တခေတ်တခါက နာမည်ကြီး ဘားမားလက်ရွေးစင် ဘောလုံးသမားဟောင်း ဦးဆာယော်ဒွေ့ ပြောပြလာတဲ့ သူ့ဘဝ၊ သူ့ဖြတ်သန်းမှု အကြောင်း … အင်တာဗျူး အပိုင်း (၁)

=======
လူသိများ နာမည်ကြီးနေတဲ့ ပူတာအိုသား ဘားမားလက်ရွေးစင် ဘောလုံးသမားဟောင်းကို ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပထမဦးဆုံး လူချင်းမြင်ဖူးခဲ့တယ်။ ပူတာအိုမြို့မ အားကစားကွင်းမှကျင်းပတဲ့ အုပ်စုဘောလုံးပွဲစဉ် ပြိုင်ပွဲနေ့တစ်နေ့၊ အားကစားကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း သူ့ဘောလုံး အနုအလှ ကျွမ်းကျင်မှု ပညာတွေကို ထုတ်ပြတော့ ပရိသတ်တွေ မှင်သက် ငေးမောနေခဲ့ပါတယ်။ အဲ့ဒီအချိန် မှာ ကျွန်တော်က ပူတာအိုမြို့မ အ.ထ.က ကျောင်းသားဘဝ။

အဲဒီပွဲမှာ သူခဏလေး ဝင်ကစားတာကို ကြည့်ခဲ့ရတယ်။ သူ့ကို ပြိုင်ဘက်အသင်းက နှစ်ယောက် ပူးကာထားပေမယ့် အေးအေးဆေးဆေးပဲ ဖြတ်ကျော်ပြီး ဂိုးသွင်းပြသွားပါတယ်။ အဲ့ဒီအချိန်မှာတောင် သူ့အနေနဲ့ ဘောလုံးလောကနဲ့ ကင်းကွာနေခဲ့တာ ဆယ်စုနှစ်မက ရှိနေပြီဆိုပေမယ့်၊ သူ့ဘောလုံး ပညာတွေကတော့ ကြည့်ကောင်းနေဆဲ၊ သစ်လွင်နေဆဲဆိုတာ သိပ်သေချာသွားပါတယ်။

ကျွန်တော်လည်း ကျောင်းတက်ဖို့ ရန်ကုန်ရောက်လာတော့၊ ရန်ကုန်လီဆူ မိဿဟာယအဖွဲ့ ဘောလုံးပွဲတွေမှာ သူလာကစားတာ တွေ့ပါသေးတယ်။ ရန်ကုန်မှာ ဘောလုံးကလပ် အသင်းတွေစတင်တည်ထောင်လာကြချိန်မှာတော့ သူက ဧရာဝတီ ကလပ်အသင်းမှာ နည်းပြလုပ်နေတာ ကြားမိပါတယ်။ နောက်ပိုင်း ၂၀၁၅ ခုနှစ်မှာတော့ အကြောင်းမလှစွာနဲ့ သူလေဖြတ်သွားပါတယ်။ “ကျွန်တော် အသက် ၆၀ ပြည့်နောက်ပိုင်းမှာတော့ အခြေ တကျနဲ့ ဘောလုံးနည်း ပြလုပ်မယ်လို့ တွေးထားမိတာ တော်တော် တွက်မှားသွားတယ်” လို့ မချိတင်ကဲ၊ ဆွေးဆွေးမြေ့မြေ့ လေး ပြောလာပါတယ်။

အခုတော့ ကျွန်တော်မေတ္တာရပ်ခံတဲ့အတိုင်း၊ သူ့ဘဝရဲ့ နောက်ဆုံးပိုင်းမှာ လေဖြတ်လူနာ တစ်ယောက်အနေနဲ့ ဖြတ်သန်းနေရင်း တစ်ခေတ်တစ်ခါက နာမည်ကြီး ဘားမား လက်ရွေးစင် ဖြစ်ခဲ့ဖူး တဲ့သူ့ဘဝ၊ သူ့အကြောင်း အတိတ်ခြေရာ ပြန်ကောက်လို့ အင်တာဗျူး လက်ခံဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။ အပိုင်းလိုက် တင်ဆက်သွားမှာဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ သူ့အသက် ၂ နှစ်အရွယ်မှာ ဖခင်ဆုံးပါးသွားခဲ့တဲ့အကြောင်း၊ ရွာမှာဘောလုံးမရှိလို့ ရရာ သစ်သီးတွေကို ဘောလုံးအမှတ်နဲ့ လေ့ကျင့်ကန်ခဲ့ရတဲ့အကြောင်း၊ ဘောလုံးနဲ့ နာမည်မကြီးခင်မှာ ဘောလီဘောကစားရာမှာ ထူးချွန်ခဲ့တဲ့အကြေင်း၊ ကိုယ်တိုင် မဝယ်နိုင်လို့ အတန်းဖော်သူငယ်ချင်းက ပေးလိုက်တဲ့ ဘောကန်ဖိနပ်တရံကိုစီးပြီး ပထမဦးဆုံးဝင်ကန်ဖြစ်တဲ့ ဘောလုံးပွဲစဉ်မှာ သူ့ကိုလူသိများလာတဲ့ အကြောင်း၊ သူ့ပါဝင်ကစားတဲ့အသင်းက ဖိုင်နယ်တက်ပြီး ဒိုင်းဆု ရရှိခဲ့တဲ့အကြောင်း စတာတွေကို အခုလိုပြောပြလာပါတယ်။
=======


ကျွန်တော် ဦးဆာယော်ဒွေ့ ကို ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ လယ်မယ်ဝါကျီရွာမှာနေထိုင်တဲ့ အဖဦးလယ်မယ်ဒီး နဲ့ အမိဒေါ် ကျီးမာယော် မိဘနှစ်ပါးမှ ၁၉၆၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော်က လီဆူလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်အသက် ၂ နှစ်အရွယ်မှာ အဖေက ကျွန်တော်တို့ ညီအစ်ကိုမောင်နှမ ၆ ယောက်ကို ထားရစ်ပြီး၊ အပြီး အပိုင်နှုတ်ဆက်ထွက်သွားပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့ ကလေးတစ်သိုက်က အလုပ်မလုပ်တတ်တာရယ်၊ အမေက ပန်းနာရင်ကြပ်ရောဂါရှိတာရယ်နဲ့ အဲ့ဒီနောက်ပိုင်းတော့ ကျွန်တော်တို့ မိသားစုဘဝက အရမ်းဒုက္ခရောက်ခဲ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝအနေအထားနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။

မိသားစုမှာ ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ အမေက ပညာမတတ်ရင် မကောင်းဘူးဆိုပြီး ကျောင်းတက်ခိုင်းခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ ဦးနေဝင်း အာဏာသိမ်းအစိုးရဖြစ်တဲ့အတွက် ကျောင်းမှာလည်း အကောက်အခွန်တွေ တစ်မျိုးပြီးတစ်မျိုး ကောက်နေတာနဲ့ပဲ ဒုက္ခတော်တော် ရောက်ခဲ့ရတယ်။ လယ်မယ်ဝါကျီ အ.မ.က ကျောင်းမှာတက်ရင်း လေးတန်းအောင်မြင်တဲ့ အခါမှာတော့၊ ပူတာအိုမြို့မ အ.ထ.က ကျောင်းကို ပြောင်းတက်ရပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ဟာ ဘောလီဘော၊ ဘောလုံး စတဲ့ အားကစားကို အရမ်းဝါသနာပါတဲ့အတွက် ရှောက်သီး တွေ၊ ကျွဲကောသီးတွေ အသီးမှန်သမျှ အကုန်ကန်လာခဲ့သူဖြစ်ပါတယ်။ ဘောလုံးဝယ်ဖို့က လက်လှမ်း မမီပါဘူး။ ကျွန်တော် ၄ တန်းအောင်ပြီး၊ ပူတာအို အ.ထ.က ကျောင်းပြောင်းတက်ရတဲ့နှစ်ကတော့ ၁၉၈၀ ခုနှစ်ဖြစ်ပါတယ်။

အဲ့ဒီတုန်းက ပူတာအိုမြို့မှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ တွေဆိုရင် ဘော်လီဘောပြိုင်ပွဲ ရှိတယ်။ ကျွန်တော်က ရွာမှာ ဘော်လီဘော ကစားတတ်တဲ့သူတွေနဲ့ စည်းရုံးတိုင်ပင်ပြီး လယ်မယ်ဝါကျီ ဘောလီဘောအသင်း တစ်သင်းထွက်ခဲ့တယ်။ ကျွန်တော်က အရပ်ပုတော့ ထောင်ပေးတဲ့ နေရာမှာ ကစားရတယ်။ အဲ့ဒီနှစ် ပြည်ထောင်စုနေ့မှာ ကစားရင်း တစ်ပွဲပြီးတစ်ပွဲနိုင်ခဲ့လို့ နောက်ဆုံး ဖိုင်နယ် ရောက်တယ်။ ဖိုင်နယ်ပွဲမှာလည်း ကျွန်တော်တို့ လယ်မယ်ဝါကျီအသင်းက ပထမ ဗိုလ်စွဲခဲ့တယ်။

အဲ့ဒီတုန်းက ပြည်ထောင်စုနေ့က တစ်ရက်တည်းလုပ်တဲ့အတွက် ဘောလီဘောပြိုင်ပွဲကလည်း တစ်ရက်တည်းနဲ့ အပြီးကစားရတယ်။ အသင်း ၈ သင်းကို တစ်ရက်တည်းနဲ့အပြီး ကစားရတယ်ဆိုတော့ ကစားရင်းနဲ့ မိုးကလည်း ချုပ်လာပြီ။ နောက်ဆုံးတော့ ဘောလီဘောပြိုင်ပွဲလည်းပြီးရော မှောင်သွား တယ်။ ကျွန်တော်တို့ လယ်မယ်ဝါကျီအသင်းက နိုင်သွားတော့ အရမ်းပျော်မိတယ်။ တကယ်တော့ နိုင်ငံအဆင့်မှာ ကျွန်တော့်ကို ဘောလုံးကစားသမားအဖြစ်ပဲသိကြပေမယ့်၊ မြို့နယ်အဆင့်မှာ ကျွန်တော် နာမည် စကြီးလာတာကတော့ ဘောလီဘောကစားနည်း ကြောင့်ပဲ ဖြစ်ပါတယ်။ ဘောလီဘောကစားရင် ကျွန်တော်က ထောင်ပေးတဲ့နေရာမှာ ကစားခဲ့တယ်။ ကျွန်တော် ထောင်ပေးတာ အရမ်းကောင်းလို့ နိုင်သွားတယ်ဆိုပြီး နာမည်ရလာခဲ့တယ်။

၁၉၈၀ ခုနှစ်မှာ ပူတာအိုမြို့မ အ.ထ.က ကျောင်းက ဘောလုံးအသင်းထွက်ဖို့ ဘောလုံး ကန်ချင်တဲ့သူတွေ စာရင်းပေးဖို့ အသင်းခေါင်းဆောင်က စာရင်းလာကောက်တယ်။ ကျွန်တော်လည်း ကစားမယ်ဆိုပြီး စာရင်းသွားပေး တော့ မင်းငယ်သေးတယ်ဆိုပြီး လက်မခံခဲ့ဘူး။ ကျွန်တော်က လူကောင် ကလည်း သေးသေးလေး၊ အရပ်ကလည်းပုတယ်ဆိုတော့ အားမရလို့ နေမယ်။ အမှန်ဆိုရင် ကျွန်တော်တက လူကောင်သေးပေမယ့် အပြေးကတော့ အရမ်းမြန်တာ။ အဲ့ဒီလိုနဲ့ပဲ ၁၉၈၀ ခုနှစ်က ကုန်သွားတယ်။ ကျွန်တော်လည်း ၅ တန်းအောင်သွားတယ်။ အဲ့ဒီ ၅ တန်းတက်နေတဲ့အချိန်မှာ အဝတ်အစားတောင် မဝယ်နိုင်ဘူး။ ထမင်းလည်း နပ်မှန်မှန် မစားခဲ့ရပါဘူး။ ဘုရားကျောင်းလည်း တစ်ခါမှ မသွားခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ အမေက ရင်ကြပ်ပန်းနာ ရောဂါရှိလို့ နတ်ကုကုမယ်ဆိုပြီး နတ်ဆရာကိုပင့်တယ်။

နတ်ပူဇော်ပသတာတွေလုပ်နေတဲ့အချိန်မို့ ဘုရားကျောင်းမသွားခဲ့ရဘူး။ ဆန်းဒေးစကူးလ်လည်း မတက်ခဲ့ရဘူး။ ဆိုတော့ ဘုရားတရား အကြောင်း ကောင်းကောင်းမသိဘူးပေါ့။ မိသားစုက ယုံကြည်သူ မဟုတ်ဘဲ၊ နတ်စားတွေဖြစ်နေလို့ပဲ။ တစ်ခါတလေ နတ်ပူဇော်ရတယ်။ တစ်ခါပူဇော်ပသရင် ဝက် တစ်ကောင် ပူဇော်ရတယ်။ နတ်ပူဇော်တဲ့အခါတိုငးမှာတော့ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။ ရွာသူရွာသားတွေ ဘုရားကျောင်းတက်ဖို့ သွားကြတဲ့အခါ ကျွန်တော်တို့မိသားစုကတော့ နတ်ပူဇော်သွားရတယ်။

အမှန်ဆိုရင် ရင်ကြပ်ပန်းနာရောဂါဆိုတာ နတ်ပြုစားတာမဟုတ်ဘူး။ တစ်ချို့က မျိုးနဲ့ရိုးနဲ့ ပန်းနာ ရင်ကြပ်ရှိတယ်။ တစ်ချို့ကတော့ မျိုးရိုးနဲ့ မဆိုင်ပဲ တစ်ယောက် ယောက်တော့ ဒီရောဂါ ရှိလာကြတယ်ဆိုတာ အဲ့ဒီတုန်းက မသိခဲ့ရဘူး။ ကျွန်တော်တို့ မိသားစု နတ်ပူဇော်တာ ၁၀ နှစ်လောက်ရှိလာတဲ့အခါမှာ အိမ်မှာ ဒုက္ခရောက် တာကတော့ ကုန်းကောက်စရာတောင် မရှိတဲ့ဘဝဖြစ်သွားတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင် အင်္ကျီတစ်စုံ ပဲရှိတယ်။ အဲ့ဒီအင်္ကျီကို စနေနေ့မှာပဲ လျှော်ဖွပ်ရတယ်။ အဲ့ဒီစနေနေ့မှာဆိုရင် ချောင်းမှာ လူသူမနီးတဲ့ အဝေးကြီးအထိသွားပြီး အင်္ကျီ၊ ဘောင်းဘီ ချွတ်လျှော်ပြီး နေပူလှန်းထားပြီး ခြောက်သွားမှ ပြန်ဝတ်ပြီး အိမ်ကိုပြန်လာခဲ့ရတယ်။ အဲ့လိုမျိုး အဝတ်လျှော်တာ စနေနေ့တိုင်းပါပဲ။

၆ တန်းတက်ရမယ့်အချိန်လဲ ရောက်လာပြီ။ အဲ့ဒီနှစ်ကတော့ ၁၉၈၁ ခုနှစ်ဖြစ်သွားပြီ။ အဲဒီနှစ်မှာလည်း ကျောင်းကနေ ဘောလုံးကန်မည့်လူ စာရင်းလာကောက်တယ်။ စာရင်းလာကောက်တဲ့သူကတော့ မနှစ် တုန်း (၁၉၈၀) ခုနှစ်မှာ လာကောက်တဲ့ အသင်းခေါင်းဆောင်ပါပဲ။ ကျွန်တော် စာရင်းသွားပေးတော့ ကျွန်တော့်ကို သေချာကြည့်ပြီး စာရင်းတော့ ရေးမှတ်သွားတယ်။ ဘာဖြစ်လို့ ကျွန်တော့်ကို သေချာကြည့် သလဲဆိုတော့ ကျွန်တော် ဘောလီဘောအရမ်းတော်တာကို သူသိသွားလို့ပဲ။ စာရင်းပေးပြီး တစ်ပတ် လောက်မှာတော့ ဘောလုံးကန်ဖို့ စာရင်းပေးထားတဲ့သူတွေထဲက နက်ဖြန်ကစပြီး လူရွေးမယ်၊ ဘောလုံး ကန်မယ့်သူတိုင်း ဘောကန်ဖိနပ်ပါလာကြပါလို့ အသင်းခေါင်းဆောင်က လာပြောသွား ပါတယ်။ ပြဿနာက ကျွန်တော့်မှာ ဘောကန်ဖိနပ်လည်း မရှိဘူး။ အဲ့ဒီတုန်းကတော့ ဘောကန် ဖိနပ် တစ်ရံဟာ ဈေးမှာသွားမေးကြည့်တော့ ၁၅၀ ကျပ်လို့ပြောတယ်။ အဲဒီခေတ်တုန်းကတော့ ၁၅၀ ဆိုတဲ့ ပိုက်ဆံက အရမ်းတန်ဖိုးကြီးတယ်။ အဲ့ဒီတုန်းက ဝက်သားတစ်ပိဿာမှ ၃၀ ကျပ်ပဲရှိတယ်။ အဲ့ဒီခေတ်ကတော့ ပိုက်ဆံက အရမ်းတန်ဖိုးရှိတယ်။ ဒီလိုနဲ့ ကျွန်တော်က ဘောကန်ဖိနပ်မဝယ်နိုင်လို့ စိတ်ညစ်နေတဲ့ကြားမှာ ကျွန်တော်နဲ့ အတူတူထိုင်နေတဲ့ သူငယ်ချင်းက “ခင်ဗျားမှာ ဘောလုံးကန်ဖိနပ် ရှိသလား” လို့မေးလာပါတယ်။ ကျွန်တော်က “မရှိဘူး၊ မဝယ်နိုင်ဘူး” ပြောလိုက်တော့၊ သူက “ကျွန်တော့်ဆီမှာ တရံရှိတယ်။ မင်းကိုပေးမယ်” ဆိုပြီး ပြောလာတော့ ကျွန်တော် အရမ်းဝမ်းသာမဆုံး ဖြစ်ခဲ့ရတယ်။ ကျွန်တော့်ကို ဘောလုံးကန်ဖိနပ်ပေးလာတဲ့ သူငယ်ချင်းရဲ့ နာမည်က ဆာခီရဲ့ လို့ခေါ် တယ်။ သူနေတာက လေယာဉ်ကွင်းမှာဖြစ်ပါတယ်။ သူ့ကိုလည်း ကျေးဇူးတင်လိုက်တာ အရမ်းပဲ။

အဲ့ဒီနှစ် လူရွေးပွဲဝင်ပြိုင်ကြတဲ့သူတွေက အယောက် ၁၀၀ လောက်ရှိတယ်။ ကျောင်းအုပ်ဆရာကြီးအိမ်က ဘောလုံးကွင်းရဲ့ ရှေ့နားမှာပဲနေတယ်။ အဲဒီ ပထမနေ့လူရွေးပွဲမှာတော့၊ ဆရာကြီးက သူ့အိမ်ဝရန်တာကနေ စောင့်ကြည့်နေတာပါ။ ကျွန်တော်တို့ကို နှစ်ဖက်ခွဲကစားခိုင်းတယ်။ ကစားပြီးပြီးချင်း ကျောင်းအုပ် ဆရာကြီးက သူ့အိမ်ကနေ ဆင်းလာပြီး၊ ကျွန်တော့်လက်ကို ကိုင်ပြီး ဒီကောင်လေးကို ဆရာကြီး ရွေးလိုက်ပြီဆိုပြီး ပထမဦးဆုံး ရွေးခံလိုက်ရတာပဲ။ လူရွေးစာရင်းထဲမှာ အခုချက်ချင်းရေးထည့်ပါဆိုပြီး အသင်းခေါင်းဆောင်ကို ဆရာကြီးကခိုင်းလိုက်တယ်။ ဒီလိုနဲ့ ဘောလုံးသမားတွေကို ၂ ပတ်ကြာရွေး လိုက်တဲ့အခါ စကာတင် ၂၅ ယောက်ရွေးလိုက်တယ်။

အဲ့ဒီခေတ်က ပူတာအိုမှာ တစ်နှစ်ဆိုရင် ပြိုင်ပွဲကြီး (၃) ပွဲရှိတယ်။ အမှတ်ပေးပြိုင်ပွဲ၊ အောင်ဆန်းဒိုင်းပြိုင်ပွဲ၊ အုပ်စုဒိုင်းပြိုင်ပွဲဆိုပြီး ၃ ပွဲရှိတယ်။ ကျွန်တော်တို့ အ.ထ.က ကျောင်းအသင်းက တစ်လ ကွင်းဆင်း လေ့ကျင့်ကြတယ်။ ကျောင်းဆရာ ဂန်အောင်က နည်းပြဖြစ်ပါတယ်။ အဲ့ဒီဆရာ ဂန်အောင်က ဘောလုံး သမားတော့ မဟုတ်ဘူး။ သူက ကျောင်းအသင်းကို လေ့ကျင့်ပေးမယ့် အသင်းနည်းပြဖြစ်လာတော့၊ သူကိုယ်တိုင် ဘောလုံးမကန်တတ်တော့ ပြေးပဲ ပြေးခိုင်းပါတယ်။ တစ်ရက်ကို ဘောလုံးကွင်း အပတ် ရေ ၂၀/၃၀/၄၀ ပတ်ပြေးခိုင်းတယ်။ တစ်ရက်လာရင်လည်း ကွင်းပတ်ပြေး၊ ၂ ရက်လာလည်း ကွင်းပတ်ပြေး၊ တစ်လ လံးလုံးကွင်းပဲပတ်နေရတာဆိုတော့ ဘောလုံးပညာတေ့ မရပေမယ့် ပြေးအားတော့ အရမ်းကောင်းလာတယ်။



အဲ့ဒီလိုနဲ့ ပြိုင်ပွဲကတော့ ရောက်လာပြီ။ အမှတ်ပေးပွဲကတော့ စနေပြီ။ ကျွန်တော်တို့ အ.ထ.က နေ့ပွဲကိုတော့ ကျောင်းအုပ်ဆရာကြီးက ကျောင်းသား/သူတွေ အားလုံး အားပေးရမယ်ဆိုပြီး ပြောထားတော့ ကျောင်းသား/သူ တွေနဲ့ အပြင်ကလူတွေနဲ့ဆိုတော့ ပရိသတ်က ကွင်းအပြည့်ပဲ။ ပထမပွဲကိုမှာ ပရိသတ်အဲ့လောက်ရှိတဲ့ ပြိုင်ပွဲမျိုး ကျွန်တော် တစ်ခါမှ ဝင်မကစားဖူးတော့ ပွဲမစခင် နည်းနည်း ကြောက်တဲ့ စိတ်ရှိတယ်။ ဒါနဲ့ ဘောလုံးခရာလည်းမှုတ်ရော ပွဲစလိုက်တာနဲ့ ကြောက်စိတ်က မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဘောလုံးရရင် အားလုံးက ကျွန်တော့်နာမည်ကိုခေါ်ပြီး အားပေးကြတော့ အရမ်းပျော်သွားတာပဲ သိတယ်။ ပရိသတ်က တစ်ချိန်လုံး ကျွန်တော့်နာမည်ပဲ ခေါ်ပြီး အားပေးနေတာ။

အဲ့ဒီပွဲမှာ ကျွန်တော်တို့ ပူတာအို မြို့မ အ.ထ.က ကျောင်းအသင်း အနိုင်ရလိုက်တယ်။ ကျောင်းအုပ်ကြီးကအစ၊ နည်းပြတွေ၊ ဆရာ/မတွေ၊ ကျောင်းသား/သူတွေ အားလုံးက ကျွန်တော့်ကို အရမ်းကောင်းတယ်လို့ ချီးကျူးကြရင်း ကျွန်တော် နာမည်ရလာတယ်။ ဒီလိုနဲ့ ပွဲစဉ်တစ်လျှောက် တစ်ပွဲပြီးတစ်ပွဲ အနိုင်ရလာပြီး ဖိုင်နယ်တက်လာပါတယ်။ နောက်ဆုံး ဖိုင်နယ် ပွဲမှာတော့ ဘောလုံးကွင်းတစ်ကွင်းလုံး ပရိသတ်က ပြည့်သိပ်နေခဲ့တယ်။ အဲ့ဒီဖိုင်နယ်ပွဲမှာ ကျွန်တော်တို့အသင်း ဗိုလ်စွဲပြီး ဒိုင်းရသွားခဲ့တယ်။ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး ဝင်ကန်ဖြစ်တဲ့ ဘောလုံးပွဲစဉ်မှာ ဒိုင်းရသွားတဲ့အတွက် အရမ်းဝမ်းသာ ကျေနပ်ရတယ်။

===

၁၉၈၅- ဘားမားလက်ရွေးစင် ဘောလုံးသမားဟောင်း ကျောနံပါတ် ၆ ပိုင်ရှင် ဆာယော်ဒွေ့၊ သူသက်ရှိထင်ရှား ရှိနေဆဲမှာပဲ တစ်ခေတ်တစ်ခါက သူ့ရဲ့ကြိုးစားမှုတွေကို ပြန်ပြောင်းအောက်မေ့ ဂုဏ်ပြုစကားလေးပြောချင်တယ်ဆိုရင် …. ၀၉၅၁၂၈၄၃၄ ကိုဆက်သွယ်နိုင်ပါတယ်။

===



(အင်တာဗျူး အပိုင်း (၂) ဆက်မျှော် …)

Leave a Reply

Your email address will not be published. Required fields are marked *