စစ်ကျွန်ပညာရေးစစ်တမ်း နဲ့ Homeschooling

စစ်ကျွန်ပညာရေးစစ်တမ်း-

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်မှာ မျိုးဆက်နဲ့ချီနေခဲ့ကြရတာကြောင့် နိုင်ငံ့ရဲ့ပညာရေးဟာလည်း စစ်အာဏာရှင်တွေအပင်းထည့်ထားတဲ့ စစ်ကျွန်ပညာရေးပဲဖြစ်နေပါတယ်။ စစ်အာဏာရှင်တွေက သူတို့ဖြန့်ဖြူးချင်တဲ့ သူတို့အလိုကျဝါဒမှိုင်းများကို ကျောင်းသင်ခန်းစာအဖြစ်ထည့်သွင်းခြင်းနဲ့ စစ်ကျွန်ပညာရေးကို အသက်သွင်းခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဖြန့်ဖြူးချင်တဲ့ သူတို့အလိုကျဝါဒဆိုတာဟာ ဗမာလူမျိုးကြီးဝါဒ နဲ့ စစ်တပ်ကြီးစိုးရေးဝါဒပဲဖြစ်ပါတယ်။ ဒါတွေကို စနစ်တကျရိုက်သွင်းနိုင်ဖို့အတွက် အခြေခံပညာကျောင်းတွေရဲ့ သင်ရိုးတွေကို အသုံးချခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစာနဲ့ သမိုင်းဘာသာရပ်တို့မှာ ပိုထင်ရှားပါတယ်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် စသည်ဖြင့် မြန်မာမင်းတွေရဲ့ဘုန်းတော်ဘွဲ့တွေပဲရေးပြီး ကျန်လူမျိုးစုများကို တစ်ဆင့်နိမ့်သယောင်ဖော်ပြတာမျိုး၊ အရေးမပါသယောင် ချန်လှပ်တာမျိုးတွေကို ထိုသင်ရိုးများမှာ ပေါပေါများများတွေ့နိုင်ပါတယ်။ ဒါ့အပြင် ‘နိုင်ငံတော်ကြီး ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ တပ်မတော်ကြီးက ကယ်တင်ခဲ့ရတယ်’ ဆိုတဲ့ စစ်တပ်ကိုသခင်တင်တဲ့ အတွေးအခေါ်များဟာလည်း ထိုသင်ရိုးများထဲမှာ ခြေချင်းထပ်နေပါတယ်။ ဒီလိုမျိုး သမိုင်းအမှားတွေ၊ လုပ်ကြံပြောဆိုမှုတွေနဲ့ စစ်တပ်ကိုဘုရားထူးတဲ့အတွေးအခေါ်ကို ရိုက်ထည့်ပေးနေတဲ့အတွက် ဒီပညာရေးကို စစ်ကျွန်ပညာရေးလို့ သမုတ်ရတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး အခြေခံပညာအဆင့်မှာကတည်းက နုနယ်တဲ့ကျောင်းသားတွေရဲ့အသိထဲကို သူတို့အလိုကျ ဗမာလူမျိုးကြီးဝါဒ နဲ့ စစ်ကျွန်အတွေးအခေါ်တွေ ရိုက်သွင်းပေးခြင်းကြောင့် စစ်အာဏာရှင်ရဲ့ဒေါက်တိုင်ကိုအထောက်အပံ့ပြုမယ့် ဗမာလူမျိုးကြီးဝါဒီလေးတွေ ပေါများသထက်ပေါများလာတာပဲဖြစ်ပါတယ်။ လူမျိုးပေါင်းစုံတို့ရဲ့ တန်းတူအခွင့်အရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ကိုသွားဖို့အရေးမှာ လိုတာထက်ပိုပြဿနာတက်နေရတာဟာလည်း ဒီစစ်ကျွန်ပညာရေးရဲ့ ပယောဂနဲ့မကင်းပါဘူး။ဒီလိုသင်ရိုးတွေအပြင် သင်ကြားမှုပုံစံဟာလည်း မြန်မာနိုင်ငံရဲ့ပညာရေးကို အာဏာရှင်အလိုကျ စစ်ကျွန်ပညာရေးဖြစ်နေဖို့ အထောက်အပံ့ပြုနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့သမားရိုးကျစာသင်ခန်းတစ်ခုကို မြင်ယောင်ကြည့်မယ်ဆိုရင် ဖတ်စာအုပ်ထဲက သင်ရိုးတွေကို ဆရာဖြစ်သူက ရှေ့မှာဖတ်ပြပြီးတော့ ကျောင်းသားတွေကို နောက်ကလိုက်ဆိုစေတာ၊ ဗလာစာအုပ်ထဲပြန်ကူးရေးခိုင်းတာနဲ့ ကျောင်းသားများက ဖတ်စာအုပ်ထဲက သင်ရိုးတွေကို အလွတ်ကျက်နေကြတဲ့ ပုံရိပ်တွေကိုပဲ မြင်ကြရပါလိမ့်မယ်။ တစ်နည်းဆိုရရင် မြန်မာနိုင်ငံက သမားရိုးကျသင်ကြားမှုပုံစံဟာ တစ်လမ်းသွားဆန်လှပါတယ်။ ဆရာပြောတာသာအမှန်၊ ဆရာတွက်တဲ့နည်းသာအမှန်၊ သင်ရိုးထဲပါတာသာအမှန် ဒါတွေနဲ့ဆန့်ကျင်တဲ့အဖြေမှန်သမျှဟာ အမှားဖြစ်တယ်။ ၏၊သည်၊မရွေး ပုံနှိပ်ထဲကအတိုင်းဖြေမှမှန်မယ်။ ဒီလိုသင်ကြားရေးပုံစံနဲ့သွားနေကြတာဖြစ်ပါတယ်။ ကျောင်းသင်ရိုးကို သမ္မာကျမ်းစာလိုသဘောထားပြီး ဆရာကို ဘုရားသခင်လိုသတ်မှတ်စေတဲ့ သင်ကြားရေးပဲဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ဘုရားသခင်နဲ့ကွဲလွဲသူဟာ၊ ကျမ်းစာကိုဆန့်ကျင်သူဟာ မိစ္ဆာဒိဌိဖြစ်တယ်၊ အယူမှားသူဖြစ်တယ်ဆိုတဲ့ဆီကို တွန်းပို့ပါတယ်။ (ဒီနေရာမှာ သမ္မာကျမ်းစာလိုကိုးကွယ်ကြတဲ့ သင်ရိုးဆိုတာဟာ အပေါ်မှာပြောခဲ့သလို စစ်ကျွန်သင်ရိုးဖြစ်တယ်ဆိုတာ သတိရစေလိုပါတယ်။) ဒီသင်ကြားနည်းပုံစံဟာ အခြေခံပညာအဆင့်မှာကတည်းက ကျောင်းသားတွေအနေနဲ့ ပြန်မေးခွန်းမထုတ်ရဲအောင်၊ မဝေဖန်ရဲအောင်၊ လွတ်လပ်စွာတွေးခေါ်မှုမရှိအောင် ဖန်တီးပေးပါတယ်။ ဒီကတစ်ဆင့် သခင်လုပ်သမျှကို လက်ညှိုးထောင်ခေါင်းငြိမ့်အဆင့်ပဲရှိတော့တဲ့ ကျွန်များကိုပေါက်ဖွားစေပါတယ်။ တစ်နည်းဆိုရရင် သင်ကြားမှုပုံစံကိုက ကျောင်းတွင်းအာဏာရှင်စနစ်ကိုပုံဖော်ပေးပြီး အဲကျောင်းကကျောင်းသားတွေ အပြင်လူ့လောကထဲရောက်လာတဲ့အခါ အာဏာရှင်စနစ်နဲ့အသားကျစေပါတယ်။မြန်မာနိုင်ငံရဲ့သမားရိုးကျပညာရေးဆိုတာဟာ သင်ရိုးအားဖြင့်ရော၊ သင်ကြားနည်းအားဖြင့်ရော အာဏာရှင်ကျွန်သဘောက်များကိုမွေးထုတ်ပေးနေတဲ့ စစ်ကျွန်ပညာဖြစ်တယ်ဆိုတာ ဒီလောက်ဆိုရှင်းလင်းမယ်လို့ယူဆပါတယ်။ ဒီလိုမျိုး နဂိုကတည်းက စစ်ကျွန်ပညာရေးဖြစ်နေတာကို လက်ရှိမှာ စစ်အာဏာရှင်လူတစ်စုက သေနတ်မိုးပြီး ကျောင်းများအတင်းပြန်ဖွင့်ဖို့စီစဥ်နေတဲ့အခါမှာ ဒီစစ်ကျွန်ပညာရေးဆိုတာဟာ ပိုရုပ်လုံးကြွလာပါတယ်။ အာဏာရှင်လက်အောက်မှာကျောင်းမတက်ဖို့၊ ကျောင်းသားတွေ CDM လုပ်ဖို့ပြောဆိုလှုပ်ရှားမှုတွေလည်း အရှိန်ရလာပါတယ်။ ကျွန်တော်ကတော့ စစ်ကောင်စီကဦးဆောင်ဖွင့်တဲ့ကျောင်းမလို့မတက်တာဆိုတာထက်ကျော်လွန်ပြီး ဒီပညာရေးစနစ်ရဲ့ သင်ရိုးတွေနဲ့ သင်ကြားရေးပုံစံတွေကိုယ်တိုင်က စစ်ကျွန်ပညာရေးဖြစ်နေတာမလို့ ဒီပညာရေးကိုသပိတ်မှောက်စွန့်ပစ်တယ်ဆိုတဲ့အထိ တွေးမြင်ကြစေချင်ပါတယ်။ ဒီလိုတွေးမြင်ကြပြီးတော့ ပညာရေးသပိတ်ကြီးကိုဆင်နွှဲကြစေချင်ပါတယ်။

Homeschooling (အိမ်သင်ပညာရေး)

ပညာရေးဆိုတာဟာ စောင့်ဆိုင်းနေလို့မရပါဘူး။ စစ်ကျွန်ပညာရေးစနစ်ကိုဖယ်ရှားနေတဲ့တစ်ချိန်တည်းမှာ သူ့နေရာအစားထိုးဖို့ ပညာရေးစနစ်အသစ်တစ်ခုကိုလည်း ထူထောင်နေကြရမှာဖြစ်ပါတယ်။ ၁၉၂၀ မှာ ပထမကျောင်းသားသပိတ်ကြီးကနေ အမျိုးသားကျောင်းတွေပေါ်ပေါက်လာတာဟာ အားရဖွယ်သမိုင်းမှတ်တမ်းပါပဲ။ လက်ရှိအခြေအနေမှာတော့ မြေပြင်မှာ ပညာရေးအသစ်အတွက်ကျောင်းတွေဖွင့်ဖို့ဆိုတာ လုံခြုံရေးအရအန္တရာယ်ရှိတဲ့အတွက် ဖြစ်ဖို့ခက်ခဲပါတယ်။ အင်တာနက်၊ ရေဒီယိုနဲ့ သတင်းဌာနတွေကနေထုတ်လွှင့်ဖို့စီစဥ်နေတဲ့ Federal University လို ကြိုးစားမှုမျိုးလည်းရှိနေပါပြီ။ ဒါပေမယ့် အခြေခံပညာအဆင့်ကကျောင်းသားအများစုကြီးကိုခြုံငုံနိုင်မယ့် ပညာရေးစနစ်အသစ်ကိုထူထောင်နိုင်ဖို့ဆိုရင်တော့ အချိန်ကြာဦးမယ့်သဘောရှိပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကျောင်းသားတွေရဲ့ ပညာရေးနောက်မကျစေဖို့ Home schooling (အိမ်သင်ပညာရေး) ကို ကျင့်သုံးကြစေချင်ပါတယ်။ Homeschooling (အိမ်သင်ပညာရေး) မှာ မျိုးကွဲတွေများစွာရှိပါတယ်။ အဲထဲက ကျွန်တော် လက်လှမ်းမီသမျှကို အကျဥ်းချုပ်မိတ်ဆက်ပေးပါမယ်။ ကျွန်တော်ဟာ ပညာရေးကိုအထူးပြုလေ့လာနေသူမဟုတ်ဘဲ ကျွန်တော်လေ့လာမိသလောက်ကို နားလည်သလိုပြန်မိတ်ဆက်ပေးတာဖြစ်တဲ့အတွက် မှားယွင်းယူဆမိတာတွေ၊ လိုအပ်တာတွေရှိနိုင်တယ်ဆိုတာကိုတော့ ကြိုဝန်ခံပါရစေ။

၁။ Traditional Homeschooling (School-at-Home) (အိမ်ကျောင်း)ဒါကတော့ သမားရိုးကျကျောင်းသင်ကြားမှုပုံစံကို အိမ်မှာပြောင်းသင်တာလို့ ယေဘုယျဆိုနိုင်ပါလိမ့်မယ်။ သူက သမားရိုးကျကျောင်းမှာလိုပဲ ဖတ်စာအုပ်တွေ၊ လက်ချာတွေ ၊ စာမေးပွဲတွေနဲ့ အိမ်မှာသင်ကြားတာပဲဖြစ်ပါတယ်။ ဒီနည်းကိုရွေးမယ်ဆိုရင်တော့ သင်ရိုးတွေကိုသေချာဂရုတစိုက်ရွေးဖို့နဲ့ ကိုယ်ကိုယ်တိုင်ကသင်ကြားမှုပုံစံကို အာဏာရှင်မဆန်စေဖို့ ဂရုပြုရမှာဖြစ်ပါတယ်။

၂။ Classical Homeschooling (ဂန္တဝင်အိမ်သင်ပညာရေး)ဒီသင်ကြားနည်းကတော့ ကလေးတွေရဲ့ပညာရေးကို အဆင့်သုံးဆင့်ခွဲပြီးသင်ကြားတာပဲဖြစ်ပါတယ်။ စစချင်းအနေနဲ့ သင်္ချာဂဏန်းတို့လို၊ စကားလုံးတွေလို၊ သမိုင်းမှတ်တမ်းတွေလိုစတဲ့ အချက်အလက်တွေကို ကလေးတွေမှတ်မိသိရှိလာအောင်ပြုလုပ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ကလေးတွေအနေနဲ့ ဖောက်ထွက်တွေးခေါ်တတ်အောင် ‘ဘာကြောင့်လဲ’ ဆိုတဲ့မေးခွန်းကိုမေးလာပြီး တွေးခေါ်တတ်လာအောင်သင်ကြားပါတယ်။ တတိယနဲ့ နောက်ဆုံးအဆင့်အနေနဲ့ကတော့ ရှေ့မှာသင်ခဲ့တဲ့ အချက်အလက်တွေနဲ့ ဖောက်ထွက်တွေးခေါ်မှုတွေပေါ်ကိုအခြေခံပြီး ရေးသားပြောဆိုတတ်အောင်သင်ကြားပါတယ်။

၃။ Roadschooling (လမ်းမထက်ကသင်ကြားရေး)ဒီသင်ကြားမှုကတော့ ကလေးတွေကို စာအုပ်ထဲကစာတွေ၊ ဓာတ်ပုံတွေကနေပဲ လေ့လာနေရတာထက်ကျော်လွန်ပြီး တကယ်လက်တွေ့ရှုမြင်ခံစားဖို့ လမ်းမတွေပေါ်တက်ပြီး လေ့လာစေတာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ဇီဝဗေဒကိုလေ့လာဖို့ တောင်တက်ပြီးဖြစ်စေ၊ တိရိစ္ဆာန်ဥယျာဥ်တို့ ပန်းခြံတို့ကိုသွားပြီးဖြစ်စေ လမ်းတစ်လျှောက်မှာတွေ့တဲ့ တိရိစ္ဆာန်တွေ၊ အပင်တွေရဲ့သဘာဝကိုလေ့လာစေတာပဲဖြစ်ပါတယ်။ အခုလိုမျိုး အာဏာရှင်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေထင်သာနေတဲ့အချိန်မှာ ဒီမိုကရေစီသဘောတရားတွေ၊ လူ့အခွင့်အရေးသဘောတရားတွေနဲ့ အာဏာရှင်သဘာဝတွေကို ဒီနည်းနဲ့လက်တွေ့သင်ကြားပေးနိုင်ရင် အကျိုးများစွာဖြစ်ထွန်းဖို့ပါပဲ။

၄။ Unschooling (သင်ကြားခြင်းမဟုတ်သောပညာရေး)ဒီနည်းကတော့ သင်ရိုးတွေကိုဗဟိုမပြုဘဲ၊ ဆရာကသင်ကြားပေးတယ်ဆိုတာမျိုးမဟုတ်ဘဲ ကလေးကိုယ်တိုင် သူစိတ်ဝင်စားတာတွေကိုလေ့လာနိုင်စေဖို့ကူညီတာပဲဖြစ်ပါတယ်။ ကလေးကို လူကြီးကသင်ပေးတဲ့နည်းမဟုတ်ဘဲ သူစိတ်ဝင်စားရာကို ဘယ်လိုလေ့လာနိုင်မလဲ လူကြီးတွေကကူညီပေးခြင်းလို့ပြောနိုင်မယ်ထင်ပါတယ်။ ဂိမ်းကစားရာကလည်း သင်ယူနိုင်သလို ကာတွန်းစာအုပ်ဖတ်ရာကလည်း သင်ယူနိုင်တယ် စသည်ဖြင့် ပညာသင်ကြားခြင်းဆိုတာ ဘဝထဲမှာပုံမှန်နေထိုင်ရင်းနဲ့ တွဲလုပ်နေရတဲ့အရာပဲဆိုတာကိုမြင်သာစေတဲ့နည်းပဲဖြစ်ပါတယ်။ လက်တွေ့ဘဝထဲမှာ လူကြီးတွေကသူတို့စိတ်ဝင်စားရာကို လေ့လာသင်ယူသလိုပဲ ကလေးတွေကိုလည်း အဲလိုကိုယ့်အားကိုယ်ကိုးကာ လေ့လာသင်ယူနိုင်အောင်လေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေကြုံတွေ့ရမယ့််အနာဂတ်ဟာ ဘယ်လိုဖြစ်မလဲ ကြိုမသိနိုင်တာကြောင့် လူကြီးတွေက သူတို့လိုမယ်ထင်တဲ့ပညာတွေကိုပဲသင်ပေးနေတာက မလုံလောက်ဘဲ ကလေးတွေကိုယ်တိုင် သူတို့စိတ်ဝင်စားရာကို ဘယ်လိုလေ့လာရမလဲကူညီပြသပေးမှသာ သူတို့ရဲ့အနာဂတ်မှာဘာနဲ့ပဲကြုံလာလာ သူတို့ဘာသာရပ်တည်ဖြေရှင်းနိုင်မယ်ဆိုတဲ့အယူအပေါ်အခြေခံတယ်လို့လည်း နားလည်မိပါတယ်။ ဒီသင်ကြားနည်းမှာ အနာဂတ်မှာကလေးတွေက ပြဿနာတွေကြုံလာရင် ဆရာရှာအားကိုးတာမျိုး၊ ဆရာမရှိရင်မလုပ်တတ်တာမျိုးမဖြစ်စေဖို့ ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ်အားကိုးနိုင်ဖို့ရည်ရွယ်တဲ့သင်ကြားနည်းလည်းဖြစ်ပါတယ်။ ဆရာ့နှုတ်ထွက်ကိုဘုရားဟောလိုသဘောထားပြီး စစ်ကျွန်လေးတွေမွေးထုတ်စေတဲ့ မြန်မာ့စစ်ကျွန်ပညာရေးနဲ့တော့ ဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။ ဒါကို သခင်ပညာလို့ ကျွန်တော်ကတော့ခေါ်ချင်ပါတယ်။

၅။ ​Eclectic Homeschooling (ရောပွမ်းအိမ်သင်ပညာရေး)ဒီဟာကတော့ သင်ကြားနည်းတစ်မျိုးတည်းအတိုင်း တသွေမတိမ်းလိုက်နာသင်ကြားတာမဟုတ်ဘဲ ကိုယ့်ကလေးက ဘယ်အချိန်မှာ ဘယ်သင်ကြားပုံနဲ့ကိုက်တယ်၊ ဘယ်ဘာသာမှာ ဘယ်လိုသင်ကြားရင်တော့ သူကပိုနားလည်တတ်တယ် ဆိုတာကို စမ်းသပ်လေ့လာကြည့်ပြီး အဆင်ပြေရာနည်းများကို ရောစပ်သင်ကြားခြင်းပဲဖြစ်ပါတယ်။သမားရိုးကျကျောင်းတွေနဲ့အသားကျနေတဲ့ မိဘနဲ့ ကလေးတွေအတွက် သမားရိုးကျကျောင်းသင်ကြားရေးကနေ အခုလို အိမ်သင်ပညာရေးကိုကူးပြောင်းစမှာ စာမေးပွဲအမှတ်စာရင်းလို၊ စာတစ်ပုဒ်ရသွားတယ်ဆိုတာလို မြင်သာတဲ့ရလဒ်ကိုမမြင်ရရင် ဒါဟာ သင်ကြားမှုမဟုတ်ဘူးဆိုတဲ့အတွေးတွေရှိနေတတ်ပါတယ်။ ဂိမ်းဆော့ရင်းသင်ယူစေတာ၊ ပန်းခြံမှာကစားရင်းသင်ယူစေတာမျိုးဟာ ကလေးပညာရေးအတွက်အကျိုးမရှိပါဘူးဆိုတဲ့အမြင်မျိုးစွဲနေတတ်ပါတယ်။ တကယ်တော့ ပညာရေးဆိုတာက စာအုပ်တွေထဲမှာ၊ ဆရာတွေကသင်ကြားပေးမှုတွေဆီမှာသာရှိတာမဟုတ်ဘဲ လက်တွေ့ဘဝမှာ တစ်လျှောက်လုံး ပညာရေးကိုနည်းမျိုးစုံနဲ့ ဆည်းပူးနေကြတယ်ဆိုတာမြင်ဖို့လိုပါတယ်။ ဒါကြောင့် သမားရိုးကျကျောင်းသင်ကြားရေးကနေ အိမ်သင်ပညာရေးကို ကူးပြောင်းစကာလမှာ Deschooling ဆိုတဲ့ သမားရိုကျကျောင်းပညာရေးကို စိတ်ထဲကထုတ်ပစ်ဖို့လုပ်ဆောင်ရပါတယ်။ ဒီအချက်ဟာ ကလေးတွေထက် မိဘတွေမှာ ပိုအရေးကြီးနိုင်ပါတယ်။ အချိန်သတ်မှတ်ပြီးစာကြည့်စေတာကအစ သမားရိုးကျကျောင်းရဲ့အလေ့အကျင့်တွေကို မေ့ဖျောက်စွန့်ပစ်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအချိန်ကာလဟာ ကာယကံရှင်ရဲ့ သမားရိုးကျကျောင်းပညာရေးထဲနစ်ဝင်မှုအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ Deschooling လုပ်နေတဲ့အချိန်အတွင်းမှာ Homeshooling ဆိုတာဘယ်လိုလဲ၊ ဘယ်လိုမျိုးကွဲတွေရှိလဲဆိုတာတွေကို လေ့လာနေနိုင်ပါတယ်။ ဒီလိုမျိုး သမားရိုးကျကျောင်းသင်ကြားရေးရဲ့အမြင်တွေကို ခွာချနိုင်ပြီဆိုရင်တော့ အိမ်သင်ပညာရေးအမျိုးအစားအမျိုးမျိုးထဲက ကိုယ့်ကလေးနဲ့ကိုက်ညီမယ့်ဟာကိုရွေးချယ်ပြီး စတင်လို့ရပါပြီ။Homeschooling လုပ်ရင် ကောလိပ်တွေ တက္ကသိုလ်တွေတက်လို့ရပါမလားလို့ စိုးရိမ်တာတွေလည်းရှိနိုင်ပါတယ်။ ဒီအတွက်တော့မစိုးရိမ်ကြဖို့တိုက်တွန်းချင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြည်နယ် ၅၀ လုံးက Homeschooling ကို တရားဝင်ပညာရေးအနေနဲ့အသိအမှတ်ပြုထားပြီး Homeschooling ကနေတစ်တင့် ကောလိပ်တွေ၊ တက္ကသိုလ်တွေတက်လို့ရပါတယ်။ အင်္ဂလန်၊ ကနေဒါ၊ သြစတေးလျ၊ နော်ဝေ၊ နယူးဇီလန်၊ ပြင်သစ်တို့အပြင် ကိုလမ်ဘီယာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားတို့လိုနိုင်ငံများမှာပါ Homeschool ကို တရားဝင်ပညာရေးအနေနဲ့အသိအမှတ်ပြုကြပါတယ်။ ဒီမှာလည်းပဲ တော်လှန်ရေးပြီးတဲ့ကာလမှာတက်လာမယ့် ဖက်ဒရယ်အစိုးရကို အဲလိုမျိုးပဲ Homeschooling ကို တရားဝင်ပညာရေးအနေနဲ့အသိအမှတ်ပြု ဥပဒေပြဌာန်းပေးဖို့ တိုက်တွန်းတောင်းဆိုရမှာပဲဖြစ်ပါတယ်။ ဒီအိမ်သင်ပညာရေးကို တော်လှန်ရေးအလွန်ကာလမှာလည်း ကျင့်သုံးနိုင်တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ကျွန်တွေမွေးထုတ်ပေးနေတဲ့ကျောင်းတွေမှာ ကိုယ့်ကလေးတွေကိုသွားထားတာထက်၊ ကိုယ့်ကလေးရဲ့ပညာရေးကိုလုံးဝရပ်နားထားစေတာထက် ဒီ Homeschooling (အိမ်သင်ပညာရေး) ပြုလုပ်ခြင်းဟာ အဆပေါင်းများစွာ ပိုမိုအကျိုးဖြစ်ထွန်းစေမှာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့် အခုအချိန်မှာ စစ်ကျွန်ပညာရေးကို စွန့်ပယ်ပြီး ပိုအနှစ်သာရရှိတဲ့ အိမ်သင်ပညာရေးနဲ့ ပညာသင်ကြပါဖို့ တိုက်တွန်းလိုက်ရပါတယ်။

(မှတ်ချက်။ ။ www.time4learning.com website က Homeschool အကြောင်းရေးသားချက်များ၊ zenhabits.net က “The Beginner’s Guide to Unschooling” ဆောင်းပါး နဲ့ www.nationmaster.com က “Homeschool legal status: Countries Compared” မှ အချက်အလက်များကို မှီငြမ်းပါတယ်။) ရှို့—[စစ်မက်အကြီးအကျယ်မဖြစ်ပွားသေးသောနေရာများမှ တက္ကသိုလ်ကျောင်းသားများ၊ လူငယ်များအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ ညီ၊ညီမများနှင့် မိဘများကို စစ်ကျွန်ပညာရေး၏ဆိုးပြစ်များ၊ အစားထိုးရွေးချယ်စရာ Home schooling နည်းနာများကို လေ့လာပြောပြခြင်း၊ ကူညီလေ့ကျင့်ပေးခြင်းဖြင့် ကလေးများ၏ပညာရေးကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်ပါသည်။]TARA Journal မှ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *