနှင့်ပြည်နယ် လူကြီးတန်း ဘောလုံးပြိုင်ပွဲရှိနေတယ်။ သွားကစားရမယ့် ဘောလုံးသမား မဏာမ လူ ၆၀ ယောက်လောက် ရွေးထားတယ်။ အဲ့ဒီ ၆၀ ယောက်ကနေတစ်ခါ စကာတင် ၂၅ ယောက် ရွေးရမှာ။ အဲ့ဒီ လက်ရွေးစင် ၂၅ ယောက်ထဲမှာ ကျွန်တော်လည်း ပါခဲ့တယ်။

ရန်ကုန်သို့သွားရင်း မန္တလေးမှာ တစ်ပတ်နားရတယ်။ မန္တလေးတိုင်းနဲ့ ဗထူးကွင်းမှာ တစ်ပွဲကစားဖြစ်တယ်။ နောက်ပြီး စစ်ကိုင်းတိုင်းနဲ့ တစ်ပွဲ ကစားတယ်။ အဲ့ဒီနောက်ပိုင်းတော့ ရန်ကုန် အောင်ဆန်းကွင်း ရောက်သွားတော့တယ်။ ရန်ကုန်ရောက်ပြီး ပထမနေ့ ကွင်းဖွင့်ပွဲနေ့မှာ မကွေးတိုင်းနဲ့ ကချင်ပြည်နယ် အသင်း ကစားကြရတယ်။ အဲ့ဒီ တိုင်းနှင့်ပြည်နယ် ဘောလုံးကစားပွဲမှာ နိုင်ငံခြားနည်းပြဆရာတွေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လူရွေးချယ်ရေးအဖွဲ့တွေ အထူးတန်းမှာ အပြည့်ထိုင်ကြည့်နေတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ် နဲ့ မကွေးတိုင်းအသင်း ကစားတာ သရေဖြစ်သွားတယ်။ အဲ့ဒီပွဲမှာ ပရိသတ်တွေက ကျွန်တော့်ကို အရမ်းသဘောကျ အားပေးခဲ့ကြပါတယ်။

နောက်တစ်နေ့ သတင်းစာမှာတော့ မကွေးတိုင်းနဲ့ ကချင်ပွဲမှာ သရေကျခဲ့တယ်။ ကချင်ပြည်နယ်က နံပါတ် ၆ အလယ်တန်း ဆာယော်ဒွေ့က အကောင်းဆုံး ကစားသွားနိုင် လို့ သတင်းစာထဲပါလာခဲ့တယ်။ အဲ့ဒီ ပွဲပြီးပြီးချင်း နိုင်ငံခြားနည်းပြဆရာနဲ့ မြန်မာနိုငငံဘောလုံးအဖွဲ့ချုပ်က ကျွန်တော်တို့အဆောင်ကို ရောက်လာပြီး ကချင်ပြည်နယ်အသင်းက နံပါတ် ၆ ဆာယော်ဒွေ့ကို ကြည့်ချင်တယ် ဆိုပြီး လာတွေ့ပါတယ်။ ကျွန်တော့်ကိုကြည့်ပြီး မင်းဘောလုံးကစားတာက အဆင့်မြင့်တယ်၊ အရမ်းကောင်းတယ်ဆိုပြီး ပြောသွားတယ်။ သူတို့ပြန်ခါနီးမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဆရာတစ်ယောက်က ကျွန်တော်တို့ အသင်းအုပ်ချုပ်သူ ဆရာတွေကို စာတစ်စောင်ပေးသွားခဲ့တယ်။ ဆရာတွေက ဖတ်ကြည့်လိုက်တော့ ကချင်ပြည်နယ်အသင်းက နံပါတ် ၆ ဆာယော်ဒွေ့ကို ဘားမားလက်ရွေးစင် ဘောလုံးသမား ပဏာမ အဖြစ်ရွေးချယ်လိုက်တယ်ဆိုတဲ့ စာဖြစ်နေပါတယ်။
အဲ့ဒါနဲ့ ကျွန်တော်တို့အသင်းကို အုပ်ချုပ်တဲ့ဆရာတွေက ပူတာအိုသား လီဆူလူမျိုးတစ်ယောက် ဘားမား လက်ရွေးစင် ပဏာမအရွေးခံလိုက်ရပြီဆိုပြီး အလွန်ပျော်နေကြတယ်။ ကျွန်တော်လည်း အရမ်းပျော်မိတယ်။

ကျွန်တော်က ကစားပွဲတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှုရှိတယ်။ ဒါပေမယ့် ပဏာမ လက်ရွေးစင် ဖြစ်သွားမယ်လို့တော့ ထင်မထားမိပါဘူး။ ဒီလိုနဲ့ ဘောလုံးပွဲပြီးတော့ ကျွန်တော်တို့ ကချင်ပြည်နယ် ဘောလုံးအသင်းပြန်သွားကြတဲ့အခါ ကျွန်တော်တစ်ယောက်တည်း အောင်ဆန်းကွင်းမှာ ကျန်နေရစ်ခဲ့ရပါတယ်။ အရွေးခံရတယ်ဆိုပေမယ့်လို့၊ ကစားဖော် သူငယ်ချင်းတွေ အားလုံးပြန်သွားကြတော့၊ ကျွန်တော် တစ်ယောက်တည်းဆိုပြီး အားငယ်လာလို့ မျက်ရည်တောင်ကျမိပါတယ်။

ကချင်ပြည်နယ် ဘောလုံးအသင်းက ညနေ ၄ နာရီခွဲမှာ ရထားနဲ့ ပြန်တယ်။ ၅ နာရီမှာတော့ အဖွဲ့ချုပ်ရုံးက ဆရာ ၂ ယောက် လာပြီး ကျွန်တော့်ကို အဆောင်ပြောင်းပေးတယ်။ ရောက်သွားတဲ့ အဆောင်မှာတော့ ဘားမားလက်ရွေးစင်ဟောင်း ၁၁ ယောက်ရှိတဲ့အပြင် တိုင်းနှင့်ပြည်နယ်၊ ဝန်ကြီးဌာန ဘောလုံးအသင်းက ရွေးထားတဲ့ အယောက် ၃၅၀ ရှိနေပါတယ်။ အဲ့ဒီရက်ပိုင်းကတော့ ရွေးထားတဲ့ ဘောလုံးသမားတွေ အရမ်းများတော့ အိပ်တော့လည်း စီစီရီရီ ကြပ်ကြပ်တည်းတည်း အိပ်ကြရတယ်။

နောက်တစ်နေ့ကနေ စတင်ပြီး ကွင်းဆင်းကြရပြီ။ နိုင်ငံခြားနည်းပြဆရာနဲ့ စပြီး လေ့ကျင့်နေရပြီ။ ဒါပေမယ့် အင်္ဂလိပ်စကားပြန် ၂ ယောက်ရှိတယ်။ အဲ့ဒီဆရာနှစ်ယောက်ကတော့ မောင်မောင်တင် နဲ့ မောင်မောင်ကြီး လို့ခေါ်တယ်။ သူတို့က အင်္ဂလိပ်စကား အရမ်းကောင်းတယ်။ အဲ့ဒီဆရာနှစ်ယောက်စလုံးကလည်း ကျွန်တော်တို့ မရောက်ခင် ၁၉၆၂-၆၄ ခုနှစ်တွေမှာ အရမ်းနာမည်ကြီးခဲ့တဲ့ ဘားမားလက်ရွေးစင် ဘောလုံးသမားဟောင်းတွေပါ။ နိုင်ငံခြားနည်းပြနဲပ မြန်မာနည်းပြ နှစ်ယောက်နဲ့ တွဲပြီး လေ့ကျင့်ရတယ်။

ကချင်ဘောလုံးအသင်း မပြန်ခင်မှာ မင်းကလက်ရွေးစင်ဘောလုံးသမား အဆင့်ရှိတယ်။ အရည်အသွေးရှိတယ်။ မင်းတအားကြိုးစားရမယ်နော်။ အခုက မဏာမပဲ ရွေးထားတာ အယောက် ၃၅၀ ရှိနေတယ်။ အဲ့ဒီကမှ လက်ရွေးစင်ဟောင်းက ၁၁ ယောက်ရှိနေတယ်။ အဲ့ဒီလောက် အများကြီးကမျှ ၁၄ ယောက်ပဲရွေးမှာ။ ၁၁ ယောက်နဲ့ လူဟောင်းနဲ့ အခုမင်းသူ့ကို ၁၄ ယောက်ပဲရွေးမှာ ဆိုတော့ အရမ်းကြိုးစားပါနော်။ လက်ရှိ ဘားမားလက်ရွေးစင် ၁၁ ယောက်နဲ့ မင်းတို့ထဲက ရွေးမယ့် ၁၄ ယောက်နဲ့ပေါင်းလိုက်ရင် ၂၅ ယောက်က ဘားမားလက်ရွေးစင် အတည်ဖြစ်သွားပြီ။ ကျွန်တော်က အဲ့ဒီ ၂၅ ယောက်ထဲ ပါလာမယ်လို့တော့ သိပ်မမျှော်လင့်ထားဘူး။ ကျွန်တော် ဆုတောင်းတယ်။ ဘုရားသခင် ခွန်အားအစွမ်းသတ္တိတွေပေးပါ လို့ဆုတောင်းတယ်။

နိုင်ငံခြားနည်းပြဆရာက ကွင်းဆင်းဆင်းချင်းပဲ မီတာ ၁၀၀ ကို တစ်ယောက်ကို ၁၀ ခေါက်ပြေးခိုင်းတယ်။ တစ်ခေါက်ပြေးတိုင်း စံချိန်ယူတယ်။ စံချိန် ဘယ်နှစ်စက္ကန့်နဲပ ဝင်တယ်ဆိုတာကို ဆရာနှစ်ယောက်က စာအုပ်ထဲမှာ သေချာမှတ်ထားပေးတယ်။ လူက ၃၅၀ ယောက်ဆိုတော့ တစ်ယောက်ကို မီတာ ၁၀၀ ဆယ်ခေါက်ပြေးခိုင်းတော့ ၁၀ ခေါက်ပြည့်ဖို့က တစ်ပတ်ကြာမှ ပြီးသွားတယ်။ တစ်ပတ်ပြည့်တော့ ဆရာတွေက မီတာ ၁၀၀ ဆယ်ခေါက်ပြေးထားတဲ့ စာရင်းကို ကြည့်ပြီးတော့ အယောက် ၂၀ ကိုပြန်ခိုင်းလိုက်တယ်။ မြန်မာနည်းပြဆရာ ၂ ယောက်က သေချာရှင်းပြတယ်။ မင်းတို့ကို မီတာ ၁၀၀ ပြေးခိုင်းထားတဲ့ စာရင်းကိုကြည့်တော့ အခုပြန်ခိုင်းတဲ့ အယောက် ၂၀ က စံချိန်မပြည့်မီဘူး။ ဒါကြောင့် နိုင်ငံခြားနည်းပြက ပြန်ခိုင်းတယ်ဆိုပြီး ရှင်းပြပါတယ်။

အမှန်တော့ မီတာ ၁၀၀ ပြေးခိုင်းတဲ့ စံချိန်က ၁၁ စက္ကန့် နဲ့ ၁၂ စက္ကန့်မှာ ဝင်ရမယ်။ နောက်တစ်ပတ်မှာလဲ မီတာ ၁၀၀ ကို တစ်ယောက် ၁၀ ခေါက်ပြေးခိုင်းပြန်တယ်။ ၂ ပတ်ပြေးပြီးတဲ့နောက်တစ်ရက်မှာတော့ အယောက် ၃၀ ပြန်ခိုင်းလိုက်တယ်။ အဲ့ဒါလည်း ဘယ်လိုကြည့်သလဲဆိုရင် ပထမတစ်ခေါက်က ၁၁ စက္ကန့်နဲ့ ၁၂ စက္ကန့်နဲ့ င်ရင်နောက်ဆယ်ခေါက်စလုံး အဲ့ဒီစံချိန်နဲပ ဝင်အောင်ပြေးရမယ်လို့ ဆိုပါတယ်။ တစ်ချို့က ပထမတစ်ခေါက်ကို ၁၂ စက္ကန့်နဲ့ဝင်ရင်၊ နောက်ဒုတိယတစ်ခေါက်က ၁၃ စက္ကန့်၊ နောက်တစ်ခေါက်ပြေးရင် ၁၄ စက္ကန့်နဲ့ ဝင်တယ်။ နောက်ဆုံး ၁၀ ခေါက်ရောက်သွားတော့ ၁၅ စက္ကန့်၊ ၁၆ စက္ကန့်၊ ၁၇ စက္ကန့်အထိဖြစ်သွားရော။ တစ်ချို့ ဘောလုံးသမားတွေက ၁၀ ခေါက်မြောက်မှာ ၁၈ စက္ကန့်တွေအထိ ကျသွားတယ်။ အဲ့လို စံချိန်ကျသွားတဲ့ ဘောလုံးသမားတွေက လက်ရွေးစင်ဘောလုံးသမား အဆင့်မမီဘူးလို့ နည်းပြတွေက ရှင်းပြပါတယ်။ ဒုတိယတစ်ခေါက် ပြုတ်သွားကြတာနဲ့ဆိုရင် ၅၀ ယောက်ပြုတ်သွားပြီ။ အယောက် ၃၀၀ ပဲကျန်တော့တယ်။ ကျွန်တော်ကတော့ ဘုရားကိုတိုင်တည် ဆုတောင်းတယ်။ ကိုယ်ကလည်း အရမ်းကြိုးစားတယ်။ ညနေတိုင်း ကွင်းဆင်းပြီးရင် ကျွန်တော်က ကြိုးခုန်တယ်။ ဒီအတိုင်း ဂျန်းပင်း အလွတ်လည်းခုန်တယ်။

(အပိုင်း – ၄ ဆက်မျှော် …)

Leave a Reply

Your email address will not be published. Required fields are marked *