တခေတ်တခါက နာမည်ကြီး ဘားမားလက်ရွေးစင် ဘောလုံးသမားဟောင်း ဦးဆာယော်ဒွေ့ ပြောပြလာတဲ့ သူ့ဘဝ၊ သူ့ဖြတ်သန်းမှု အကြောင်း … အင်တာဗျူး အပိုင်း (၂)

=======

တစ်ခေတ်တစ်ခါက ဘားမားလက်ရွေးစင် ဘောလုံးသမား ဆာယော်ဒွေ့တစ်ယောက် ပူတာအို မြို့နယ်အဆင့်ကနေ၊ ပြည်နယ် နှင့် တိုင်းအဆင့်အထိ ဘောလုံး ပြိုင်ပွဲစဉ်တွေမှာ ပါဝင်လာခဲ့ရ တဲ့အကြောင်း ရှေးဟောင်း နှောင်းဖြစ် အမှတ်တရတွေ အခုလိုပဲပြောပြလာပါတယ်။

=======

ပူတာအိုမှာ ပထမ အမှတ်ပေးပြိုင်ပွဲ ပြီးပြီး ၂ ပတ်လောက်မှာတစ်ခါ နောက်ပြိုင်ပွဲ တစ်ပွဲ စတင်လာ ပါတယ်။ အဲ့ဒါက ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆိုပြီး ကစားရတာပါ။ အဲ့ဒီပြိုင်ပွဲမှာလည်း ပွဲစဉ် တစ်လျှောက် တစ်ပွဲပြီးတစ်ပွဲ နိုင်ပြီး၊ ဖိုင်နယ်မှာတော့ ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။ အဲ့ဒီနှစ်ကတော့ ၁၉၈၁ ခုနှစ်ဖြစ်ပါတယ်။

အဲ့ဒီနှစ်မှာပဲ ကချင်ပြည်နယ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို သွားရောက် ကစားရမယ့်နှစ်လည်း ဖြစ်ပါတယ်။ သွားကစားရမှာကတော့ မြစ်ကြီးနားမြို့ဖြစ်ပါတယ်။ ကျွန်တော်လည်း မြစ်ကြီးနားအထိ တစ်ခါမှတောင် မရောက်ဖူးတော့၊ သွားရမယ်ဆိုတော့ အလွန်ပျော်ရပါတယ်။ မြစ်ကြီးနား မသွားခင် တစ်လလောက်အလိုမှာ ပူတာအိုမှာ စခန်းသွင်း လေ့ကျင့်ခဲ့ကြတယ်။

ပူတာအို အ.ထ.က ကျောင်းအသင်းကနေ မြစ်ကြီးနားကိုသွားရောက် ကစားခဲ့ကြတဲ့ သူတွေရဲ့ နာမည်တွေကတော့ ဂိုးကတော့ ဇီနန်ဖုန်၊ နောက်တန်းမှာတော့ ဂျေမိုး၊ ဖုန်ဖော့ဒီး၊ ဆန်ဒေါင်းယောဟန်၊ ယော်ဒီဒွေ့၊ အလယ်တန်းမှာတော့ ကျွန်တော် ဆာယော်ဒွေ့၊ ခင်ရမ်၊ ရှေ့တန်းမှာတော့ ခင်မောင်ဇော်၊ ယောရှု၊ ယောန၊ ခင်တန်၊ အရံလူထဲက တီယောဒါ ကိုတော့မှတ်မိတယ်။ နှစ်ပေါင်း ၃၀ ကျော်လာပြီ ဆိုတော့ အရံသမားအားလုံးကို မမှတ်မိတော့ဘူး။ အပေါ်ကလူတွေကတော့ ပြိုင်ပွဲမှာ တကယ်ကစား ခဲ့တဲ့ ၁၁ ယောက်ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ ကျွန်တော့်အသက်က ၁၅ နှစ်ပဲ ရှိပါသေးတယ်။

ကျွန်တော်တို့ ပူတာအို မြို့မ အ.ထ.က ဘောလုံးအသင်း မြစ်ကြီးနားရောက်တော့ မြစ်ကြီးနား အ.ထ.က (၁) မှာတည်းခိုရတယ်။ အဲ့ကိုရောက်ပြီး ၂ ရက်နေတော့၊ ဆာယော်ဒွေ့က အသက်ငယ်သေးတော့ ကွင်းကြောင်မလာား၊ အခြေအနေကြည့်ချင်တယ်ဆိုပြီး ဆရာကြီးက ရွှေကူမြို့နယ် ဘောလုံးအသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ တစ်ပွဲစီစဉ်ပါတယ်။ အဲ့ပွဲမှာ ကျွန်တော်က ကွင်းမကြောင်တဲ့အပြင် တစ်ကွင်း လုံးပတ်ပြီး ကစားပြနိုင်ခဲ့တော့၊ အဲ့နေ့လာကြည့်တဲ့ ပြည်နယ်ပညာရေးမှူးတောင် ပွဲအပြီးမှာ ဒီကလေးလေးက အရမ်းကောင်းတယ်ဆိုပြီး ချီးကျူးသွားတယ်။

အဲ့ဒီနှစ် မြစ်ကြီးနား ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ ဘောလုံးပွဲစဉ်မှာ ပါဝင်ကြတဲ့မြို့နယ်တွေ ကတော့ ပူတာအို၊ နောင်မွန်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ရွှေကူ၊ နမ္မတီး တို့ဖြစ်ပါတယ်။ ပြိုင်ကစားကြရင်း တစ်ပွဲပြီးတစ်ပွဲ နိုင်လာခဲ့တယ်။ ပူတာအိုအသင်း အလယ်တန်း နံပါတ် (၆) ကလေးက အရမ်းတော်တယ်ဆိုပြီး ပြည်နယ်အဆင့်မှာ နာမည်ကြီးသွားတယ်။ အဲ့ဒီကျောနံပါတ်ပိုင်ရှင်က ကျွန်တော်ပါပဲ။

နောက်ဆုံးတော့ ဆီမီးဖိုင်နယ် ၄ သင်းမှာကျွန်တော်တို့ ပူတာအိုအသင်းလည်း တက်သွားတယ်။ ပူတာအိုနဲ့ မြစ်ကြီးနား၊ မိုးကောင်းနဲ့ ဝိုင်းမော် အသင်းတွေထဲက နိုင်တဲ့ နှစ်သင်းက ဗိုလ်လုပွဲ တက် ကစားရမှာဖြစ်ပါတယ်။ မိုးကောင်းနဲ့ ဝိုင်းမော် ကန်ကြတဲ့ပွဲမှာတော့ မိုးကောင်းက အနိုင်ရသွားပြီး ဖိုင်နယ်ကန်ဖို့ စောင့်နေပြီ။ နောက်နေ့မှာတော့ ပူတာအို နဲ့ မြစ်ကြီးနားကစားကြတဲ့အခါ မြစ်ကြီးနား အသင်းက ကျွန်တော်တို့ ပူတာအိုအသင်းကို တစ်ချိန်လုံး ဖိကစားခံခဲ့ရပါတယ်။ ကျွန်တော် ဘောလုံးရလိုက်ပြီး အသင်းသားတွေကို ပေးလိုက်တိုင်း တစ်ဘက်အသင်းက ဖြတ်ယူသွားလိုက်နဲ့ ကျွန်တော်တို့ ဂိုးနားမှာပဲ တဝဲလည်လည်နဲ့ ဂိုးမရနိုင်ဘူးဖြစ်နေခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့ နောက်တန်းလူတွေကလည်း သိပ်ကောင်းတယ်။ ဒီလိုနဲ့ ပထမပိုင်းပြီးနော့ ဘယ်တစ်သင်းကမှ ဂိုးမသွင်းနိုင်ကြဘူး။

ပထမပိုင်း အားလပ်ချိန်ရောက်တော့ ဆရာကြီးက မင်းဘယ်သူ့ကိုမှ မပေးဘဲ ကိုယ်ကိုယ်တိုင် ဆွဲထွက်ပြီး ဂိုးသွင်းပါတော့ဆိုပြီး သေချာမှာလိုက်တယ်။ ကွင်းထဲပြန်ရောက်ချိန် ဆရာကြီးက လုပ်တော့ ဆာယော်ဒွေ့လို့ အော်ခေါ်တာကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ဘောလုံးရောက်လာတော့ ကျွန်တော် ဘယ်သူ့ကိုမှ မပေးဘဲ ပြိုင်ဘက်နှစ်ယောက်ကို ဆွဲထွက် လိုက်တယ်။ ရှေ့မှာ နောက်ဆုံးတစ်ယောက်က စောင့်နေတယ်။ အဲ့ဒီတစ်ယောက်ကို ကျော်ဖို့ စဉ်းစားနေတုန်း ဘေးက လစ်ခနဲပြေးသွားသူကို ကြည့်လိုက်တော့ ခင်မောင်ဇော် ဖြစ် နေတယ်။ ချက်ချင်းပဲ ခင်မောင်ဇော်ရှေ့ ဂိုးနားလေးမှာ အသာလေး ပေးလိုက်တော့ ခင်မောင်ဇော်က ပြေးပြီး တန်းကန်လိုက်တော့ ထောင့်ထဲဝင်ပြီး ဂိုးသွားတော့တယ်။ နောက်ထပ် ၅ မိနစ်လောက်မှာတော့ ပွဲပြီးခရာကို ဒိုင်လူကြီးက မှုတ်လိုက်တဲ့အခါ တစ်သင်းလုံး ဝမ်းသာလို့ မဆုံးဖြစ်သွားကြတယ်။

ဒီလိုနဲ့ ၂ ရက်နားပြီး ဖိုင်နယ်ဗိုလ်လုပွဲကို ပူတာအို နဲ့ မိုးကောင်း အသင်း ကစားဖို့ဖြစ်လာတယ်။ မိုးကောင်းအသင်းမှာတော့ တိုင်းနဲ့ပြည်နယ် ကစားထားတဲ့ ဘောလုံးသမား ၁၁ ယောက်လုံးဖြစ်နေ ပါတယ်။ ကျွန်တော်တို့ ပူတာအိုအသင်းက တိုင်းနဲ့ ပြည်နယ် ကစားဖူးတဲ့ ဘောလုံးသမား တစ်ယေက်မှ မရှိဘူး။ ဒါကြောင့် ပညာရေးမှူးတွေ၊ ဘောလုံးပရိသတ်တွေကပါ ဒီနှစ်တော့ မိုးကောင်းအသင်း သေချာ ပေါက်နိုင်မယ်လို့ ထင်နေကြတာ။ ဒိုင်းလုတဲ့ နေ့မှာတော့ ပထမပိုင်း ကစားပြီး သရေကျတယ်။ ဒုတိယပိုင်းကျတော့လဲ သရေဖြစ်နေတယ်။ အချိန်ပို ကစားတော့လည်း သရေဖြစ်ပြန်တယ်။ ဒီလိုနဲ့ ခေါင်းဆောင်တွေတိုင်ပင်ပြီး၊ ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ကြတယ်။ နိုင်တဲ့အသင်းက ဒိုင်းကို ပထမ ၆ လ ပိုင်မယ်၊ နောက်တစ်သင်းက ဒုတိယ ၆ လ ပိုင်ဆိုင်မယ်လို့ သဘောတူကြတယ်။

ခေါင်းပန်းလှန် လိုက်တော့ ကျွန်တော်တို့ ပူတာအိုအသင်းက နိုင်သွားလို့ ဒိုင်းကို ပထမ ၆ လ ပူတာအိုမှာ ထားဖို့ဖြစ်သွား တယ်။ အဲ့ဒီပွဲမှာ အကောင်းဆုံးဂိုး သမားဆုကိုတော့ မိုးကောင်းအသင်းက ရိုးသမား မင်းနိုင်စိုး ရသွား တယ်။ နောက်တန်းအကောင်းဆုံး ဆုကိုတော့ ပူတာအိုအသင်းက ဖုန်မော့ဒီးရသွားတယ်။ အလယ်တန်း အကောင်းဆုံးဆုကိုတော့ ပူတာအိုအသင်းက ကျွန်တော်ဆာယော်ဒွေ့ ရတယ်။ ရှေ့တန်း အကောင်းဆုံး ဆုကိုတော့ ဝိုင်းမော်က ခင်ဇော်ရသွားတယ်။ နောက်ဆုံးတော့ အဲဒီ အကောင်းဆုံး ၄ ယောက်ထဲက တစ်ခါ အထူးချွန်ဆုံးဆုတစ်ဆု ထပ်ပေးတယ်။ အဲဒီဆုကိုတော့ ပူတာအိုအသင်းက ကျွန်တော် ဆာယော်ဒွေ့ ပဲရခဲ့ပါတယ်။ အဲဒီနှစ်မှာတော့ ပူတာအိုအသင်းအတွက် ဖုန်မော့ဒီးရတဲ့ နောက်တန်းအကောင်းဆုံး ဆုရယ်၊ ကျွန်တော်ဆွတ်ခူးရခဲ့တဲ့ အလယ်တန်းအကောင်းဆုံးဆုနဲ့ အထူးချွန်ဆုံးဆု ၂ ဆု နဲ့ ဒိုင်းဆုကြီး ကိုလည်း ပထမ ၆ လပတ်မှာ ပိုင်ဆိုင်ခွင့်ရတယ်ဆိုတော့ ကျွန်တော်တို့ ဆရာကြီးနဲ့တကွ အသင်းသား အားလုံး အရမ်းပျော်ခဲ့ရပါတယ်။
ဆုပေးပြီးနောက် တစ်ခါတည်း ရန်ကုန်မှာ သွားကစားကြရမယ့် ကချင်ပြည်နယ်အဆင့် ပဏာမ လူစာရင်း ၅၀ ကိုကြေညာတဲ့အခါမှာ ကျွန်တော်နဲ့ ဖုန်မော့ဒီးလည်း ပါဝင်နေပါတယ်။ အဲ့ဒီ ပဏာမ ၅၀ ထဲက ၂၅ ယောက်ပဲရွေးမှာဆိုတော့ အဲ့ဒီထဲထပ်ပါဖို့က အရေးကြီးတယ်။ ဒီလိုပဲ တစ်လလောက် စခန်း သွင်း လေ့ကျင့်ရင်း၊ ပြည်နယ်ကိုယ်စားပြု ရန်ကုန်ကိုဆင်း ကစားရမယ့် ကစားသမား ၂၅ ယောက် စာရင်းကို ကြေညာတော့ ကျွန်တော်လဲ ပါလာပါတယ်။ အရွေးမခံရတဲ့ ၂၅ ယောက်အတွက် တော့ စိတ်မကောင်းဖြစ်ရပါတယ်။ နောက် ၂ ပတ်အကြာမှာ ရန်ကုန်ကိုသွားကစားဖို့ ဆင်းလာကြ ပါတယ်။

မန္တလေးရောက်တော့ ဗထူးကွင်းမှာ ၂ ပတ်လေ့ကျင့်ရတယ်။ မန္တလေးတိုင်းအသင်းနဲ့ တစ်ပွဲကစား တယ်။ နောက်ထပ် ၂ ရက်အကြာမှာ စစ်ကိုင်းတိုင်းအသင်းနဲ့ တစ်ပွဲကစားတယ်။ အဲ့ဒီနှစ်ပွဲစလုံးမှာ မန္တလေး နဲ့ စစ်ကိုင်း အသင်းက နည်းပြတွေက ကျွန်တော့်ကို ဒီကလေး အရမ်းတော်တယ်လို့ ချီးကျူး မှတ်ချက်ပေးကြပါတယ်။ အဲ့နောက်တော့ ရန်ကုန်ကို ရထားနဲ့ ဆက်ဆင်းသွားကြတယ်။ ရန်ကုန် ရောက်တော့ ကျွန်တော်တို့ ကချင်ပြည်နယ် အသင်းက ကန်တော်ကလေး အမှတ် (၁) ကျောင်းမှာ အိပ်ရတယ်။ အဲ့ဒီကျောင်းက အောင်ဆန်းအားကစားကွင်းနဲ့လည်း နီးနီးလေးပဲ။ ကျောင်းမှာ ၂ ရက်နေပြီးတဲ့အချိန်မှာ အောင်ဆန်းကွင်းမှာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ ရီဟာဇယ် (အကြို လေ့ကျင့်ပွဲ) လုပ်တယ်။ ကျောင်းသားအားကစား ပွဲတော်မှာဆိုရင် အားကစားနည်း အစုံကစားကြ တော့၊ ကျွန်တော်တို့ ကချင်ပြည်နယ်က အားကစားသမား စုစုပေါင်း ၅၀ လောက်သွားရတယ်။

ဖွင့်ပွဲနေ့မှာဆိုရင် သိပ်ပျော်ဖို့ကောင်းတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုဆိုတော့ အောင်ဆန်းကွင်းမှာ ပြည့်နေတယ်။ အဲ့ဒီ တိုင်းနဲ့ပြည်နယ် အားကစားပွဲ ဖွင့်ပွဲနေ့ကတော့ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဖြစ် ပါတယ်။ အဲဒီတစ်လလုံး ကစားပြီးနောက်ဆုံး ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ အားကစားပွဲကွင်းပိတ်ပွဲ လုပ်ပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့ဆိုရင် ရန်ကုန်ကနေ ကျွန်တော်တို့ ပြန်လာလိုက်ကြတာ ပူတာအိုကိုတော့ ဇန်နဝါရီလပိုင်း ၁၁ ရက်မှာ ပြန်ရောက်တယ်။

ကျွန်တော်က ရန်ကုန်မှာ အရမ်းပျော်ရွှင်ခဲ့ရပေမယ့် အိမ်ရောက်တော့ အမေက စပါးရိတ်သိမ်းချိန်မှာ အရမ်းဒုက္ခရောက်ခဲ့တဲ့ အကြောင်းပြောပြလာတော့ ကျွန်တော် တော်တော်လေး ဝမ်းနည်းခဲ့ရတယ်။ ၁၉၈၁ ခုနှစ် ရန်ကုန်ကနေ ပူတာအို ပြန်ရောက်လာတော့ ကျွန်တော့်မှာ အားကစား အင်္ကျီတွေတော့ အများကြီး ရှိနေပြီ။ မြစ်ကြီးနားမှာလည်း ဒိုင်းဆုရတော့ ဆရာကြီးက အနွေးထည်တစ်စုံ ချုပ်ပေးတယ်။ ရန်ကုန်သွားကစားတဲ့အခါမှာ ဘောလုံးကန်တဲ့ ဂျာစီ ၂ စုံ၊ အနွေးထည် ၁ စုံရတယ်။ အရင်က ဝတ်စရာမရှိခဲ့တဲ့ ကျွန်တော်ဟာ ကျောင်းသွာရင် အားကစား အင်္ကျီ တစ်စုံပြီးတစ်စုံ ဝတ်သွားတော့ သူငယ်ချင်းတွေက ကျွန်တော့်ကို အရမ်းအားကျကြပါတယ်။

(အင်တာဗျူး အပိုင်း (၃) ဆက်မျှော် …)

Leave a Reply

Your email address will not be published. Required fields are marked *